Tuesday, February 1, 2011

အလှူ ဒါန ပြုကြသည် ဆိုရာဝယ်...

"နင့်အသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်"

ကျမတို့ ငယ်ငယ်က ငှက်လွှတ်၊ ငါးလွှတ်ကြတဲ့ အခါ ပြောလေ့ရှိကြတဲ့ စကားလေး...
ခု အသေအချာ ပြန်စဉ်းစား ကြည့်မိတဲ့ အခါ အတော်ကလေး ရယ်စရာ ဖြစ်နေတာ...

ဘယ့်နှယ် သူ့တော့ တခါလွှတ်ပြီး ကိုယ့်ကျတော့ ဆယ်ခါ လွှတ်ရမယ် လို့ ၊ ဘေးမဲ့လွှတ်တဲ့ ဇီဝိတ ဒါန မြတ်တဲ့ အလှူပါပဲ၊ ဒါပေမဲ့ လောဘလေး တန်းလန်းနဲ့ လှူတဲ့ အလှူ ဖြစ်လို့ နေခဲ့တယ်၊ ကိုယ်က ၉ခါ အမြတ် ပြန်ရဖို့ တွက်ပြီး လှူထားတာကိုး...

တကယ်ဆိုရင် အရင်ဆုံး လှောင်ချိုင့်ထဲက ငှက်ကလေးရဲ့ နေရာမှာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ ခဏ ဝင်ကြည့်ရမှာ ၊ ခမျာ တကယ်ပဲ ကျဉ်းကြပ်နေပါလား၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေရှာမှာ ၊ သူလဲပဲ လွတ်လပ်စွာ ပျံသန်းချင်ရှာလိမ့်မပေါ့၊ ငါသာဆိုရင်ရော ဘယ်လိုများ ခံစား ရမှာပါလိမ့်၊ သူ့ကို လွှတ်လိုက် ရင်ဖြင့် သူ ပျော်ရှာမှာ...။

အဲဒီလို...ငှက်ကလေး အပေါ် ချမ်းသာစေချင်တဲ့ စိတ်လေး ထားပြီး တကယ် လွှတ်လိုက်တဲ့ အခါမှာလည်း ဟိုးကောင်းကင်ကြီးထဲ လွတ်လပ်စွာ တဟုန်ထိုး ပျံသွားတဲ့ ငှက်ကလေးရဲ့ ပျော်ရွှင်မှုလေး ၊ အဲဒါလေးကို ရင်ထဲ ကူးစက်လို့ ငှက်ကလေး နဲ့ အတူ ခံစားပေးရမှာ...။

ပြီးတဲ့အခါ ဘာဝနာကုသိုလ်လေး ထည့်လို့ ဪ သူလဲ မမြဲတဲ့ အနိစ္စ၊ ကိုယ်လဲ မမြဲတဲ့ အနိစ္စ၊ အဲဒီလိုလေး ဆင်ခြင်လိုက်မယ် ဆိုရင် ပိုပြီး အကျိုးများ သွားတော့တာ...။

သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းတဲ့ အခါမှာလည်း လှူဖို့အတွက် ဆွမ်းချက်၊ ဆွမ်းပြင်တဲ့ အခါ ဒီဆွမ်းလေး ဘုန်းပေးရခြင်းကြောင့် သံဃာတော်တွေ ရှေ့ဆက် သာသနာ့ အကျိုး သယ်ပိုးနိုင်တော့မဲ့ အရေးတွေးလို့ ပီတိလေးနဲ့ ဝမ်းသာနေရမှာ ၊ ပြီးမှ အလှူခံ ပုဂ္ဂိုလ်သည်လဲ မမြဲ၊ လှုဒါန်းသော ပုဂ္ဂိုလ်သည်လဲ မမြဲရယ်လို့ အနိစ္စ သဘောလေးလည်း ဆင်ခြင်လိုက်နိုင်မယ် ဆိုရင် အင်မတန် အကျိုးများတဲ့ အလှူ ဖြစ်သွားပါတယ်။

ဒါတွေက မလှူခင် နဲ့ လှူနေစဉ် ထားရမဲ့ စိတ်လေးပါ။ လှူပြီးတဲ့အခါမှာလည်း ကြုံလိုက်တိုင်း ဒီအလှူလေးပြန် စဉ်းစားရင်း ဝမ်းမြောက် ပီတိလေး ဖြစ်နေရမှာ...။ ဒါဆိုရင် သုံးတန်စေတနာ ပြဌာန်းပြီး လှူထားတဲ့ အတွက် အင်မတန် ပြီးပြည့်စုံတဲ့ အလှူလေး ဖြစ်သွားပြီပေါ့ ။

ကိုယ့်ဘက်ကသာ ဖြူစင်သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဘာမှ တုံ့ပြန် အကျိုး မမျှော်ကိုးပဲနဲ့ လှူဒါန်းပါ ၊ ဆုတွေ ဘာတွေ တောင်းနေစရာ မလိုပါဘူး ၊ အကျိုးပေးက သူ့ဘာသာ အော်တို လာပါလိမ့်မယ်။ မန္တလေး သွားတဲ့ ကား စီးမှတော့ မန္တလေး ရောက်ရမပေါ့။

အဲဒီလို မဟုတ်လို့ ဆုတောင်းချင် လှချည်ရဲ့ ဆိုရင်လဲ တောင်းပေါ့လေ။ ကျမကတော့ နိဗ္ဗာန်ဆုပဲ တောင်း စေ ချင်ပါတယ်။ ဒါပေမဲ့ နိဗ္ဗာန်က တောင်းယူလို့ မရ ၊ တကယ် အလုပ်လုပ်မှ ရမယ် ဆိုတာတော့ သတိချပ် ကြစေချင်ပါတယ်။ ဤအလှူသည် နိဗ္ဗာန်၏ အထောက် အပံ့ ဖြစ်ပါစေ လို့ ဆုတောင်းတာက ပိုပြီး အဓိပ္ပါယ် ရှိပါတယ်။

လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ တွေ ဆုတောင်းနေစရာ မလိုပါဘူး။ နိဗ္ဗာန် ချမ်းသာ ကိုသာ အာရုံပြုပြီး လှူပါ။ မန္တလေး လက်မှတ်ဖြတ်ထားတဲ့ သူဟာ လမ်းမှာ တောင်ငူတို့ ပျဉ်းမနားတို့ မရောက်မှာ ပူနေစရာမှ မလိုအပ်ပဲလေ...။




မအားလို့ စာမရေးဖြစ်တဲ့ အချိန်မှာ နှစ်သက်မိခဲ့တဲ့ ရေးပြီးသား အဟောင်းလေးတွေထဲကနေ ပြန်ရှာတင်လိုက်ပါတယ်:)

17 comments:

  1. အမချစ်ရေ
    ကျင့်ကြံ အားထုတ်နိုင်ပါစေလို့ ထပ်ပြီးဆုတောင်းသွားတယ်
    ငှက်လွတ်တာ ကျန်တဲ့ငှက်ကလေးတွေ သနားလို့ ဘယ်တော့မှ မလွတ်တော့ဘူးဗျာ လွတ်လိုက် ဖမ်းလိုက်နဲ့ သံသရာလည်လို့ မဆုံးနိုင်။

    ခင်မင်တဲ့
    seesein

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. ဒါနဲ့ ငှက်လွှတ်တာနဲ့ ပက်သက်ပြီး ဖတ်ဖူးလို့ တွေးဖူးတာရှိတယ်။
    ကိုယ်လွှတ်လို့ သူတို့ဖမ်းခံနေရတာလားဆိုပြီးတော့။

    တစ်ခါက အိမ်ကလူတွေနဲ့ ငါးလွှတ်ဖို့သွားတာ လိုက်သွားတုန်းက ကိုယ်က ဒီဘက်မှာငွေပေးချေ ငါးအကောင်အရေအတွက် သက်စေ့တို့ဘာတို့လွှတ်နေတယ် ဘေးမှာက နောက်ဝယ်သူအတွက် ငါးတွေ ပြန်ထိုင်ဖမ်းနေတာ ကြုံခဲ့ရဖူးတယ်။

    ကိုယ်လှူဖို့ ဖမ်းခံနေရတာလား ဆိုတဲ့ကိစ္စက... XD

    ReplyDelete
  4. သူများအသက်တစ်ခါသတ်မိရင် သံသရာမှာ အခါခါပြန်ခံရတယ်လို့ သိထားတော့ တစ်ခါလွှတ်ရင် ဆယ်ခါပြန်လွတ်ပါမှ ကာမိမယ်လို့ တွေးမိကြလို့များလား... :D

    ReplyDelete
  5. ဘယ်နေရာမှာလှူလှူ ဘယ်အချိန်လှူလှူ ကိုယ့်စိတ်က ဖြူစင်ရင် အလှူဒါန အထမြောက်တာဘဲပေါ့နော်။ အစ်မလည်း အလှူရေစက်လက်နဲ့မကွာ လှူနိုင်ပါစေနော်...

    ReplyDelete
  6. သမီးတော့နေ့တိုင်း မိုးနတ်မင်းမပါ ကျွန်းစောင့်နတ်မင်းကြီးမပါဆုတောင်းနေတာပဲ အလှူအတန်း ကျောင်းကန်မရောက်တာကြာပြီ ခုလိုနှိုးဆော်တဲ့အတွက် သာဓု သုံးကြီမ်ခေါ်ပါတယ် တီချစ်...။

    ReplyDelete
  7. ဟုတ်တယ်အမ အလှူတစ်ခုလှူတယ်ဆိုတာ ကိုယ်လှူတဲ့ငွေကြေး ပစ္စည်းတန်ဖိုးထက် ကိုယ့်စေတနာသဒ္ဒါသည်သာ အမွန်မြတ်ဆုံးအထိရောက်ဆုံး စိတ်စေတနာပဲ...အဲဒီအတွက် ဆုဆိုတာ တောင်းစရာမလိုပါဘူး...။(ချစ်မကြီး ဒီပို့စ်ကို ဘယ်ကတင်လိုက်သလဲ)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. သူတို့ ကို လွှတ်ပြီး သူတို့ နဲ့ အတူ လွတ်မြောက်ခြင်း ကို ခံစားကြည့် တာပါပဲလေ။

    ReplyDelete
  10. အလှူဒါနပြုတိုင်း ဖြူစင်တဲ့ စိတ်ထားနဲ့ နိဗ္ဗာန်၏အထောက်အပံ့ ဖြစ်ရပါလို၏ လို့
    ဆုတောင်းပါတယ် အမချစ်..။ အမချစ်လည်း
    အမြဲတမ်း လှူဒါန်းနိုင်ပါစေနော်။
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  11. အကျိုးပေးက သူ့ဟာသူ အော်တိုလာပါလိမ့်မယ်...

    ReplyDelete
  12. မမချစ်

    ဘာလှူလှူ တစ်ခါတစ်ခါလည်း ဆုတောင်းမတောင်းမှိတာတွေရှိတယ်..
    အကျိုးပေးက သူ့ ဟာသူ အော်တိုလာပါလိမ့်မယ် လည်း ယုံကြည်နေမိလို့ လားတော့မသိဘူး...
    တစ်ခါတစ်ခါလည်း ဆုတွေပိုတောင်းမိတယ်..
    အနှေးနဲ့အမြန်ရခြင်လို့ ထင်တာပဲ..

    တခါက MR, Kyi က သူသဒါပေါက်လို့ (ပတ်သတ်ရာပတ်သတ်ကျောင်း လူကြီးတစ်ယောက်က) သူ့နယ်မြေမှာကျောင်းလှူဖို့  အလှူခံလို့ တဲ့ ကြီးတဲ့အမောင့်တစ်ခုကို လှူခဲ့တယ်ဆိုပါတော့ မချစ်ရာ
    သူက ပြန်လာတော့ဝမ်းသာအားရ ပြောရော အဲ့ဒီ့ အချိန်မှာလေ ဟာ များလိုက်တာကွာ အဲ့လူုကြီးကလည်း လို့ ပြောမိပြီး စိတ်ထဲတနုံနူံပေါ့ အမှန်က တခြားနေရာမှာဆို ပိုပီးဖြစ်ထွန်းမှာလို့ စိတ်ထဲတွေးမိနေရော
    နောက်တော့သူကပြောတယ်..သူ တိတ်တိတ်ကလေးပဲလှူလိုက်ရင်ကောင်းမှာတဲ့ ခုတော့ မိန်းမ တနုံနုံတွေးပီး လှူတဲ့အလှူပေါ့ ငရဲပေးမှိလိုက်ပီ စိတ်မကောင်းဘူးလို့ ဆိုတယ်.
    ကိုယ်ပြောမိတဲ့ စကားတစ်ခွန်းကြောင့်လှူခြင်းဆိုတဲ့ အရာ ထိခိုက်သွားမှာ
    ကြောက်သွားတယ်.....

    မချစ်ရေ ကော်မန့်၇ှည်သွားတယ်ကွယ်......

    ကြည်ကြည်

    ReplyDelete
  13. နောက်တချိန်အကျိုးပေးမပေးဆိုတာထက် လှူလိုက်ရတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ပီတိခံစားမှုကို သဘောကျမိတယ်။

    ReplyDelete
  14. “ကိုယ့်ဘက်ကသာ ဖြူစင်သန့်ရှင်းတဲ့ စိတ်ထားနဲ့ ဘာမှ တုံ့ပြန် အကျိုး မမျှော်ကိုးပဲနဲ့ လှူဒါန်းပါ ၊ ဆုတွေ ဘာတွေ တောင်းနေစရာ မလိုပါဘူး ၊ အကျိုးပေးက သူ့ဘာသာ အော်တို လာပါလိမ့်မယ်။”

    အဲဒါလေး ရင်ထဲစွဲမြဲစွာ မှတ်သားသွားပါတယ် အမရေ...

    ReplyDelete
  15. အစ်မချစ် ပြောတာ မှန်တယ် ဘာမှ ဆုတောင်းနေစရာ မလိုပါဘူး။ တစုံတခုကို မျှော်မှန်းပြီး လှူတာထက် စိတ်က အလိုအလျောက် လှူချင်စိတ် ဖြစ်လာလို့ လှူတာက အကောင်းဆုံးပေါ့...

    ReplyDelete
  16. ဟုတ်တယ်အမရေ ကြည်နူးပီတိက ဘာနဲ့မှလဲလို့မရဘူး။ အမရေးထားတဲ့ဆုတောင်းကမှ ၁၀ ခါဘဲလွှတ်ခိုင်းသေးတာ။ ကျမတို့ငယ်ငယ်က ကြားဖူးတာတော့ “နင့်အသက်တစ်ခါလွှတ် ငါ့အသက် တွေ့တိုင်းမြင်တိုင်းလွှတ်” တဲ့ တော်တော်ဆိုးတဲ့ဆုတောင်းဘဲး)

    ReplyDelete
  17. အဓိက က အဓိကမို့ သာဓုပါတယ် အစ်မရေ...။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...