Sunday, March 14, 2010

ကျမ ရင်ထဲက အတွေးစများ...

အတွေး...တဲ့......
စကားလေး နှစ်လုံးထဲပေမဲ့ အတော်ကို ခရီးရောက်နိုင်တဲ့ သတ္တိတွေ ကိန်းဝပ် နေလေရဲ့။

ဟိုးလွန်ခဲ့တဲ့ ရက်သတ္တပတ်ကို ပြန်သွားမှာလား၊ ဟိုးငယ်ငယ် ကလေးတုန်းက အကြောင်းလေးတွေဆီကိုလား ဒါမှမဟုတ် မျှော်လင့် ချက်တွေနဲ့ ရက်ဖွဲ့ထားတဲ့ အနာဂတ်တွေ ဆီကိုလား....။ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျမလည်း တခါတလေ စိတ်ယာဉ်ကြီး စီးလို့ အတွေး ကွန်ယက်တွေ ပြန့်ကျဲနေ တတ်တယ်။ အဲဒီအခါမှာ ရုတ်တရက် အတွေးတခု ဖမ်းဆုတ်မိ ပြန်တယ်။ လူတွေရဲ့စိတ်ဟာ အမြဲတမ်း ပြီးခဲ့တဲ့ အတိတ် နဲ့ မရောက်သေး တဲ့ အနာဂတ်တွေ ဆီမှာပဲ တဝဲဝဲ ရှိနေတတ်ပြီး လက်ရှိ ပစ္စုပ္ပန်ပေါ်မှာ တထပ်တည်း သိနေဖို့တော့ သတိ နဲ့ လုံ့လ မပြုတတ် ကြဘူး ဆို တာပါပဲ။

ပြီးခဲ့တဲ့ တနင်္လာနေ့မနက်ပိုင်းက အော်စကာ ကြည့်ရင်း တွေးမိတာက အမျိုးသားတွေရဲ့ အတ္တ (Ego) ပါ။ အလွန်အင်မတန် နာမည်ကြီး ခဲ့တဲ့ အာဗာတာရဲ့ ဖန်တီးရှင် ဂျိမ်းစ်ကင် မရွန် နဲ့ သူ့ဇနီးဟောင်း ကက်သရင်း ဘစ်ဂယ်လို Kathryn Bigelow (Hurt Locker) တို့ရဲ့ ထိပ်တိုက် ယှဉ်ပြိုင်မှု၊ သူ့ဇနီးဟောင်းရဲ့ အောင်မြင်မှုအပေါ် သူရဲ့ ဂုဏ်ယူ မှု၊ ဝမ်းမြောက်မှု ရာခိုင်နှုန်းကို ကျမ စမ်းစစ်နေမိတယ်။ ဂျိမ်းစ် မပြောနဲ့ ကျမတို့ တောင်မှ အာဗာတာ မရလို့ စိတ်ထဲ ဝမ်းပန်းတနဲ ခံစားရတာ၊ သူက ၁၃ နှစ်ကြာ အောင် ဖန်တီး မွေးဖွားခဲ့ရသူလေ...။

ပြီးတော့ ဘစ်ဂယ်လိုက ဇနီးဟောင်း၊ သူတို့ ဘာကြောင့် ကွဲသွားခဲ့ ကြတာ ကျမ မသိ ပေမဲ့ ဇနီးဟောင်း ဆိုကတည်းက ရှင်းပါတယ် သဘောချင်း မတိုက်ဆိုင်ကြလို့သာ ကတ္တီပါ လမ်းခွဲ ကွဲခဲ့ကြတာ မဟုတ်လား။ သူ့ရင်ထဲ ဘယ်လိုများ ရှိမှာပါလိမ့်၊ ဇနီးဟောင်း အပေါ် တကယ်ပဲ မုဒိတာ ပွားနိုင်ရဲ့လား...ကျမအလုပ်တော့ မဟုတ်ဘူး ပေါ့လေ...တွေးမိတာလေး သက်သက်ပါ။ ဘယ်လိုပဲ ဆိုစေ ဆုကြေငြာ လိုက်တဲ့အခါ ဂျိမ်းစ်မျက်နှာပေါ်က လှစ်ကနဲ ဖြတ်ပြေးသွား တဲ့ ယောင်္ကျား မာန နဲ့ လူပုံအလယ် ဝန်ခံလိုက်ရတဲ့ အရှုံးကို ကျမ တွေ့မိ လိုက်သလိုပါ...။ ဒီကြားထဲ ဘားမား ဗီဂျေ ကလည်း နော်မနိတ် အဆင့်နဲ့တင် ကျေနပ်ခဲ့ရတော့....။ အဲဒီနေ့က ရင်ထဲ တခုခု လိုနေသလို အထာမကျ ဖြစ်နေခဲ့ရတာ...။

တဆက်တည်းမှာပဲ ဂျိမ်းစ်ရဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ တိုင်တဲနစ် ရုပ်ရှင်အကြောင်း တွေးမိပြန်တယ်။ အဲဒီရုပ်ရှင်ကို ကျမ ရွာအပြန် သမတရုံမှာ တင်နေတုန်း ကြည့်ခဲ့ရတာ၊ ကျမ မမှားဘူး ဆိုရင်တော့ ၁၉၉၈ လို့ထင်ပါတယ်။ ကျမရဲ့ မီးတောက်အဟောင်းကြီး နဲ့ သွား ကြည့်တာ ပါ။ ညနေဘက် အိမ်ကို သူလာခေါ်တော့ ကျမ ညီမ ၂ယောက်ရှိနေချိန်မို့ သူတို့ကိုပါ ခေါ်သွား ခဲ့တာပါ။ အမေကတော့ ညီအမ တတွေ အတူတူသွားတာမို့ စိတ်ချလက်ချ ထည့်လိုက်ပါ တယ်။ သူက ကားမောင်းရင်း နောက်ခန်းက ညီမ ၂ယောက်ကို အရှုပ် မလေး ၂ယောက် ဆိုတော့ အငယ်မတွေကလည်း မခေပါဘူး သမီးတို့ပါလို့ မကြီး အပြင်ထွက်ရတာ များ လို့ ကျေးဇူးရှင် လေသံ ဖမ်းချလိုက်ကြ လို့ ရယ်ရသေးတယ်။

ရုပ်ရှင်လက်မှတ်က မှောင်ခိုက ဈေးကြီးပေး ဝယ်ကြည့်ရတယ်။ ဟင့်အင်း သူပေးတာမို့လို့ ဘယ်လောက်လည်း မေးမကြည့် ပါဘူး။ ဒါမျိုးဆို ကျမက ပြတ်တယ် လုံးဝ မမေးဘူး။ ရုပ်ရှင်ပြီးတော့ YKKO မှာ ကြေးအိုး သွားသောက်ခဲ့ကြ သေးတယ်။ အဲဒါကတော့ ကျမ တိုက်တာပါ။ တပွဲဘယ်လောက်လဲ မှတ်မ ထားမိဘူး။ အဲဒါ ကျမရဲ့ အားနည်းချက် တခုပဲ။ ဘာဝယ်ဝယ် တော်ရုံ ဈေး ကွာနေလို့ကတော့ ဝယ်လိုက်တာပဲ ဈေးနှုန်းတွေကိုလည်း မမှတ်မိတတ်ဘူး။

သူက သူနဲ့ လက်ထပ်ပြီးရင် ကျမကို နိုင်ငံရပ်ခြားမှာ အလုပ်မလုပ်ရဘူးတဲ့၊ သူပဲ ရှာကျွေး မယ်ပေါ့...၊ အဲလို ခေတ်နောက်ပြန်ဆွဲနေတဲ့ အတွေးအခေါ်ကြောင့် ကျမတို့ လမ်းခွဲခဲ့ကြတယ်။ ကျမ အိမ်ထောင် ကျပြီး တနှစ်အကြာ သူ စလုံးကို အလုပ်ကိစ္စတခုနဲ့ ဝင်လာသေး တယ်။ တိုက်ဆိုင်စွာပဲ သူဖုန်းခေါ်တော့ ကျမတို့ လင်မယားက ပင်နီစူလာ မှာ၊ ရီစရာ ပြောပြအုံးမယ်။ ကျမတို့ လက်ထပ်ပြီး ကတည်းက ဖုန်း နံပါတ် Sim card ချင်း ထုတ်လဲပြီးကိုင်ကြတော့ ကျမ ဆီကိုခေါ်တဲ့ ရည်းစားဟောင်း ဖုန်းတွေက ကျမ အမျိုးသားဆီ အကုန်ရောက် တာပဲ။ တချို့က ကျမ လက်ထပ်လိုက်မှန်း မသိကြသေး ဘူးလေ...။ ကျမတို့ လက်ထပ်ပြီးတော့ သူရော ကျမရော ရည်းစားဟောင်းတွေ ရဲ့ စာတွေ၊ ဓါတ်ပုံတွေ စုပြီး မီးပုံပွဲလုပ် မီးရှို့ပြစ်လိုက်ကြတာ၊ ကျမက ပိုများတယ်ဆိုတာ ပြောနေဖို့များ မလိုတော့ပါဘူးနော်။ အဲဒါ သူ ဖုန်းဆက်တော့ အမျိုးသားဆီ တန်းရောက်သွားရော၊ အမျိုးသားက သူ့ကို သိနေတော့ ကျမလက်ထဲ ဖုန်းထည့် ပေးရှာပါတယ်။ သူက ကျမကို လှမ်းတွေ့လိုက်ကြောင်း ၊ သာကြောင်း မာကြောင်း ပါပဲ။

ပြီးခဲ့တဲ့ ၂နှစ်လောက်ကတော့ ကျမဆီ နောက်တခါ ဖုန်းဆက်သေးတယ် ၊ ကျမ အရင်ရုံးကနေ ဖုန်းနံပါတ် ရသွားတာလေ။ သူမိန်းမ ယူတော့မဲ့အကြောင်း၊ သူ့ကောင်မ လေးက ငယ်ကြောင်း၊ ချောကြောင်း၊ သူ့ကို ချစ်ကြောင်း၊ သူထားရာနေ စေရာသွားမဲ့ မိန်းကလေး ဖြစ်ကြောင်းတွေ ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ထွဋ်ရေ ရှင့်အတွက် ကောင်းတာပေါ့၊ ကျမနဲ့ လွဲခဲ့တာ ဒီလို မိန်းကလေးမျိုး ရဖို့ဖြစ် လာတာပေါ့ လို့ပဲ အေးဆေး ပြောလိုက်နိုင်ပါတယ်။ သူနဲ့ ပြောပြီးမှ သူ့စကားတွေထဲမှာ ယောင်္ကျား တယောက်ရဲ့ အတ္တကို ပြန်ခြေရာ ခံရတယ်။ တကယ်ဆို သူရည်ရွယ် ချိန်ပစ်ခဲ့တာက ကျမရဲ့ မာနကို မဟုတ်လား ဒါပေမဲ့ သူမေ့နေတာက ကျမရဲ့ ဖြစ်တည်မှု၊ လက်ရှိမှာ ကျမက စိတ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံသော၊ လုံခြုံမှုရှိသော၊ မြတ်နိုး လေးစားဖွယ်၊ ယုံကြည်အားကိုးဖွယ် အမျိုးသားတဦးရဲ့ လက်ထဲ ဘဝတခု လုံး စိတ်ချစွာ အပ်နှံ ပြီးခဲ့ပြီဆိုတာကိုပေါ့...။ ထားပါလေ...ဒါက ယောင်္ကျားတွေရဲ့ အတ္တအကြောင်း တွေးမိ တာကို ရိုးရိုးလေး ချပြတာပါ။

ပြီးခဲ့တဲ့ တပတ်က ရုံးကို ရုံးချုပ်က ဒါရိုက်တာ အဖွဲ့ဝင်တွေ လာကြတယ်။ ၂၀၀၉ နှစ်ချုပ်စာရင်း မီတင်အပြီး ခဏဝင်လာကြတာ။ ကျမ ကိုင်ရတဲ့ ရရန်ရှိ စာရင်းက ရီဇာ့ ကောင်းလို့ လူဖြူ ၃ ယောက် ကျမဆီလာပြီး လက်ဆွဲနှုတ်ဆက် ချီးကျူး စကားပြောနဲ့ ကျမဖြင့် နေမ တတ်၊ ထိုင်မတတ် နဲ့ မျက်နှာတောင်ပူတယ်။ အဲ အိမ်ရောက်တော့မှ ကျမခေါင်းမှာ ဘု ၃ ဘု စမ်းမိ တော့တယ်။ လာနှုတ်ဆက်တာ ၃ယောက်ထဲပေမို့...တော်ပါသေး... ။

ခုတလော ရုံးကနေ အိမ်ပြန်ရောက်ရင် ခါတိုင်းလို ဟပ်ထိုးနေအောင် မဆာပဲ အိနြေ္ဒရ နေတာ၊ ခါတိုင်းဆို သူ့ဆီ ဖုန်းဆက်ပြီး စားနှင့်မယ် ကွာ ဗိုက်ဆာပြီ မစောင့်တော့ဘူး လို့ ပြောနေကျ၊ ခုတော့ ညနေ ၄-၅ နာရီလောက်ဆို ရုံးမှာ မရှိ ရှိတာ ရှာဖွေ စားနေ တာကိုး ဒီတော့ သူ ပြန်လာတဲ့ ၈ နာရီခွဲထိ အိနြေ္ဒ သံပတ် အပြည့်နဲ့ စောင့်နေနိုင်တာ။ သူက အံ့တောင် ဩတယ်။ နေပါစေ ...သွားမပြောကြနဲ့နော် သူ နဲ့ လက်ဆုံစားချင်လွန်းလို့ စောင့်နေရှာတာလို့ပဲ သူ သိနေပစေ...။ အိမ်ထောင်ရေးမှာ အဲသလိုလည်း အချစ်ကို သိအောင် ပြတတ်ရတယ်။ ဒါလည်း အနုပညာ တခု...။

ကျမ ငယ်ငယ်က စာတွေ ဖတ်ဖြစ်ပေမဲ့ များသောအားဖြင့် ဘာသာရေး စာအုပ်တွေပဲ အဖတ် များတယ်။ အဖေ့စာအုပ်တွေ ဆိုပါတော့၊ ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ၊ အနာဂါမ်ဆရာ သက်ကြီး၊ ဗုဒ္ဓ နှင့် အမေး အဖြေများ၊ မိလိန္ဒပဥှာ တို့ အဲလို စာအုပ်မျိုးတွေ။ အဖေက မဂ္ဂဇင်း တို့ ဝတ္ထုတို့ ဖတ်တာ မကြိုက်ဘူး။ ဒီတော့ ကျမက ဖေချစ် ဆိုတော့ အဖေ့အကြိုက် လိုက်ဖတ်ဖြစ်တာ။ အဲဒါ ကျမ ၈တန်းလောက်မှာ စ ဖတ်တဲ့ စာအုပ်တွေ။ မှတ်မိသလောက်တော့ တခြားစာအုပ် တွေ သိတ်မဖတ်ဖြစ်ဘူး။ ဖတ်ဖြစ်တာ တချို့တော့ ရှိပါရဲ့။ ဒါပေမဲ့ ကျမက ခေါင်းမာသူ၊ လောင်းရိပ်အောက်မှာ မနေလိုသူဖြစ်လေတော့ ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှု ဆိုတာမျိုး မရှိခဲ့ဘူး။

ကျမ ငယ်ငယ်က အဆိုတော် ဖြစ်ချင်ခဲ့တယ်၊ လေယာဉ်မယ် ဖြစ်ချင်ခဲ့တယ်။ စာရေးဖို့ လုံးဝ စိတ်မကူးခဲ့မိတာ။ ဒါပေမဲ့ ပထမနှစ် စတက် တော့ ကဗျာတို ကဗျာစလေးတွေ စစပ်တတ်နေပြီ။ ဒါကလည်း အဖေ သင်ပေးခဲ့တာပဲ။ လေးလုံးစပ်ကဗျာ၊ လေးသုံးနှစ် ကာရံယူ စပ်တဲ့ ကဗျာမျိုးလေးတွေ ဆိုပါတော့။ အရက် စမ်းသောက်ခိုင်းခဲ့တာလည်း အဖေပဲ။ အဖေကိုယ်တိုင် အချိုရည်ထဲမှာ စပ်ပြီး တိုက်တာ၊ အဖေ့ ရည်ရွယ်ချက်က သမီးတွေ အညာခံရမှာ စိုးလို့။ ဖျော်ရည်သောက်လို့မှ ဒီလို အရသာဆိုရင် အရက်ထည့် ထားမှန်း သိရအောင်လို့တဲ့။ ကျမ ခဏ ခဏ တွေးမိတဲ့ အတွေးစ တွေထဲမှာ အဖေက အမြဲတမ်း မပါ မဖြစ်ပဲ။

အနာဂတ် အကြောင်းကတော့ သိတ်များများ စားစား မတွေးဖြစ်ဘူး။ တနေ့ ကိုယ့်ရပ် ကိုယ့်ရွာ ပြန်တဲ့အခါ လူနေ မထူထပ်တဲ့၊ သဘာဝ အလှတွေ ရှိနေသေးတဲ့၊လူတွေက ရိုးသားပွင့်လင်းပြီး အစားအသောက်လည်း လတ်ဆတ်တဲ့ တောင်ပေါ် မြို့လေး တမြို့မှာ ဘဝကို ရိုးစင်းအေးချမ်းစွာ ဖြတ်သန်းချင်တယ်။ အနားမှာလည်း စာအုပ်တွေ၊ အပင်တွေ နဲ့ အခမဲ့ စာကြည့်တိုက် ကလေး တနိုင်တပိုင် ပျိုး ထောင်လို့ပေါ့...။ အဲဒီအခါကျရင် အချစ် ဆိုတာထက် အေးမြတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့၊ အပေးအယူ နားလည်မှုတွေ အပြည့်နဲ့ ထုံမွမ်းထားတဲ့ ကျမ တို့ရဲ့ အိမ်ကလေးဆီ ချစ်သော မောင်နှမတွေ အားလုံးကို လာလည်ကြဖို့ တရင်းတနှီး ဖိတ်ခေါ် ချင်စမ်းပါရဲ့ရှင်....။


ဘဝ အမောတွေ ပြေကြပါစေရှင်...



ညီမ ချောရဲ့ တက်ဂ် ပို့စ်လေးပါ....ချော ညီမရေ...အတွေးတချို့ကို အမိအရ ဖမ်းဆုပ်လို့ ရေးပေးလိုက်ပြီနော်...ကျေနပ်မယ် ထင်ပါရဲ့....
ဘလော့ဂ်ဂါ ပီသစွာ ဆက်ပြီး တက်ဂ် ပါရစေ...ဗစ်စ်တာ ၊ ရီတာ၊ မမကွန်၊ သက်ဝေ၊ တီတီဆွိ၊ မရို့စ်၊ အပေါက်၊ ဝေလင်း၊ မောင်မိုး ခရေတွန် နဲ့ ကိုကြီးကျောက် တို့ကို ဆက်တက်ဂ်လိုက်ပါတယ်...။ ရေးပေးကြပါအုံးနော်...

32 comments:

Vista said...

ဖတ်ကောင်းထှာ ...
ယောကျာ်းတွေမာနကတော့တော်တော်ကြီးတယ်နော် ..
ဘာမှမရှိတဲ့လူလည်း မာနလေးကတစ်လူလူနဲ့ ဟိ။
Beyonce ရဲ့ Ego သီချင်းတောင်ရှိသေး။
မမချစ်ရဲ့ နောက်ဆုံး အနာဂတ် အပိုဒ်လေးက
ကျနော်နေချင်တာနဲ့ တူနေတယ်။
အင်တာနက်လေးတော့ရှိ ရမယ်ပေါ့လေ ဒါမှလေ့လာချင်တာလေးတွေလေ့လာနိုင်မှာကိုး။

Anonymous said...

အဖေချစ်တစ်ယောက်တွေ့ပြန်ပြီ။ ဂျိမ်းစ်ကင်မရွန်မရပဲ
ဒုန်းဒိုင်းအုံးဂွမ်းကားရသွားတာ သဘောမတူပါဘူး။
mm

khin oo may said...

ပဲကြီးဟင်းဟင်................ (့ပုံပြင်နော်.နောက်တာ)..

Vista said...

တိန် ..တက်ခ်တယ်တော့ ...မကြာမီလာမည် မျှော့ ကျွှတ် တီ ..ရေးပါ့မယ် မမချစ်

khin oo may said...

မေးခွန်းက ခက်တယ်။.....

Rita said...

ခုလောလောဆယ် ဘာလုပ်တယ် ဘာတွေးတယ် အကြောင်းကို ရေးချင်နေမိတာ။ အဲဒါပဲ ချရေးလိုက်တော့မယ်။ tag တာ ကျေးဇူး မမ။

Anonymous said...

မကြီးအေးနော်....
သူပဲပြောထားတာနော်....
မြန်မာပြည်မှာ အိမ်လာလည်မှ ရိုက်ထုတ်ရင် အော်ငိုပလိုက်မှဘဲ.........း))
ခင်မင်တဲ့
ဏီလင်းညို

အင်ကြင်းသန့် said...

မမ...ဂယ်လာာာာာာာား...ညီမလေးလာလည်ရင် ထမင်းပါ ချက်ကျွေးရမှာနော်...ဘီလိုလဲ ??? :D

ချစ်ညီမလေး
အင်ကြင်း

rose of sharon said...

တဂ်ထားတယ်ဆိုလို့ပြေးလာတာ... သူ့အတွေးတွေကလဲ ဖတ်လို့ကောင်းလိုက်တာ... ရေးပေးမယ်နော်... ခဏတော့စောင့်

ဇွန်မိုးစက် said...

တိုက်တန်းနစ်ကို မှောင်ခိုက သူဈေးကြီးပေးပြီးဝယ်ကြည့်ခဲ့တာ သတိရသွားပြီ။း(

ဝက်ဝံလေး said...

ဟိ သမီးကတော့ အချိုရည်ထဲ အရည်ထည့်လဲ သိမှာ ဟုတ်ဘူး ဟီးးးးးးးးးး အရက်ကို သောက်ကိုသောက်ဘူး king တယ် ဟဲဟဲ ပုလင်းလောက် မော့တာ ဟားဟားးးးးးးးးးးးးးး

sosegado said...

တော်တော်တွေးတာပဲ၊ အာဗာတာ မရလို့တွေး၊ ရည်းစားဟောင်းကိုတွေး၊ အလုပ်ထဲကိုတွေး၊(ရင်ခုံသံနဲ့) အဖေအကြောင်းကိုတွေး၊ နောက်ဆုံးကိုယ်ဖြစ်ချင်တာကိုတွေး၊ တွေနှင့် တွေးတဲ့ အတွေးတွေ၊
ခုလောက်ဆို ရီးစားဦး၊ အမုန်းဆုံးလူ၊ မကြိုက်ဆုံးအရာကိုတွေးနေ လောက်ပြီ၊ ဘေးနားကသူ အကြောင်းရောက်တော့မယ်၊

Craton said...

အတွေးကောင်းပါ၏ အားပေးပါသည် ရေးပါမည်

မောင်မောင် said...

မချစ်ကြည်အေး အတွေးတွေကိုလာချောင်းသွားပါတယ်။
ဖတ်ရတာ အတော်လေးကောင်းတယ်ဗျာ။
အတွေး တွေ ကိုလဲ သဘောကျပါရဲ့ ။

မြစ်ကျိုးအင်း said...

အတွေးအကြောင်းဆိုတော့ ရေးလို့ ကောင်းမှ ကောင်းပေါ့။
အမလိုပဲ ဘယ်တုန်းက အကြောင်းတွေးပြီး ရေးရမလဲတောင် တွေးမရဘူးဖြစ်နေတယ်

ကိုဇော် said...

ငါ့အမတို့များ ရေးတတ်ချက်...
အမ ယောင်းမလေး သက်မွန်မြင့်ကို အမလက်ထဲ အပ်ထားဦးမယ်။ ( ဒီအချိန်တော့ အမ ချစ်ချစ်ကြီးကိုတော့ ခေါ်ထားမယ်နော်..ကြောက်လို့ . .ဟိ )
တကယ်ကို သင်ပေးစေချင်တယ်။

မကြာမှီ ကျနော် စာပြန်ရေးပါမည်။
အခုတော့ ပျင်းလက်စနဲ့ ပျင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပျော်ရွှင်ပါစေ
ကိုဇော်

ရွှေရတုမှတ်တမ်း said...

တွေးနေတယ်မယ်ချစ်ရေ....တွေးနေတယ်...
မတွေးနိုင်ရင်တော့..ပြေးမှာပဲ..

လုလု said...

အတွေးလေးကို ရေးပြသွားတာ ကောင်းလိုက်တာ။ အရမ်းကို အရေးအသား ကောင်းတာပဲ။ အားပေးနေမယ်နော်။

မောင်မိုး said...

အော်...ခုတစ်လော တက်ဂ်ပို့စ်တွေက စဉ်းစားရတာတွေများလွန်းလို့ ထိပ်ပြောင်တော့မယ်။ အဲဒီတော့ ကျွန်တော့်ဒုက္ခတွေကို ဝေမျှခံစားနိုင်ဖို့ ဂျီးဒေါ်ကို အားရပါးရ ပြန်တက်ဂ်ထားပါတယ်။ :D

sonata-cantata said...

ချစ်ကြည် အတွေးတွေက လူသားဆန်တယ်

(ခပ်တည်တည်နဲ့ မန့်ချလိုက်ပြန်ပြီ
ဘာကို ဆိုလိုတာတုံး လို့ လာမမေးကြေး ဟေးဟေး)

sonata-cantata said...

မတီသာ မန့်တာပါချင့်

မောင်ဘကြိုင် said...

း) ဖတ်သွားတယ်အစ်မရ အမြင်လေးတွေ
တွေးမိတာလေးတွေ ချပြထားတာ ဖတ်မှတ်သွားပါတယ်

Htar said...

ကြီးလာရင်နေချင်တဲ့နေရာနဲ့စိတ်ကူးတွေကတထပ်ထဲလာတူနေပါလားကွယ်

AMK said...

အစ်မ ဘု ၃ ဘု ဆိုတာဘာလဲ ဟင်. မသိလို့ ပါ

ချစ်ကြည်အေး said...

AMK :(Board of Director) လူဖြူ၃ယောက် ချီးကျူးစကားပြောခံရတာနဲ့ ၃ကြိမ်တိတိ မြောက်တက်သွားလို့ ဘု ၃ ဘု လို့ တင်စားထားတာပါ အတိဿယဝုတ္တိ ပေါ့...:)

TZA said...

မိုက်တယ်၊ ကြိုက်တယ်။

ကိုဇော် said...

ဟုတ်ပ...
မြှောက်လို့ ချစ်မကြီးက အပေါ်ကို မြှောက်မြှောက်တတ်
သွားတာလေ။ ၃ ကြိမ်ကြောင့် ခေါင်းနဲ့ အပေါ်နဲ့ တိုက်လို့
၃ ဘု..တော်ပါသေးရဲ့ မြန်မာနိုင်ငံမှာဆို အဲယားကွန်း
မရှိတော့. . .ပန်ကာတွေနဲ့လေ...ဘုမထွက်ပဲ. . . ခေါင်း. .
ခေါင်း. . တစ်ကြိမ်တည်းနဲ့ ပွဲပြီးမှာ ချစ်မကြီးရေ. . .
ရတုန်းလေး မြောက်သာ ထားလိုက်ပါ။ ပြန်ရင် မလွယ်ဘူး. . .။
နောက်တစ်ခါဆို ဟဲလ်မက်ဆောင်း. . .
( စိုးရိမ်တကြီးနဲ့ ပြောသွားတာ..:P )

ဒါနဲ့ ချစ်ကိုကြီးကိုလည်း ပြောရဦးမယ်။
“ မီးတောက်အဟောင်းကြီး ” တဲ့ ချစ်ကိုကြီး. . .တွေ့လား။
ချစ်ကိုကြီးကို ဘယ်လိုများ ခေါ်နေမလဲဗျာ..
ချစ်ညီတော်လေး တွေးပြီး စိတ်ထဲမှာ လေးတယ်။
( ဤအရာကား ကြပ်သွားခြင်း . . ။)
လစ်မှ............

ပျော်ရွှင်ပါစေ။
ကိုဇော်

Anonymous said...

ဖတ်လို့ ကောင်းချက်ဗျား

ခင်မင်စွာဖြင့်
mks

မြသွေးနီ said...

အတွေးကောင်းလေးတွေမျှဝေခံစားသွားပါတယ် အစ်မချစ်ကြည်ရေ။

Kay said...

သူတွေးတာ..ချစ်ချစ်ဟောင်းကို.. ( I beat U ) ပြန်လုပ်ဖို့ ကိုး...း)
အာဂါထ တွေ နော်..မီကောင်းဘူး..

သက်ဝေ said...

တွေးထားတာလေးတွေ တကယ် သဘောကျစရာ...
ပြီးတော့ ဆက်ပြီး တွေးချင်စရာလေးတွေချည်းပဲ...
အခုတလောမှာ ကိုယ်တွေးဖြစ်နေတာတွေက တောင်တစ မြောက်တစနဲ့ ပြီးတော့ အရမ်းလဲ များပြားလွန်းလို့ စာနဲ့ ချရေးဖို့ ခက်နေတယ်...
အချိန်နဲနဲပေးပါအုံးလေ... နော်...း))

nu-san said...

အမအတွေးနဲ့ အရေးတွေကို သဘောကျတယ်... အဲဒီအတွေးတွေဖတ်ရင်းကျနော်လည်း ယောင်္ကျားတွေရဲ့ အတ္တကို ဆက်တွေးဖြစ်သွားတယ် အမ.. အဲဒါနဲ့ ဆက်စပ်ပြီး သူငယ်ချင်း စုံတွဲကိုပါ သတိရမိသွားတယ်.. အတွေးတွေ... အတွေးတွေ.. :)

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်