Thursday, March 11, 2010

ဘလော့ဂ်ဂါ့ယောင်္ကျား ဘဝ...

ပြီးခဲ့တဲ့ ပို့စ်တုန်းက ဟင်းလေးတခွက် ချက် တင်မိပါတယ် အမျိုးတော်ချင်သူတွေ အတော်များများ ထွက်လာလိုက်ကြတာ...၊ ဟင်းချက် ကောင်းမှာပဲလို့ ချီးကျူးသူ တွေကလည်းများ ဆိုတော့ကာ ကျမဖြင့် ဘဝင်လေဟပ် သလိုလိုတောင် ဖြစ်သွားတယ်။ သို့သော်လည်းပေါ့ လေ အဲသလို မဟုတ်တာများ အချီးကျူးခံရရင် လူက နေကို မနေတတ် တာ ။ ဒါနဲ့ပဲ ကိုင်း အထုပ်တော့ ဖြည်ပြအုံးမှ ဖြစ်တော့မယ် ဆိုပြီး ဒီပို့စ်ကို ရေးလိုက်တယ်။ အမျိုးတော်ချင်သူများ၊ လျှောက်လွှာ တင်ထားသူများ ပြန်လည် စဉ်းစားခွင့် ရအောင်ပါ...။

အရင်တုန်းက ကျမ "မချက်ချင်" ဟာ ခုတော့ ဟင်းချက်ဖို့ အမြဲ စိတ်မပါတော့ဘူး။ အို အပြင်မှာ သွားစားတာက ပိုတန်တာ၊ လင်မယား ၂ယောက် စားမှ အအေးနဲ့ ဘာနဲ့ဆို S$ ၁၂ / ၁၃ ဒေါ်လာဆို စားပါလေ့၊ ဟော ပန်းကန်တောင် ဆေးစရာ မလိုဘူး လို့ အားတက်သရော ပြောတတ်ပြီ။ ဒါကိုမှ "ကြက်သား နဲ့ ဗူးသီး အိမ်ချက်လေး စားချင်တာကွ" ဆိုလာရင်တော့...အင်း ရတယ်လေ ဈေးအမြန်သွား ဗူးသီး နဲ့ ကြက်သား ကြက်ရိုး သပြွမ်းဟင်းတခွက် တပတ်စာ ချက်ပေးလိုက်တယ် စားပေရော့ပဲ။ အမယ် စိတ်ပါရင်ဖြင့် ဒေါ်ရွှေမိုး ရယ်ဒီမိတ် ငပိ ထောင်းလေးထဲ သံပုရာသီးလေးတောင် ညှစ်ထည့်ပေး လိုက်သေးတာ။ အဲဒီလို မသိုးဟင်း တပတ်စာ နဲ့ လွှတ်ထားလိုက်တာ သူ့ခမျာ နောက်ထပ် ကြက်သား ဗူးသီး ဆို စိတ်နာသွားရော။ အဲသလို....။

ညဆိုလည်း ညမို့ သူ့မှာ ကောင်းကောင်း မအိပ်ရရှာပါဘူး။ တခါတလေ တနေ့လည်လုံး စဉ်းစား မရတဲ့ ကဗျာ ကာရန် နဲ့ စာလုံးတွေက တရေးနိုးမှ စိတ်ထဲ ဒိုင်းကနဲ ပေါ်လာတော့ ကျမက မေ့တတ်သူ မို့လို့ ဝုန်းကနဲ ချက်ချင်းထရင်း မီးဖွင့်ပြီး စာတရွက်မှာ ကောက်ခြစ်ထား လိုက်ရော၊ ပြီးမှ ပြုံးပြုံး ပြုံးပြုံး နဲ့ ပြန်လှဲအိပ်တာ။ သူက ဘာဖြစ်တာ ပါလိမ့်လို့ မျက်မှောင်ချီ ကြည့်ရင်း အခြေအနေကို သဘော ပေါက် သွားသလိုနဲ့ စောင်ကြီးကို မျက်နှာပေါ်ထိ ဆွဲအုပ်၊ စိတ်ထဲကလည်း ဂေါက်မ၊ ငကြောင် လို့ ကျိန်ဆဲရင်း ပြန်အိပ်သွားပါရော။ အဲသလို....။

ကျမရှေ့ဆို သူ့ခမျာ အပြောအဆိုက အစ အတော်လေး ဆင်ခြင်ရရှာတယ်။ သူ ပြောသမျှ ပို့စ် ဖြစ်သွားတတ်လွန်းလို့ မသက်ဝေ တို့ဆို သူပြောတာတွေ အိမ်လာနားထောင်မယ်ချည်း လုပ်နေတာ၊ စဉ်းတော့ စဉ်းစားရမယ်လေ စီးပွားရေး အခြေအနေ အရပေါ့၊ ကုန်ကြမ်းရ မယ် လာနားထောင်ကြ ဆိုပြီး ပါမိနစ် (per minute) နဲ့ ချာ့ခ်ျ (charge) လုပ်ရင် ကောင်းမလားပဲ။ သူကပြောလာတယ် ကျမရှေ့ ယောင်လို့တောင် လေမလည်ရဲဘူးတဲ့ ကဗျာ ဖြစ်သွားမစိုးလို့... အဲသလို....။

တပတ် တပတ် အဝတ်တွေဆိုတာကလည်း များလိုက်တာ။ လျှော်ရတာ စက်နဲ့ပေမဲ့ မီးပူတိုက်တော့ လက်နဲ့ မဟုတ်လား။ မအားလို့ မတိုက်ဖြစ်သေးရင် အဝတ်တွေအကုန် ခေါက်ပြီး သူ့ပုဆိုး တထည်ထဲ ထည့်၊ အထုပ် ထုပ်ပြီး ဘီရိုထဲ ပစ်ထဲ့ထားလိုက်တာပဲ။ ၂ပတ် လောက် ဆက်တိုက် မီးပူမတိုက်ဖြစ်လို့ကတော့ ဘီရိုဖွင့်ရင် သတိသာထား ပေတော့ပဲ။ လူပေါ် ပြိုကျလာတတ်လို့ ။ အဲဒါနဲ့ မဖြစ်သေးပါ ဘူး အပြင်ထုတ်ထားမှပါ၊ တွေ့မှ လုပ်ဖြစ်မှာကိုး ၊ တခါ ဘီရိုထဲက အထုပ်တွေ အပြင်မှာပဲ ချထားပြီး တော်တော်နဲ့ မတိုက်ဖြစ်ပြန်တော့ ဘေးဘီဝဲယာမှာ အထုပ်တွေ ဝိုင်းလို့။ ဒါတောင် ကျမက စာရေးချင် တဲ့ အခါ အဝတ်ထုပ်ကြီးတွေကို ကျော် ကျော် ပြီးကြည့်တတ် တာ "ဘာမှ လုပ်စရာ မရှိရင် ချစ် စာရေးအုံးမယ်နော်" လို့ သူ့ကို မျက်နှာချိုသွေးရင်း အဝတ်ထုပ်ကြီးတွေကို ကျောပေးပြီး လက်ပ်တော့ ထဲ ခေါင်းဝင်တော့မတတ် စာရေးစာဖတ် လုပ်တော့တာ။ အဲသလို....။

အိမ်မှာ အဲသလို အဝတ်တွေ၊ သတင်းစာတွေ၊ စာအုပ် နဲ့ စာရွက် အကြမ်းတွေ ရှုပ်ပွလို့ ဒါကိုပဲ ကျမ မသိချင်ယောင်ဆောင်လို့ စာတွေရေး နေတဲ့ အခါ ဒေါ်ချစ်ကြည် အမှိုက်ပုံထဲများ ထိုင်နေသလား လို့မေးတတ်တယ်။ ကျမကလည်းကျမ၊ ရှက်ရှက် နဲ့ပဲ သူပြောသလို အဓိပ္ပါယ် နဲ့ ကလောင် နာမည်လေးများ ပြောင်းမလားလို့။

ချစ်ကြည်အေး(အလုံ) ဆိုရင် ဘယ့်နှယ်တုန်း...ဒါမှမဟုတ် ချစ်ကြည်အေး (ပုဇွန်တောင်) ဆိုရင်ရော...။ အဲ ခက်တာက အလုံ အမှိုက်ပုံ နဲ့ ပုဇွန်တောင် အမှိုက်ပုံ ဘယ်သင်းက ပိုကြီးမှန်း မသိတာ...။ အဲ ပိုကြီးတဲ့ ကောင်သာ နောက်မှာ တပ်လိုက်ပါတော့လေ....။


ဘဝ အမောတွေ ပြေကြပါစေ...

30 comments:

ဇွန်မိုးစက် said...

အဟိ...ဖတ်လိုက်တာ အမောတွေပြေသွားပြီ။ ပုဇွန်တောင် အမှိုက်ပုံက အကြီးကြီးနော် အစ်မ။ အမှိုက်ပုံထက် အမှိုက်တောင်လို့ ခေါ်လို့ရလောက်အောင် ကြီးတယ်နော်။ :D

sonata-cantata said...

ဒေါ်ချစ်ကြည် အလုံအမှိုက်ပုံက မရှိတော့တာ ကြာပေါ့... အိမ်ယာတွေ ဖြစ်နေပြီ... ဘာဖြစ်ဖြစ် အမှိုက်ပုံထဲ တကုတ်ကုတ် စာရေးစာဖတ်နေတဲ့ ပုံကို မြင်ယောင်ရင်း ဟီးဟီး သနားတယ်း)

Anonymous said...

ခစ်ခစ်ခစ် ခြောက်စက်ထဲက ဟာတွေ ထုတ်ရသေးဘူး ဒါ့ကြောင့် အ၀တ်ထုတ် ရှိဟူး။


မအယ်

မေဇင် said...

;) ရေးထားတာလေး ရီရတယ်....။

သက်ဝေ said...

အဝတ်ကို အထုပ်နဲ့မထားဘူး...
မြင်ရတာ ဆိုးပြီး ကိုယ့်ကိုယ်ကိုယ် guilty ဖြစ်စေလို့... အဟဲ...
အဖုံးပါတဲ့ ပလတ်စတစ်ခြင်း အကြီးကြီးနဲ့ထည့်ပြီး ပိတ်ထားလိုက်တယ်... မှတ်ကရော... (အတုယူပါ သူငယ်ချင်း...)

SHWE ZIN U said...

သူငယ်ချင်း ရေ အမှိုက်ပုံထဲ ထိုင်ပြီး ဘလော့ရေးနေတဲ့ ပုံကို မြင်ယောင်ရင်း ရီမိပါတယ်

ခင်တဲ့
ရွှေစင်

Nature Active said...

ကျမ အမှိုက်ပုံထဲကနေ လာဖတ်သွားပါတယ်...
လျှော်စရာအ၀တ်တွေကို အ၀တ်လျှော်စက်ထဲ ထည့်ပြီး အဖုံးပိတ်ထားတက်သူမို့ .... :)

ဝက်ဝံလေး said...

ဟားးးးးးး မရယ်
အဲဒါ ဘလော့ဂ်ဂါပဲ လေ မမရဲ့ ဟိ အော် ဘွ ဘွ ဘွ ဘလော့ဂ်ဂါ ဘွ မလွယ်ပါ့လားနော် ဖူးးးးးးးး ဟိဟိ

မောင်မောင် said...

မချစ်ကြည်အေး နာမယ် တစ်ခုကျန်နေသေးတယ်ခင်ဗျ။
ချစ်ကြည်အေး(သာကေတ) ဆိုတာလေးပေါ့ဗျာ။
အလုံ က တော့ အခု နှောင်းလူတွေသိတော့ဘူး။
( အဟဲ စတာနော် :)

Nge Naing said...

မချစ်ကြည်အေးရေ ဘ၀တူပဲ။ ကျွန်မကတော့ အမြင်မတော်ရင် ကိုယ့်ဖါသာကိုယ် ရှင်းလိုက်ပါလား ခြေတွေလက်တွေ မရှိရာကျနေတာပဲလို့ ပြောပြီး ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေတာပဲ။ ကျွန်မက မီးပူတိုက်ရတဲ့ အ၀တ်ကို ဘယ်တော့မှ ၀ယ်မ၀တ်သလို သူ့ကိုလည်း မ၀ယ်ပေးဘူး။

ကိုဇော် said...

ဟီး....
ဒို့ကတော့ တော်မှာပဲ...
ချစ်အမကြီးနဲ့ ချစ်အကိုကြီးပဲ...ဟဲဟဲ..
( အနော့်ဟာပါ လျှော်ပေး........ဂလိုလေ )

ဒီလိုလေး နာမည်ပြောင်းလေး အမရာ..
သာကေတ ၊ ပုစွန်တောင် ၊ အလုံတွေ ဆိုရင် လူတွေက ဘယ်သိပါ့မလဲဗျ..
ဒါကြောင့်. . .ချစ်ကြည်အေး ( အမှိုက်ပုံ ) ဆိုရင် ပြီးရောပေါ့။

( ကျနော့်ဘေးမှာ ကျတော့ အအေးဗူးခွံတွေ ဝိုင်းနေတယ်ဂျ..)
တိုးတိုးလေး ပြောသွားတာနော်..ဟီး

ကိုဇော်

အပြုံးပန်း said...

မီးပူတိုက်တဲ့ အိန်ဂျယ်လေးရှိရင် ကောင်းမယ်နော်။

Anonymous said...

မချစ်ကြည်ကတော်သေးတာပေါ့..
ကျနော်ဆို..မီးကြွေနဲ့မထိတွေ့ဖြစ်တာနှစ်ပေါင်းအတော်ကြာပြီ..


ပေါက်

အင်ကြင်းသန့် said...

မမ...ဘာမှ ဆင်ခြေတွေမပေးပါနဲ့ မမလက်ရာကို စားဖို့ ဦးထားပြီးသားနော်...ဟွန်း... :)))


ညီမလေး
အင်ကြင်း

sosegado said...

စက်တစ်ခုရှိတယ်၊
ကိုယ်ဘာတွေ တွေးခဲ့သလဲ၊
ဘာတွေ အိမ်မက် မက်ခဲ့သလဲ၊
မန်မိုရီ ကို ပြန်ခေါ် တဲ့စက်ပါ၊
နားထင်နှင့် ခေါင်းပေါ်မှာ ဝါယာကြိုး စတစ်ကာလေးတွေ ကပ်ပြီး
စက်ဖွင့် ရီကော ခလုတ်နိပ်၊ ဘယ်အချိန်ကဟာ ပြန်ခေါ်ချင်သလဲရွေး၊
ရီကောပြီးသွားရင် အသံပေးပါတယ်၊ လူကြီးမင်းရဲ့  ရီကောပြီးဆုံးသွားပဲပြီ ရဗြုး လုပ်လို့ ရပါပြီ၊
ရဗြုး ခလုတ်နိပ်လိုက်ရင်၊ အကုန်ပြန်ပေါ်လာပါတယ်၊
လိုအပ်ရင် ပရင့်အောက်ထုတ်လို့ ရပါတယ်၊

အဲဒါဆို ညည ထရေး ထမှတ်စရာ မလိုတော့ဘူးပေါ့။

Thant said...

ဟားဟားဟား....comment တွေပါဖတ်ပြီးရယ်သွားတယ်...အစ်မသက်ဝေအကြံမိုက်တယ်.... :D

~ဏီလင်းညို~ said...

မကြီးအေးရေ.......
ဆင်းရဲသားမို့ သန့်ရှင်းရေးဝန်ထမ်းအလိုရှိပါသလားဟု....လာရောက်စုံဇမ်းသွားဘာကြောင်းးးးးးးး
ဟိဟိ....
ခင်မင်တဲ့
ဏီလင်းညို

ကိုချစ်ဖေ said...

ဆက်သာရေး..မချစ်ကြည် တရေးနိုးလဲရေး မနက်ည ရေးသာရေး အားပေးတယ် အမျိုးသားက မချစ်ကြည်ကို ချစ်ကြောင်း အမှိုက်ပုံထဲကနေ
တိတ်တိတ်ဆိတ်ဆိတ်နေပြီး သက်သေပြပါလိမ့်မယ်.

Vista said...

အနော်ကတော့ ချိတ်တွေအများကြီးရယ် တန်းကြီးကြီးရယ်ထားတယ်။ခြောက်တဲ့အဝတ်တွေကို ချိတ်နဲ့ ချိတ် တန်းမှာထားလိုက်တယ် ။
ပြီးမှ စတင်းမ် မာလေးနဲ့ တစ်နေ့ နည်းနည်းဆွဲတာ ဟိဟိဟိ။

Anonymous said...

ဒေါ်မယ်ချစ်ရေ
အကြံကောင်းပေးမယ် မီးပူအတိုက်လွတ်သော အင်ကျီကို ရှာဝတ်ပါလေ ကျွန်တော်တို့ဆို အဲဒီလိုဘဲ အမြဲရွေးဝတ်သည်။
အမှိုက်ပုံထဲ ခေါင်းထိုးနေတာ ကြာလှပေါ့ တော်ကြာ အမြင်မတော်လို့ စည်ပင်က ဒဏ်ပေးခံနေရအုံးမယ်

ခင်တဲ့
seesein

မြစ်ကျိုးအင်း said...

လာလည်တဲ့သူလည်း ဘလောဂ်ရေးတဲ့သူဆိုရင် ဘယ်နဲ့ လုပ်မတုန်း ။ အမပြောတဲ့ အမှိုက်ပုံတွေပါ ဓါတ်ပုံရိုက်ပြီး တင်ခံနေရအုံးမယ်။

ပုံရိပ် said...

အဟက်... ပုံရိပ်တို့လည်း အတူတူပဲ။ အမှိုက်ပုံထဲနေပြီး စာရေးတာ။ နာမည်မှာ ကတည်းက ပုံ ပါပြီးသား။

မြသွေးနီ said...

အစ်မချစ်ကြည်ရေ..
ဖတ်ပြီး ဟက်ဟက်ပက်ပက်ရယ်မိလိုက်တာ..
ခေါင်းတွေတောင်ပေါ့သွားတယ်။
ဒါမျိုးကြီးတွေလည်း ဖြစ်တတ်ပါတယ် အစ်မရေ..။

မယ်ကိုး said...

မမ စာဖတ်ရင် အမြဲ ပြုံးရွှင်ရလို့ ကျေးဇူးပါ =)

Kay said...

မမချစ်.. စင်ကာပူ လောင်ဒရီ... ချက်ချင်းမရ.. တပတ်မှ..တလခန့်ကြမည်..
အခြောက်လျှော်..အစိုလျှော်.. အစွန်းထင်း.. ဆပ်ပြာမစင်.. မီးပူ..ကိုယ့်ဖာကိုယ် တိုက်ရန်..

လို့ ( ရွှေမြန်မာ ) မှာ ဖြစ်ဖြစ် ကြော်ငြာလိုက်လေ..း)

ရွှေရတုမှတ်တမ်း said...

ဒါလေးများ...re cycle ပုံလေးကပ်ထားလိုက်..
သူ့ဟာသူ re cycle လုပ်ပြီးယူသွားလိမ့်မယ်

khin oo may said...

ချစ်ကြည်အေး (ဒလ)ဆိုရင်ပိုကေင်းတယ် ယောက်ျာားက စိတ်ကုန်ပြီးလွတ်ပစ်လိုက်လို့ ရောက်သွားရရှာတဲ့ နေရာလေးပေါ့ ။


တို့လဲ လျော်လိုက် မီးပူတိုက်မလို့ပုံထားလိုက် ဖုန်ပြန်တက်သွားလိုက်ပြန်လျော်လိုက် ငှင်းငှင်း..



အဲသလိုမျိုးမီးသာဖွင့်လိုက်ရင်တော့အသတ်ခံရမှာသေချာတယ် ဒါကြောင့်အိပ်ခန်းထဲကို မိုးလင်းတဲ့အထိမဝင်ဘူး။ အပြင်မှာဘဲတွေးနေတယ်။

မောင်မိုး said...

မိန်းမရပြီးကတည်းက မီးပူတိုက်တဲ့ အ၀တ်ကို မ၀တ်ရတော့ဘူး။ လူပျိုတုန်းကတော့ ဟုတ်..ဟုတ်. မဟုတ်ဟုတ် ကိုယ့်ဟာနဲ့ကို မီးပူတိုက်ဖြစ်သေးတယ်။ အော်...အိုင်တီခေတ်မှာ မိန်းမရတာ မနိပ်လိုက်တာ။

Sint said...

It made me smile. Thanks!

nu-san said...

အမရေးထားတာ ဖတ်ပြီး ရီလိုက်ရတာ..ကျနော့်ဘေးက အထုပ်ကိုတောင် မျက်စေ့ရောက်သွားသေးတယ်.. မီးပူတိုက်တာ အချိန်တော်တော်ပေးရတယ်.. မတိုက်ဖြစ်တဲ့အခါကျရင် အမပြောသလိုပဲ ပုဆိုးထဲထည့်ပြီး ထုပ်ထားတတ်လို့ အထုပ်တွေဆိုတာ ဘေးမှာ ပတ်လည်ဝိုင်းနေတယ်.. ဗုံတီးလို့ရတယ်.. အခုကတော့ ဆင်ခြေပေးလို့ကောင်းတယ်လေ.. ကလေးတဖက်နဲ့ပေါ့..ကလေးကမအိပ်လို့ မလုပ်ဖြစ်တာဆိုပြီး.. အဟီး.. အခုလည်း ကလေးက အိပ်နေတာ ကိုယ်က ဘလော့ခ်လည်နေတာ.. သူကတော့ ရုံးမှာပေါ့.. :D

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်