Monday, February 28, 2011

ထွေရာ ၄ပါး-၃

ထွေရာ-၁ပါး
သူ့ ကျန်းမာရေး

ခုတလော အိမ်ကလူကြီးရဲ့ ကျန်းမာရေးက အတော်လေး ထူထူထောင်ထောင် ရှိလာပါပြီ။ တပတ်လောက် သူ အိပ်ရာထဲ လဲနေချိန်တွေတုန်းက ကျမဖြင့် အတော်လေး ကသီခဲ့တာ။ ရုံးအလုပ် တဘက်၊ ချက်ရေးပြုတ်ရေး တဘက်၊ သူ့ပြုစုရတာက တဘက် ဒီကြားထဲ ဘလော့ဂ်ကလည်း ရေးချင်သေးတာ ဆိုတော့ကာ...။ ည ညတွေဆို အိပ်ချိန်ထဲက ဖဲ့ပြီး စာလေး တကြောင်းရ ရ ရေးထား၊ ပုံလေး တပုံပဲ ဖြစ်ဖြစ် အပ်လုပ်ဒ် လုပ်ထားနဲ့ မူးစု ပဲစု ကုလားစု စုပြီး ပိုစ့်လေးတွေ တင်နေရရှာတာ။

သူ့ရောဂါကလည်း ဘာဖြစ်မှန်းမသိ။ မနက်ဆို အကောင်း၊ ညနေ ညနေဆို ဦးခေါင်းခွံကြီး ဆွဲချွတ်ထားချင်လောက်အောင် ခေါင်းမူးသတဲ့။ ကိုက်လည်း ကိုက်သတဲ့။ ဆေးခန်းလဲ စုံ၊ ဆေးလည်း စုံနေပြီမို့ သူ့မှာ ဒီတောင်မှ ကျော်နိုင်ပါတော့မလားနဲ့ စိတ်ဓါတ်တွေကျ၊ သူတယောက်တည်း ရှိနေချိန်မှာ အင်တာနက်ထဲက ဘရိန်းကျူမာတို့ ဘရိန်းကင်ဆာတို့ရဲ့ ရောဂါ အသွင်အပြင်တွေ ရှာဖွေဖတ်ပြီး တူလှချည့် ဆိုပြီး စိတ်ကထင်၊ အမေ့ကိုလည်း အမေ့သမီးကို ဂရုစိုက်နော်လို့ ငိုသံပါကြီးနဲ့ မှာလိုမှာ။

ဖြစ်ရမယ်လေ။ သူက ကျမလို ဂီလာနမှ မဟုတ်ပေတာပဲ။ အင်မတန် ကျမ်းမာသူ၊ ဆေး လုံးဝ မသောက်သူကိုး။ ခုလို ဆေးတွေကို ပဲလှော်လို စားနေရင်းက မပျောက်တဲ့အခါ သူ စိတ်ဓါတ် ကျလာတော့တာ။ ဆရာဝန်နဲ့ တွေ့ဖို့ ဆေးရုံမှာ ရက်ချိန်းယူတော့လည်း ဧပြီလကျမှ ရက်က ရတယ်။ မစောင့်နိုင်ဘူးလေ သူက ခုကို ပြချင်တော့တာ။ ခေါင်းမထူနိုင်အောင် အိပ်ရာထဲ လဲနေတာ ဆိုတော့လည်း သူ ဘယ်လိုမှ ဆက်ပြီး မခံစားနိုင်တော့ဘူးပေါ့လေ။ ဒါနဲ့ပဲ အရေးပေါ်ဌာနကို နှစ်ယောက်သား သွားခဲ့လိုက်ကြတော့တယ်။

ဟော...သက်သာချင်တော့လည်း ဆေးရုံက ဆရာဝန် ပေးလိုက်တဲ့ဆေး တခါသောက် ၂လုံး၊ တနေ့ ၃ကြိမ်နဲ့ကိုပဲ ကောင်းနေပြန်ရဲ့။ ဘာဆေးလဲ ဆိုတော့ကာ ပါရာစီတမော....။ အံ့ဩတယ် တကယ်ပါပဲ။ ဒါပေမဲ့လို့ ရောဂါ အကြောင်းရင်းကို ရှာဖွေဖို့တော့ အာရုံကြောဆရာဝန်နဲ့ ရက်ချိန်းယူထားပါသေးတယ်။ သူ နေမကောင်းစဉ်က အိမ်အထိ သတင်းမေး လာကြသူများ၊ မက့်ဆေ့ခ်ျပို့ ပြီး မေးသူများ၊ ဖုန်းနဲ့တမျိုး ဖဘမှာတဖုံ သတင်းမေးလာကြသူများ၊ အကြံဉာဏ်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရပါတယ်။

သူ့တော့ လူချစ် လူခင် များကြသား။ ကျမ နာမကျန်းဖြစ်ရင်သာ ဘယ်လိုနေမယ် မပြောတတ်ဘူး။ အေးလေ ဝန်ကတော် တကျပ်၊ ဝန်သေတော့ တမတ် ဆိုကြသမို့လား...။

ထွေရာ-၂ပါး
ဗီဗာဟိန်း စီစဉ်သူအတွက် စာ

ယူတျူ့မှာ လျမ်းလျမ်းတောက်နေတဲ့ ဗူးသီးမ...ဆောရီး သည်းခံပါရှင်။ ဗူးသီးမှ အရီးလာမတော်နဲ့ဟယ် ဆိုတဲ့ ဗီဗာဟိန်း...။ အဲဒီ ဗီဗာဟိန်းအကြောင်း မပြောချင်ပါဘူး။ ဒါက ထူးမှ မထူးဆန်းပါကပဲလား။ ခုခေတ်ကြီးကိုကမှ ရဲရမဲ့ခေတ်။ လုပ်ရဲရမယ်။ ကြောင်ရဲရမယ်။ ပေါရဲရမယ်။ ဝတ်ရဲ စားရဲရမယ်။ အော်ရဲ ဟစ်ရဲရမယ်။ ခုန်ပေါက်ရဲ လှူပ်ယမ်းရဲရမယ်။ အဲဒီရဲတွေနဲ့ တခုမဟုတ် တခု ငြိရဲရင် နာမည်ကြီးတာပဲ။ အရည်အချင်း ပြည့်မီစွာနဲ့ နာမည်ကြီးသူများကို မဆိုလိုပါ။ ဒီတော့ အဲဒီဖော်မြူလာနဲ့ လူသိများလာတဲ့ ဗီဗာဟိန်းကို အထူးအထွေ မပြောလိုပါ။ ပြောကို မပြောလိုပါ။ အနဲဆုံးတော့ အရုပ်မပါ အသံချည်းပဲ နားထောင်ရင် ပို စိတ်ချမ်းသာတာပဲ မဟုတ်ပါလား။

ပြောစရာ ရှိတာက ကျမကို အံ့ဩစေတဲ့ စီစဉ်သူ ဥူးပဇ္ဇင်းကိုပါ။ စီစဉ်သူဟာ တကယ်ပဲ သာသနာ့ဘောင်ထဲက အစစ်အမှန် သံဃာတော်တပါးသာ ဖြစ်ရင် ဒီလုပ်ရပ်ဟာ အင်မတန် မသင့်လျော်လှတာပါ။ များပြားလှတဲ့ သိက္ခာပုဒ်တွေကို စောင့်ထိန်းနေရတဲ့ သံဃာတော်၊ ဘုရားသားတော်တပါး မဆိုထားနဲ့ ကျမတို့လို လူပုဂ္ဂိုလ်တွေတောင် ၉ပါးသီလစောင့်ထိန်းတဲ့အခါ နစ္စ၊ ဂီတ ဆိုတဲ့ သီလကို စောင့်ထိန်းရသေးတာ။ ဒီသိက္ခာပုဒ်ဟာ တေးဂီတ အကအခုန် စတာတွေကို ကိုယ်တိုင်လည်း မလုပ်၊ သူများတကာ လုပ်ဆောင်တာကိုလည်း အားမပေးရဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။

ဝါသနာဆိုတာကတော့ ရဟန္တာပုဂ္ဂိုလ်ကြီးတွေတောင် အငွေ့အသက် ကျန်ရှိနေသေးတာ။ ဝါသနာအငွေ့အသက်နှင့်တကွ အလုံးစုံသော ကိလေသာတို့ကို ပယ်သတ်နိုင်သူဟာ အဆူဆူ ပွင့်ခဲ့ပြီးသော ဘုရားရှင်ကိုယ်တော်မြတ်များပဲ ပယ်သတ်နိုင်တာပါ။ ဒီတော့ ဥူးဇင်းရယ် ဝါသနာပါရင်လည်း ဓမ္မတေးသီချင်းလေးတွေလောက် စီစဉ်ပါလို့သာ မေတ္တာရပ်ခံချင်တော့တာပါပဲ။

ထွေရာ-၃ပါး
တူမလေး မွေးနေ့

ကျမရဲ့ တူမလေး ဒီနေ့ပဲ ၈လပြည့်ပါတယ်။ သူ ကျမတို့ဆီကို ရောက်နေခိုက် အမှတ်တရ မိသားစု၊ သူငယ်ချင်းတွေ ဖိတ်ကြားပြီး မွေးနေ့ပွဲ သေးသေးလေး လုပ်ပေးခဲ့ပါတယ်။ မိုးတွေ စွေရွာနေတဲ့ အချိန်မှာ
မွေးသူမို့ အိမ်နာမည် မိုး-Rain လို့ ပေးထားပါတယ်။




ချစ်ရသော တူမလေး ဘဝတလျှောက် အစစအရာရာ စိတ်သွားတိုင်း ကိုယ်ပါ၊ ကျန်းမာ ချမ်းသာ၍ သာသနာပြုနိုင်သော၊ မိဘကျေးဇူး ဆပ်နိုင်သော သမီးကောင်း ရတနာလေး ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ထွေရာ-၄ပါး
ဒီနေ့ ချက်စားတဲ့ဟင်း

ဝက်သား မန်ကျည်းနှစ်ချက်...
လွယ်ပါတယ်။ ပုံမှန် ချက်နေကျအတိုင်း ဝက်သားကို လုံးချက်ပါတယ်။ ဝက်သား ကီလိုဝက်လောက်ပါ။ အခေါက် နူးခါနီးတော့မှ ကြက်သွန်နီ ဥသေးသေးလေးတွေ အလုံးလိုက် ထည့်ပါတယ်။ ပြီးမှ ခပ်ပျစ်ပျစ် ဖျော်ထားတဲ့ မန်ကျည်းနှစ်လေး ထည့်ပါ။ လျို့ဝှက်ချက်က ထန်းညက်ခဲ တခဲကို လေးစိတ် စိတ်ပြီး တစိတ်လောက် ဟင်းအိုးထဲ ပစ်ထည့်လိုက်တာပါ။ အဲဒီအခါ မန်ကျည်းနှစ်ရဲ့ အချဉ်ရယ်၊ ထန်းညက်ခဲရဲ့ အချိုရယ်၊ ကြက်သွန်နီဥ အနှစ် အိအိလေးရယ်၊ နူးနေတဲ့ ဝက်သားအဆီ တုန်တုန်လေးရယ်....။ အင်မတန်မှ အရသာ အစပ်အဟပ် ညီတဲ့ ဝက်သား မန်ကျည်းနှစ်ချက်လေး စားဖို့ အဆင်သင့်ရပြီပေါ့။


ဘရိုကိုလီနဲ့ အဘယ်လုံနီ...
အဘယ်လုံနီ...ဆိုတာ ပင်လယ်စာ တမျိုးပါ။ ဝယ်မစားပါဘူး။ တရုတ်နှစ်ကူးတုန်းက ရုံးက မဲဖောက်ပေးတဲ့ အထဲ ပါလာလို့ အမေလည်း ရှိနေတုန်း စားဖူးအောင် ချက်ဖြစ်လိုက်တာပါ။ ဘရိုကိုလီ-ပန်းဂေါ်ဖီစိမ်းကို ဆီနဲနဲနဲ့ ရေလေး ဖြန်းဖြန်းပြီး အရင်ကြော်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ခပ်ဆတ်ဆတ်လေး ရှိတဲ့အခါ လှီးထားတဲ့ အဘယ်လုံနီကို ထည့်၊ သူက ကျက်ပြီးသားမို့ သိတ်ချက်နေဖို့ မလိုပါဘူး။ ခရုဆီ...အနည်းငယ်ဖြစ်ဖြစ် ထည့်ပါ။ ကျမကတော့ အိမ်မှာ အသင့်ရှိနေတဲ့ အဘယ်လုံနီဆော့စ်ကိုပဲ သုံးလိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးနဲနဲ ဖြူး၊ အချိုအငံ မြည်းပြီး အဆင်ပြေတယ်ဆို စားလို့ ရပါပြီ။ ကျမကတော့ ဟင်းရည်သောက် မပါတာမို့ အရည် ခပ်ပက်ပက်လေးနဲ့ ဆမ်းစား၊ သောက်စားလို့ရအောင် ချက်ထားပါတယ်။ အဘယ်လုံနီအစား ပုဇွန်နဲ့ ကြော်စားရင်လည်း ကောင်းပါတယ်ရှင်။



ငါးကြော်....
ငါးပုလွေလိုလို ငါးမျိုးပါ။ ငါးကြော်ရတာ ပညာ အပါဆုံး၊ အခက်ဆုံးပါပဲ။ ဆီ မပေါက်အောင်လေ...။ ဘာရမလဲ...ဆီ ဆူတာနဲ့ ငါးတွေကို ဒယ်အိုး နှုတ်ခမ်းအတိုင်း အသာလေး လျှောကနဲ လှိမ့်ထည့်ပြီး အပေါ်ကနေ ဇလုံနဲ့ အုပ်ထည့်လိုက်တယ်။ ဒီလိုကျတော့လည်း ဆီပေါက်သံလေးက နားထောင် အကောင်းသားရယ်။ အရေးကြီးတာက ငါးကြော်တဲ့အခါ မီး မပြင်းစေရသလို မီးလည်း သိတ်မအေးစေရပါဘူး။ ငါးကြော်နံ့လေး မွှေးလာရင် ကျက်ပါပြီ။ အသက်ကလေး အသာ အောင့်ထားပြီး အသာလေး တခြမ်းလှန် ပြီးမှ ခုနကအတိုင်း ဆက်ကြော်ပါ။ ထမင်းဖြူ ပူပူလေးပေါ် ငါးကြော်ဆီလေး ဆမ်းပြီး ဆားလေးနဲနဲ ဖြူးစားရတာ ကျမ သိတ်ကြိုက်ပါတယ်။


အားလုံးပဲ စားကောင်း သောက်ကောင်းကြပါစေရှင်....


Saturday, February 26, 2011

စစ်ကိုင်း မျက်မမြင်ကျောင်းသို့ တခေါက်

စစ်ကိုင်းသွားခဲ့တဲ့နေ့ကို အစဉ်လိုက် ပြန်စဉ်ရရင် မနက်ပိုင်းမှာ ပထမဆုံး ဦးပိန်တံတား၊ ဒုတိယ စစ်ကိုင်း မျက်မမြင်ကျောင်း ပြီးတော့ ရှေ့ခရီး မဆက်ခင် ဗိုက်ထဲက ပိုးမျိုးရှစ်ဆယ်ကို ဝစေ လှစေဖို့  သူဇာမှာ နေ့လည်စာ ထမင်းစားကြပါတယ်။ နေ့လည်ပိုင်း အစီအစဉ်အနေနဲ့က ကျမ ပထမဦးဆုံး ရေးခဲ့တဲ့ ကောင်းမှူတော် ဘုရားကြီး၊ နောက်ဆုံးပိတ်အနေနဲ့ စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။

ကလေးတွေကို နေ့လည်စာ ကျွေးလှူဖို့ ကြိုတင်စီစဉ်ထားရာ ရွှေဘို-မုံရွာ-မန္တလေး လမ်းပေါ်မှာရှိတဲ့ စစ်ကိုင်း မျက်မမြင်ကျောင်းကို ကျမတို့ရောက်သွားတော့ မနက် ၁၁နာရီလောက် ရှိနေပါပြီ။


ကျမတို့ကို ကျောင်းအုပ်ဆရာမကြီးက (ဆရာမကြီးသာ ဆိုရတယ် ခပ်ငယ်ငယ်ရယ်ပါ) ကျောင်းဝင်းထဲကို လိုက်ပြပါတယ်။ တခြားသော သာမန်ကျောင်းတွေလိုပဲ အတန်းအလိုက် ကလေးတွေကို ခွဲခြားထားပြီး သင်ကြားမှု အထောက်အကူပြု ပစ္စည်းတွေသာ ကွဲပြားသွားတာပါ။


အခန်းငယ်လေးတွေရဲ့ အဝင်ဝမှာ ပထမတန်း၊ ဒုတိယတန်း၊ အနှိပ်အကြောပြင်ခန်းနဲ့ ကွန်ပြူတာခန်း စသဖြင့် ရေးထိုးထားပြီး တခန်းမှာ ကလေးတွေ ၃-၄-၅ ယောက်လောက်စီ တွေ့ခဲ့ရပါတယ်။


စာသင်ခန်း အပြင်ဘက် ကစားကွင်းထဲမှာ စာအော်ကျက်နေကြတဲ့ ကလေးတွေလည်း ရှိကြပါသေးတယ်။


၃ဧကကျော်တဲ့ ခြံဝင်းကြီးထဲမှာ ကစားကွင်းကို ရံပြီး အဆောက်အဦလေးတွေ ဆောက်လုပ်ထားပါတယ်။


                                               သူတို့ရဲ့ ဆောင်ပုဒ်


                                            ထမင်းစားဆောင်



ဆရာမကြီး ပြောပြချက်အရ စုစုပေါင်း ကလေး ၆၆ ယောက်ရှိပြီး ကျောင်းကနေ ၁၀တန်း အောင်သွားသူတွေ၊ ဘွဲ့ရသွားသူတွေတောင် ရှိတယ်လို့ သိရပါတယ်။

အတန်းပညာ သင်ကြားပေးတဲ့အပြင် မျက်စေ့စမ်းသပ်မှု ပြုလုပ်ပေးပြီး မျက်စေ့အလင်း ပြန်ရနိုင်ခြေရှိသူတွေကို ဆေးလည်း ကုသပေးပါတယ်။ အဲဒီလို ကုသပေးလိုက်လို့ အောင်မြင်သွားသူတွေ ရှိသလို တချို့လည်း မှုန်ဝါးဝါးလေး ပြန်မြင်ရတာတို့၊ မျက်စေ့တဘက် ပြန်မြင်သွားသူတို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ပြီးတဲ့နောက် သူတို့လေးတွေ ရထားတဲ့ ထူးချွန်ဆုတွေ၊ ဂုဏ်ပြုလက်မှတ်တွေကို တွေ့ရတဲ့အခါမှာတော့ သူတို့လေးတွေရဲ့ စိတ်ဓါတ်ခွန်အားကို ကျမ တိုးလို့ အသိအမှတ် ပြုမိရပြန်ပါတယ်။ မမြင်ရင်သာ နေရမယ် အသိကိုတော့ဖြင့် မြင်သူတွေနဲ့ တန်းတူ ရရှိခံစားဖို့ ဇွဲခတ် ကြိုးစား နေကြသူကလေးတွေပါ။


သူတို့လေးတွေရဲ့ စာရေးသားနည်းက စာရွက်ပေါ် အပေါက်ကလေးတွေပါတဲ့ ဘောင်ကို အပေါ်က ထပ်တင်၊ ပြီးမှ အချွန်ကလေးတွေနဲ့ အရာထင်အောင် ဖိပြီး ရေးထိုးရင်း အောက်က စာရွက်အပေါ် ဖောင်းကြွရာကလေးတွေ ထင်စေပါတယ်။ အဲဒီ ဖောင်းကြွရာကလေးတွေကို လက်ညှိုးလေးနဲ့ ထိတွေ့ပြီး ဖတ်တာပါ။

စာလုံးတလုံးရေးဖို့ ဘောင်လေးထဲမှာ အကွက် ၆ကွက်နဲ့ ၁၂ကွက် ပါပါတယ်။ ပုံကိုကြည့်ပါ။ "၏" ကိုရေးချင်ရင် အစက်ကလေးတွေ ပြထားတဲ့ အတိုင်း ၁-၃-၅ အကွက်လေးထဲမှာ ဖောင်းကြွအရာပေါ်စေရပါတယ်။ အဲဒါတွေကိုတော့ သူတို့ အလွတ် နှုတ်တိုက် ကျက်မှတ်ကြရပါတယ်။ ဥပမာ- ၏-၁ ၃ ၅၊ ၍-၁ ၂ ၃ ၄ ၆၊ ၌-၂ ၃ ၆ အဲဒီလို အသေကျက်ရတာပါ။

                                    
                                         ပုံပေါ်ကို ကလစ်နှိပ်ကြည့်ပါ


သူတို့အတွက် ပညာသင်ကြားရေး အထောက်အကူပြု ပစ္စည်းလေးတွေ အများကြီး လိုအပ်နေပါတယ်။ သူတို့လေးတွေရဲ့ နေ့စဉ် စားရေးသောက်ရေးအတွက်လည်း အလှူရှင်တွေ လိုအပ်နေပါတယ်။မနက်စာ ၄၀၀ကျပ်၊ နေ့လည်စာ ၇၀၀ကျပ်နဲ့ ညစာအတွက်လည်း ၇၀၀ကျပ်မို့ တယောက်ကို တနေ့လုံးစာ ၁၈၀၀ကျပ်နှုန်းနဲ့ လှူဒါန်းနိုင်ကြပါတယ်။


Thursday, February 24, 2011

ကျမရဲ့ မော်ဒယ်ကလေးများ










ကျမ သွားခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ တွေ့ခဲ့ရတဲ့ ကလေးတွေပါ...

တချို့က ဓါတ်ပုံ အရိုက်ခံပြီး မုန့်ဖိုးတောင်းကြတယ်...
တချို့က ဒီအတိုင်း လက်ဖြန့် တောင်းကြတယ်....
တချို့က စံပါယ်၊ ကံ့ကော်ပန်းကလေးတွေ သီကုံးရောင်းလို့ ငွေရှာကြတယ်...
တချို့လည်း ဇင်ယော်စာလေး၊ ငါးစာလေး ရောင်းလို့...တချို့ကတော့ ဘုရားပန်းစည်းလေးတွေ ရောင်းပြီး ငွေရှာကြလေရဲ့....

သူတို့ စာသင်ခန်းထဲမှာ ရှိမနေသင့်ကြဘူးလား....
ရှေးကုသိုလ် ကံအကျိုးပေးနဲရှာတဲ့ သူတို့လေးတွေ ဒီလိုပဲ လမ်းပေါ်မှာ ကြီးပြင်းကြတော့မှာလား...

သူတို့ ရောင်းသမျှ ဝယ်ရင်း ကျမ တွေးမိခဲ့တာတွေပါ...

ဘာဖြစ်ဖြစ်ပါလေ...
ကလေးတွေဟာ ဘယ်အချိန်ကြည့်ကြည့် အပြစ်ကင်းနေတာတော့ အသေအချာပါပဲ...


Sunday, February 20, 2011

တောင်သမန်ရဲ့ ဦးပိန်တံတား














အမရပူရမြို့အနီး၊ မန္တလေးမြို့ရဲ့တောင်ဘက် ၁၁ကီလိုမီတာ အဝေးမှာ တောင်သမန်အင်းရဲ့ မြစ်ကမ်းပါး နှစ်ဖက်ကို ဆက်သွယ် ဆောက်လုပ်ထားတဲ့ ဦးပိန်တံတား တည်ရှိပါတယ်။ ၁၂၁၁ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၂၁၃ခုနှစ်မှာ ပြီးစီးခဲ့တဲ့ အဲသည်တံတားကို ကျွန်းသစ်တိုင်လုံးပေါင်း ၉၈၄တိုင်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး တံတားအရှည် ၁.၂ ကီလိုမီတာ ရှိပါတယ်။ ရေလယ်ဇရပ် လေးဆောင်ရဲ့ တိုင်လုံးတွေကိုပါ ထည့်သွင်း ရေတွက်မယ် ဆိုရင်တော့ ကျွန်းသစ်တိုင်ပေါင်း ၁၀၈၆တိုင် ရှိပါတယ်။ ခုတော့ ရာသီဥတုဒဏ်ကြောင့် တချို့ ကျွန်းတိုင်တွေနေရာမှာ အုတ်တိုင်တွေနဲ့ အစားထိုးထားတာကို တွေ့မြင်ခဲ့ရပါတယ်။

တဖြည်းဖြည်းနဲ့ မြင့်လာတဲ့ နေလုံးကြောင့် အမြင် ကွဲပြားလာခဲ့ပေမဲ့ ဓါတ်ပုံရိုက်ဖို့တော့ မြူဝေ့မှုန်မှိုင်းနေဆဲ ရှုခင်းတွေဟာ မသဲမကွဲလှသေးပါဘူး။ ဒါတောင် ကျမတို့ရောက်တော့ မနက် ၈နာရီခွဲ ရှိနေပါပြီ။

ရေကျချိန်မို့ တံတားအောက်မှာလည်း အမှိုက်တွေချည်းပါပဲ။ တံတားပတ်ဝန်းကျင် မယ်ဇယ်ပင်တန်းတလျှောက်မှာတော့ စားသောက်ဆိုင်လေးတွေ၊ ပန်းချီကားဆိုင်လေးတွေ၊ ချိုချိုချဉ်ချဉ်ရောင်းတဲ့ဆိုင်လေးတွေ နဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်ကလေးတွေက ဟိုနားတချို့ ဒီနားတချို့ရယ်။

သည်တံတားကြီးကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းနေကြရတဲ့ မိသားစုတွေကို တွေ့ရတဲ့အခါမှာတော့ တံတားဆောက်လုပ်ခဲ့တဲ့ ဦးပိန်ကို ကျေးဇူးတင်မိတယ်။ စကေးမှန်ချိန်တွေမပါဘဲ မျက်စေ့အမြင်၊ ခြေအလှမ်းတွေနဲ့ မြန်မာ့နည်း မြန်မာ့ဟန်သုံးပြီး တည်ဆောက်ခဲ့တဲ့ ရှေးဟောင်း လက်ရာတခုလည်း ဖြစ်၊ မန္တလေးရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တိုင်း မဖြစ်မနေ သွားရောက်ကြည့်ရှုကြရတဲ့ တံတားလည်းပဲ ဖြစ်တာမို့ တံတားဆောက်လုပ်ခဲ့တဲ့ ဦးပိန်ကို ထပ်ပြီး ကျေးဇူးတင်ရပြန်တယ်။

အဲသည်လို ကျေးဇူးတင်စရာ လူတယောက်အကြောင်း ရှာဖွေဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ ဦးပိန်ဆိုတာ ဘယ်လိုလူ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ သည်တံတားကို ဆောက်ခဲ့တယ် ဆိုတာတွေ သိလာရတယ်။ ကျမ မအံ့ဩမိပါဘူး။ ဒါတွေက ဖြစ်တတ်တဲ့ ဖြစ်နေကျတွေမို့ပါ။

ကုန်းဘောင်ခေတ်၊ ပုဂံမင်းလက်ထက်တွင် ဦးပိန်တံတားကို တည်ဆောက်ခဲ့သည်။ ပုဂံမင်းမှာ ကြက်၊ငှက် အစရှိသည်သာမက အခြားသော တိရိစ္ဆာန်များကိုပါ ဖမ်းဆီး၍ တိုက်ပွဲကစားသည်ကို အထူးဝါသနာပါပြီး နေ့စဉ်နှင့်အမျှ ကစားပွဲကျင်းပလေ့ရှိသည်။ တိုင်းရေးပြည်ရာများကို ညီတော်နှစ်ပါးဖြစ်သည့် မင်းတုန်းနှင့် ကနောင်မင်းသားနှစ်ပါးဦးဆောင်သည့် လွှတ်တော်ကသာ ကိုင်တွယ်ဖြေရှင်းနေခဲ့ရသည်။ ပုဂံမင်း၏ တိရိစ္ဆာန်ရေးရာ ကျွမ်းကျင်သူမှာ ဘိုင်ဆပ်ဟုခေါ်သည့် ကုလား(မွတ်ဆလင်) တစ်ဦးဖြစ်သည်။ ထိုသူကို ပုဂံမင်းက ကြိုက်နှစ်သက်လှသဖြင့် အမရပူရတွင်မြို့ဝန်အဖြစ်ပင် ချီးမြှောက်ခဲ့သည်။ ထိုဘိုင်ဆပ်နှင့် အတူချီးမြှောက်ခြင်းခံရသူမှာ ၄င်း၏တပည့် မြို့စာရေး မောင်ပိန်ဆိုသူဖြစ်သည်။ ထိုသူတို့နှစ်ဦး သောင်းကျန်းလှသဖြင့် အမရပူရတစ်မြို့လုံးသည် ခြောက်ခြားရသည်။ ထိုသူနှစ်ဦးစကားမှာ မင်းနားပေါက်သဖြင့် ကြောက်ကြရသည်။ လှန်ဝံ့သူမရှိခဲ့ပေ။ သို့သော် နောက်ဆုံးတွင် ၄င်းတို့၏ အပြစ်များကို ပုဂံမင်းသိသဖြင့် ဖမ်းဆီးကာ အပေါင်းအပါများနှင့် တကွကွပ်မျက်ခဲ့သည်။

မြို့စာရေး မောင်ပိန်သည် မွတ်ဆလင်ဘာသာဝင် ဖြစ်သော်လည်း မြန်မာဘုန်းတော်ကြီးကျောင်း ထွက်ဖြစ်သည်။ ခရစ်နှစ် ၁၈၄၉-ခုနှစ်တွင် အမရပူရမြို့စာရေး မောင်ပိန်သည် အသက်ရှိစဉ်၊ အာဏာရှိစဉ်အတွင်းက အမရပူရမြို့တော်မှ တောင်တမန်အင်းကို ဖြတ်၍ အခြားဖက်ကမ်းသို့ သစ်သားတံတားကြီးတစ်ခုကို တည်ဆောက်လေသည်။ တံတားဆောက်လုပ်ရန် သစ်များကို ပုဂံမင်း၏ အမိန့်အရ အင်းဝ နှင့် စစ်ကိုင်းမြို့ဟောင်းများမှ ဘုန်းတော်ကြီးကျောင်းဟောင်းများ ဖျက်ခြင်းဖြင့် ရရှိသည် ဟုဆိုသည်။ တည်ဆောက်ရသည် အကြောင်းမှာလည်း အကောင်းမဟုတ်။ တစ်ဖက်ကမ်းရှိ မွတ်ဆလင်များကို ဘိုင်ဆပ်က အမရပူရသို့ အကြောင်းရှိလျှင် အမြန်ကူးနိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဆောက်သည်ဟု ဆိုပါသည်။  http://www.wikimyanmar

အဲသည်အတိုင်းသာဆို တံတားကြီး ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်က ကောင်းတယ်လို့ မဆိုသာပေဘူးပေါ့။ ထားပါတော့လေ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဆောက်ခဲ့ ဆောက်ခဲ့၊ ဒီနေ့ အမြင်မှာတော့ အများ အကျိုးပြုနေတာ၊ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်တဲ့အတွက် နိုင်ငံခြားဝင်ငွေတွေ ရှာပေးနေတာ ဒါတွေအတွက်တော့ဖြင့် ကျမတို့က ဦးပိန်ကို ကျေးဇူးတင်ရမယ် မဟုတ်ပါလား...



Thursday, February 17, 2011

စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး

ခုတလော ဘလော့ဂ်ပေါ်မှာရော ဖေ့စ်ဘုတ်ပေါ်မှာပါ ပျောက်ခြင်း လှတပတလေးနဲ့ ပျောက်နေတဲ့ ကျမကို သတိရလွမ်းဆွတ်သူတွေ ရှိနေကြမှာပါ။ ဇွတ် ပါပဲ။ ရှိပေးလိုက်ကြပါ :)

ကျမ ခရီးသွားနေခဲ့တာပါ။ ဘလောဂ့်နဲ့ ဝေးနေခဲ့တာမို့ ပြန်ရောက်တာနဲ့ စာရေးချင်ပေမဲ့ လူက ဖျားလာတာကြောင့် ဘယ်လိုမှ ရေးဖို့ အားမရှိဘဲ ဖြစ်ခဲ့ပါတယ်။ ဖျားရတဲ့ အကြောင်းရင်းက ဒီလိုပါ။ မနက်နဲ့ ညတွေမှာ အေးစိမ့်နေအောင် ချမ်းသလောက် ခြစ်ခြစ်တောက်အောင် ပူပြင်းတဲ့ မန္တလေး နေ့လည်ခင်းတွေမှာ ခြေဗလာနဲ့ ဘုရားတွေလှည့်ဖူးရင်း ခေါင်းပေါ်က အပူ၊ ခြေဖဝါးအောက်က အပူတွေကို တမေ့တလျော့နဲ့ ဓါတ်ပုံ အရိုက် ကောင်းရာက စပါတယ်။

အပူမိပြီး နှာရည်တွေ တောက်တောက်ကျတော့မှ "ဟာ ငါတော့ သွားပြီ" ရယ်လို့ သတိဝင်လာတော့ နောက်ကျသွားခဲ့ပါပြီ။ နောက်တနေ့ မန္တလေးကနေ အင်းလေး၊ ပင်းတယ၊ တောင်ကြီးနဲ့ ပုဂံ ခရီးရှည် ထွက်တဲ့အချိန်မှာ နှာရည်တရွှဲရွှဲနဲ့ လူက ပူလိုက်၊ အေးလိုက်ကြားထဲ ဆေးမပြတ်သောက်ပြီး ဓါတ်ပုံတွေ ရိုက်မြဲ၊ သွားမြဲ၊ စားမြဲ။ စိတ်...စိတ်ပေါ့လေ အဲဒီစိတ်နဲ့ ကျမ သွားနေခဲ့တာ။

ရန်ကုန်ပြန်ရောက်လို့ စိတ်လျှော့ချလိုက်တာနဲ့ "ဆေးခန်းပို့ပေးပါ" လို့ အိမ်ကလူကြီးကို ပြောရတော့တာ။ ဆရာဝန်ဆီရောက်မှ ပြီးခဲ့တဲ့ခရီးစဉ်တလျှောက်လုံး အဖျားရှိနေတာကို သိတော့တယ်။ မျက်လုံးတွေပူ၊ နှာသီးဖျားက လေတွေလည်း ပူလိုက်တာလို့တော့ ထင်သား။

"ကျမ ဖျားလို့ မဖြစ်ဘူး လေယာဉ်လက်မှတ် ဖြတ်ပြီးသား မနက်ဖြန် ပြန်ရမယ် သဘက်ခါ အလုပ်ပြန်ဝင်ရမှာ" လို့ ကျမက ဆိုတော့ ဆရာဝန်က ပြုံးတယ်။ တင်ပါးကို ဆေးတလုံးထိုးပေးပြီး တအိတ်မှာ ဆေး ၇လုံးပါတဲ့ ဆေးအိတ်လေးတွေ ၆နာရီခြား တခါသောက်ဖို့ ပေးတယ်။ ဒီလိုနဲ့ ဆေး ၃ခွက် ဝင်အပြီး နောက်တနေ့မနက်မှာ လေယာဉ်ပေါ်တက်နိုင်တဲ့ အခြေအနေနဲ့ စလုံး ပြန်ရောက်ခဲ့တော့တာ။

ဒီရောက်ပြန်တော့ ဝဲစွဲနေတဲ့ ဘလော့ဂ်တွေအကြောင်းကို သူငယ်ချင်း သက်ဝေ၊ အကို အောင်သာငယ်နဲ့ ကိုအောင်(ပျူနိုင်ငံ)တို့  ပြောပြမှ သိခဲ့ရပြီး လူလည်းဆေးကု၊ ဘလော့ဂ်လည်းဆေးကု လုပ်ရပါတော့တယ်။ ပျိုးနေလိုက်တာ...အပျိုးနဲ့တင် ပိုစ့်တပုဒ် ဖြစ်တော့မယ်။ ရေးလိုရင်းကို စပါမယ်။

အားလုံးသိကြတဲ့ စစ်ကိုင်းက ကောင်းမှုတော်၊ အဲသည်ကောင်းမှုတော်ဘုရားကြီးကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်က သာလွန်မင်းတရားကြီး ၁၂ နှစ်ကြာ အချိန်ယူ တည်ထားကိုးကွယ်ခဲ့ပြီး စေတီတော်အမြင့် ၁၈၈ ပေ၊ အောက်ခြေလုံးပတ် ပေ ၈၈၀ကျော် ရှိတယ်လို့ ဖတ်ဖူးပါတယ်။

စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးလို့ ဆိုလိုက်ရင် မျက်လုံးထဲမှာ စေတီလုံးပြည့် ထုံးသင်္ကန်း တဖွေးဖွေးနဲ့ မြင်ယောင်လာမိကြမှာပါပဲ။ ဒါကလည်း အစဉ်အဆက် ဘုရားကြီးရဲ့ ထုံးဖြူဖြူကလေးကိုပဲ ပင်ကိုယ် အသွေးအရောင်အဖြစ် မျက်လုံးထဲက မထွက်နိုင်အောင်၊ စွဲနေအောင် ဖူးလို့မဝ ဖြစ်ခဲ့ကြရတာမို့ပါ။

ခု အဲသည် ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့်  စတင် ရွှေချနေကြပါပြီ။ ကျမစိတ်ထဲတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ထုံးနဲ့ရွှေ ဘယ်သင်းက ပို တန်ကြေးရှိတယ်ဆိုတာတော့ သိပါရဲ့။ နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့ သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံညှပ်ပြီး မိတ်ကပ် အတင်းလူးပေးသလို ခံစားမှုမျိုးပါ။ ကျမနဲ့အတူ ပါလာတဲ့ အကိုတော်တယောက်က "ဒါကို အသေအချာ ဓါတ်ပုံရိုက်ထားနော် သမိုင်းတွင်မဲ့ အပြောင်းအလဲ ညည်းသိလား" လို့ ဆိုတာနဲ့ပဲ ကျမလည်း တဖျတ်ဖျတ် ရိုက်ခဲ့လိုက်ပါတော့တယ်။









မှတ်ချက် : ဤပိုစ့်ပါ အကြောင်းအရာများနှင့် ဓါတ်ပုံများကို သမိုင်းတန်ဘိုးထားသူ မည်သူမဆို ယူသုံးနိုင်ပါသည်။ သို့သော် သက်ဆိုင်ရာ ဘလော့ဂ်ပိုင်ရှင်များ၏ အာဘော်များသည် မိမိနှင့် လုံးဝ မပတ်သက်ကြောင်း အသိပေးအပ်ပါသည်။

ကျေးဇူးတင်စွာဖြင့်
ချစ်ကြည်အေး

Monday, February 14, 2011

တခါက ဗာလင်တိုင်း

14th Feb, 2008
National University Hospital

ဟော...ဟိုမှာ သူ့ကို ခွဲခန်းထဲက ပြန်ထုတ်လာကြပြီ။ ကျမ အပါအဝင် သူ့ မိတ်ဆွေ သူငယ်ချင်း အားလုံးရဲ့ အကြည့်တွေက သူနာပြု ဆရာမလေး တွန်းလာတဲ့ ခုတင်ပေါ်က အဖြူရောင် စောင်တထည် လွှမ်းခြုံထားတဲ့ သူ့ဆီ ရောက်သွားကြတယ်။ သူ ခုတင်နေရာ ပြန်ရောက်တဲ့အထိ တော်တော် ကြာကြာ မျက်လုံးတွေ ပွင့်မလာသေးဘူး။ တနာရီလောက် ကြာမယ် ထင်ပါရဲ့။ မေ့ဆေးရှိန် မပြေသေးတဲ့ သူ့မျက်နှာကို ကျမ ငေးကြည့်နေတုန်းမှာပဲ ဗလုံးဗထွေး စကားသံတွေနဲ့ အတူ သူ သတိရလာခဲ့တယ်။ 

"ချမ်းတယ် ချမ်းတယ်..."

ဟုတ်တာပေါ့ အေးစိမ့်နေတဲ့ ခွဲခန်းထဲမှာ နာရီနဲ့ချီပြီး နေခဲ့ရတာဆိုတော့ သူ သိတ်အေးနေမှာပဲ။ ကျမက စောင်ထဲကို လက်ထိုးသွင်းလိုက်ပြီး သူ့ခြေဖဝါးတွေကို နွေးလာအောင် ဆုပ်နယ်ပေးနေလိုက်တယ်။

"အား အိမ်သာ သွားချင်တယ် ဝမ်းသွားချင်နေပြီ...."

ဒါက သူ သတိရပြီးမှ ပြောတဲ့ ဒုတိယမြောက် စကားတခွန်း။ သူနာပြု ဆရာမလေးက ပြုံးရင်း ပြန်ပြောတယ်။

"မဟုတ်ဘူး အဲဒါ ခွဲစိတ်ပြီး စအိုထဲမှာ ဂွမ်းထည့်ထားရတာ၊ အဲဒါကြောင့် ဝမ်းသွားချင်သလိုလို ခံစားနေရတာ..."

ဪ... ဒါ့ကြောင့်ကိုး။ သူ မျက်စေ့တွေ ပြန်မှေးရင်း ငြိမ်သွားပြန်တယ်။ 

ခဏလေးပါပဲ။ ခဏလေးကြာတော့ သူနာပြုဆရာမလေးကို ခေါ်ပြန်တယ်။

"ဆရာမ  ဆရာမ  ခုနက ဖြတ်ထုတ်လိုက်တဲ့ အသားစ (လိပ်ခေါင်း) ရောဟင်"

ဒါကတော့ သူ့ရဲ့ တတိယမြောက် စကားတခွန်းပါ။

"ဘိုင်အိုစီလုပ်ဖို့ ဓါတ်ခွဲခန်းကို ပို့လိုက်ပြီလေ...ဘာဖြစ်လို့လဲဟင်"

ကျမတို့ အားလုံးက သူ ဘာဖြစ်လို့ မေးပါလိမ့်ဆိုတာ သိချင်နေကြတယ်။ ပြီးတော့ သူ့စကား အကြားမှာ အားလုံး ရယ်မောမိကြတယ်။

"ဪ  ဘာမှ မဟုတ်ပါဘူး ဒီနေ့က ဗာလင်တိုင်းဒေးဆိုတော့ ငါ့မိန်းမကို လက်ဆောင် အဖြစ် ပေးချင်လို့ပါ" တဲ့လေ။

ကြည့်...သူဟာ အဲသလို လူစား။

သူ့ခမျာ ဆေးရုံပေါ်မှာတောင် ခွဲစိတ်နာကျင်နေတဲ့ကြားက မမေ့မလျော့ သတိရနေခဲ့ရှာတာ။ သူ ပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာတော့ အဲဒီနှစ်ကလက်ဆောင်ဟာ ကျမအတွက် အမှတ်တရအဖြစ် ရင်ထဲအထိဆုံး ဖြစ်ခဲ့ရပါရဲ့။

ချစ်ကြသူတွေအတွက်တော့ နေ့တွေတိုင်းဟာ ချစ်သူများနေ့ ဖြစ်နေကြမှာပါပဲ။ သို့သော် ဖေဖော်ဝါရီ ၁၄ကိုတော့ တကမ္ဘာလုံးက အသိအမှတ် ပြုထားတဲ့နေ့တနေ့ အဖြစ် ပိုပြီး အမှတ်တရရှိနေကြတာပါ။

ချစ်သူအတွက် လက်ဆောင်ဆိုတာဟာ တကယ်တော့ ငွေကြေးတန်ဘိုးနဲ့ ဖြတ်လို့ မရနိုင်တဲ့ သူ့ရဲ့ ချစ်ခြင်းကို ပြတဲ့ အပြုအမူလေးတခု ဒါမှမဟုတ် စကားလေးတခွန်းပဲ မဟုတ်ပါလားရှင်....


Wednesday, February 9, 2011

ဒါဇင်ဝက်

၂၀၀၈ ခုနှစ် ရွာတခေါက် ပြန်တုန်းကပေါ့။ တည ရွှေနိုင်လွန်က ဒူးမလိုင် သောက်ပြီးအပြန် အိမ်မှာ လဘက်တပန်းကန်၊ ရေနွေးတလင်ပန်း နဲ့ မိသားစု စကားဝိုင်းလေး ဝိုင်းဖြစ်ခဲ့ကြတယ်။  ခဏကြာတော့ ကျမ အမျိုးသားနဲ့ ငယ်သူငယ်ချင်းဆိုတဲ့ အမ တယောက် ရောက်လာပြီး စကားဝိုင်းလေးက ပိုပြီး စည်ကားသွားခဲ့တယ်။ ကျမကတော့ နင်လုံး ငါလုံး တွေနဲ့ စကားတွေ ရေပက်မဝင်အောင် ပြောနေတဲ့  သူတို့ သူငယ်ချင်း နှစ်ယောက်ကို သဘောတကျ ကြည့်ရင်း တဖက်ကလည်း ယောက္ခမကြီး နဲ့ လဘက် လုစားရင်းပေါ့။ 

သူတို့ နှစ်ယောက် စကားလမ်းကြောင်းက ဟိုရောက် ဒီရောက်ပါပဲ။ အထူးသဖြင့်တော့ ငယ်တုန်းက သူငယ်ချင်းတွေ ဘယ်သူတွေကတော့ဖြင့် သေပြီ၊ ဘယ်သူကတော့ဖြင့် အရက်စွဲနေတာ၊ ဘယ်သူကဖြင့် ခုထိ အပျိုကြီး ဖြစ်နေတုန်း၊ ဘယ်သူကဖြင့် အိမ်ထောင်ကျပြီး ကလေး တပုံကြီးနဲ့၊ ဟိုကောင်က ဖြင့် စီးပွားရေးမှာ ဘယ်လို အောင်မြင်နေတာတို့၊ ဟိုတယောက်ကဖြင့် ဌာန တခုမှာ ဘာကောင်ကြီးဖြစ်နေရဲ့ ဆိုတာမျိုး...အို သူတို့ သိသမျှ မှတ်မိသ မျှ သူငယ်ချင်းတွေ အကြောင်း စုံလို့ပါပဲ။

အဲဒီလို သူငယ်ချင်းတွေ အကြောင်းကနေ ဘယ်ကလို ဘယ်လို ကလေးအကြောင်း ရောက်သွားတယ် မသိဘူး။

" ဟဲ့ နင်တို့ ကလေး မရကြသေးဘူးလား...."

အဲဒီ အမရဲ့ အမေးကို ကျမ အမျိုးသားက ခပ်နောက်နောက် ပြန်ဖြေပါတယ်။

" ဟေ့အေး  ငါတို့ မရသေးဘူး၊ မရဆို ငါတို့မှာ  ပေးစရာ အကြွေးမှ မရှိတာ "

" ဘာဖြစ်တယ် ငါနားမလည်ဘူး နင့်ဟာက ရှင်းစမ်းပါအုံးဟ "

" ဪ နင်ကလည်းဟာ ကလေးဆိုတာ ဟိုးအရင် ဘဝက ပေးစရာ အကြွေးရှိခဲ့လို့  ဒီဘဝမှာ လာပြန်တောင်းတာဟ...ငါတို့က အဲလို ကြွေးကင်းခဲ့လို့ "

" အောင်မာ ဟဲ့ကောင် နင် စပျစ်သီး ချဉ်မနေစမ်းပါနဲ့ မဟုတ်တာတွေ "

" တကယ်ပြောတာဟ နင်မယုံဘူးလား ကလေး တယောက်ပဲ ရှိတဲ့သူဆိုရင် အဲဒါ ဟိုဘဝက ဘတ်စ်ကားခ မပေးပဲ ခိုးစီးခဲ့လို့  အဲဒါ ခုဘဝ ပြန်ပေးဆပ်ရတာ "

ကျမဖြင့် နားထောင်ရင်း ပြုံးမိရသည်။ သူဖောက်လာပြီ...အဲဒီလိုပဲ လူရင်းတွေနဲ့ဆို အစအနောက် သန်ပြီ။
" နေစမ်းပါအုံး နင် ခု ကလေး ဘယ်နှစ်ယောက် ရှိတုန်း "

အဲဒီ အမက ပြုံးတုံ့တုံ့နှင့် ပြန်ဖြေရှာသည်။

" ၃ယောက် "

" ဟား....အဲဒါပေါ့ ကလေး ၃ယောက် ရှိတဲ့သူဟာ ဟိုးဘဝတုန်းက ဘုရားအလှူခံဘုံး ဖောက်ခဲ့လို့ဗျား "

" လုပ်ပြီ နင်ဟာလေ ပေါက်ကရ ပြောပြီ ဟား ဟား ဟား "

အမက ပြောလဲပြော   ရယ်လဲရယ်ပါတယ်။ ဒါကို ကျမ အမျိုးသားက ဆက်ပြောပြန်တယ်။

" ၃ယောက် မို့လို့ပေါ့ဟာ ၆ ယောက်ဆိုရင်တော့ နင် သေချာပြီ အဲဒါ ဘုရားရွှေခွာတဲ့ အဖွဲ့ထဲကပဲ "

အဲဒီမှာ တချိန်လုံး ငြိမ်နေတဲ့ ကျမ ယောက္ခမကြီးက လဘက်ဇွန်း ခဏချလို့ ထပြောလိုက်တာ...။

" အောင်မာလေးတော် ကျူပ်တို့လဲ ၆ ယောက် မွေးခဲ့တာပါတော်.....တဲ့ "