Tuesday, August 24, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၈

ဒီနေ့တော့ ချောင်ထိုးထားတာ နဲနဲကြာသွားတဲ့ ဆီဘူးပိုစ့်လေး ဖုတ်ဖက်ခါပြီး ပြန်ဆွဲထုတ်လာပါတယ်။ ကျမတို့ နောက်ဆုံး သွားခဲ့တဲ့နေရာက ခရစ်ယာန် ဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘာသာရေး အဆောက်အဦးတခု ဖြစ်ပါတယ်။ ဘိုဟိုလ်းကျွန်းရဲ့ ရှေးအကျဆုံးဖြစ်ပြီး ဖိလစ်ပိုင်တနိုင်ငံလုံးမှာတော့ ဒုတိယ ရှေးအကျဆုံးလို့ ဆိုထားပါတယ်။ Baclayon Church ဖြစ်ပါတယ်။

ဒီဘုရားကျောင်းဟာ ဖိလစ်ပိုင် နိုင်ငံ စပိန်ကိုလိုနီ ဖြစ်ချိန် ၁၅ရာစု နှောင်းပိုင်းလောက်မှာ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ၁၇၁၇ခုနှစ်မှာ ယိုယွင်းစ ပြုလာတဲ့ Baclayon Church အဟောင်းကို ပြန်လည်ပြုပြင်ဖို့ ဒေသခံ ၂၀၀ကျော်ကို Forced Labours အဖြစ် ခိုင်းစေခဲ့တယ်။ သူတို့ဟာ ပင်လယ်ထဲက Coral Stone တွေကို ဆယ်ယူ၊ လေးထောင့်ပုံစံ ဖြတ်တောက် ပြီးတော့ သန်းပေါင်းများစွာသော ကြက်ဥအကာတွေကို Cement အဖြစ် ကျွမ်းကျင်စွာ သုံးပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုတယ်။ ပြန်လည်ပြုပြင် မွန်းမံခြင်းလုပ်ငန်း ပြီးစီးခဲ့တာ ၁၇၂၇ မှာဖြစ်လေတော့ ကျမတို့ တွေ့ခဲ့ရတဲ့ ဘုရားကျောင်းကြီးဟာ ခုဆိုရင် နှစ်ပေါင်း ၂၈၀ ကျော်ခဲ့ပါပြီ...



ဒူးခေါင်းအောက် မကျော်တဲ့ ဘောင်းဘီ၊ စကတ် ဝတ်ဆင်လာသူများအတွက် လေးထောင့်စပ်စပ် ဖြတ်ချုပ်ထားတဲ့ အဝတ်ပိုင်းလေးတွေ ခါးမှာ စည်းနှောင်စေပြီးမှ ဝင်ခွင့်ပြုပါတယ်။


အထဲရောက်တဲ့အခါ ဘုရားကျောင်းကြီးရဲ့ ခမ်းနားမှု၊ ထုထည် ခိုင်ခန့်မှုနဲ့ မှန်ရောင်စုံ ပြူတင်းပေါက်ကလေးများ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ အဲဒီမှန်ရောင်စုံက လှပတဲ့ ရောင်ပြန်လေးဟာ ခုလို Reading corner ရှေ့တည့်တည့်မှာ လှလှပပ ကျနေအောင် အစီအစဉ်တကျ တပ်ဆင်ထားခဲ့တာ....



မြင့်မားလှတဲ့ မျက်နှာကျက်ခေါင်မိုးပေါ်က ဆေးရေးလက်ရာ၊ စာလုံးတွေနဲ့ ရောင်စုံ မှန်ပြူတင်းပေါက်လေးတွေ...


ဒါကလည်း Reading Corner ပါပဲ...


နေရောင်ဟာ ရောင်စုံ မှန်ပြူတင်းပေါက်လေးကို ဖြတ်လာပြီး လိုချင်တဲ့ နေရာမှာ ခုလို လှလှပပ ရောင်စဉ်ဖြာနေအောင် စီမံ ပြုလုပ်ထားတာပါ....Reading Corner ရဲ့ အောက်ခြေပိုင်းပါ...


အဲဒီ့အတွက် နေ့ခင်းဘက်မှာ မီးလုံးဝ မလိုဘဲ သဘာဝ လင်းရောင်ခြည်နဲ့တင် လုံလုံလောက်လောက် ရှိနေပါတယ်



အဝင် အထွက် ခန်းမလေးတခုထဲမှာ ကာရိုက်တာစုံ ရုပ်တုတွေ ရှိပါတယ်...အဲဒီခန်းမရဲ့ ခေါင်မိုးပါ...တကယ့် ထုထည် ခိုင်ခန့်တဲ့ သစ်တွေမို့ နှစ်ပေါင်း ၃၀၀ နီးပါးထိ ရှိနေနိုင်တာ နေမှာ...


ခန်းမလေးထဲက ဂျီးစ်ဇက်နဲ့ ကာရိုက်တာစုံ ရုပ်တုတွေ....






ကျမ အနေနဲ့ ကိုယ်တိုင် မသိတဲ့ ဘာသာကြီး တခုအကြောင်းနဲ့ အဲဒီ့ထဲက သူတွေရဲ့ အကြောင်း သိချင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျမတို့ အဖြစ်က ဘဲနဲ့ ကြက်လို ဖြစ်နေခဲ့တာ။ အန်ကယ်ဘီလီက လိုက်တော့ ပို့ပါရဲ့ သို့သော် သူက နားလေးသူဖြစ်တာမို့ ကိုယ်က ဒါမေး သူက ဟိုဟာဖြေ ဖြစ်နေခဲ့တော့တာ။ သူ့ကို အော်ပြော ပြောဖို့ကလည်း အားနာလွန်းတာကြောင့် တော်ရုံနဲ့ မမေးဖြစ်တော့ပါဘူး။ ကိုယ်ဖာသာပဲ ပြန်ရှာဖတ်ပါမယ်လေ ဆိုပေမဲ့ ကိစ္စများမြောင်လွန်းတော့ အဲဒီ့ တော့ပစ်ကို ခုထိ ပြန်ရှာဖတ်တဲ့ အဆင့် မရောက်နိုင်သေးပါဘူး...

အဲဒီ့နေ့က ကျမတို့ သွားခဲ့တဲ့ နေရာတွေထဲမှာ မြွေအကြီးကြီး တကောင်လည်း ပါပါတယ်။ တလကို တခါ အစာကျွေးရပြီး တခါစားရင် ကီလို၆၀ အသားကျွေးရတာမို့ ဆိတ် ၂ကောင်စာ စားပါတယ်။ အဲဒါကြီးကို ဓါတ်ပုံရိုက်ခဲ့ပေမဲ့ ပြန်ကြည့်တိုင်း အသည်းယားနေတာမို့ တင်ဖို့ စဉ်းစားလိုက်ပါအုံးမယ်

ခု လောလောဆယ်တော့ သူ့ရဲ့ ပုံကလေးကိုပဲ အရင် ကြည့်ထားလိုက်ကြပါအုံးနော်....


ဒါက သူ လဲလိုက်တဲ့ အရေခွံနဲ့ ချုပ်ထားတဲ့ အထူး စပါယ်ရှယ် အတွင်းခံ...ဗစ်တိုးရီးယား စီးခရက်က မော်ဒယ်မမများ တွေ့လို့က ဈေးပြိုင်ပေးဝယ်ကြမှာ မြင်ပါသေးရဲ့...အဲ ဝတ်ရတာ နဲနဲတော့ ယားတားတားနေမှာ...




Ref.Link :http://www.philippinesinsider.com/visayas/bohol/baclayon-church-a-trace-of-religious-history-in-bohol/

27 comments:

  1. ဘုရားကျောင်းကြီးက ခမ်းနားထည်ဝါလိုက်တာ..
    သူတို့ကျောင်းကိုဝင်တော့တောင် အထွတ်အမြတ်ထားတဲ့နေရာမို့ အတိုတွေနဲ့ မ၀င်ရလို့ သတ်မှတ်ထားတယ်.. မြန်မာတွေရဲ့ ရွှေတိဂုံဘုရားကိုလည်း ခုလို သတ်မှတ်တာ မလွန်ပါဘူးနော်.... မြွေကြီးပုံလည်း မြင်ချင်သေးတယ်
    ကြောက်ပေမဲ့ ကြည့်ချင်တယ် .. အားရင်တင်နော်.. နော်..း)

    ReplyDelete
  2. အစ်မချစ် မြွေပုံတင်ပေးပါ..။ကြည့်ချင်လို့...။

    ReplyDelete
  3. မြွေပုံလေးကြည့်ချင်တယ်အမ....။ အသည်းယားတယ် ဗစ်တိုးရီးယားစီးခရက် အတွက် ဟေတီကလုန်းကိုအကြောင်းကြားပေးမယ်..

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  4. ဘုရားကျောင်းကြီးရဲ့ ရှေးလက်ရာက အရမ်းသပ်ရပ်တာပဲနော်...။
    ရောင်စုံမှန်ချပ်လေးတွေရဲ့အရိပ်တွေကလည်း အဲဒီဘုရားကျောင်းကြီးရဲ့ စွဲဆောင်မှုတခုလိုပါပဲ..။
    မြွေကြီးရဲ့ပုံကိုလည်း အရမ်းကြည့်ချင်ပါတယ်..ဖြစ်နိုင်ရင် တင်ပေးပါနော်..မကြီး..။

    ReplyDelete
  5. ဘုရားကျောင်းက စပိန်လက်ရာအဟောင်းလား အမ။

    ReplyDelete
  6. ဟားဟား အတွင်းခံဘောင်းဘောင်း ကိုတော့ အကြိုက်ဆုံးဘဲ

    သူ့လည်း ကြည့်ပရစေ ချစ်ကြည်အေးရေ

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  7. ညီမချော၊ မောင်လေး၊ ညီမ မိုးငွေ့၊ ညီမ နတ်သမီးတို့ရေ...ဆီဘူး-၉ ကျရင် မြင်ချင်ပါတယ် ဆိုတဲ့ မြွေကြီးကို ထိပ်ဆုံးက တင်ပေးပါ့မယ်နော်...:)

    ကိုအောင်ရေ... စပိန်ကိုလိုနီ ဘဝမှာ ဆောက်ခဲ့တာပေမဲ့ ဒေသခံ ကျွမ်းကျင်သူ အလုပ်သမားတွေရဲ့ နည်းပညာအသစ် စမ်းသပ်မှုနဲ့ ချွေးတွေ ဆိုပါတော့၊ အမ ရှာလို့ရသလောက် အချက်လေးတွေ ပိုစ့်မှာ ထပ်ဖြည့်ထားလိုက်ပါတယ်။ စိတ်ဝင်စားရင် ဖတ်ရအောင် မူရင်း လင့်ခ်လေး ထည့်ထားပေးပါတယ်,ကျေးဇူးပါ ကိုအောင်ရေ...:)

    မမရွှေစင် ဟုတ်ပါ့ မမဝတ်ရဲရင် နောက်တခါ ဝယ်ခဲ့မယ်လေ ဟ ဟ:P

    ReplyDelete
  8. Cebu သို့  သွားလည်ချင်စိတ်ပေါက်လာတယ် မြန်မာပတ်စ်ပို့  ဖိလစ်ပိုင်ကို ဗီဇာမလိုဖူးနော် အရင်က သွားတုန်းက ၂ပတ်ပဲ နေရင် ဗီဇာမလိုပဲသွားလို့ ရတယ် တော်ကြာကိုယ့်နိုင်ငံလို ရွေးကောက်ပွဲနီးမှ မူပြောင်းသွားမှာ ကြောက်လို့  ၊ သူတို့ ဆီက ရွေးကောက်ပွဲက ပြီးသွားတာမကြာသေးပဲ သမ္မတအသစ် တောင်တက်လာပြီပဲ ၊ ဗီဇာအတွက် ပူစရာမလိုဖူး ထင်တာပဲ ၊ မသွားခင်တော့ ဖိလိပိုင် သံရုံးက ဖုံးဆက်ကြည့်ဖို့ လိုမယ်ထင်တယ်

    ခင်တဲ့

    Z

    ReplyDelete
  9. ကိုအောင်ရေ...ပထမ ၁၅ရာစုနှောင်းပိုင်းက မူရင်း ဘုရားကျောင်း ကတော့ စပိန်လက်ရာ ဖြစ်နိုင်ချေရှိတယ်၊ စာထဲမှာတော့ သေချာ ညွှန်းမထားဘူး၊ နောက် ပြန်ပြင်တဲ့ကောင်ကတော့ Native Artisans တွေရဲ့ လက်ရာလို့ ဆိုထားတယ်...

    ကိုZရေ>>အမတို့ ပြီးခဲ့တဲ့ Julyလက သွားခဲ့တာ အဲ့ဒီ့တုန်းက အထိတော့ ဖီဇာ မလိုဘူးရယ် ၊ ခုထိလည်း ၂၁ရက် ဗီဇာ ပေးပါသေးတယ်။ လင့်ခ်အတိုင်း သွားကြည့်ပါ ကိုZရေ...:)

    http://www.philippine-embassy.org.sg/consular/visa/21-day/

    ReplyDelete
  10. ဖတ်ရတာ ဗဟုသုတရတယ်။
    မြွေကြီးကြည့်ချင်တယ်။
    ကျေးဇူးပါ အစ်မချစ်...

    ReplyDelete
  11. အမရေ ....

    ကျေးဇူးပါပဲ .....

    အင်း ... အမလို့ ခေါ်လိုက်တာ ယဉ်ကျေးရုံတင်မက ကိုယ်က ပိုငယ်သွားသလိုခံစားမိပါရဲ့ ....

    တစ်ခါတစ်လေ ပင်နာဆူလာက ဆိုင်တွေမှာ ထမင်းစားလို့  သူတို့ က ကိုယ့်ကို ဦးလို့ ခေါ်ရင် မစားပဲ လှည့်ပြန်ချင်တဲ့ စိတ်ပေါက်မိတယ်


    ခင်တဲ့

    Z

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. ဘုရားကျောင်းကြီးက အကြီးကြီးပဲကော ရောက်ဖူးချင်တာ


    မောင်မျိုး

    ReplyDelete
  14. ဘုရားကျောင်းရဲ့ လက်ရာတွေက တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်..
    ရှေးလက်ရာဆိုတော့ ပိုပြီးတန်ဖိုးထားစရာကောင်းတယ်နော် အမ..
    ကျွန်တော်တို့ဆီမှာလည်း ရှေးလက်ရာတွေ ခုလို စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်စေချင်မိတယ်.

    ReplyDelete
  15. စီဘူး နံပါတ် ၈ လာဖတ်တယ်...
    နောက်တပိုစ့်မှာ မြွေပုံ တင်နဲ့နော်...
    ကြောက်တယ်လေ...

    ReplyDelete
  16. hi sis,

    Nice post.

    Church ထဲက ဆင်းတုတွေအကြောင်းတော့ အကြမ်းဖျင်းပြောပြနိုင်ပါတယ်။
    ပထမဆုံးပုံက ဒုက္ခစရိယာ ကျင့်ခံတော်မူခြင်းလို့ခေါ်ကြပါတယ်။ ခေါင်းမှာ ဆူးရစ်သရဖူရှိပြီး မူကွဲပုံတွေမှာ မျက်ရည်စတွေတောင်ပါတတ်ပါတယ်။

    ဒုတိယ နှစ်ပုံတွဲကတော့ St.Teresa ပုံနဲ့ သိကြားမင်း မီကာအဲလ်ပုံဖြစ်ပါတယ်။ မီကာအဲလ် ကို အင်္ဂလိပ်လို မိုက်ကယ်လို့ အသံထွက်ပါတယ်။ သူနင်းထားတာကတော့ နတ်ဆိုးဖြစ်ပါတယ်။ အသားအနည်းငယ်မဲထားတတ်ပါတယ်။ စိန့်ထရေးဇားကတော့ လက်ဝါးကပ်တိုင်လေးကိုင်ထားတတ်ပါတယ်။

    အောက်ကသုံးပုံတန်းထားတာကတော့ မယ်တော် Mary တွေချည်းပါပဲ။ ဘယ်ဘက်ထောင့်ဆုံးက ဆင်းတုက လုဒ်မြို့မှာ ထင်ရှားပြတယ်လို့ အယူရှိတဲ့ လုဒ်စ်မယ်တော်ဆင်းတုဖြစ်ပါတယ်။

    Saint Vincent Ferrer ကတော့ ခရစ်ယာန် theology ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အလယ်က သင်တိုင်းနဲ့က စိန့်ဖရန်စစ် အစီစီဖြစ်ပြီး၊ ရသေ့ဂိုဏ်းရဲ့ အကြီးအကဲဖြစ်ပါတယ်။ ဘယ်ဘက်ထောင့်ကတော့ သူတော်စင် St. Pio ဖြစ်ပါတယ်။ သူ့ကိုတော့ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါကနေ သူတော်စင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ Stigmata ရှိတဲ့သူဖြစ်ပါတယ်။

    အောက်ဆုံက Sorrowful Mary ဆင်းတုဖြစ်ပါတယ်။ ခရစ်ယာန်မိဘတွေ သားသမီးတွေမလိမ္မာတိုင်းအပူကပ်ရတဲ့ ရုပ်ပွားတော်ဖြစ်ပါတယ်။ Jesus အသက်တော်စွန့်ပြီး မယ်တော်ရင်ခွင်မှာ ပြန်ချထားတဲ့ပုံထုလုပ်ထားပါတယ်။ Jesus နံဘေးမှာ သွေးစို့နေတဲ့ဒဏ်ရာရှိပြီး ..မယ်တော်မျက်လုံးမှာ မျက်ရည်ကျနေတဲ့ပုံထုလုပ်လေ့ရှိပါတယ်။

    Cebu မှာ အချောအလှလေးတွေပေါတယ်ကြားပါတယ်။ Annual Leaves တွေရှင်းတဲ့အခါကြရင် သွားဖြစ်မယ်ထင်ပါတယ်။

    ReplyDelete
  17. မမချစ် မြွေအရေခွံနဲ့ အတွင်းခံတွေက ကြောက်ချာကြီးနော်။ အသည်းယားတယ်။... မြွေကြီးလဲ မကြည့်ရဲဘူး... မမချစ် ပူးတေအမြဲရောက်ဖြစ်တယ်...စာရိုက်ရင် နောက်ကြောတွေ မနေနိုင်အောင် ကိုက်တက်လာတော့ နှုတမဆက်သွားဖြစ်တာ... ခေါက်ဆွဲထုတ်ပုံလဲ တင်ပေးမယ်ပြောပြီး အာလူးဖုတ်သလို ဖြစ်နေပြီနော် မမချစ်.. တေင်းပန်ပါတယ်... ဆောရီးနော်မမ...

    ချစ်တဲ့ ညီမလေး ပူးတေ

    ReplyDelete
  18. စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် ဖိလစ်ပိုင် ခရီသွားရမှာ ခပ်လန့်လန့်။

    ReplyDelete
  19. ခုဏက ရင်ဖွင့်ခဲ့ပြီးပြီ ဟင့် ကွန်ကလုံးဝမကောင်းဖူးဗျာ
    ရောက်ဖူးချင်တယ် ဖိလစ်ပိုင်ကို
    မြွေကြီးကိုလဲမြင်ချင်တယ် အစ်မရေ နောက်အပိုင်း ၉မျှော်နေမယ်
    ဒါထက် ကျွန်တော်မြွေဖမ်းတော်တယ်နော်း)

    မောင်ဘကြိုင်

    ReplyDelete
  20. ဆရာကတော်---ကျန်းခန့်သာလို့မာပါစဗျာ-အားကျတယ်ဗျို့ -ဓါတ်ပုံတွေအများကြီးရိုက်ယူနိုင်ခဲ့တာကိုပေါ့-

    ReplyDelete
  21. အစ်မချစ် ဘုရားကျောင်းကို လည်လည်လာသွားပါတယ် :)
    မြွေပုံတင်ပေးနော် ကြောက်တဲ့သူတွေများနေလို့ တောင်းဆိုသွားပါတယ် တကယ်တင်ရင်လာကြည့်တော့ဘူး ဒီက :)

    ခင်တဲ့(ချိုကျ)

    ReplyDelete
  22. မရေ...ခု မန့်လို့ရပြီ။ မြွေကြီးကို စိတ်ဝင်စားတယ်။ အဲ..သူ့အရေခွံနဲ့ချုပ်ထားတဲ့ဟာတွေတော့ အသည်းယားတယ်။ အနောက်နိုင်ငံမှာဆို animal lover တွေကြောင့် ဒီလိုလုပ်လို့ရမှာ မဟုတ်ဘူးနော်။
    L'oreal အလှကုန်တွေတောင် animal တွေနဲ့ test လုပ်ထားလို့ မသုံးဖို့ အပြင်းအထန် ကန့်ကွက်ကြတာ ဇွန်တွေ့ဖူးတယ်။

    ReplyDelete
  23. TOI>>မြွေပုံတင်ပေးပါ့မယ်တော်...

    ကိုZရေ>>ရပါတယ် အမလို့သာ ပစ်ခေါ်လိုက်ပါ၊ တချို့ဆို အန်တီချစ်လို့ တောင်ခေါ်ကြတာ ဟားဟား...:)

    မောင်မျိုး>>ခရီးသွားစမ်းပါ ကိုလူပျိုကလည်း မိန်းမတောင်းဖို့ပဲ
    ပိုက်ပိုက် စုမနေနဲ့ :)

    ဟုတ်ပါ့ မောင်မြစ်ရယ် အမတို့ဆီက ပုဂံမြို့ဟောင်းနဲ့ ဘုရားပုထိုးတွေဆို ဘယ်လောက် နှမျောဖို့ကောင်းလဲ...

    သက်ဝေဟာလေ...တီကောင်ကို အန်လာ့ဂ်ျလုပ်ပြီးတင်လည်း နင် ကြောက်မှာပဲ ငါသိတယ်၊ တင်ဖို့တောင်းတဲ့သူတွေဘက်က မဲပိုများ နေတဲ့ဟာ... တင်ကို တင်ဦးမယ်...:P

    ပူးတေ ရပါတယ် ညီမရယ်...နေကောင်းမှလာဖတ်၊ လာဖတ်ရင်တောင် စာမရေးနိုင်ရင် မမန့်ခဲ့ပါနဲ့ နော် ညီမလေး...

    ကိုAATO>>မလန့်ပါနဲ့လေ ဘယ်မှာနေနေ ဖြစ်ချင်ဖြစ်မှာဗျ... ခရီးကတော့ သွားနိုင်တုန်း သွားသာသွားပါလေ...:)

    မောင်ဘကြိုင်>>ဆီဘူး-၉ကျ မြွေလာဖမ်းလှည့်...

    ဓါတ်ပုံ-ဂျစ်တူးကြီးရယ် မနောက်ပါနဲ့တော်...

    ချိုကျရယ် အေးပါ ဆီဘူး-၉ လာဖတ်လို့ မပြောတော့ဘူး မပြောတော့ဘူး

    :))

    ReplyDelete
  24. Zephyr>>အရမ်း ကျေးဇူးတင်တယ်၊ အမ ဒီပိုစ့် တင်ကတည်းက လာဖတ်သူထဲက သိတဲ့သူ တယောက်ယောက် ပြောပြပေးသွားရင် ကောင်းမှာလို့ မျှော်လင့်မိတာ။ လာဖတ်တဲ့သူတွေလည်း ပိုပြီး ပြည့်စုံတဲ့ ပိုစ့်တခုကို ဖတ်သွားရတာပေါ့။

    ဆီဘူးသူတွေက စပိန်သွေးစပ်ရင် ပိုချောကြတယ်။ ဖြူဖွေး သေးသွယ်ကလေးတွေ...။ သွားဖြစ်အောင် သွားပါလေ... ခရီးသွားရတာကို ဘယ်တော့မှ ရှုံးတယ်လို့ အမတော့ မထင်ဘူး :)

    ReplyDelete
  25. ဇွန်ရေ အမကော်မန့်ပြန်တာနဲ့ အချိန်တူတူ ဖြစ်နေတယ်...:) ဒီမြွေအရေခွံက စွန့်ပစ်ပစ္စည်းလို ဖြစ်နေတော့ Animal Abused မဟုတ်လောက်ဘူး ထင်ပါရဲ့ ညီမရယ်...။ မြွေပုံတင်ပေးမယ် ညီမ...:)

    ReplyDelete
  26. လာဖတ်သွားပါတယ်။
    အပိုင်း၈တောင်ရောက်နေပြီနော်။ ဓာတ်ပုံတွေ တော်တော်ရိုက်ခဲ့တယ်နဲ့တူတယ်။
    အောက်ဆုံးက မြွေအရေခွံတွေကို ပျားအုံတွေ မှတ်နေတာတော့။

    ReplyDelete
  27. အိ....အတွင်းခံတွေကိုကြည့်ပြီး အူယားလိုက်တာ....

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...