Saturday, June 19, 2010

အလကား ပဲတင်း

လက်ရှိနေနေတဲ့ စလုံးမှာ ဟိုတယ်မှာ တက်နေဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးတာ။ ဟော ကြည့် ခုတော့ သူ့ဘုန်း သူ့ကံနဲ့ အလိုလို အားမထုတ်ရပဲ ဖြစ်လာပြီ။ ကျမတို့ရုံးက သင်္ဘောတွေ လိုအပ်သမျှ Provision ကနေ Hardware အထိ supply လုပ်ပေးတယ်။

သင်္ဘောကုမ္ပဏီတခု အတွက် ဟိုတယ် ရီဇာ့ဗ် လုပ်ပေးထားတာ ငွေအကြေချေပြီးမှ သကောင့်သားတွေက နှစ်ပတ်တိတိ စောပြီး ချက်အောက် လုပ်သွားပါရော။ အခန်းပေါင်း ၁၉ခန်း ကြီးများတောင်...။ ဒါနဲ့ပဲ ရုံးကလူတွေကို ခွဲတမ်းနဲ့ ဟိုတယ်တက် နေခိုင်းတော့တာပေါ့။ ဟိုတယ်က Raffles Marina Club , ကလပ်မန်ဘာတွေပဲ အတည်းများတယ်။ မလေးရှားသွားတဲ့ 2nd link နားမှာ။ ညဆို မီးတွေနဲ့ တော်တော်လှတယ်။

ပထမတော့ အင်တင်တင်ရယ် Tuas ဆိုတော့ မြို့နဲ့ဝေးတယ် ဘာညာပေါ့။ ဒါပေမဲ့လည်း ကိုယ့်စားရိတ်နဲ့ကိုယ်ဆို တည စလုံး၂၀၀ကျော် ၃၀၀ ပေးနေရမှာ ခုဟာက အလကား ဆိုတော့ မျက်လုံးထဲ ဘတ်သီးတွေ ဘတ်သီးတွေ လက်ကနဲ လက်ကနဲ ဖြစ်သွားတယ်။ သိကြတဲ့အတိုင်းပဲ အလကား ဆိုတာကလည်း အတော် ဆွဲဆောင်တာကိုး။ လမ်းသွားရင်း MRT မှာ တခုခု အလကားဝေနေတာ တွေ့ရင် ကိုယ်သွားနေတဲ့ လမ်းကြောင်းတောင် ပြောင်းပြန်ဖြစ်ချင် ဖြစ်သွားပါစေ ဝင်တန်းစီလေ့ရှိတယ် (အချိန်ရရင် ပြောပါတယ် :)) စလုံးမှာက အဲသလို ထောင်မြင် ရာစွန့်တွေ များတယ်။ ပစ္စည်းအသစ် မိတ်ဆက်တာ၊ ပွဲတော်မို့လို့ ဈေးချလို့ ကြော်ငြာရင်း အစမ်းဝေငှတာ ဒါမျိုးတွေပေါ့။

အိမ်ကလူကြီး မေးကြည့်ရသေးတယ် နေချင်လားပေါ့။ သောကြာည ဝင်၊ တနင်္ဂနွေည ထွက်ရမှာ ဆိုတော့ သူက "နေတာပေါ့ကွာ" တဲ့။ ဒါပေမဲ့ စနေ ကျမအားပေမဲ့ သူက စနေနေ့ဝက် အလုပ်ဆင်းရမှာလေ။ "စနေနေ့ တမနက်လုံး ဟိုတယ်မှာ တယောက်တည်း ပျင်းစရာကြီး" လို့ ကျမက ဆိုတော့ သူက "ဘလော့ဂ်ရေးနေပေါ့ကွာ၊ ဟိုတယ်တက် စာရေးတာ ဆရာမောင်သာရ နဲ့ ချစ်နဲ့ ၂ယောက်ပဲ ရှိမယ်ထင်ပါရဲ့" တဲ့ ပြုံးစိစိနဲ့ နောက်တယ်။

အသားလိုလို့ အရိုးတောင်းတာကို မသိတဲ့လူကြီး၊ ဆင်ထားတဲ့ ဂွင်ထဲကို တခါတည်း ဝင်တိုးတဲ့ လူကြီး...။ ကျမကဖြင့် သူ့စကားမဆုံးခင် လက်ပ်တော့ကို ဘက်ထရီနဲ့တကွ အိတ်ထဲထည့်ပြီး လို့ ယူသွားမဲ့ အဝတ်ထုတ်နား စွေ့ကနဲ ချထားလိုက်ပြီး နှင့်ပြီ။ ခါတိုင်းဆို သူ့ပစ်ထားပြီး စာရေးရင် သူ မကြိုက်ဘူး ဒါ့ကြောင့် ဘယ်သွားသွား ကြိုက်တာသယ် ဘတ် ဘတ် ...နိုး လက်ပ်တော့...အဲသလို။ သူကသိတယ်လေ ကျမနဲ့ လက်ပ်တော့ အတူထားရင် သူ ရာထူးကျသွားတတ်တယ်ဆိုတာ။

ခုလို ရေးရကံကြုံလို့ ဟိုတယ် တက်ရေးရခိုက် အထက်လူ-၂ ကို ရေးပါမယ်။ ဒီတော့ ဟိုတယ်မှာ တက်ရေးတဲ့စာ၊ အဆင့် ခပ်မြင့်မြင့်စာကို ဖတ်ဖို့ ပြင်ဆင်ထားကြပါ။ မျှော်လင့်ထားကြပါ...အဟမ်း..:)

စကားကြွင်း : တလောကတောင် ဖဘမှာ ပေါက် လာနှုတ်ဆက်တော့ ကျမကိုယ်စား ညီမမွန် (သုနှင်းဆီ)က စကားပြန်ထားတာ..."အိမ်ရှင်မရှိဘူး ဟိုတယ်တက် စာရေးနေတယ်"တဲ့...။ ကျမ ဖတ်ပြီး ပြုံးမိသေး...။ ကဲ ခုတော့ ဘယ့်နှယ့်ရှိစ...:)

ဒီပိုစ့်က အထက်လူ-၂ မတင်ခင် အားအားယားယား ရေးတင်လိုက်တာ၊ ဟိုတယ်ပုံတွေလည်း တင်ပါအုံးမယ်။ အဲဒါတွေက အစဉ်ကြီးပိုစ့် မတင်ခင် ထမင်းသိုး ဟင်းသိုး ပိုစ့်တွေ ဆိုပါတော့။ ဖတ်ရုံပဲ ဖတ်သွားကြပါလေ။ အဲ...မန့်ချင်လည်း မန့်ပေါ့ စိတ်မဆိုးပါဘူး....။

အချပ်ပို


နောက်ဆက်တွဲ အနေနဲ့ မနေ့ညက ဟိုရိုက် ဒီရိုက်တွေ ပစ်တင်လိုက်တယ်....:)
ပိုစ့်နောက်တခု အနေနဲ့ တင်တော့ပါဘူးလေ ၊ မန့်သွားကြတဲ့ ပိတ်သတ်ကြီးကို အားနာလို့ပါ....:D






ဖလက်တီဗီ ၃၇ လက်မကြီးတော့...၊ ပုံမှန်ဆို ဟိုတယ်တွေမှာ တီဗီ ပိစိလေးတွေပဲ ထားပေးတာ...:)


ဟိုလူကြီးကို ပြောထားတယ်၊ အိမ်အပြန် ဒီကင်းဆိုက်ဒ်ဘက်ဒ်ကြီး မ သွားရအောင်လို့...:)


စားစရိတ်ကျတော့ ရုံးက ထုတ်ပေးဘူးတော့၊ ဒီက အနစ်နာခံပြီးလည်း နေပေးရသေး...






ပုံ / ချစ်ကြည်အေး
ခေတ္တ Raffles Marina Club Hotel
စင်္ကာပူ



30 comments:

  1. မကြီးအေးရေ......

    အဲ့သလိုပဲလေ.......။
    တချို့ဟာတွေက....အလိုလိုနေရင်းကိုဖြစ်လာတတ်တာမျိုး.......း))
    (ကောင်းတာရော......ဆိုးတာရော.အတူတူပဲလေနော့်ဗျ........ဟိဟိ)
    မန့်ဖြစ်အောင် မန့်သွားသေးသည်.............း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  2. မ,အရမ်းပျော်နေသလိုပဲ။
    အားကျပါဘိ! ဟိုတယ်မှာ ပိတ်ရက်လေးသွားနားရတာ ။
    ကံကောင်းတယ်မ။

    ReplyDelete
  3. မိုက်ရယ်.. မိုက်ရယ်.. ရေလည်လန်းတယ်...း))))
    (ဒါနဲ့ စကားမစပ်.. အမချစ်ကြည်အေးက သင်္ဘောကုမ္ပဏီကပေါ.. ဒါဆို အမျိုးအစားချင်းဆင်တယ်...း)) )

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  4. ဟားဟားဟား...
    ဒါ ဟိုတယ်ပေါ်က ရေးလိုက်တဲ့ စာပေါ့လေ....
    မြင့်သကွယ်....း))

    ReplyDelete
  5. ဒီတစ်လလုံး..
    ကျနော်လည်း အဲ့ဒီRaffles Marina Club Hotel
    မှာပဲတည်းတာလေ.
    ငှင်းငှင်း..

    ReplyDelete
  6. နာမည်ပါတော့ ခေါ်သလား လို့ ... :-P

    ခမမ

    ReplyDelete
  7. ဟီး ပူးတေတို့ကိုကျတော့ ထော်ဘူး..... ၂ ယောက်ထဲ တွားကြတယ်ပေါ့လေ..

    ReplyDelete
  8. ထမင်းသိုး ဟင်းသိုး လည်း စားရမှာဘဲ အိမ်ရှင်ကျွေးတာကိုး ထမင်းကောင်း ဟင်းကောင်းလည်း မျှော်နေမယ်နော်... အဲဒီဟိုတယ်ခန်းက သရဲခြောက်တတ်တယ်တဲ့နော် သတိလည်း ထားအုန်းဟားးးးးးးးးးးးးးး

    ရွှေစင်ဦး

    ReplyDelete
  9. ဟိုတယ်ပေါ်တက်ရေးတဲ့စာမို့ဖစ်မယ်။အမရေချစ်ကြည်အေးရေ
    မနည်းကြီးကိုမော့ဖတ်လိုက်ရပါတယ်။
    အထက်လူ(၂)ကိုရသအဖြစ်ရေးမယ်ဆိုလို့
    မျှော်နေပါတယ်ဗျာ။

    ReplyDelete
  10. အမချစ်တို့ဟိုတယ်ရောက်ရင်ပိုစားပေးနော်..။ ရေးမဲ့စာကိုလည်း
    မျှော်နေပါတယ်..အမချစ်ရေ..

    ခင်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  11. အလကား ပဲတင်း စာတွေကို အလကားမူးတင် လာဖတ်သွားပါတယ်
    အစဉ်ကြီးပို့စ်ကျမှဘဲ ကောင်းကောင်းကျွေးတော့မယ်ပေါ့ ကောင်းပါဗျာ

    ပျော်ရွှင်ပါစေ

    ခင်တဲ့
    seesein

    ReplyDelete
  12. သြော်...ဟော်ဟော်....ဟိုတယ်ပေါ်တက်ရေးထားတဲ့ စာပေါ့လေ...အိမ်ခန်း အစုတ်လေးထဲကနေ ဖတ်ရတာ မျက်နှာငယ်လိုက်တာနော် (အဟမ်း အဟမ်း.... မနာလိုရေးချ မနာလိုပါ.... :D )


    ဂျင်း

    ReplyDelete
  13. ဓါတ်ပုံတွေ ပြန်လာကြည့်တယ်၊ ရှယ်ပဲ၊
    ပျားရည်ဆမ်းခရီးလို့ သဘောထားတယ် မဟုတ်လား၊
    အပြုံးပန်း

    ReplyDelete
  14. မီးမီးလဲ သွားချင်တာာာာာာာာာာာာ

    ReplyDelete
  15. အဲဒီ ဟော်တယ်က သရဲတော်တော်ခြောက်တယ်။ လက်ပြတ်ကြီးလား။ ခေါင်းပြတ်ကြီးလားမသိဘူး။။ တရုတ်မလေးတစ်ယောက်ဆိုရင် အဲဒီ သရဲကြီးမြင်ပြီး အီးတွေပန်းကုန်တယ်ဆိုပဲ။

    ReplyDelete
  16. ကတောက်....အားကျလိုက်ပါဘိတော့တယ်

    ReplyDelete
  17. အားကျလိုက်တာလို့ ပြောဖို့ဝင်လာတာ အပေါ်မှာ ကိုလူသစ်က အရင်ပြောထားလိုက်ပြီ။ မချစ်ကြည်အေးတို့များ အတော် ကံကောင်းတာပဲ။

    ReplyDelete
  18. ပျော်စရာကြီးးး

    ReplyDelete
  19. ဂွတ်ထ. . ဂွတ်ထ. .
    အထက်လူ ( ၂ ) ကိုပဲ မျှော်နေပါတယ်။

    ReplyDelete
  20. မအေးရေ..သူရဲခြောက်လို့ အစောကြီး checkout လုပ်သွားတယ်လို့ သူငယ်ချင်း seaman တယောက်ကပြောတယ်.. :-)

    ReplyDelete
  21. ဟိုတယ်ကြီးက တယ်မိုက်တာပဲ။ ပုံရိပ်လည်း အဲဒီလို ဟိုတယ်တက်ပြီး စာရေးချင်တယ်။:D

    ReplyDelete
  22. ဟိုတယ်တက်ရေးတဲ့စာဆိုတော့....
    ထူးခြားမှုတွေ ပါလာတော့မည်....မျှော်....ဒန်တန်တန်.....

    ReplyDelete
  23. မပြောတော့ဘူး... ပြောတော့ဘူး... ဟိုတယ်မှာ ရုံးပိတ်ရက် နေချင်လိုက်တာလို့ :(

    ReplyDelete
  24. လန်းလှချီလား အစ်မချစ်ရဲ့ အားကျလိုက်တာ

    ReplyDelete
  25. ကင်းဆိုဒ် ဘဒ်ကြီး သယ်သွားချင်တဲ့ အကြောင်းလေးပဲ ပိုစ့်ရေးစမ်းပါ ဖတ်ချင်လွန်းလို့ပါ။ ရေးပစ်လိုက်စမ်းပါ....:))

    ReplyDelete
  26. ဟော်တယ်သွားနေတုန်းရော ပြန်လာရင်ကော နှစ်ခါစလုံးလာခဲ့မယ် ရဘူး မတားနဲ့ :) ခင်တဲ့(ချိုကျ)

    ReplyDelete
  27. "စနေနေ့ တမနက်လုံး ဟိုတယ်မှာ တယောက်တည်း ပျင်းစရာကြီး"
    ဟားဟားဟားးး ငါ့အမတို့ လုပ်လိုက်ဟ..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...