အိမ်ကိုဖုန်းဆက်လို့ အမေနဲ့တွေ့တိုင်း ဆန်ဈေးဘယ်လောက် ဆီဈေးကဖြင့် ဘယ်လို ... ဆန်ပြုတ်တောင် မှန်အောင် ပြုတ်မစားနိုင်တဲ့သူတွေ၊ အိမ်တွေဆီကထမင်းရည်လိုက်တောင်းပြီးသောက်တဲ့ သူတွေ ၊ ပြီးတော့ခုအချိန်မှာ အလှူမုန့်ဟင်းခါးချက်ရင်တောင် အနဲဆုံးအချိန်၂၀၀-၃၀၀လောက်မှ ၊ ဘာလို့ဆို သိသိမသိသိ ဖိတ်ဖိတ် မဖိတ်ဖိတ် စားချင်လို့ပါဆို ဝင်စား နဲနဲလောက် ထုတ်ပေးပါနော်ဆို လာတောင်း ကြသတဲ့...။
အမေကတော့ သနားလွန်းလို့ အယုတ် အလတ် အမြတ် မရွေး ပေးလိုက်တာပါပဲ သမီးတို့ ပို့တဲ့ပိုက်ဆံနဲ့ ဆိုတော့ သမီးတို့ ကုသိုလ်ပေါ့ သမီးရယ်လို့ ပြောရှာတယ်။ကျမဖြင့် အမေနဲ့စကားပြောပြီးတိုင်း ကိုယ့်မြန်မာပြည်က လူတွေ (အများစုကိုပါ)အပေါ် သနားဂရုဏာသက်မိရတာ အခါခါ..။ သူတို့တွေ ဘယ့် လောက်များ ကြပ်တည်းကြရှာပါလိမ့်..။
အိမ်ကလူဖြင့် အဲဒါတွေကြားလေ သူ့ရဲ့ အလကားပွဲစားလုပ်ငန်းကြီး ပိုမိုတိုးချဲ့လေ ။ သူနဲ့သိသူ မသိသူ သတင်းစကားနဲ့ရောက်လာသူ ဘယ်သူ့မဆိုတက်ကြွစွာလိုအပ်လို့ကတော့အိပ်ထဲကပါစိုက်ပေးခြင်းပါ..။
ကျမ ယုံကြည်ပါတယ်။ ကျမတို့ အားလုံး ကြုံဖူးကြမှာပါ။ ရွာကနေ လာဖို့ပြင်ဆင်နေသူတွေ၊ ရောက်လာပြီး အလုပ်ရှာကြသူတွေ အားလုံးအပေါ် တတ်နိုင်သမျှ လူအား၊ ငွေအား အနဲဆုံးတော့ နှုတ်၏ဆောင်မခြင်း မျိုးနဲ့ ဖြစ်စေ ကူညီဖူးကြမှာပါ...။
အဲဒီများစွာထဲကမှ ကျမရဲ့ သူ့ အကြောင်းကို ပြောပြချင်ပါတယ်...။ တခါတခါ ရယ်စရာအပြင် မောစရာလေးတွေပါ တွေ့ကြုံရတတ်တာကို မျှဝေခံစားလိုခြင်းသက်သက် ပါ...။
တခါ နယ်က အိမ်ဂရံပေါင်ပြီး လာတဲ့ ကလေးတယောက် အလုပ်ဘာမဆိုလုပ်နိုင်တယ် E-စကားပြောတော့မရတဲ့ကလေးပါ ၊ General Worker ပဲရရ လုပ်ချင်ပါတယ် လို့ ဆိုလာပါတယ်။ မိဘ လုပ်ကျွေးမဲ့သူကလေး ဆိုတော့ ကျမတို့ကလဲ အလုပ်ငြိသွားစေချင်ပါတယ်။ ခက်တာက သူ့မှာ ပညာရေးအခြေခံ လောက်လောက်လားလား မရှိတော့ကာ အတော်ခေါင်းစားခဲ့ရပါတယ်။
ဒါနဲ့သူက
"ဟကောင်ရ မင်း သူဌေးနဲ့ ဘယ်လိုစကားပြောမတုံး ကွ ဟိုက မင့် အလုပ်မခိုင်းခင် နဲနဲပါးပါး မေးမြန်းချင်သေးတာ"
ဆိုပြီး တပွဲတိုးအင်္ဂလိပ် စကားပြော သင်ပေးပါတော့တယ်၊ တွေ့တဲ့အခါ ဘယ်လိုနူတ်ဆက် သူပြောတာပဲနားထောင် တခါတခါမှ ရက်စ်သင့်တာ ရက်စ်၊ အိုကေသင့်တာ အိုကေ၊ ပြန်ခါနီးမှ လက်ဆွဲနှုတ်ဆက် သင်န့်ကယူလုပ်ပေါ့လေ သင်ပေးလိုက်ရှာပါတယ်။
အင်တာဗျုးပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်လာရှာတော့ အိမ်ကလူက "မင်းဘယ့်နဲ့လဲ" ဆိုတော့ "အဆင်ပြေတယ် အကို" တဲ့။
ဘာတွေပြောလိုက်တုန်း ဆိုတော့မှ ကျမတို့ မှာ ငိုအားထက် ရယ်အားသန်..၊ သူဌေးက ဟောင်းအာယူ ဆို လက်ဆွဲနူတ်ဆက်တော့ သူက "သင်န့်ယူ ဆီးယူအ ဂိန်း" လုပ်ခဲ့သတဲ့..။အဲလောက်ကလေးကို မတတ်တာတော့ ဟုတ်ပုံမရပါဘူး။ လန့်လန့်နဲ့ ပြောမိပြောရာ ထွက်သွားတယ် ထင်ပါရဲ့။
တခါတလေ အိမ်ကို စီဗီ လာအပ်တဲ့ ကလေးတွေကို အလုပ်အကြောင်း ရှင်းပြရင်း နဲနဲပါးပါးသောက်တတ်တဲ့ သူပါရင် ဘီယာတိုက် လိုက်သေးတာ..။ ကျမစားဖို့ ဝယ်ထားတဲ့ အာလူးကြော်တွေ၊ ချိစ့်အကွင်းကြော်တွေလဲ သူတို့ဖို့ အမြည်းတွေ ဖြစ်လို့...။ နားလဲ မနေရပေါင် ကလေးတွေရဲ့စီဗီတွေ သူပြင်ခိုင်းတဲ့နေရာတွေပြင်ရနဲ့..။
တနှစ်မှာ သီတင်းကျွတ်တော့ အလုပ်ရသွားခဲ့တဲ့ ကလေးတယောက် လာကန်တော့ရှာတယ် သူ့မှာ ပီတိတွေဖြစ်မဆုံး ဆုတွေလဲပေးမဆုံး ။
တခါလည်း အလုပ်ရသွားတဲ့ကလေးတယောက် အိမ်ရောက်လာပြီး
"ကျနော် ဘယ်လောက် ကန်တော့ရမလဲအကို" တဲ့။
"အေး..ပေးရမှာပေါ့ကွ ဘာမှအလကား မရဘူး မင်းပေးရမှာက တခြားမဟုတ်ဘူး ကတိ ပဲ..။ မင်းလိုပဲ အလုပ်လိုအပ်သူတွေကို ဆွဲခေါ်ပေးပါ ပိုက်ဆံတပြားတချပ်မှ ငါ့ပေးစရာ မလိုဘူး အေး ငါပြောသလိုသာ မင်း လိုအပ်တဲ့ လူတွေကို ကူညီပါ အဲဒီ ကတိပဲ ငါ့ ကိုပေး"..တဲ့လေ။
သူကဖြင့် အဲလိုပြောရမယ်ဆို မမောနိုင် မပန်းနိုင် သူပါ...။ သူ့ တပည့်လေးတွေ အိမ်လာလည်တိုင်းလဲ သူ့မှာ တပြုံးပြုံးနဲ့ ကျမကိုလဲ "ချစ်ရေ ဟိုတနေ့ကဝယ်လာတာလေးတွေ ချကျွေးပါအုံး၊ ဟိုဟာရှိသေးလား၊ ဒီဟာဖြင့် ရှိသေးတယ်မို့လား" နဲ့ပါ။
သူက တက္ကသိုလ်မှာ ကျောင်းဆရာ လုပ်ခဲ့ဖူးသူပါ...။ ဖောင်ကြီး သင်တန်းကအဆင်းမှာ သူ ထွက်စာ တင်ဖြစ်ခဲ့တာ...။ ဘာတွေများ မွမ်းမံလိုက်တယ် မသိ....။
ပြီးတော့ သူက ရယ်စရာ ပြောသေးတယ် ။ "ကြီးပွားလိုသော် ကျောင်းဆရာ လုပ်ပါလို့ ဘယ် ဘုတ်အုပ်ထဲမှာမှ မပါဘူးဗျ" တဲ့...။
ဒါပေမဲ့ ကျမက သူ့ အိပ်မက်တွေကို သိနေသူပီပီ သူ့သွေးသား ချဉ်ဆီတွေထဲ အထိဝင်ခံစားမိသူ ဖြစ်လေတော့ .....။
သူပြောလေ့ရှိပါတယ် ၊ တနေ့ အေးချမ်းတဲ့ မြို့ကလေးတခုမှာ တောကျောင်းဆရာဖြစ်ချင်သတဲ့။ ကလေးတွေကို အခမဲ့ စာသင်ပေးချင်သတဲ့လေ.....။
ကျမဖြင့် သူ့အပေါ် ချစ်ရ မြတ်နိုးရတဲ့ အပြင် လေးစားရတာက ပိုပြန်ပါတယ်...။
ကလေးတယောက်တုန်းကဖြင့် သူ့ကိုယ်သူ စိတ်ချ ပိုင်နိုင်လွန်းစွာ အလုပ်လာရှာတာကို တလ လေယာဉ် လက်မှတ်ဖြတ်လာပါတယ်။ တလနီးပါး အလုပ်မရတော့ ကျမတို့က နောက်ထပ်သက်တမ်းတိုးပေးတာပေါ့၊
ကံကောင်းစွာပဲ အလုပ်ချိတ်မိပြီး ကံဆိုးစွာပဲ EP က ဂျက်ပါတယ်။ နောက်တော့ ဘယ်လိုမှ မရတဲ့အဆုံး ပြန်ဖို့ လက်မှတ် စတစ်ကာကပ်တော့မှ လေယာဉ်လက်မှတ်ကြီးက တလမှန်း သိရတော့တာပါ ။ ဒါနဲ့ပဲ ကျမတို့ နီးစပ်ရာ ပိုက်ဆံ စုထည့်ကြပြီး လက်မှတ်တခြမ်းစာ ဝယ်ပေးလိုက်ကြရပါတယ်။
အဲဒီတုန်းက တကြောင်းထဲတင် ၃၀၀ကျော်တာလေ...။
တညမှာ တနာရီလောက်ကြီး သူ့ဖုန်းမြည်လာတော့ အိုဗာဆီး များလား ဒီအချိန်ကြီး ဘယ်ကပါလိမ့်ပေါ့။ သူ့ စကားအသွားအလာ နားထောင်တော့မှ သူအလုပ်ရှာပေးခဲ့တဲ့ ကလေးတယောက် မနက်ဖြန်အလုပ်စာမေးပွဲ ဖြေရမှာမို့ သိချင်တာလေးတွေမေးဖို့ဆက်ရှာတာပါ ။ ၁၀- ၁၅မိနစ်လောက်ထင်ပါရဲ့ သူ ရှင်းပြနေပြီး
ဖုန်းချသွားတော့မှ.......
"တကယ့်ကောင် စာမေးပွဲရှိလို့သူအိပ်မရတာနဲ့ပဲ နေ့နဲ့ ည မှားပြီးဖုန်းဆက်တဲ့ကောင် ၊ပြီးမှ ဆောရီးပဲ အကိုတဲ့ ခွီး တဲ့ မှ" ......
ပြောလဲပြော ကျမခြုံထားတဲ့စောင်ကြီးကိုလဲ သူ့ဘက် အတင်းဆွဲခြုံရင်း ပြန်အိပ်သွားရှာပါတယ်..။ ကျမမှာသာ အအိပ်ခက်သူမို့ ချက်ချင်း ပြန်အိပ်မရနိုင်ပဲ လုပ်ချင်အုံးဟ အလကားပွဲစားကြီးရေ လို့ တယောက်ထဲ အမှောင်ထဲမှာ မျက်နှာကြီး ပြုံး ဖြီး ဖြီး နဲ့ ကျန်ခဲ့ရတာ..။
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်