Tuesday, November 24, 2009

ကျမနှင့် သူခိုးဖမ်းခြင်း

ဘာရယ်မှန်းတော့ အတိအကျ မပြောတတ်ပါ။ ကျမနဲ့ အနီးအနားမှာ တခုခုမဟုတ်တာလုပ်နေပြီ၊    ဖြစ်နေပြီဆိုရင် ကျမစိတ်ထဲ ကြွက်နံ့ ရတဲ့ကြောင်လို လှုပ်လှုပ် ရှားရှား ခံစားလာရတတ်ပါတယ်။ကျမ မလေးရှားမှာ ၁၉၉၅-၉၆ တုန်းက တနှစ်ကို အလုပ် ၁ခု နှုန်းနဲ့ အလုပ် ၂ခုလုပ်ခဲ့ပါတယ်။ ကျမ ခု ရေးမဲ့ အဖြစ်အပျက်က ဒုတိယအလုပ်မှာ ဖြစ်ခဲ့တာပါ။

စင်္ကာပူမှာ PR, S pass, WP, EP တို့ ရှိပြီး သက်တမ်း ၁နှစ်၊ ၂နှစ်၊ ၅နှစ် စသည်ဖြင့် ပေးသလိုပဲ မလေးရှားမှာလဲ နိုင်ငံခြားသားတွေအတွက် O(အို) Pass ဆိုတာရှိပါတယ်။ အဲ..သက်တမ်းကတော့ ရဲမမိမချင်း ဆိုပါတော့ :)

ဟုတ်ကဲ့..ကျမ အဲဒီ အိုပတ်စ် နဲ့ ၂နှစ်တိတိ ခပ်တည်တည် နေခဲ့ပါတယ်။

**********************************
ကျမက နာမည်ကြီး Dim Sum နဲ့ Sea Foods ရောင်းတဲ့ စားသောက်ဆိုင်ကြီးတဆိုင်ရဲ့ စာရင်းဌာနမှာ လုပ်ရပါတယ်။ စာရင်းဌာနဆိုလို့ တခုလုံးမှာ ကျမနဲ့Ms. Lee ဆိုတဲ့ တရုပ်မ ပေါင်း၂ယောက်ပဲရှိပြီး သူကလဲ တပတ် ၃ရက်ပဲ လာတာပါ။

စားသောက်ဆိုင်က ခြံဝန်းကျယ်ကြီးရဲ့ တဖက်ခြမ်းကပ် ဆောက်ထားတာဖြစ်ပြီး၊အလုပ်သမားတွေနေဖို့   လေအေးစက်အပြည့်တပ် ကွန်တိန်နာတွေကို စားသောက်ဆိုင်ရဲ့ နောက်ဖက်ထဲမှာ စီတန်းထားပုံက အယ်လ်ရှိပ်ပုံ(L Shape) ပါ။ ကျန်တဲ့မြေပိုကတော့ Car Park ပေါ့။

စားသောက်ဆိုင်မှာ အလုပ်သမားတွေက မြန်မာ၊ တရုတ်၊ မလေး နဲ့ နီပေါ လူမျိုးတွေပါ။ သူတို့နိုင်ငံသား ကလွဲလို့ ကျန်တဲ့ နိုင်ငံခြားသားတွေ အားလုံးက ကျမပြောခဲ့တဲ့ အိုပတ်စ်နဲ့ နေကြရတာပါ။ ရဲတွေကဖြင့် ဆိုင်ထဲ ဝင်ချည် ထွက်ချည်ရယ်၊ သူဌေးက ရဲတွေနဲ့ ပေါင်းထားတာဆိုတော့ ဆိုင်ထဲမှာ ဖြစ်သမျှတာဝန်ယူပြီး ဆိုင်ပြင်က ပြသာနာတော့ ကိုယ့်ဘာသာဖြေရှင်းကြရပါတယ်။

တနေ့ သူဌေးက ကျမကို စကားခေါ်ပြောပါတယ်။ ကျမက ၅ရက်ခွဲပဲ လုပ်ရတာဆိုတော့ ကျန်တဲ့ စနေ ညပိုင်းနဲ့ တနင်္ဂနွေနေ့တွေ စားသောက်ဆိုင်မှာ Cashierလုပ်ပေးဖို့ပါ။ ကျမကတော့ အိုကေပေါ့၊ အဲဒီအတွက် ပိုက်ဆံလဲ ပိုရမှာကိုး။ဒါနဲ့ ကျမလဲ စာရင်းကိုင် တဖြစ်လဲ ငွေကိုင်ဖြစ်ရပါတော့တယ်။

**********************************
တရက် တနင်္လာနေ့ ကျမ ရုံးပြန်ဆင်းတော့ စိတ်ထဲမှာ မနေ့က စားသောက်ဆိုင်ရဲ့ ဘီလ်တွေ ပြန်စစ်ချင်နေ မိတယ်။ ခါတိုင်းဆို နောက် ၂ရက်လောက်ကြာမှဆိုင်မန်နေဂျာ စစ်ဆေး၊ အတည်ပြုဆိုင်းထိုးပြီးမှ ကျမဆီရောက်လာနေကျလေ။

ကျမစိတ်ထဲ စစ်ကိုစစ်ချင်နေခဲ့တော့ ဆိုင်ကိုဖုန်းဆက်၊ မန်နေဂျာ ဆိုင်းထိုးပေးဖို့ပြောပြီး စားပွဲထိုးလေး တယောက်ကို လာပို့ပေးခိုင်းဖို့ပါ မှာလိုက်ပါတယ်။

နေ့လည်ကျတော့ ကျမဆီ အဲဒီဘီလ်တွေ တထပ်ကြီး ရောက်လာတော့တယ်။ အဲဒီမှာ မသင်္ကာစရာ ဘီလ်တစောင် ကျမ သွားတွေ့ပါတယ်။ အဲဒီဘီလ်က မနေ့က မနက်ပိုင်းမှာ ကျမ ထုတ်ထားခဲ့တာပါ။ ကျမကောင်းကောင်းကြီး မှတ်မိနေတယ်...အဲဒီဝိုင်းက လူနဲနဲလေးနဲ့ ပွဲတွေ အများကြီးမှာစားတဲ့ ဝိုင်းဖြစ်နေလို့ပါ။ ကျမထုတ်ပေးခဲ့တဲ့ ဘီလ်က ရင်းဂစ်$ ၃၀၀ ကျော်ပါ၊ ခုတော့ ၁၀၀ ကျော်ပဲဖြစ်နေတာ၊
တခုခုတော့ မှားနေတာ သေချာနေပါပြီ။

ဒါနဲ့ ကျမလဲ မီးဖိုချောင်က ဟင်းပွဲစာရင်းတွေပါ ထပ်ယူပြီး တခုချင်းစစ်လိုက်မှ...သိလိုက်ရပါတော့တယ်။ ဒင်းကလေးက ၃၀၀ ကျော်တန်ဘီလ်ကိုပြင် ၊ ၁၀၀ ကျော်လုပ်ပြီး ပိုတာကို အိတ်ထဲ ထည့်တာကိုး။
ကျမတို့ ဘီလ်ရဲ့ အနောက်မှာ မှာစားထားတဲ့ ဟင်းပွဲစာရွက်လေးတွဲလျှက်ပါတာ၊သူက အသစ် ထပ်ရေးပြီး ပြန်တွဲ၊ ဘီလ်ကိုလဲ ပြန်ပြင်ထားတာဆိုတော့ သာမန်ကြည့်မယ်ဆို လုံးဝကို မသိနိုင်တာပါ။

ကံဆိုးချင်တော့ သူက ကျမ ထုတ်ထားတဲ့၊ မှတ်မှတ်ယယလဲ ဖြစ်နေတဲ့ ဘီလ်ကိုမှပြင်မိရှာတာ။ ဒါပေမဲ့ မီးဖိုထဲပို့တဲ့ ဟင်းပွဲကော်ပီကိုတော့ သူပြင်လို့ မရနိုင်ဘူးလေ...။

အဲဒါ သုံးတဲ့ စစ်စတမ်ရဲ့အားနည်းချက်ပါ။ တကယ်ဆို ပရင့်ထုတ်ပြီးသား ဘီလ်ကို ပြန်ပြင်ဆင်ခွင့် မှာ မရှိသင့်ပါဘူး။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်တော့ သူတို့ တင်းကြပ်လိုက်ကြပါတယ်။

*********************************
တရက်မှာ ကျမတို့ဆိုင်ရဲ့ ချက်ကြီးက ဖုန်းဆက်လာပါတယ်။ ငါးမန်းတောင် အပါအဝင် တခြား Sea Foods တွေ မှာပေးဖို့ပါ။ ကျမ နဲနဲတော့ အံ့ဩသွားပါတယ်၊ဘယ့်နှယ် ပြီးခဲ့တဲ့ တပတ်လောက်ကမှ မှာထားခဲ့တာ၊ ကုန်ပြီလားပေါ့။ ဒီလ ပွဲတွေလဲ သိတ်မရှိပဲနဲ့ ဆိုတော့ သူက နင် မယုံရင် စတိုခန်းထဲ သွားကြည့်လိုက်လို့ ပြန်ပြောပါတယ်။ ဒါနဲ့ ကျမလဲ စိတ်ထဲ အောင့်သက်သက်နဲ့ စတိုခန်းဖွင့်စစ်တော့မှ
ဟုတ်ပါတယ် တကယ့်ကို ကုန်လုနီးပါးပါ။

စတိုသော့ကိုင်တဲ့ သူက ကိုမောင် ဆိုတဲ့ မြန်မာ အကိုကြီးပါ။ အဲဒီ အကိုကြီးက ကျနော်လဲ မပြောချင်ဘူးဗျာနဲ့ အစချီလို့ အိတ်သွန်ဖာမှောက် ပြောပြရှာပါတယ်။ဒီလိုပါ။ ကျမတို့ သူဌေးက ဆိုင်ကို တလမှ ၁ခါ  ၂ခါ   လောက်ပဲ လာတာပါ။ သူ့ရဲ့ ညီ၂ ယောက်က အလှည့်ကျ လာပြီး လိုအပ်သည်များ မှာကြားစားသောက်ပြီး
ပြန်လေ့ရှိပါတယ်။အငယ်ကောင်က သဘောကောင်းပြီး အားလုံးအပေါ် ခင်ခင်မင်မင် ရှိသလောက်
အကြီးကောင်က မာန်တက်နေတဲ့ ရုပ်နဲ့ အားလုံးကို ဆူပူမာန်မဲ နေကျပါ။ သူ့ကိုကျမတို့က မျက်ပြူး လို့ ခေါ်ပါတယ်။ ကျမနဲ့လဲ မတည့်ပါဘူး။

အဲ ကြားဖြတ်ပြောရအုံးမယ် စကားစပ်မိလို့ပါ၊ ကျမနဲ့ မတည့်ဆို တခါ မြန်မာအလုပ်သမားလေးတယောက် ဖျားလို့ အမ်စီ ၂ရက်ယူတာကို လခထဲက ဖြတ်ပါတယ်။ ၂ရက်စာဆိုတော့ အဖြတ်ခံရတဲ့ တယောက်လဲ
အီသွားပြီး ကျမ လာတိုင်ပါတယ်။ ကျမကလဲ မဟုတ်မခံ ဆိုတော့ ဗိုက်ကောင်းလို့ ဓါးတောင်းသူပါ။ အမြဲ လူမိုက်ဌား ခံရတာပါ။ ဒါလဲပဲ ဘယ်တော့မှ မမှတ်သူ၊ ကိုယ့်ဟာကိုယ်တော့ ဇာမဏီမျိုး အသက်သာသေပစေ၊ အမွှေးတပင် အကျွှတ်မခံ ဆိုတဲ့အစားထဲကလို့ မှတ်ထင်နေခဲ့သူပါ။

နောက်တခါကျတော့ အလုပ်သမားလေးတယောက် စားပွဲ ရှင်းရင်း စားသောက်သူ ကျန်ခဲ့တဲ့မုန့်ပွဲ တပွဲ (လုံးဝ စားမသွားတဲ့ ပွဲအသစ်ကြီးပါ) ကို သိမ်းရင်း နှိုက်စားမိပါလိမ့်မယ် အဲဒါကို မျက်ပြူးက ခိုးစားပါတယ်ဆိုပြီး တပွဲစာမကတဲ့ လစာ ဖြတ်ခံရပါတယ်။ ထုံးစံ အတိုင်းပဲ ကျမဆီရောက်လာပြီး ကျမနဲ့ မျက်ပြူး ၊ မျက်ပြူးနဲ့ ကျမ ဖိုက်ကြလေသတည်းပေါ့။

အဲ...အဆုံးမတော့ တရားမျှတစွာ မှန်တဲ့ဘက်ကပဲ နိုင်တာပါ။ သူတို့ ၂ယောက်လုံးဖြတ်ခံရတဲ့ ပိုက်ဆံ ပြန်ရကြပါတယ်။ ဒါနဲ့ ကျမလဲ ငပွကြီး ဖြစ်မှန်း သိသိကြီးနဲ့ ကိုဖြစ်လာရတော့တာ။ ဒီတော့ ကျမ အပေါ် မျက်ပြူး ကြည့်မရတာ မဆန်းပါဘူး။ 

တဦးမေတ္တာ တဦးမှာ ဆိုသလိုပေါ့ရှင် ။

အဲ..စကားပြန်ဆက်ရရင် ခုနကပြောတဲ့ စတိုခန်းထဲက Sea Foods ပျောက်ဆုံးမှုကြီးဟာ မျက်ပြူးလက်ချက် ဆိုတာ စတိုမှူး ပြောပြလို့ သိရပြီ။ သူက ချက်ကြီး လက်မှတ်မပါပဲ လာထုတ်ယူသွားပြီး ပြန်ရောင်းစားနေတာ။ တချို့ Sea Foods တွေက ဈေးအရမ်းကြီးပါတယ် ငါးမန်းတောင်တို့ ပင်လယ်မျှော့တို့ လော့ဘ်စတာ -ကျောက်ပုဇွန်ကြီးတွေလိုဟာမျိုးတွေပေါ့..။

တချို့ သားငါး ပုဇွန်တွေကတော့ သူ့အိမ် ဟင်းစားလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ။ ဒါနဲ့ ကျမသူဌေးဆီ ချက်ချင်း ဖုန်းဆက်ပြီး စတိုခန်းက ဈေးကြီးတဲ့ ပစ္စည်းတွေ မျက်ပြူး ခိုးရောင်းနေကြောင်း သတင်းပို့လိုက်ပါတယ်။ (အဲ... သတင်းပို့ ရုံ ကလေးပါ)

ချက်ချင်းဆိုသလိုပဲ သူဌေးရော၊ ညီ၂ယောက် စလုံးရော ကျမ ရုံးခန်း လာခေါက်ပြီး သူတို့ ရုံးခန်း ခဏ သုံးချင်လို့ ကျမကို ခဏလောက် အပြင်ထွက်ပေးဖို့ ပြောပါတယ်။ မျက်ပြူးကတော့ မျက်စိမျက်နှာ ပျက်လို့ပေါ့။ နာရီဝက်လောက်ကြာပါတယ် သူတို့ ညီအကို တွေ တယောက်တခွန်း အော်ဟစ်ပြောဆိုကြပြီး မျက်ပြူး အခန်းထဲက အရင်ဆုံး ထွက်လာပြီး ကားကို ဝူးခနဲ ဆောင့်ထွက်သွားပါတော့တယ်။

ကျမ အူမြူးလိုက်ပုံများ အဲဒီညက အိပ်မက်တွေတောင် ကာလာလေးနဲ့ မက်လို့...။

**********************************
ဇာတ်ပေါင်းရမယ် ဆိုရင်...ဘီလ်တွေပြင်ပြင်ပြီး  ပိုက်ဆံခိုးနေတဲ့ ကောင်မလေးက ရဲအဖမ်းခံရပြီးထောင် ကျသွားပါတယ်။ အမှန်တော့ သူဒီလိုလုပ်နေတာ တလကျော်လောက်ရှိနေပြီလေ၊ ကျမလဲ ကိုယ့်ရှုးကိုယ်ပတ် ဆိုတာလို ဘီလ်တွေကို မီးဖိုချောင်ကဟင်းပွဲစာရင်းတွေနဲ့ အကုန်ပြန်တိုက်စစ်ရတာ ဖတ်ဖတ်ကို မော လို့ပါ။

အဲ...မျက်ပြူးကတော့ ဝမ်နင်လေးပဲ အပေးခံရပြီး ကွင်းလုံးကျွတ်လွတ်သွားခဲ့ပါတယ်...

ဒါပေါ့လေ........... သူတို့က.....အမျိုးအချင်းချင်း အရင်းကြီးတွေကိုး....။

အဲဒါ ကျမကိုယ်တွေ့ဖြစ်ရပ်မှန် ဘေ့စ်အွန်ထရူးစတိုရီ ပါ...။ ခုတလော အဲဒါလေး ပြန်တွေးမိလိုက်တိုင်း ငယ်စိတ်နဲ့ ဒုတ်ထိုးအိုးပေါက် ပြောခဲ့၊ လုပ်ခဲ့မိတာတွေအတွက် စိတ်ထဲ မကောင်းဖြစ်မိတယ်။

သူ့ကို လက်ထိပ်လေးနဲ့ ကျမတို့နေရတဲ့ ကွန်တိန်နာထဲက ခေါ်ထုတ်လာတော့ ကျမမှာ ငါလုပ်လိုက်တာ လွန်များ သွားပြီလားလို့ ဝမ်းနဲမိရတယ်။ ခုအရွယ်မှာဆိုရင် ကျမ အဲဒီလို လုပ်ပါအုံးမလား။ ပိုက်ဆံခိုး တဲ့ကောင်မလေးကို နှစ်ယောက်ချင်းတွေ့ပြီး ..........

"ညီမရေ အမသိတယ်နော် နောက်မလုပ်ပါနဲ့ကွယ် ဒီတခါတော့ ရှိပါစေနောက်တကြိမ် ဆိုရင်တော့ တိုင်ရလိမ့်မယ်" လို့များ ချော့ပြောမိမလားပဲ...။

ကြာတော့ ကြာခဲ့ပါပြီလေ...။

ခုထက်ထိ ကျမရင်ထဲ ကလိကလိ ဖြစ်စေတာက ကောင်မလေးလို တခါခိုးရင် တရာ၊နှစ်ရာ ခိုးတဲ့ သူခိုး အသေးစားလေးကို လက်ထိလက်ရ ဖမ်းပေးနိုင်ခဲ့ပြီး တခါခိုးရင် ထောင်ချီ ခိုးတဲ့ မျက်ပြူးလို သူခိုး အကြီးစားကျတော့ ကွင်းလုံးကျွတ် လွတ်သွား ခဲ့ရတဲ့ အတွက်ပါ။

အင်းလေ...သူတို့တွေက အမျိုး အချင်းချင်း အရင်းကြီးတွေကို...နော့ ..။


ဘဝ အမောတွေ ပြေကြပါစေ...။

9 comments:

  1. မမရေ.. ဒီပို့စ်လည်း ဖတ်ပြီးရော ရင်ထဲ ဘယ်လိုကြီးမှန်းလည်း မသိ ဖြစ်ကျန်ခဲ့ရော.. ပိုက်ဆံခိုးတဲ့ကောင်မလေးကို သနားတော့ သနားတယ် အမ.. ဒါပေမယ့် သူများနိုင်ငံမှာ အလုပ်လုပ်ရတာဆိုတော့ ကိုယ့်အပြစ်လွတ်အောင် နေနိုင်မှ တော်ကာကြမှာမို့လား.. ကိုယ်က အားနာလို့ သနားလို့ ငဲ့ညာလိုက်ရင် ကိုယ့်အပြစ်ဖြစ်သွားရော... အဲဒီတော့ တချို့ကိစ္စတွေဆို အလုပ်ကို အလုပ်သဘောအတိုင်း ဆက်ဆံတာ အကောင်းဆုံးပါပဲ အမရယ်.. ဟို မျက်ပြူးကတော့ စပါယ်ရှယ်ကေ့စ်ပေါ့လေ.... :)

    ReplyDelete
  2. အိပ်မက်ကို ကာလာနဲ့မက်တယ်ဆိုလို့...

းဝ)

    ReplyDelete
  3. အိမ်မက်ကို ကာလာနဲ့ မက်ကြည့်ချင်တယ်..မမက်ဖူးသေးလို့။))))း

    ReplyDelete
  4. အမအတွေ့အကြုံတွေကို စိတ်ဝင်တစားဖတ်သွားပါတယ်။

    ReplyDelete
  5. အလုပ်အတွေ့အကြုံလေးတွေ ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ နေရာနဲ့ ကိုယ်မလုပ်ဖူးတဲ့ အလုပ်အကြောင်းမို့ ဗဟုသုတရပါတယ်။

    ReplyDelete
  6. ဒါပေမဲ့ အမျိုးအရင်းကြီးဆိုတဲ့ ဥပဒေနဲ့ ၀မ်နင်လေးသာ ထိပြီး လွတ်ရာ ကျွတ်ရာမှာ ပျော်နေတုန်းဆိုတော့ အိပ်မက်ကို ဘလက် အင် ၀ှိုက်လောက်သာ မက်သင့်ပါတယ်ဗျာ..

    ReplyDelete
  7. The most sought after online community site Twitter assists individuals to know about ongoing topics and events or social reactions of their favorite stars. buy twitter follower

    ReplyDelete
  8. I am happy to find this post very useful for me, as it contains lot of information. I always prefer to read the quality content and this thing I found in you post. Thanks for sharing.

    Checkout my site to Buying Facebook Video Views

    ReplyDelete
  9. The post is very nice. I just shared on my Facebook Account.

    Checkout my site: Buy Facebook Likes

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...