Thursday, September 2, 2021

Untitled 2

 အိပ်စက်ခြင်းတွေကို ဘာနဲ့မှ မျှားမရမယ့်အတူတူ အိပ်ဖို့မကြိုးစားတော့တာပဲ ကောင်းလိမ့်မယ်။ တကယ်ဆို ကိုယ်ကပဲ ပျော်ရွှင်ခြင်းတွေနဲ့ မထိုက်တန်သူလား။ ကိုယ်မို့လို့ စိတ်ရောကိုယ်ပါ အေးချမ်းနေပြီဆို နာကျင်စရာတွေက ဝင်ပြီး နေရာယူယူလာကြပြန်ရော။ တော်ပါတော့ကွယ်၊ ကိုယ့်မှာ နာကျင်စရာလည်း ဒီထက်ပိုမရှိနိူင်တော့ဘူးဟုတ်လား။ ခုချိန်မှာ ပျော်နေတယ်ဆိုတာထက် ပျော်အောင်နေနေရတယ်လို့ပြောရင် ပိုသင့်တော်မလားပဲ။ တနေ့ပြီးတနေ့ ချစ်ခင်ရသူတွေနဲ့ ခွဲခွာရခြင်းမှာတင် နာကျင်လုံလောက်နေပါပြီ။ 

အပြင်မှာ မိုးတွေရွာလာပြီ၊ မိုးနဲ့အတူ ရောငိုလိုက်ရင် နေလို့ကောင်းသွားမလား။

ကိုယ့်မှာ ချစ်ခဲ့လိုက်ရတာ၊ ချစ်ခဲ့လိုက်ရတာမှမိုးရယ်၊ 

နောက်ဆုံးတော့လည်း ကိုယ်ပဲ ဆုံးရှုံးမှှုတွေနဲ့၊ ကိုယ်ပဲ မိန်းမဆိုး၊ ကိုယ်ပဲ အပြစ်ရှိသူ၊ အရာရာတိုင်းမှာ နှစ်ဘက်အမြင်ရှိတယ်ဟုတ်လား၊ ချစ်လျင်အကျိုးဆိုတော့လည်း ချစ်သောသူပြောစကားသာလျင် နားဝင်ပေတော့မယ်။ မုန်းလျင်အပြစ်ဆိုတာလို ကိုယ့်အပေါ်မှာသာ အပြစ်တွေ၊ အဆိုးတွေ ပုံချလိုက်ပါတော့။ 

သိစိတ္က မသိလည်းဘဲ မသိစိတ္က ထိရှလွယ်တတ်လွန်းတော့ ရင်တွေအောင့်ကာ နာကျင်လာရပြီဆို အသက်ရှူလို့လည်းမဝ၊ မောလျပင်ပန်းရာက စိတ်ကို ဖြေလျှော့ချလိုက်ရတော့တာ။ လူဟာ ပုံလျက်သားကနေ အားတင်းထူမတ်ရပြန်၊ လူရယ်လို့ဖြစ်လာဖို့ ခက်ခဲတယ်ဆိုလည်း သေဆုံးဖို့ရာဟာ မလွယ်ကူပြန်ဘူး၊ ကိုယ် အဲလို ထင်ခဲ့တယ်။ ခုတော့ သေခြင်းတရားဟာ အချိန်တိုင်း ကိုယ့်အနားမှာ ခေါင်းလောင်းသံတွေလို မြည်နေတော့တယ်။ ဘာမ်ား အကောင်းရှိလို့လဲ၊ ဒီတကိုယ်လုံး ဘယ်နေရာထိထိ နာတတ်တယ် ကျင်တတ်တယ်၊ ဘယ်အပိုင်းကမှ မခိုင်ခန့်ဘူး၊ မာရေကျောရေမရှိဘူး။ အခန့်မသင့်ရင် ဖြုတ်ကနဲ သစ်ရွက်တွေလို အကြွေလွယ်ပြန်သေးတယ်။ 

ဘဝကြီးကို ကိုယ် တကယ်စိတ်နာတယ်။ ဘာကြောင့် ဒီလောက် နာကျင်စရာတွေနဲ့ချည်း လူဖြစ်လာရတာလဲ။ လူပြန်မဖြစ်လိုဘူး၊ ဘယ်တော့မှ လူပြန်မဖြစ်လိုဘူး၊ မခံစားတတ်ချင်ဘူး။ မငိုတတ်ချင်ဘူး၊ နောက်ထပ် မနာကျင်နိူင်တော့ဘူး။ တကယ်လို့များ ကံဆိုးလွန်းစွာ ကိုယ့်ဆုတောင်းမပြည့်ဘဲ လူပြန်ဖြစ်လာခဲ့ရင် ဖြစ်လေရာဘဝမှာ မဖြူစင်ချင်ဘူး၊ အဖြူထည်ကလေးဟာ နာမည်သာလှတာ၊ စွန်းလွယ်ပေလွယ်၊ နုနယ်လွန်းတယ်။

စပယ်တွေဟာ ပွင့်လိုက်သမျှ သွေးအရောင်နီစွေးတွေချည်းမို့ နာကျင်ခဲ့ရပြန်တာပဲ။ ကိုယ့်လက်နဲ့စိုက်လို့များလားထင်ပြီး ကိုယ့်ဘာသာ နာကျင်ရသေးတယ်။ စပယ်တွေဟာ မွှေးလည်းမမွှေးတော့ဘူးလေ၊ ဘယ်တုန်းကတည်းက ရနံ့တွေပျောက်ကုန်ရတာလဲ။ ဖြစ်လေရာဘဝမှာ စပယ်စိုက်သူ မဖြစ်ချင်တော့ဘူး။ စပယ္သာ ကိုယ်တိုင်  ဖြစ်လိုက်ချင်တယ်၊ ပန်ဆင်သူမရှိရအောင် ရနံ့မဲ့တဲ့စပယ်တပွင့်သာ ဖြစ်ချင်တော့တယ်။ သွေးနီရောင်စပယ်ပေါ့၊ သွေးနီရောင်စပယ်ဟာ ကိုယ်ကိုယ်တိုင်ပဲပေါ့.။ သွေးနီရောင်စပယ်ဟာ လူဝင်စားဆိုပါတော့။


ခကအ

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...