Tuesday, June 8, 2021

စီးဆင်းနေ နှောင်ကြိုးများ...

အပြင်မှာ သိပ်ပူတာပဲ။

လွမ်းရေးထက် ဝမ်းရေးခက်ဆိုတဲ့စကားက ခုမှ သက်ဝင်လာသလိုရှိတယ်။ ဝမ်းရေးမဟုတ်ပေမယ့် နိူင်ငံ့အရေး၊ ပိုပြီးတော့တောင် အရေးကြီးတဲ့ နိူင်ငံ့အရေးပေါ့။ ဖေဖော်ဝါရီ ၁ရက်ကစလို့ ကျွန်မတို့ဘဝတွေ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာ။ 

အားလုံးပါဝင်လာခဲ့ကြတဲ့ နိူင်ငံ့အရေးမှာ ကျွန်မလည်း အတူပါဝင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် အဆုံးအရှုံးများခဲ့ကြရသလို ခုလည်း အဆုံးအရှုံးတွေ နာကျင်မှှုတွေအများကြီးနဲ့ ကျွန်မတို့အားလုံး မပျော်ကြတော့ဘူး။ ကျွန်မတို့မြို့လမ်းမကြီးတွေပေါ်မှာ လူငယ်ကလေးတွေရဲ့ သွေးတွေနဲ့ ရဲရဲနီလို့။ မိဘတွေရဲ့နှလုံးသားတွေ ကွဲကြေလို့။

ဝမ်းနည်း နာကျင်လိုက်၊ ပျော်လိုက် အားတက်လိုက်၊ စိတ်ဓါတ်တွေကျလိုက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ကာလဟာ ရှိရင်းအချိန်ထက် ပိုကြာနေတာတော့အမှန်ပဲ။ အားလုံးဟာ အောင်စိတ်တွေနဲ့၊ နိူင်ကိုနိူင်မှာဆိုတဲ့စိတ်တွေနဲ့ အခုထိ တယောက်စိတ်ကို တယောက်က ဖြည့်တင်းရင်း တော်လှန်ရေးအလံတော်ထိပ်ဟာ ကျွန်မတို့ဆုံမှတ် ဖြစ်ခဲ့တယ်။ ကျွန်မတို့ဟာ အတူတကွဖြစ်တယ်၊ ကျရာနေရာတွေမှာလည်း ကျွန်မတို့အားလုံးဟာ တယောက်ချင်းစီတွေပဲ ဖြစ်တယ်။ ဖြတ်တောက်ထားခဲ့တဲ့ နှောင်ကြိုးတွေနဲ့ အိမ်ထဲကနေ ကျွန်မတို့ ထွက်လာခဲ့ကြတယ်။

ကျွန်မကိုယ်တိုင်လည်း နှောင်ကြိုးတွေကို ဖြတ်ထားပစ်ခဲ့ပြီ။ ခုချိန်မှာ နွေဦးတော်လှန်ရေးလောက် ဘာကမှ အရေးမကြီးတော့ဘူး။ 

တခါတလေ

မျက်ဝန်းတွေ မှိတ်လိုက်ချိန်တိုင်းမှာတော့ ခပ်ရေးရေးမြင်ယောင်ဆဲ၊ ဘယ်တော့မှ မလျှောက်တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ လမ်း။ 

ခုတော့လည်း အဲဒီအရူးဟာ ကျွန်မပါလို့ ယုံကြည်ရမှာတောင် ခဲယဉ်းသားပဲ။ သံယောဇဉ်မထားတတ်တဲ့ ခပ်ပြတ်ပြတ် မာရေကျောရေမိန်းမတယောက်ဟာ ချစ်ခြင်းတရားမှာ အံ့သြစရာကောင်းလောက်အောင် ပျော်ဝင်နေမိခဲ့။ အဲတာ ကျွန်မလား။

တော်လှန်ရေးထဲမှာ စိတ်တွေဟာ မာကြောလွန်းတော့ ကျိုးပဲ့လွယ်တာမို့ ချစ်ခြင်းတရားကို သတိရချိန်တွေ ပေးဖြစ်တဲ့အခါလည်း ရှိတယ်။

ဘယ်လောက်တောင်ချစ်ခဲ့ရတာလဲ သိလား။ သေချာပါတယ်၊ အခု ကျွန်မ ပြောလိုက်လို့ ကြားရပေမယ့်...၊ 

ရှင် တကယ် မသိသေးဘူး...။

ချစ်ခြင်းတရားရဲ့အတိမ်အနက်ကို ချစ်ရသူကသာ သိတာ၊ တကယ္သိတာ။ ဘုရားကျေးဇူးတော်ကြောင့် လူသားတဦးနဲ့ပတ်သက်ပြီး ချစ်ခြင်းတရားကို ကျွန်မ သင်ယူခွင့်ရခဲ့တယ်။ ချစ်ခြင်းတရားနဲ့ပတ်သက်ဆက်စပ်ရာတွေကတော့ ပြောရမယ်ဆိုရင် အနည်းငယ် ခါးသည်း၊ တော်တော်လေး နာကျင်စရာတွေ။ 

မောင်ရေလို့ ကျွန်မ အကြိမ်ကြိမ် ခေါ်နေခဲ့တယ်။ 

ကျွန်မအသံတွေ ပျောက်သွားတဲ့အထိ။  မခေါ်နိူင်တော့လောက်အောင် အသံတွေ အက်ရှ လက်ပန်းကျသွားတဲ့အထိပေါ့။ လပြည့်ညတွေကို မော့မကြည့်ရဲတော့တဲ့ အထိပေါ့။

မောင့်မိန်းကလေးက ကျွန်မနဲ့ တူတယ်၊

ကျွန်မ ပြုံးမိရုံသာပါပဲ။

မိန်းကလေးက ကျွန်မလို ဆံပင်တွေကို ဘေးတဘက်သိမ်းပြီး တခြမ်းစောင်း ချည်နှောင်ထားတတ်တယ်။ ကျွန်မလို ရင်ဖုံးအကျၤ ီလက်ပြတ်တွေ ဝတ်တတ်တယ်တဲ့။ 

မိန်းကလေးဟာ ကျွန်မ မဟုတ်ဘူး။

အနည်းဆုံးတော့ ကျွန်မက ကျွန်မနည်းနဲ့ကျွန်မ မောင့်ကိုချစ်ခဲ့တာ။

ဖတ်လက်စ စာတအုပ်ထဲက စာသားတွေ ကျွန်မစိတ်ထဲ စီးဝင်လာခဲ့တယ်။

ကလေးတယောက်ဆုံးရှုံးခဲ့ဖူးတဲ့မိခင်က လက်ရှိကလေးတယောက် ထပ်ဆုံးရှုံးသွားမလား စိုးစိတ်နဲ့ ကလေးရဲ့စက်ရုပ်သူငယ်ချင်း AFကို ကလေးနဲ့တပုံစံထဲတူအောင် တုပပြီး (ကျန်းမာရေးမကောင်းတဲ့)ကလေးကို လက်လွှတ်လိုက်ရတဲ့အခါ အစားထိုးချစ်ဖို့ စီမံထားတဲ့ဇာတ်လမ်း။ 

မိခင်က ကလေးရဲ့စက်ရုပ်သူငယ်ချင်း AFကို မေးတယ်။ 

ငါ့သမီး Josieနဲ့ အပြုအမူတွေ အားလုံး တူအောင် လိုက်လုပ်နိူင်တာကတော့ ဟုတ်ပါပြီ။ ငါ့သမီးလို နှလုံးသားမျိုး၊ စိတ်နှလုံးမျိုး ရှိဖို့တော့ မင်း တူအောင် လိုက်တုနိူင်ပါ့မလားတဲ့...။

Let me ask you this.

Do you believe in the human heart ?

I don't mean simply the organ, obviously. Im speaking in the poetic sense. The human heart. Do you think there is such a thing ? Something that makes each of us special and individual? And if we just suppose that there is. Then don't you think, in order to truly learn Josie, youd have to learn not to just her mannerisms but what's deeply inside her ? Wouldn't you have to learn her heart ?

ဒီလိုပါပဲ၊ ကျွန်မတို့ ဘဝတွေက တယောက်ချင်းစီတွေ၊

တော်လှန်ရေးကာလဟာလည်း ဘယ်လောက်ကြာဦးမယ် ဘယ်သူမှ မသိနိူင်ဘူး။ မနက်ဆို တော်လှန်ရေးကာလဆိုတဲ့အသိနဲ့နိူးပြီး ညဆို မပြီးဆုံးသေးတဲ့ တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ အိပ်တယ်။

ချစ်ခြင်းတရားဆီကို ပြန်ရောက်ဖို့တော့ ခက်လိမ့်ဦးမယ်....

....ထင်ပါရဲ့။


CKA



No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...