Wednesday, May 9, 2012

လိမ္မော်သီးတစ်လုံး၏ နိဂုံး (သို့) ဆရာကိုဆွေ၏ အစ



သူ့စာတွေကို ကျွန်မ များများစားစား မဖတ်ဖူးပါ။ လိမ္မော်သီး တစ်လုံး၊ နေကြာပန်းနှင့် တစ်ချို့ ကဗျာလေးတွေလောက်သာ။ သို့သော် သူ့မျက်လုံးများကိုဖြင့် ကျွန်မ ဖတ်ရှု့ခဲ့ဖူးပါသည်။ ထိုမျက်လုံးများသည် အနုပညာတစ်ခုတည်းနှင့်သာ ဘ၀ကို ဖြတ်သန်းလေ့ရှိသော၊ သေသည်အထိ အနုပညာ တစ်ခုတည်းကို မက်မောစွာ ပွေ့ဖက်သွားသော အနုပညာသည်များ၏ မျက်ဝန်းများ ဖြစ်လေသည်။

ဖြစ်ချင်တော့ ပြီးခဲ့သောလ ဧပြီအတွက် နာမကျန်းသော အနုပညာသည်များအား စောင့်ရှောက်ရေး ဂုဏ်ပြုငွေအတွက် ဆရာကိုဆွေကို ချီးမြှင့်ရန် ကျွန်မတို့ ရသအလင်းမှ လျာထားခဲ့ပြီး ဖြစ်သည်။  ကျွန်မတို့ ရသအလင်းမှ တစ်သက်တာကဗျာဆရာ ၂၀၁၂ အတွက် ဆရာအောင်ချိမ့်အား ရွေးချယ်ကာ ထိုဂုဏ်ပြုပွဲနှင့်အတူ ဆရာကိုဆွေကိုပါ ကျန်းမာရေး စောင့်ရှောက်ငွေ ပေးအပ်ချီးမြှင့်ရန် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က စီစဉ်ခဲ့သည်။ သို့သော် ဆရာကိုဆွေ့ ကျန်းမာရေးကြောင့် ရန်ကုန်သို့ ဆင်းမလာနိုင်သောအခါ ကျွန်မတို့ ရသအလင်းအဖွဲ့ ကိုယ်စား ဆရာကိုမိုးဝေးကပဲ ပြည်သို့ သွားရောက်ကာ  လက်ထိလက်ရောက် ချီးမြှင့်ဖို့ ဖြစ်လာသည်။ စီစဉ်ထားသည့်ရက်မှာ မေလ ၁၂ ရက် ဖြစ်သည်။ သို့သော်....မနေ့က မေလ ၈ရက်နေ့ မနက် ၁၀နာရီခွဲတွင် ဆရာကိုဆွေ ဆုံးပါးသွားခဲ့သည်။

ကျွန်မတို့ အားလုံး ရင်ကွဲပက်လက် ဖြစ်ကြရသည်။ ကျန်းမာရေး စောင့်ရှောက်ငွေ အချိန်မီ ပို့မပေးနိုင်ခဲ့လေခြင်းဟု ခံစားကြေကွဲကြရသည်။ သေချာသည်ကတော့ ကျွန်မတို့အားလုံး ရှေ့ဖြစ် ကြိုမမြင်နိုင်ခြင်းပင်။ 



ဆရာကိုဆွေက ကျွန်မတို့ ရသအလင်းအတွက် သူ့လက်ရေးလေးတွေ အမှတ်တရ ထားသွားခဲ့ပါသည်။ ရသအလင်းမှ ဧပြီလအတွက် ကျန်းမာရေးစောင့်ရှောက်ငွေအား ဆရာကိုဆွေကို ချီးမြှင့်မည်ဆိုတာကို သိသွားခဲ့ပါသေးသည်။ ဆရာကိုဆွေဆုံးသွားသော်လည်း ဆရာ့အနုပညာအတွက် ကျွန်မတို့ ထားခဲ့သော စကားအတိုင်း၊ ဆရာကိုဆွေ သိသွားခဲ့သော အသိအတိုင်း ကျွန်မတို့ ရသအလင်းမှ ဂုဏ်ပြုငွေ ပေးအပ်သွားမည်ကို ဆရာကိုဆွေ ရောက်ရာဘ၀မှ သိစေချင်သည်။ ၀မ်းမြောက်စေချင်သည်။ ကြည်နူးပီတိ ဖြစ်စေချင်ပါသည်။

ဆရာကိုဆွေဆုံးပါးသွားရခြင်းအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲ ၀မ်းနည်းရပါသည်။ 
မကျန်းမာသော ခန္ဓာကို ပင်ပမ်းကြီးစွာ ထမ်းပိုးရင်း သေသည်အထိ ၀တ္ထုတိုများကို ရေးသားသွားသော ဆရာကိုဆွေ....၊ မြတ်သောအကျင့်နဲ့ နှစ်ကာလများစွာကို အေးချမ်းစွာ ဖြတ်သန်းခဲ့သော ဆရာကိုဆွေ....

ဆရာ ကောင်းရာသုဂတိလားပါစေ....

 

5 comments:

  1. မဖတ်ဖူးပေမယ့် ခုလို စာကောင်းပေမွန်တွေရေးသားနိုင်တဲ့ ဆရာတွေ ဆုံးပါးသွားတာတော့ မိသားစုနဲ့အတူထပ်တူထပ်မျှ ၀မ်းနည်းရပါတယ်

    ReplyDelete
  2. ဆရာကောင်းရာသုဂတိလားပါစေ....။ ဒီလိမ္မော်သီးတစ်လုံးစာအုပ်လေးဖတ်ကြည့်ချင်တယ် မကြီး...

    ReplyDelete
  3. ကိုယ့်ရဲ့ ယုံကြည်ချက်ကို သေဆုံးချိန်အထိ လုပ်ဆောင်သွားတဲ့အတွက်
    လူသေပေမယ့် နာမည်ကျန်ခဲ့ပါတယ် မချစ်ရေ။
    ဆရာဆွေ ကောင်းရာမွန်ရာ ဘုံဘဝမှာ တရားထူးတရားမြတ်တွေရပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ချစ်ကြည်အေး တို့ ဂုဏ်ပြုငွေ ပေးမှာ သိသွားတဲ့ အတွက် ဝမ်းသာစရာပါ ဆရာ့ အတွက် အထူးဘဲ ဝမ်းနည်းရပါတယ်

    အမရွှေစင်

    ReplyDelete
  5. ဆရာ့စာတွေ မဖတ်ဘူး..ဆရာ ကောင်းရာသုဂတိလားပါစေ...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...