Sunday, October 24, 2010

သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်

ကျမမှာ ငယ်သူငယ်ချင်း အပျိုကြီး ၈ ယောက် တိတိ ရှိပါသည်။ သူတို့သည်....
၁) ရုပ်ဆင်း အင်္ဂါ ပြေပြစ်၏
၂) ဘွဲ့ရ ပညာတတ်များဖြစ်ကြ၍ တချို့မှာ ဘွဲ့၏ ဟိုဘက်ကြီးများတောင် လွန်လိုက်ကြသေး၏
၃) စိတ်နေ စိတ်ထား ကောင်းသူများ ဖြစ်ကြ၏
၎) ရိုးသားအေးဆေး၍ အပေါင်းအသင်း ဆန့်၏
၅) မိန်းမ ပီသ ချက်တတ် ပြုတ်တတ်ကြ၏
သို့သော် ဤမျှ ပြည့်စုံနေပါလျက် အဘယ့်ကြောင့် တကိုယ်တည်း အပျိုကြီးများ ဖြစ်နေကြရပါသနည်း (မေးခွန်း)
၆) ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ကြ၏ (အရပ်ရှည်အောင် ကုလားမ ခြေထောက်ပေါ် တက်ရပ်နေသူများ မပါဝင်ပါ) (ဝါ) ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်ကြသူများ ဖြစ်ကြ၏

မှန်၏ ဤတွင် အဖြေထွက်ပါသည်။
အဖြေမှာ ကိုယ့်လုပ်စာ ကိုယ်ရှာစားနိုင်မှတော့ ဘဇာကြောင့် အလုပ်ရှုပ်ခံ၍ ယောင်္ကျားယူရမည်လဲ ဖြစ်ပါသည်။

သို့သော် အဖြေ မထွက်သေးပါ။ ဤသို့ဆိုလျှင် ယောင်္ကျားယူထားသူများမှာ ကိုယ့်လုပ်စာမှ ကိုယ်ရှာ မစားနိုင်သူများတည်းဟု တနည်း ကောက်ချက်ချရမည် ဖြစ်လေရာ ဤအဖြေကို ကျမ အပြင်းအထန် ကန့်ကွက်ပါသည်။

တချို့မှာ အသည်းချင်း၊ အဆုတ်ချင်း၊ ကလီဇာချင်း အကုန် ဖလှယ်ပြီးကြကာမှ နဖူးစာ မင်ရေကြဲ၍ လွဲခဲ့ကြရသူများ ဖြစ်လေရာ မိန်းမသားပီပီ အပေါ်ယံ မာကြော အေးခဲယောင် ပြလျက် သီတင်းကျွတ် ဗြောက်ဖောက်သံကြားတိုင်း လူကွယ်ရာ နှပ်တရှုံ့ရှုံ့နှင့် မျက်ရည်ကျ နေနိုင်ပေသေးသည်။

တချို့မှာကား "အပျိုကြီး ဖြစ်နေတာ မဟုတ်ဘူး၊ အပျိုကြီး လုပ်နေတာ၊ တယောက်ထဲ နေရတာ စိတ်ချမ်းသာစရာ ကောင်းလွန်းလို့၊ ယောင်္ကျား မလိုချင်လို့ကို ကြေကြေနပ်နပ် အပျိုကြီး လုပ်နေတာဟေ့" ဟု ခပ်တင်းတင်း ကြွေးကြော်ကြသူများ ဖြစ်ကြပေသည်။

သူငယ်ချင်း လူပျိုကြီးတယောက် ရှိသည်။ သူ့ အဆိုကတော့ ရှင်းပြတ်သည်။ တကိုယ်တည်း လွတ်လွတ်လပ်လပ် နေရသည်ကို အရသာတွေ့သည်။ သူများ သားသမီးကို တသက်စာ တာဝန်မယူလို၊ ယူက တယောက်တည်းပဲရမည်။ အိမ်-ထောင် မကျချင်။ ထိုအကြောင်းများကြောင့် ခုထိ လူပျိုကြီး လုပ်စားနေလေသည်။ကျမကတော့ သူ့အား သတ္တိမရှိသူ၊ တာဝန်မယူလိုသူ၊ အတ္တကြီးသူ စသည့် စကားလုံးကြီးများနှင့် ပစ်ပေါက်ချေမှုန်းတတ်သည်။ သို့သော် သူကတော့ ပန်းနှင့် အပေါက်ခံရသူလို ခပ်ပြုံးပြုံးပင်။

မိတ်ဆွေ လူပျိုကြီးတယောက် ရှိပါသေးသည်။ ကွန်ဒိုမှာ တယောက်တည်း တခန်းငှား၍ နေသူဖြစ်၏။ ကျမမှာ လှပ ပြာလဲ့သော ကွန်ဒို ရေကူးကန်ကို ကြည့်၍ "ဘယ်အချိန် ရေဆင်းကူးလေ့ ရှိသလဲ" မေးမိရာ ထိုလူပျိုကြီးသည် "အချိန်ရယ်လည်း တိတိကျကျ သတ်မှတ် မထားပေါင်ဗျာ တရုတ်မလေးတွေ ရေကူးနေတာတွေ့ရင် ကိုယ်လည်း ဆင်းကူးလိုက်တာပဲ" ဟု ဆို၏။ ကောင်းလေစွ။ သူသည် နွားနို့ သောက်ချင်တာနဲ့ နို့စားနွားမကြီး တကောင်လုံး မွေးစရာ မလို၊ လက်လီ ဝယ်သောက်မည် ဆိုသူတည်း။

ယခုကဲ့သို့ ဝါလကင်းလွတ် သီတင်းကျွတ်၍ မင်္ဂလာဆောင် ဖိတ်စာများ ဟိုမှာသည်မှာ ပလူပျံနေချိန်တွင် အဖိတ်ကြားခံရသူ အပျိုကြီး၊ လူပျိုကြီးများမှာ လက်ဖွဲ့ငွေ အထွက်ချည်း ရှိပြီး အဝင်မရှိရကား အရင်းရှုံးသော အလုပ်များကို မျှော်လင့်ချက်မဲ့စွာ လုပ်ဆောင်နေကြရသူများသာ ဖြစ်လေသည်။

အိမ်ထောင်ပြုကြပါလား၊ အားမကျဘူးလား တိုက်တွန်းချင်ပါသော်လည်း အတင်းတိုက်၊ အတင်းတွန်း၍ မဖြစ်ပြန်။ အိမ်ထောင်ရေး ဆိုသည်မှာ လျက်ဆားလည်ရောင်းသလို ကြုံတုန်းဝယ်ထားကြနော် အစာကြေတယ် လေလည်တယ် ရင်ချောင်တယ် ဟူ၍လည်း အတင်းထိုးရောင်းရန် လုံးလုံး မဖြစ်နိုင်ပါပေ။ ထို့အပြင် အပျိုကြီး၊ လူပျိုကြီးများမှာ တခြား သူလို ငါလို လူများနှင့်မတူ၊ မိမိတို့သည် ဗြဟ္မာပြည်မှ အရှင်လတ်လတ်ပဲ ကျလာသလိုလို သွေးကြီးတတ်ကြပြန်သည်။

သူတို့၏ ဒစ်ရှင်နရီထဲတွင် သီတင်းကျွတ်ဆိုသည်မှာ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ မြတ်စွာဘုရားရှင် ကြွအလာ လူ နတ် ဗြဟ္မာအပေါင်းတို့သည် ရွှေ၊ငွေ၊ပတ္တမြား စောင်းတန်းကြီးများနှင့် ကြိုကြ၊ လူကြီးမိဘများအား ကန်တော့ကြ၊ ကလေးများ မီးပုံးတွန်းကြ၊ ဗြောက်ဖောက်ကြသော လ ဟူ၍သာ အဓိပ္ပါယ် ဖွင့်ဆိုကြကုန်၏။ သူတို့ရှေ့တွင် သီတင်းကျွတ် နှင့် အာဝါဟ ဝိဝါဟ နဲနဲလေးမျှ သွား၍ မဆက်စပ်မိပါစေနှင့်။

တဖန် အပျိုကြီးများအား ချစ်စနိုး ကျီစယ်လိုစိတ်ဖြင့် "သီတင်းကျွတ်ပြီနော်"ဟုများ သွားမစလိုက်နှင့် "ကျွတ်တော့ ဘာဖြစ်တုန်း" ဟု ဂွတိုက်ခံရနိုင်လေသည်။ ထိုထက်ပို၍ စိတ်မြန် လက်သွက်သော အပျိုကြီးများနှင့် တွေ့လျှင်မူ သင့်ခေါင်း၌ အနည်းဆုံး ဘု တဘုပင် ထွက်သွားနိုင်ကြောင်း ကောင်းစွာ သတိချပ်ပါလေ။


အားလုံးအတွက် ပျော်ရွှင်စရာ သီတင်းကျွတ် ပွဲတော်လ ဖြစ်ကြပါစေရှင် :)

40 comments:

  1. အင်း။ သီတင်းကျွတ်ပြန်ပြီ။ :D

    ReplyDelete
  2. ကျွတ်ပြန်ပြီ သီတင်း. . အင်း။

    ReplyDelete
  3. အမချစ်ရေ
    ကျွတ်ကျွတ်.......မကျွတ်ကျွတ်...လို့ အော်ဘူးရယ်
    အခုတော့ အစာမကြေတဲ့သူတွေ ရင်မချောင်တဲ့သူတွေအတွက် သူတို့ရင်ချောင်အောင်နားထောင်ပေးနေတယ်ဗျိုး....သူငယ်ချင်းတွေ၊ အမတွေ က သူတို့ကျ ယူပြီး အနော်တို့ကျတော့ မယူနဲ့တဲ့ မကောင်းဘူးတဲ့ ဟုတ်လားအမချစ် အမချစ်တို့ကိုဘဲမေးမြန်းရမှာဘဲ

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  4. အန်တီချစ်တို့လို လူကြီးတွေက သားသားကျောက်တို့လို အချစ်ရေးနားမလည်သူတွေ အတွက် ရှာဖွေ စပ်ဟပ်ပေးသင့်တာပေါ့..ဂျာ...

    ReplyDelete
  5. ဟွန်းနော်
    သီတင်းကျွတ်လို့ စိတ်ညစ်နေပါတယ်ဆို
    ဒီပိုစ့်နဲ့ လူကိုလာဆွနေတယ်
    ဖိတ်စာပို့လိုက်ရမလားပြေား)
    (မွေးနေ့ဖိတ်စာ)
    သီတင်းကျွတ်ပြီလို့ လာပြောတဲ့သူ ရန်သူဘဲ။

    ReplyDelete
  6. စောင်းရေးဒါ...အဲဒါ စောင်းရေးဒါ...
    အများပျော်မဲ့ နှစ်ပါးဖော် ထဲက

    http://www.burmeseclassic.com/showtime3.php?index=NTM0Mg%3D%3D&d=aW1nL21vdmllLzUzNDIuZ2lm&s=1&p=1&tp=1

    ထွန်းထွန်း လိုမျိုး စိတ်ကောက်ပြသွားတယ်။
    လူပျိုကြီး ဆိုတာ နာမည်သာ ဆိုးတာ ကျန်တာ မကောင်းဘူး :P

    ReplyDelete
  7. ငယ်ငယ်ကသီတင်းကျွတ်ကိုပဲသတိရရင်း.. သီတင်းကျွတ်ပေါင်းများစွာကို ဖြတ်ကျော်နေတယ်း)))
    ကျွတ်ကျွတ် မကျွတ်ကျွတ်ပေါ့နော် ..းP

    ReplyDelete
  8. မကျွတ်မယ့်သူတွေကတော့ သိကြားမင်း နားကင်းကြီးနဲ့ ဆင်းချွတ်တောင် ကျွတ်ဖူး ... တဲ့။ ဟီးးးးး
    သီတင်းပဲကျွတ်ကျွတ် တန်ဆောင်ပဲမုန်းမုန်း ...
    ငှက်ပျောတုံးသာ ဖက်အိပ်ပါတော့မည်တကား ....
    သာဓု သာဓု သာဓု ........ :D

    ReplyDelete
  9. အင်း---
    သတင်းကျွတ်မှာအကျွတ်အောင်ကာကွယ်ရမယ်-သကြားမင်းကလာချွတ်ရင်
    ဟိုဟာကျွတ်သွားမှာဆိုးမိလို့ပါဗျာ-(ပုဆိုးပြောပါတယ်)

    ReplyDelete
  10. သီတင်းကျွတ်ဆိုတာ တနှစ်တခါ အမြဲကျရောက်နေမယ့် သင်္ကြန်လိုမျိုး ရိုးရာပွဲတော်( ဘာသာရေးပွဲ )လေးပါ....သီတင်းကျွတ်တော့ ဘာဖြစ်လဲ ..ကန်တော့ရင် မုန်.ဖိုးရတယ်လေ...ခုတော့ မရတာ ၃ နှစ်လောက်ရှိပါရောလား....ဆီမီးတွေ နဲ. ထိန်နေတဲ့ဘုရားစေတီ...နာမည်ကြီးတဲ့ ဦးဘဂျမ်းကာတွန်း...လိုက်ကန်တော့ရင် မုန်.ဖိုးပြန်ပေးတတ်တဲ့ အမျိုးတွေ လွမ်းလိုက်တာ....

    လေးစားစွာဖြင့်
    simple views

    ReplyDelete
  11. ဟားဟား... ရယ်ရတယ်။ အဲ..အဲ... မရယ်ရဲဘူး။ တော်ကြာ အသိအပျိုကြီး၊ လူပျိုကြီးတွေနဲ့ လမ်းမှာတိုးရင် ကိုယ့်ကို မျက်နှာကြော တင်းပြနေပါဦးမယ်။

    ReplyDelete
  12. သြော်....လတ်စသတ်တော့ ဒီပိုစ့်က လူကြီးတွေအတွက်ပဲ။ ဂျင်းစုတ်တို့လို ကလေးတွေနဲ့မဆိုင်သေးဘူး။ ညှင်းညှင်း....

    ReplyDelete
  13. Ma Chit, I've seen you and some of your friends in C Hall (as Kyaw Hein is known by audience) that might be included some of lovely eight spinsters.
    I guess No.1 category in your list is not quite true.D!

    ReplyDelete
  14. အပျိဂျီးများ ဝိုင်းနေသောကြောင့် ဘာမှ မပြောသွားဘာကြောင်း :P

    ReplyDelete
  15. Let us see the pictures of lovely eight spinsters for witness of category one.
    Thanks for joyful post !

    ReplyDelete
  16. ♫ ♫ သူ သီတင်းကျွတ်ကျွတ်.. ♫ ♫မကျွတ်ကျွတ်ပေါ့.... ~~ ♫ ♫ ♫ ♫
    ♫ ♫ ကျနော်ကတော့ ကျွတ် မရသေးပါဘူး... ♫ ♫
    ♫ ♫ တစ်လောကလုံးက ပြောနေပြီ ကိုယ့်ကိုလေ...♫ ♫
    ♫ မခံချင်ဘူး .. ကိုယ်ဘယ်လို ယူပြရမှာလဲ.....♫ ♫
    ♫ ♫ အချစ်ကလေးရယ်...... ♫ ♫ ♫ ♫ ♫

    ReplyDelete
  17. အင်း ချစ်ကြည်အေး ရေ

    ဒို့မှာလည်း အကုန်ပြည့်စုံတဲ့ အပျိုကြီးဘော်ဘော်တွေ ရှိတယ် ဖူးစာပေါ့နော် တချို့ကလည်း မယူချင်ကြဘူးတဲ့

    အမယ်လေး တော်သေးတယ် ရွှေစင်ဦး လည်း ချစ်ချစ်ကြီး ကယ်လို့ နိုမို့ ဆိုရင် သီတင်းကျွတ်တိုင်း ငိုနေရအုန်းမယ်

    ဟားဟား
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  18. ရယ်ရတယ် ... ရေးထားတာ။

    " သူသည် နွားနို့ သောက်ချင်တာနဲ့ နို့စားနွားမကြီး တကောင်လုံး မွေးစရာ မလို၊ လက်လီ ဝယ်သောက်မည် ဆိုသူတည်း။"

    ဟမ် ... နွားမက နွားနို့တစ်ခုထဲ ညှစ်လို့ရတာမှ
    မဟုတ်တာ ... လယ်ထွန်တာတို့ ... လှည်းမောင်းတာတို့လဲ လုပ်လို့ရသေးတာကို နော့ ... သူ့ပြောရတာနဲ့ ကိုယ်တောင် ဘာဖြစ်သွားလဲသိဘူး ဟီး.. ဟီးး)))

    ReplyDelete
  19. သားသားတို့ကတော့ နောက်တခေါက်တောင် ကျွတ်လိုက်ချင်သေးးအဟေးးးဟေးးး

    ReplyDelete
  20. သီတင်းကျွတ်ရင် မြန်မာနိုင်ငံမှာလို့ ပွဲလမ်းသဘင်တွေသွားပြီ မပျော်ရပေမယ့် အစ်မချစ်ရဲ့ ပိုစ့်လေးကြောင့် ပြုံးပျော်လို့ သွားရပါကြောင်း။

    ReplyDelete
  21. simple views ရေ ၁၃လမ်းက တန်ဆောင်တိုင်ဘဲ စည်တာမဟုတ်လား။ ကာတွန်းတွေကို မီးပုံးလေးလို ချိတ်ဆွဲတာ ၁၃လမ်းတန်ဆောင်တိုင်လေ။

    ReplyDelete
  22. ဟိုနေ့က မန့်ပြီးမှ စာလုံးပေါင်းမှားလို့ ဖျက်ပြီး ထပ်မန့်လို့မရတော့လို့..အခုမှ ပြန်လာမန့်ပါတယ်...

    အပျိုကြီးစာရင်းဝင် တယောက်မို့ “မကျွတ်ချင်သေးလို့”...လို့ ပြောရင်ကောင်းမလား...
    “ကျွတ်ချင်ပြီ”..လို့ပြောရင်ကောင်းမလား...
    ဟီးဟီး..ဘယ်လိုပြောရမလဲ..။

    ဘယ်သူကျွတ်ကျွတ်..မကျွတ်ကျွတ်...
    နတ်သမီးကတော့ နောက်နှစ်ဆိုရင် ချွတ်ပြီ...အဲ..ကျွတ်ပြီပဲ...
    (မှားပြန်ပြီ..စာလုံးပေါင်း)..းး((

    ReplyDelete
  23. အောင်မြတ်လေး...
    အဲဒီလို ပေါက်ကရတွေ ရေးတော့ နက်က ကောင်းမှကောင်း..
    ချက်ချင်းတက်တယ်တော့...
း(

    ReplyDelete
  24. ဘာလို့ အပျိုကြီး ဖြစ်ကြသလဲ.. အဖြေလည်း မပါပါလား..
    သူများတွေက မေးကြတယ်.. ကိုယ့်မှာလည်း အဖြေမရှိဘူး.. :D

    ReplyDelete
  25. အမချစ်.....အပျိုကြီး ၈ယောက်အကြောင်းအား အနှီလူပျိုလေး လာဖတ်မှတ်လေ့လာ သွားပါကြောင်း :) ခွိ

    ခင်တဲ့(ချိုကျ)

    ReplyDelete
  26. ဗမာပြည်မှာနေတုန်းကတော့ သိတယ်။
    သီတင်းကျွတ် ကျွတ်မှန်း
    ဖေဖော်ဝါရီ ရောက် ရောက်မှန်း။
    နိုင်ငံခြားရောက်မှ ဗမာလတွေ မသိတော့တာ။
    မမ ရေးမှပဲ...

    ReplyDelete
  27. ကျွတ်သွားပြန်ပြီ... သီတင်း :P

    တို့နဲ့ မဆိုင်သေးဘူးကွယ် (မျက်လုံးကလေး မှေးစင်း၍ ခေါင်းလေးအသာအယာခါကာ ပြောသွား)

    ReplyDelete
  28. အဲ့ဒီအပျိုကြီးတွေနဲ့ အဲ့ဒီလူပျိုကြီးတွေ ပေးစားလိုက်ပြီးတာပဲ ဟာကို

    ReplyDelete
  29. လူဆိုတာ ကိုယ့်အားနည်းချက်ကိုယ်စီရှိတယ်လို့တော့ထင်တယ်။ ဒါကြောင့် ကိုယ့်ပျော်ရွှင်မှုအတွက် စချင်နောက်ချင်တိုင်း သူများအားနည်း ချက်ထိခိုက်မယ့်ဟာမျိုးတော့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ ချစ်သူရှိရက် နဲ့ အကြောင်းအမျိုးမျိုးကြောင့်လက်မထပ်နိုင်သေးတဲ့ အမကြီးတွေ အကိုကြီးတွေ၊ ရှိသလို အိမ်ထောင်ရှိရက် အထီးကျန်နေတဲ့ အိမ်ထောင်သည်တွေ နဲ့ လင်/မယား ရှိလျက် ခေါင်းအုံးဖက်အိပ်နေရသူတွေလဲအများကြီးရှိနေနိုင်ပါတယ်။ ဒါကြောင့် ခင်မင်လို့ဖြစ်ဖြစ် ရင်းနှီးလို့ဘဲဖြစ်ဖြစ် သူများအားနည်းချက် ကို သွားမဆွမိ အောင်သတိထားပါတယ်။
    သူတို့အားနည်းချက်ကို ကိုယ်သွားဆွမိရင်တော့ ပြန်ကန်ထွက်လာမယ့်စကားတွေကိုလည်း ခွင့်လွှတ်နားလည်ပေးရမှာပါ။
    ကူးအမြင်ကိုပြောပြတာပါ။ အကယ်လို့ မှားနေရင် ကိုယ့်အမြင်နဲ့ကိုယ်မို့ အားလုံးက မှန်ပါတယ်နော်။း)

    ReplyDelete
  30. " သူသည် နွားနို့ သောက်ချင်တာနဲ့ နို့စားနွားမကြီး တကောင်လုံး မွေးစရာ မလို၊ လက်လီ ဝယ်သောက်မည် ဆိုသူတည်း။"

    ဖတ်လို.ကောင်းတယ်ဗျို. ၊ တစ်ခါမှ မကြာဖူးဘူး ၊ ဗဟုသုတရပါတယ်

    ဟမ် ... နွားမက နွားနို့တစ်ခုထဲ ညှစ်လို့ရတာမှ
    မဟုတ်တာ ... လယ်ထွန်တာတို့ ... လှည်းမောင်းတာတို့လဲ လုပ်လို့ရသေးတာကို နော့ ... သူ့ပြောရတာနဲ့ ကိုယ်တောင် ဘာဖြစ်သွားလဲသိဘူး ဟီး.. ဟီးး)))

    မဆွိရဲ့ ကွန်မန်.ကိုဖတ်ပြီး ရယ်လိုက်ရတာ ....

    ခင်တဲ့

    Z

    ReplyDelete
  31. မချစ်ရေ...
    ကိုးနတ်ရှင်နှိပ်စက်လို့ သီတင်းကျွတ်မှာ လိုင်းပေါ်တက်မရဖြစ်နေခဲ့တယ်။
    မြသွေးတို့ကတော့ သီတင်းမှကျွတ်တာရက်ပိုင်းရှိသေး မင်္ဂလာဆောင်(၃)ပွဲ သွားရောက် ချီးမြှင့်ခဲ့ရပြီးပြီ။ ကိုယ်ကသွားကန်တော့တာရော...ကိုယ့်ကို လာကန်တော့သမျှပေးရတဲ့မုန့်ဖိုး...ဒီလကတော့ မြသွေးနီ တကယ် ကျွတ်တဲ့လ။ ဘ၀ဆိုတာ ကားမောင်းသလို ဘက်ဂီယာလည်း ထိုးမရလေ တော့.....။ ဆက်လက်လို့ သီတင်းကျွတ်ပေါင်းများစွာကို သူ့လက်ကိုဆွဲလို့ အံကြိတ်လို့ ကျော်ဖြတ်ရပေဦးမည်။

    ReplyDelete
  32. Have seen APG/LPG especially eldest daughter/son, who took the big share of resposibility in raising the family, missed the opportunity to meet their counterparts due to family burden. When the burden lessen, they are already old enough that people will ridicule if they then look for partners, especially for burmese women. What is worse is that younger siblings and their kids may later view this APG/LPG as burden.

    Empathy

    ReplyDelete
  33. မိဘတွေကို ရှာကျွေးရင်း၊ အငယ်တွေကို တာဝန်ယူရင်း အပျိုကြီးလူပျိုကြီး ဖြစ်ရတာက ကံဆိုးရင် ကိုယ့်အောက်က အငယ်တွေက တစ်ချိန်ကျ ပြန်စော်ကားရောဗျ။

    ခါတိုင်း ဟိုဟာလိုတယ် ဒီဟာလိုတယ် လက်ဝါးဖြန့်ဖြန့်နေကျ ညီညီမတွေက ကျွန်တော် စီးပွားကျတုန်းက မျက်နှာရှစ်ခေါက်ချိုးနဲ့။ လမ်းတွေ့တောင် မမြင်ချင်ယောင် ဆောင်သွားတယ်။ စီးပွားပြန်တက်တော့ အိမ်မှာ လာနေပါရစေတဲ့။ ခပ်ပြောင်ပြောင်ပဲ။ သူတို့ ပိုက်ဆံလိုတယ်တဲ့။ အရှက်မရှိဘူး။

    ညီညီမဆိုတဲ့ ဒီကျေးဇူးကန်းတွေ ခုဆို အိမ်ရိပ်တောင် အနင်းမခံဘူး။

    ReplyDelete
  34. သွေးမကြီးဘူး အစ်မရေ..မကြီးဘူးဗျ...။တိုက်တွန်းရုံတင်မဟုတ်၊ရှာဖွေ ပေးလို့
    ပါရသေး...။နွားမကြီးလည်းမဝယ်နိုင်၊လက်လီလည်း ဝယ်မသောက်နိုင် ဖြစ်နေ
    တာဗျ...:)။

    ReplyDelete
  35. သီတင်းကျွတ်လို့ စိတ်ညစ်နေတဲ့ အထဲမှာ ကျနော်လည်းပါတယ်ဗျ။
    လာမေးရင်လဲ စိတ်ဆိုးတယ်
    ကိုယ်မှ အဖြစ်မရှိတာကိုးး)

    ReplyDelete
  36. သီတင်းကျွတ်တာဘယ်လလဲဟင်
    (အင်္ဂလိပ်လကိုမေးတာပါ.. :P)

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...