နောက်တနည်းကျပြန်တော့ အစားနဲ့ မျှားတဲ့နည်း။ "မုန့်လုံးရေပေါ်လေး OOOOOOOOO OOOO စားပါအုံးလား" ဆိုတော့ တဖက်လူမှာ ပီတိတွေဖြစ်ပြီး မုန့်လုံးရေပေါ်လေးတွေ တလုံး နှစ်လုံး ရေကြည့်နေတုန်း ဝုန်းကနဲဆို ခွက်စောင်းခုတ်၊ မျက်နှာကို ရေမြှုတ် စပရေးနဲ့ မှုတ်ပစ် လိုက်ပြီးမှ ကိုယ်ရောင်ဖျောက် ပြီး တဟီးဟီးနဲ့ ချောင်းကြည့် သဘောကျနေတတ်ပြန်တာ။
ဘလော့ဂ်တွေလည်၊ စီဘောက်တွေထဲမှာ ရေခဲရေတွေနဲ့ ပက်၊ အိုးမဲတွေ သုတ်၊ ခွက်စောင်း တွေ ခုတ်၊ အိမ်ရှင် ဧည့်ခံထားသမျှ မုန့်တွေ စားပြီးမှ ကိုယ့်အိမ်ပြန်။ အိမ်ပြန်ရောက်တော့ ကိုယ့်အိမ်လေးလည်း ရေထဲမျော၊ စီဘောက်တွေလည်း ကြွက်စုတ်ရေမွန်း ဖြစ်ရှာလို့ရယ်...
ဒါပါပဲ...။ ဒါကျမတို့ ဘလော့ဂ်ဂါ သင်္ကြန်ပေါ့...။ အဝေးရောက်သင်္ကြန်ကို အဝေးရောက်မြန်မာ တွေက အွန်လိုင်းနဲ့ ဘလော့ဂ်တွေပေါ် မှာပဲ ဆင်နွှဲကြ၊ ရေပက် မုန့်ကျွေးကြ၊ သံချပ်တွေ ထိုးကြနဲ့ ပျော်ရွှင် ရင်ခုန်စွာ တမက်တမော လိုလားစွဲလန်းစွာ ကျင်းပကြလေရဲ့......
အပြင်ထွက်နိုင်သူတွေကတော့ မြန်မာဘုန်းတော်ကြီးကျောင်းတွေ၊ မြန်မာအသင်းအဖွဲ့တွေ တချို့ရဲ့ ဦးဆောင်မှုနဲ့ သင်္ကြန်အတုလေး တခု ဖန်တီးယူခွင့် ရကြပါတယ်။ အတုဆိုတာ အစစ်လောက် မကောင်းပေမဲ့ သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ် ဆိုသလို ကိုယ့်မြေ ကိုယ့်ရွာရဲ့ သင်္ကြန်အစစ် ရနံ့ကို မှန်းဆလို့ လွမ်းကြရတာပါပဲ။
တကယ်ဆို ကျမက ရေကြောက်သူပါ။ ကလေးတုန်းက ရေဆော့သလောက် အရွယ်လေး ရောက်လာတဲ့အခါ သူများတွေ ရေဆော့တာကို မဏ္ဍပ်နောက်က ငေးကြည့်ရင်း ပျော်နေခဲ့ ရုံလောက်ပါ။ ဒီကြားထဲကမှ ကားပေါ်က လူနောက် တချို့ ဆင်းလာပြီး ရေလာလောင်းမှ စိုခဲ့ရ တာ။ အချမ်းလည်းကြောက်တာမို့ ဂျာကင်ထူထူ မချွတ်တမ်း ဝတ်ခဲ့တာ မှတ်မိနေတုန်းပါပဲ။
သင်္ကြန်ဆိုတာက အားလုံး သိကြတဲ့ အတိုင်း လူကြီးလူငယ် အရွယ်မရွေး ကလေးအစ ခွေးအဆုံး ပျော်ကြတာ။ စိတ်လွတ်ကိုယ်လွတ် ပျော်ကြတာ ။ မသိသူရော သိသူရော လမ်းမှာတွေ့ရင် စ နောက် ရင်းနှီးတတ်ကြတာ၊ အာဃာတ ရှိသူချင်းတောင် ပြေလည် ပေါင်းစည်း စေတတ်တာမျိုး မဟုတ်လား။
များသောအားဖြင့် အချမ်းခံနိုင်အောင်ဆိုပြီး ခေါင်းစဉ်တပ်လို့ မူးကြ၊ တနှစ်တခါ မို့လို့ဆိုပြီး အပျော်လွန်လို့ ရူးကြသူတွေ ချည်းပါပဲ။ ဒီတော့ စိတ်ရောကိုယ်ပါ လွတ်သွားကြတဲ့အခါ ယာဉ်တိုက်မှုတွေ၊ ရန်ပွဲတွေ၊ အသေအပျောက်တွေလည်း ပွဲတော်ပြီးတဲ့အခါ စာရင်းထွက် လာတတ်ကြပါတယ်။ ဒါကလည်း နှစ်စဉ် ဖြစ်နေကျပါလေ။
ဒါပေမဲ့ ခုလို ကျမ စာရေးပြီး ပြောနိုင်တဲ့ အခွင့်အရေး ရှိနေချိန်မှာ သင်္ကြန်ပျော်မဲ့ ကလေးတွေ ကို တခုလောက် ပြောပြချင်တယ်။ လူငယ်ပီပီ ပျော်ကြပါ၊ ရူးကြ မူးကြပါ ဒါပေမဲ့ အန္တာရာယ် ဖြစ်စေလောက် တဲ့ အပျော်မျိုးတော့ ရှောင်ကြစေ ချင်ပါတယ်။ သင်္ကြန်ရက်တွေ ဆိုရင် အိမ်က မိဘတွေဟာ သားသမီး အိမ်ပြန်ရောက်ပြီဆိုမှ ရင်ထဲက အပူလုံး ကျရတတ်တာပါ။ ဒါ့ကြောင့် ကလေးတွေအားလုံး စည်းနဲ့ ကမ်းနဲ့ စံနစ်တကျ ပျော်တတ်ကြစေချင်ပါတယ်။
စည်းကမ်းရှိတဲ့ သင်္ကြန်၊ ကျက်သရေ ရှိတဲ့ သင်္ကြန်ကို ကျန်းမာပျော်ရွှင်စွာ ဆင်နွှဲရင်း နှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုနိုင်ကြပါစေရှင်...
ချစ်မကြီးရေ. . .
ReplyDeleteငယ်ငယ်ကတော့ ကဲပေါ့ဗျာ. . .အခု အသက်ကြီးလာမှ ဆော့ကို မဆော့တတ်တော့တာ. . .သူများတွေ ဆော့နေတာကို ကြည့်ပြီး မဏ္ဍပ်ပဲ ထိန်းနေရတော့တယ်။
ဆော့နေတဲ့ အထဲမှာ ကိုယ့်ထက် ကြီးတဲ့ သူတွေတောင်မှ ပါပါတယ်။ ဒါပေမဲ့ ကိုယ်က ပျော်ပေမဲ့ မကဲတတ်တော့ဘူး။
ငယ်ငယ်ကလိုတော့ ပြွတ်လေးနဲ့ ပြိုင်ပြီး ထိုးချင်မိသား. . .
ကဲကွာ . . . စာဖတ်နေတုန်း. .အလစ်မှာ အိုးမည်း သုတ်သွားတယ်။ ပကျိ. . ပကျိ . . .ပြွတ်လေးနဲ့လည်း ပက်သွားတယ်။
ပျော်ရွှင်ပါစေ
ကိုဇော်
အွန်လိုင်းပေါ်က သင်္ကြန်က.. ပျော်တတ်ရင် ပျော်စရာကြီးပါ..
ReplyDeleteဥပုဒ်မပျက် တချက်ချက် လုပ်လို့ ရတာပေါ့..
ရေလည်း မစို တအိုအို လည်း လုပ်လို့ရသေး..
ချမ်းလည်း မချမ်း တဗွမ်းဗွမ်း လည်း လုပ်ကုန်တယ်...
YouTube ကနေ အလန်းလေးတွေ အလန်လေးတွေလည်း ကြည့်ရသေးတယ်ဗျ..း)))
ရွှင်လန်းအေးချမ်းပါစေ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
ပက်..ပက်...တုန်ဘူးဆို..တုန်ဘူးဆို..ပက်...။ တုန်ဘူးဆို..တုန်ဘူးဆိုပက်...။ မူးနေဘီဂျ.။ တနေကုန် အိမ်မှာပဲသောက်မူးပြီး သင်္ကြန်ကျလိုက်ရတယ်။ ဟင့်.။
ReplyDeleteမူးပြီး ရစ်လိုက်ရမလား..
ReplyDeleteမိုက်ဂိုက်နဲ့ မေးသွားတယ်။
အဘတို့ကတော့..ခေါင်းလျှော်ပေးမဲ့ မြေးမလေးတွေစောင့်နေတယ်ကွယ်
ReplyDeleteဟောဒီမှာ... အစ်မချစ်တစ်ယောက် အလုပ်ကောင်းကောင်းမလုပ်ဘဲ သူများတွေကို ရေလိုက်ပက် အိုးမည်းသုတ်နေပါတယ်ဗျို့.... လို့ တိုင်ပြောလိုက်မှာနော်။ :P
ReplyDeleteon line သင်္ကြန်ကို လာအားပေးသွားတယ်နော်
ReplyDeleteမကြီးအေးရေ.....
ReplyDeleteအနော်လေ... ဘယ်မှ မသွားဘူးသိလား.......
မူးလည်းမူးဘူး......။ အလုပ်ကဆက်တိုက်ကိုးးးးးးးး.........း))
(ကိုင်းလာလေရော့....... ရေပက်လိုက်ဦးမှ ......ဗွမ်းးးးးးးးးးးးးးးး....... ဗွမ်းးးးးးးးးးးးးးးးး......း))
နှစ်သစ်မှာ အစစ အဆင်ပြေပျော်ရွှင်ပါစေဗျား..........
ခင်မင်တဲ့
ဏီလင်းညို
on line သင်္ကြန်ပဲ ကြနိုင်ပါတယ်
ReplyDeleteနှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေ ..
မချစ်ရေ....
ReplyDeleteသင်္ကြန်မတိုင်ခင် အလုပ်တွေပိ။
သင်္ကြန်မှာ မအား။
သင်္ကြန်ပြီးတော့ ကွန်နက်ရှင်မကောင်း..။
မချစ်ကို နောင်နှစ်မှ ရေပက်တော့မယ်နော်။
အကြွေးမှတ်ထားပါ။