Monday, February 14, 2011

တခါက ဗာလင်တိုင်း

14th Feb, 2008
National University Hospital

ဟော...ဟိုမှာ သူ့ကို ခွဲခန်းထဲက ပြန်ထုတ်လာကြပြီ။ ကျမ အပါအဝင် သူ့ မိတ်ဆွေ သူငယ်ချင်း အားလုံးရဲ့ အကြည့်တွေက သူနာပြု ဆရာမလေး တွန်းလာတဲ့ ခုတင်ပေါ်က အဖြူရောင် စောင်တထည် လွှမ်းခြုံထားတဲ့ သူ့ဆီ ရောက်သွားကြတယ်။ သူ ခုတင်နေရာ ပြန်ရောက်တဲ့အထိ တော်တော် ကြာကြာ မျက်လုံးတွေ ပွင့်မလာသေးဘူး။ တနာရီလောက် ကြာမယ် ထင်ပါရဲ့။ မေ့ဆေးရှိန် မပြေသေးတဲ့ သူ့မျက်နှာကို ကျမ ငေးကြည့်နေတုန်းမှာပဲ ဗလုံးဗထွေး စကားသံတွေနဲ့ အတူ သူ သတိရလာခဲ့တယ်။ 

"ချမ်းတယ် ချမ်းတယ်..."

ဟုတ်တာပေါ့ အေးစိမ့်နေတဲ့ ခွဲခန်းထဲမှာ နာရီနဲ့ချီပြီး နေခဲ့ရတာဆိုတော့ သူ သိတ်အေးနေမှာပဲ။ ကျမက စောင်ထဲကို လက်ထိုးသွင်းလိုက်ပြီး သူ့ခြေဖဝါးတွေကို နွေးလာအောင် ဆုပ်နယ်ပေးနေလိုက်တယ်။

"အား အိမ်သာ သွားချင်တယ် ဝမ်းသွားချင်နေပြီ...."

ဒါက သူ သတိရပြီးမှ ပြောတဲ့ ဒုတိယမြောက် စကားတခွန်း။ သူနာပြု ဆရာမလေးက ပြုံးရင်း ပြန်ပြောတယ်။

"မဟုတ်ဘူး အဲဒါ ခွဲစိတ်ပြီး စအိုထဲမှာ ဂွမ်းထည့်ထားရတာ၊ အဲဒါကြောင့် ဝမ်းသွားချင်သလိုလို ခံစားနေရတာ..."

ဪ... ဒါ့ကြောင့်ကိုး။ သူ မျက်စေ့တွေ ပြန်မှေးရင်း ငြိမ်သွားပြန်တယ်။ 

ခဏလေးပါပဲ။ ခဏလေးကြာတော့ သူနာပြုဆရာမလေးကို ခေါ်ပြန်တယ်။

"ဆရာမ  ဆရာမ  ခုနက ဖြတ်ထုတ်လိုက်တဲ့ အသားစ (လိပ်ခေါင်း) ရောဟင်"

ဒါကတော့ သူ့ရဲ့ တတိယမြောက် စကားတခွန်းပါ။

"ဘိုင်အိုစီလုပ်ဖို့ ဓါတ်ခွဲခန်းကို ပို့လိုက်ပြီလေ...ဘာဖြစ်လို့လဲဟင်"

ကျမတို့ အားလုံးက သူ ဘာဖြစ်လို့ မေးပါလိမ့်ဆိုတာ သိချင်နေကြတယ်။ ပြီးတော့ သူ့စကား အကြားမှာ အားလုံး ရယ်မောမိကြတယ်။

"ဪ  ဘာမှ မဟုတ်ပါဘူး ဒီနေ့က ဗာလင်တိုင်းဒေးဆိုတော့ ငါ့မိန်းမကို လက်ဆောင် အဖြစ် ပေးချင်လို့ပါ" တဲ့လေ။

ကြည့်...သူဟာ အဲသလို လူစား။

သူ့ခမျာ ဆေးရုံပေါ်မှာတောင် ခွဲစိတ်နာကျင်နေတဲ့ကြားက မမေ့မလျော့ သတိရနေခဲ့ရှာတာ။ သူ ပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာတော့ အဲဒီနှစ်ကလက်ဆောင်ဟာ ကျမအတွက် အမှတ်တရအဖြစ် ရင်ထဲအထိဆုံး ဖြစ်ခဲ့ရပါရဲ့။

ချစ်ကြသူတွေအတွက်တော့ နေ့တွေတိုင်းဟာ ချစ်သူများနေ့ ဖြစ်နေကြမှာပါပဲ။ သို့သော် ဖေဖော်ဝါရီ ၁၄ကိုတော့ တကမ္ဘာလုံးက အသိအမှတ် ပြုထားတဲ့နေ့တနေ့ အဖြစ် ပိုပြီး အမှတ်တရရှိနေကြတာပါ။

ချစ်သူအတွက် လက်ဆောင်ဆိုတာဟာ တကယ်တော့ ငွေကြေးတန်ဘိုးနဲ့ ဖြတ်လို့ မရနိုင်တဲ့ သူ့ရဲ့ ချစ်ခြင်းကို ပြတဲ့ အပြုအမူလေးတခု ဒါမှမဟုတ် စကားလေးတခွန်းပဲ မဟုတ်ပါလားရှင်....


3 comments:

ချစ်ကြည်အေး said...

မေဓာဝီ

ဘိုင်အိုစီလုပ်ပြီး ပြန်လာတဲ့ ပစ္စည်းလေးကို မချစ်ကြည် အမှတ်တရ သိမ်းထားတယ် မဟုတ်လား :)

Rita

အစ်မ အဲဒါကြီး သိမ်းထားလို့ မရတောင် ဓါတ်ပုံဖြစ်ဖြစ်တော့ ရိုက်ထားလိုက်ရမှာ အမှတ်တရ။ ပို့စ်တင်တဲ့အခါ ပုံနဲ့ တွဲတင်လို့ ရတာပေါ့။ =D

ချော(အစိမ်းရောင်လွင်ပြင်)
ဟိဟိ
ကြားကတည်းက ရယ်ရတာ
ခုလို ပိုစ့်အဖြစ်ဖတ်ရတော့လည်း ရယ်မိတယ်.. ဒါပေမဲ့ နောက်ဆုံးမှာ အစ်မရဲ့ အရေးအသားလေးကတော့ Romatic ပေါ့။
ကြည်နူးစရာလေးဖြစ်သွားရော။။
Have a nice trip!. :) I'm back now.

Anonymous
ဒီလက်ဆောင်ဟာ အမိုက်ဆုံးပဲ....

ပုံ
မြွေနှစ်ကောင်ကျောက်

Pwint Myue Zin

:D.. d best gift!

Crystal

ဟိုဒင်းဆိုလို့ နဲနဲတွန့်သွားတယ် အစ်မ။


Sandakuu

တော်တော်နောက်တယ်..

အရှင်...

ချစ်ခွင့်ရှိတဲ့လူတွေကျတော့လည်း လက်ဆောင်ကို အမျိုးမျိုးကြံဖန်ပြီး ပေးချင်ကြတယ်နော်...ချစ်ခွင့်မရှိတဲ့...မှာတော့ ချောကလက်တွေတောင် မှိုတက်ကုန်ပြီ...

မြစ်ကျိုးအင်း

ဂန္တဝင်လက်ဆောင် ပေးချင်တာနေမှာ။

Anonymous

မချစ်...အဲဒီလက်‌ဆောင်‌လေးသိမ်းထားတယ်..ဟုတ်..။

မိုးငွေ့......

ငါ့အမချစ်ရဲ့ဗယ်လင်တိုင်းလက်ဆောင်က ကမ္ဘာပေါ်မှာ အမိုက်ဆုံးကွ...

Anonymous

ဒါနဲ့... ဒီနှစ် ဗာလင်တိုင်းဒေးမှာကော ဘယ်လိုမျိုး လက်ဆောင်ရခဲ့လဲ အမ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Ko Boyz

အဖိုးတန် လက်ဆောင်ပဲ...။
ဘာတဲ့.. ပြည်သူတွေဟာ မိမိနဲ့ ထိုက်တန်တဲ့ အစိုးရကို ရတယ် ဆိုလား..။ :P

An Asian Tour Operator

တသက်လုံးအမှတ်ရစေမယ့် လက်ဆောင်ပဲ။

Anonymous said...

ကော်မန့်တွေ ပြန်တင်ထားပါတယ်။ ကော်မန့်ပေးရင် လင့်ခ်မထားခဲ့ဘဲ အနောနီးမတ်နဲ့ ဝင်ပြီး နာမည်လေးသာ ချန်ပေးခဲ့ကြပါလို့......
ကျေးဇူးတင် ချစ်ခင်စွာ

ချစ်ကြည်အေး :)

Anonymous said...

နောက်ဆုံးအပိုဒ်လေးက မျက်ရည်ဝဲမိအောင်ဘဲ ကြည်းနူးပိတိစိတ်လေးဖြစ်မိရပါတယ်...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်