Monday, February 28, 2011

ထွေရာ ၄ပါး-၃

ထွေရာ-၁ပါး
သူ့ ကျန်းမာရေး

ခုတလော အိမ်ကလူကြီးရဲ့ ကျန်းမာရေးက အတော်လေး ထူထူထောင်ထောင် ရှိလာပါပြီ။ တပတ်လောက် သူ အိပ်ရာထဲ လဲနေချိန်တွေတုန်းက ကျမဖြင့် အတော်လေး ကသီခဲ့တာ။ ရုံးအလုပ် တဘက်၊ ချက်ရေးပြုတ်ရေး တဘက်၊ သူ့ပြုစုရတာက တဘက် ဒီကြားထဲ ဘလော့ဂ်ကလည်း ရေးချင်သေးတာ ဆိုတော့ကာ...။ ည ညတွေဆို အိပ်ချိန်ထဲက ဖဲ့ပြီး စာလေး တကြောင်းရ ရ ရေးထား၊ ပုံလေး တပုံပဲ ဖြစ်ဖြစ် အပ်လုပ်ဒ် လုပ်ထားနဲ့ မူးစု ပဲစု ကုလားစု စုပြီး ပိုစ့်လေးတွေ တင်နေရရှာတာ။

သူ့ရောဂါကလည်း ဘာဖြစ်မှန်းမသိ။ မနက်ဆို အကောင်း၊ ညနေ ညနေဆို ဦးခေါင်းခွံကြီး ဆွဲချွတ်ထားချင်လောက်အောင် ခေါင်းမူးသတဲ့။ ကိုက်လည်း ကိုက်သတဲ့။ ဆေးခန်းလဲ စုံ၊ ဆေးလည်း စုံနေပြီမို့ သူ့မှာ ဒီတောင်မှ ကျော်နိုင်ပါတော့မလားနဲ့ စိတ်ဓါတ်တွေကျ၊ သူတယောက်တည်း ရှိနေချိန်မှာ အင်တာနက်ထဲက ဘရိန်းကျူမာတို့ ဘရိန်းကင်ဆာတို့ရဲ့ ရောဂါ အသွင်အပြင်တွေ ရှာဖွေဖတ်ပြီး တူလှချည့် ဆိုပြီး စိတ်ကထင်၊ အမေ့ကိုလည်း အမေ့သမီးကို ဂရုစိုက်နော်လို့ ငိုသံပါကြီးနဲ့ မှာလိုမှာ။

ဖြစ်ရမယ်လေ။ သူက ကျမလို ဂီလာနမှ မဟုတ်ပေတာပဲ။ အင်မတန် ကျမ်းမာသူ၊ ဆေး လုံးဝ မသောက်သူကိုး။ ခုလို ဆေးတွေကို ပဲလှော်လို စားနေရင်းက မပျောက်တဲ့အခါ သူ စိတ်ဓါတ် ကျလာတော့တာ။ ဆရာဝန်နဲ့ တွေ့ဖို့ ဆေးရုံမှာ ရက်ချိန်းယူတော့လည်း ဧပြီလကျမှ ရက်က ရတယ်။ မစောင့်နိုင်ဘူးလေ သူက ခုကို ပြချင်တော့တာ။ ခေါင်းမထူနိုင်အောင် အိပ်ရာထဲ လဲနေတာ ဆိုတော့လည်း သူ ဘယ်လိုမှ ဆက်ပြီး မခံစားနိုင်တော့ဘူးပေါ့လေ။ ဒါနဲ့ပဲ အရေးပေါ်ဌာနကို နှစ်ယောက်သား သွားခဲ့လိုက်ကြတော့တယ်။

ဟော...သက်သာချင်တော့လည်း ဆေးရုံက ဆရာဝန် ပေးလိုက်တဲ့ဆေး တခါသောက် ၂လုံး၊ တနေ့ ၃ကြိမ်နဲ့ကိုပဲ ကောင်းနေပြန်ရဲ့။ ဘာဆေးလဲ ဆိုတော့ကာ ပါရာစီတမော....။ အံ့ဩတယ် တကယ်ပါပဲ။ ဒါပေမဲ့လို့ ရောဂါ အကြောင်းရင်းကို ရှာဖွေဖို့တော့ အာရုံကြောဆရာဝန်နဲ့ ရက်ချိန်းယူထားပါသေးတယ်။ သူ နေမကောင်းစဉ်က အိမ်အထိ သတင်းမေး လာကြသူများ၊ မက့်ဆေ့ခ်ျပို့ ပြီး မေးသူများ၊ ဖုန်းနဲ့တမျိုး ဖဘမှာတဖုံ သတင်းမေးလာကြသူများ၊ အကြံဉာဏ်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ရပါတယ်။

သူ့တော့ လူချစ် လူခင် များကြသား။ ကျမ နာမကျန်းဖြစ်ရင်သာ ဘယ်လိုနေမယ် မပြောတတ်ဘူး။ အေးလေ ဝန်ကတော် တကျပ်၊ ဝန်သေတော့ တမတ် ဆိုကြသမို့လား...။

ထွေရာ-၂ပါး
ဗီဗာဟိန်း စီစဉ်သူအတွက် စာ

ယူတျူ့မှာ လျမ်းလျမ်းတောက်နေတဲ့ ဗူးသီးမ...ဆောရီး သည်းခံပါရှင်။ ဗူးသီးမှ အရီးလာမတော်နဲ့ဟယ် ဆိုတဲ့ ဗီဗာဟိန်း...။ အဲဒီ ဗီဗာဟိန်းအကြောင်း မပြောချင်ပါဘူး။ ဒါက ထူးမှ မထူးဆန်းပါကပဲလား။ ခုခေတ်ကြီးကိုကမှ ရဲရမဲ့ခေတ်။ လုပ်ရဲရမယ်။ ကြောင်ရဲရမယ်။ ပေါရဲရမယ်။ ဝတ်ရဲ စားရဲရမယ်။ အော်ရဲ ဟစ်ရဲရမယ်။ ခုန်ပေါက်ရဲ လှူပ်ယမ်းရဲရမယ်။ အဲဒီရဲတွေနဲ့ တခုမဟုတ် တခု ငြိရဲရင် နာမည်ကြီးတာပဲ။ အရည်အချင်း ပြည့်မီစွာနဲ့ နာမည်ကြီးသူများကို မဆိုလိုပါ။ ဒီတော့ အဲဒီဖော်မြူလာနဲ့ လူသိများလာတဲ့ ဗီဗာဟိန်းကို အထူးအထွေ မပြောလိုပါ။ ပြောကို မပြောလိုပါ။ အနဲဆုံးတော့ အရုပ်မပါ အသံချည်းပဲ နားထောင်ရင် ပို စိတ်ချမ်းသာတာပဲ မဟုတ်ပါလား။

ပြောစရာ ရှိတာက ကျမကို အံ့ဩစေတဲ့ စီစဉ်သူ ဥူးပဇ္ဇင်းကိုပါ။ စီစဉ်သူဟာ တကယ်ပဲ သာသနာ့ဘောင်ထဲက အစစ်အမှန် သံဃာတော်တပါးသာ ဖြစ်ရင် ဒီလုပ်ရပ်ဟာ အင်မတန် မသင့်လျော်လှတာပါ။ များပြားလှတဲ့ သိက္ခာပုဒ်တွေကို စောင့်ထိန်းနေရတဲ့ သံဃာတော်၊ ဘုရားသားတော်တပါး မဆိုထားနဲ့ ကျမတို့လို လူပုဂ္ဂိုလ်တွေတောင် ၉ပါးသီလစောင့်ထိန်းတဲ့အခါ နစ္စ၊ ဂီတ ဆိုတဲ့ သီလကို စောင့်ထိန်းရသေးတာ။ ဒီသိက္ခာပုဒ်ဟာ တေးဂီတ အကအခုန် စတာတွေကို ကိုယ်တိုင်လည်း မလုပ်၊ သူများတကာ လုပ်ဆောင်တာကိုလည်း အားမပေးရဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။

ဝါသနာဆိုတာကတော့ ရဟန္တာပုဂ္ဂိုလ်ကြီးတွေတောင် အငွေ့အသက် ကျန်ရှိနေသေးတာ။ ဝါသနာအငွေ့အသက်နှင့်တကွ အလုံးစုံသော ကိလေသာတို့ကို ပယ်သတ်နိုင်သူဟာ အဆူဆူ ပွင့်ခဲ့ပြီးသော ဘုရားရှင်ကိုယ်တော်မြတ်များပဲ ပယ်သတ်နိုင်တာပါ။ ဒီတော့ ဥူးဇင်းရယ် ဝါသနာပါရင်လည်း ဓမ္မတေးသီချင်းလေးတွေလောက် စီစဉ်ပါလို့သာ မေတ္တာရပ်ခံချင်တော့တာပါပဲ။

ထွေရာ-၃ပါး
တူမလေး မွေးနေ့

ကျမရဲ့ တူမလေး ဒီနေ့ပဲ ၈လပြည့်ပါတယ်။ သူ ကျမတို့ဆီကို ရောက်နေခိုက် အမှတ်တရ မိသားစု၊ သူငယ်ချင်းတွေ ဖိတ်ကြားပြီး မွေးနေ့ပွဲ သေးသေးလေး လုပ်ပေးခဲ့ပါတယ်။ မိုးတွေ စွေရွာနေတဲ့ အချိန်မှာ
မွေးသူမို့ အိမ်နာမည် မိုး-Rain လို့ ပေးထားပါတယ်။




ချစ်ရသော တူမလေး ဘဝတလျှောက် အစစအရာရာ စိတ်သွားတိုင်း ကိုယ်ပါ၊ ကျန်းမာ ချမ်းသာ၍ သာသနာပြုနိုင်သော၊ မိဘကျေးဇူး ဆပ်နိုင်သော သမီးကောင်း ရတနာလေး ဖြစ်ပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ထွေရာ-၄ပါး
ဒီနေ့ ချက်စားတဲ့ဟင်း

ဝက်သား မန်ကျည်းနှစ်ချက်...
လွယ်ပါတယ်။ ပုံမှန် ချက်နေကျအတိုင်း ဝက်သားကို လုံးချက်ပါတယ်။ ဝက်သား ကီလိုဝက်လောက်ပါ။ အခေါက် နူးခါနီးတော့မှ ကြက်သွန်နီ ဥသေးသေးလေးတွေ အလုံးလိုက် ထည့်ပါတယ်။ ပြီးမှ ခပ်ပျစ်ပျစ် ဖျော်ထားတဲ့ မန်ကျည်းနှစ်လေး ထည့်ပါ။ လျို့ဝှက်ချက်က ထန်းညက်ခဲ တခဲကို လေးစိတ် စိတ်ပြီး တစိတ်လောက် ဟင်းအိုးထဲ ပစ်ထည့်လိုက်တာပါ။ အဲဒီအခါ မန်ကျည်းနှစ်ရဲ့ အချဉ်ရယ်၊ ထန်းညက်ခဲရဲ့ အချိုရယ်၊ ကြက်သွန်နီဥ အနှစ် အိအိလေးရယ်၊ နူးနေတဲ့ ဝက်သားအဆီ တုန်တုန်လေးရယ်....။ အင်မတန်မှ အရသာ အစပ်အဟပ် ညီတဲ့ ဝက်သား မန်ကျည်းနှစ်ချက်လေး စားဖို့ အဆင်သင့်ရပြီပေါ့။


ဘရိုကိုလီနဲ့ အဘယ်လုံနီ...
အဘယ်လုံနီ...ဆိုတာ ပင်လယ်စာ တမျိုးပါ။ ဝယ်မစားပါဘူး။ တရုတ်နှစ်ကူးတုန်းက ရုံးက မဲဖောက်ပေးတဲ့ အထဲ ပါလာလို့ အမေလည်း ရှိနေတုန်း စားဖူးအောင် ချက်ဖြစ်လိုက်တာပါ။ ဘရိုကိုလီ-ပန်းဂေါ်ဖီစိမ်းကို ဆီနဲနဲနဲ့ ရေလေး ဖြန်းဖြန်းပြီး အရင်ကြော်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ခပ်ဆတ်ဆတ်လေး ရှိတဲ့အခါ လှီးထားတဲ့ အဘယ်လုံနီကို ထည့်၊ သူက ကျက်ပြီးသားမို့ သိတ်ချက်နေဖို့ မလိုပါဘူး။ ခရုဆီ...အနည်းငယ်ဖြစ်ဖြစ် ထည့်ပါ။ ကျမကတော့ အိမ်မှာ အသင့်ရှိနေတဲ့ အဘယ်လုံနီဆော့စ်ကိုပဲ သုံးလိုက်ပါတယ်။ ငရုတ်ကောင်းမှုန့်လေးနဲနဲ ဖြူး၊ အချိုအငံ မြည်းပြီး အဆင်ပြေတယ်ဆို စားလို့ ရပါပြီ။ ကျမကတော့ ဟင်းရည်သောက် မပါတာမို့ အရည် ခပ်ပက်ပက်လေးနဲ့ ဆမ်းစား၊ သောက်စားလို့ရအောင် ချက်ထားပါတယ်။ အဘယ်လုံနီအစား ပုဇွန်နဲ့ ကြော်စားရင်လည်း ကောင်းပါတယ်ရှင်။



ငါးကြော်....
ငါးပုလွေလိုလို ငါးမျိုးပါ။ ငါးကြော်ရတာ ပညာ အပါဆုံး၊ အခက်ဆုံးပါပဲ။ ဆီ မပေါက်အောင်လေ...။ ဘာရမလဲ...ဆီ ဆူတာနဲ့ ငါးတွေကို ဒယ်အိုး နှုတ်ခမ်းအတိုင်း အသာလေး လျှောကနဲ လှိမ့်ထည့်ပြီး အပေါ်ကနေ ဇလုံနဲ့ အုပ်ထည့်လိုက်တယ်။ ဒီလိုကျတော့လည်း ဆီပေါက်သံလေးက နားထောင် အကောင်းသားရယ်။ အရေးကြီးတာက ငါးကြော်တဲ့အခါ မီး မပြင်းစေရသလို မီးလည်း သိတ်မအေးစေရပါဘူး။ ငါးကြော်နံ့လေး မွှေးလာရင် ကျက်ပါပြီ။ အသက်ကလေး အသာ အောင့်ထားပြီး အသာလေး တခြမ်းလှန် ပြီးမှ ခုနကအတိုင်း ဆက်ကြော်ပါ။ ထမင်းဖြူ ပူပူလေးပေါ် ငါးကြော်ဆီလေး ဆမ်းပြီး ဆားလေးနဲနဲ ဖြူးစားရတာ ကျမ သိတ်ကြိုက်ပါတယ်။


အားလုံးပဲ စားကောင်း သောက်ကောင်းကြပါစေရှင်....


18 comments:

P.Ti said...

ထွေရာ-၁ပါး
အမရဲ့လူကြီး အကိုကြီး ပြန်လည်ကျန်းမာလာလို့ ၀မ်းသာပါတယ်။ ဆေးနဲ့ရောဂါကတော့ အဲဒီလိုပဲ တခါတလေ ဖြစ်တတ်တယ်နော်။

ထွေရာ-၂ပါး
ဗီဗာဟိန်း ဆိုတာဖတ်ဖတ်နေတာ ဗာဗီဟိန်းပဲဖြစ်ဖြစ်နေတယ်။ တခါမှမကြားဖူးဘူး။ သီလမစောင့်နိုင်၊ ၀ိနည်းမလိုက်နာနိုင်ပဲ ဘုန်းကြီးလုပ်နေရင် လုပ်တဲ့လူတင်မဟုတ် ဘေးကလူတွေပါ အကုသိုလ်များလိုက်တာ။

ထွေရာ-၃ပါး
အမတူမလေးက ၀၀ကစ်စ် ချစ်စရာလေး

ထွေရာ-၄ပါး
စားချင်လိုက်တာ... :D

P.Ti said...

အခုတလော ကွန်မန့်တွေတောင် စာပေစီစစ်ရေးကို တင်နေရပါလားနော် :D

မောင်လေး said...

ဗီဗာဟိန်း....ဟုတ်လား တိဘူးဗျ....၊
တူမလေးကဝတုတ်လေး..ချစ်စရာ....။
အား...ဝက်...ဝက်....၊ဝက်မြင်တာနဲ့ တုန်တတ်လာပြီ...။
စားလိုက်ရမှ ငြိမ်သွားတာကလား...:)
ငါးကို ဆီမပေါက်အောင်ကြော်နည်း နိဿရည်းကတော့
မှတ်သားလောက်စရာတကယ်ကောင်းတယ်...:)

မေဓာဝီ said...

တထွေ ... သက်သာပြီဆိုပြီး မပေါ့ပါနဲ့အမ ... ဆက်လက်၍ ဂရုစိုက်ပါ။

နှစ်ထွေ ... ဗီဗာဟိန်းကို မသိပေမဲ့ ဘုန်းကြီးက စီစဉ်သူဆိုလို့ အံ့သြကုန်နိုင်ဖွယ်ပါတကားလို့ ဘုရားတ-သွားတယ်။

သုံးထွေ ... ၈ လပြည့် ကလေးလေးက ထွားလိုက်တာ .. ဂျပန်မလေးလိုပဲ ... မချစ်ကြည် ဆုတောင်းတဲ့အတိုင်း ပြည့်ပါစေလို့ သံယောင်လိုက်၍ ထပ်ဆုတောင်းသွားပါတယ်။

လေးထွေ ... ၀က်သား မန်ကျည်းနှစ် ... အိုးလိုက်ဆွဲချင်နေတယ်။
ဘရိုကိုလီ .... ခဏခဏစားရလွန်းလို့ သိပ်မကြိုက်ပေမဲ့ အဘယ်လုံနီဆိုတာကို စိတ်ဝင်စားနေတာ။ အဘယ်လုံချည် မဟုတ်လို့ တော်သေး ... ။ :P
ငါးကြော် ... မြည်းချင်စရာလေး ... ရေနွေးကြမ်းနဲ့ပါ။ :))

နောက်ဆို ခုနစ်ထွေ ရှစ်ထွေ များများရေးပါ အမချစ်ကြည် ... ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်ကိုကြီး နေကောင်းပြီလား
နေမကောင်းတာ မသိလိုက်ဘူး အစ်မရယ် ခု ပြန်ကောင်းမှဘဲ သိရတော့တယ် သတင်းမမေးဖြစ်လိုက်တာ ဆောရီးပါနော်။
ဗီဗာဟိန်းလဲ သိရပြန်တာဘဲနော် အစ်မကတော့း)
ညီမလဲ ဟိုနေ့ည တစ်ညလုံး သူ့သီချင်းတွေ အားလုံးထိုင်ကြည့်ပြီး ဒေါမနဿတွေ ပွားနေမိတာပေါ့။ မြန်မာဝတ်စုံနဲ့ ရက်ပါ ကဟန်လေးက ကြည့်ချစ်စဖွယ် ကောင်းလွန်းလို့ လိုက်ကမလားတောင် စဉ်းစားမိတယ် ဟီးဟီး။
အစ်မ တူမ ၀၀ကစ်ကစ်လေး မွေးနေ့ပေါင်းရာကျော်တိုင်ပါစေနော်။
ဝက်သားမကျည်းနှစ်ချက်လေးက သွားရေတောင်ကျတယ်
အဆီတုံး အိအိလေးမြင်ယောင်ပြီး ရှလွတ်ဖြစ်တယ်..

ကိုအောင်(ပျူနိုင်ငံ) said...

အကို့ ကျန်းမာရေး ဒေါင်ဒေါင်မြည်လာတော့
အမလည်း ဘလော့မှာ ပို့စ်များများ ပြန်ရေး
နိုင်တော့မယ်ပေါ့ ...

ဆလင်းကျောက် said...

ဟိုလူကြီး..ကျန်းမာဝဖြိုးအလှတွေတိုးနေတယ်ဆိုလို့ ဝမ်းသာပါ၏.....
ဗီဗာဟိန်းလဲ ဝပါ၏..
တူမလေးလဲ ဝပါ၏...
ဝက်သားစားလျင် ဝမှာကြောက်လို့ မစားတော့ပါ..
ငါးလေးတွေ ပိန်ပါ၏....။

Ingjin said...

အစ်မချစ်...ကိုကြီးနေမကောင်းတာ မသိလိုက်ဘူး... :((....ဘာပဲပြောပြောနေကောင်းသွားပြီဆိုလို့ ၀မ်းသာပါတယ်။ ဗီဗာဟိန်းနဲ့ ဥူးဇင်းနဲ့အကြောင်းကတော့ ပြောရမှာစိတ်ကုန်လွန်းလို့...အစ်မချစ်တူမလေး
ရောက်နေတာလား...သူလေတအားချစ်စရာကောင်းတယ်နော်
....အောက်ဆုံးက ငါးကြော်ပုံကြည့်ပြီး အံ့သြသွားတယ်....ဂျင်းလည်းအခုပဲအဲဒီငါးကြော်နဲ့ ထမင်းစားပြီးတာမို့လို့လေ... :)))

မောင်မျိုး said...

ဗီဗာဟိန်း ကို ကိုယ်တွေသာမကြိုက်တယ် တောမှာတော့ အလှူဆို သူ့သီချင်းကြီးပဲဖွင့်နေကြတာ ခလေးတွေလည်းကြိုက်ပါ့ ကျနော်ကတော့ ရယ်စရာမဟုတ်ပဲ သူ့သီချင်းတွေကြည့်ပြီး ထိုင်ထိုင်ရယ်နေတော့တာ စိတ်ညစ်ပါ့ တွေ့ရ မြင်ရတား(

ပန်းဖူးစိမ်းကြော်စားသွားတယ် တူမလေးက ချစ်စရာလေးပဲ အဒေါ်တွေနဲ့တူလို့ဖြစ်မယ် ။

Anonymous said...

မချစ်ရဲ့ချစ်ချစ်ကြီး‌ခေါင်းကိုက်‌ရောဂါအတွက်ကိုယ်‌တွေ့
‌ဆေးမြီးတို‌လေး‌ပေးချင်လို့ပါ..ခုလို‌နေ့ပူညချမ်းရာသီ
မှာ..‌နေ့လည်၊ည‌နေ အထူးသဖြင့်..အပြင်ကပြန်လာချိန်
‌တွေမှာမခံမရပ်နိုင်‌အောင်‌ခေါင်းကိုက်ရင်..နာရီဝက်‌လောက်နားပြီး..ဒူး‌ခေါင်းက‌နေ‌ရေ‌အေး‌အေးနဲ့အားရ‌အောင်‌လောင်းချလိုက်၊ပြီးရင်‌ရေစင်‌အောင်သုတ်၊ချက်ချင်းသက်သာသွားတယ်သိလား..
တိုင်းရင်း‌ဆေးနည်း‌ပေါ့..အပူ‌တွေအ‌ပေါ်ကိုဆန်လို့ေ ခါင်းကိုက်တာတဲ့..မချစ်လြူကီးမြန်မြန်‌နေ‌ကောင်းပါ‌စေ..။
စူပါဗီဗာရဲ့စပွန်ဆာဘုန်းကြီးက‌နောက်တခါဆိုရင်ကိုယ်
တိုင်‌ရေးဆိုဇီးသီးထုတ်‌တော့မယ်တဲ့..အား‌ပေးကြတာ‌ပေါ့..။
မချစ်တူမ‌လေးကအ‌ဒေါ်နဲ့တူတာထင်တယ်..ချစ်စရာ
‌လေး‌နော်...။
အခုတ‌လောဘ‌လော့‌ပေါ်မှာဝက်သား‌တွေပြပြီးနှိပ်စက်
‌နေကြတယ်‌နော်..ဟင်း..(အြံကိတ်သံသွားသည်)။
အဘယ်နီနြီကီး‌တော့‌ကြောက်..‌ကြောက်..ငါး‌ကြော်‌တွေ
အားရပါးရဝါးသွားဘီ...။
စုစု

Kay said...

မချစ်.. cluster headache များလား.. ဂူးဂဲလ် ကြည့်လိုက်ပါ.. ရောဂါ လက္ခဏာတွေ တွေ့ရမယ်..။

အိမ်မှာလည်းပဲ... ။
အဲဒီ ခေါင်းကိုက်တာက.. မနက် နေထွက်ချိန်.. ညနေ နေစောင်းချိန် .. ( မသိရင်တော့..ပြုစားသလို ) တကယ်တော့..မျက်စိ နဲ့ အလင်း နဲ့ ထိတွေ့ တန်ပြန်မူ တခု ကြောင့်လဲ ပါတယ်။ .. တသောင်းမှာ တယောက် ဖြစ်တတ်သတဲ့.. ခုတော့..

An Asian Tour Operator said...

၁။ အကိုတော် ကိုပန်းသီး အမြန်သက်သာပါစေ။ ကျနော်လဲ ခေါင်းခဏခဏကိုက်တယ်။ အဲဒီလို ကိုက်လာ ရင် ဗော်ဒကာ ၄ ပက်လောက် သောက်လိုက်တယ်။
၂။ ဗီဗာဟိန်း အကြောင်းကတော့ ဗျိုး ဟစ်ပြီးတော့ သာ.. ပြောကို မပြောချင်တော့ပါဘူး။
၃။ တူမလေးချစ်စရာကောင်းတာက အမျိုး လိုက်လို့ လို့ပြောရင် တနေ့ စလုံး ၅ ကျပ်တန် မုန့် ၃နှစ်တိတိ ၀ယ်ကျွေးချင် သွားဦးမယ်။
၎။ ၀က်သားမန်ကျည်းမှည့်နှပ်နည်း ယူသွားတယ်။ှရှဲတဲ့ အတွက်ကျေးဇူးပါ။
၅။ ငါးအမျိုးမျိုး နေ့တိုင်းလိုစားနေရပေမယ့် မရိုးသေးပါဘူး။
၆။ အမှန်က ၄ထွေ ဆို ဒေါင်းနေပြီဗျ။

crystal said...

ဝမ်းတလုံးကောင်းရင် ခေါင်းတလုံးမခဲဘူးတဲ့ အစ်မရ။ တခြားနေရာတွေလည်း ဂရုစိုက်လိုက်ပါအုံး။
တူမလေးကတော့ ညီမ တူမလေးနဲ့ တော်တော်ဆင်ပါတယ်။ မွှေးမွှေးပေးခဲ့တယ်။
ဝက်ကို ရှောင်က ငါးကို ရှလွတ်သွားပါတယ်ရှင်။

Anonymous said...

မမချစ်

အကိုကြီးနေမကောင်းတာကို မမေးရက်လို့ မမေးတာ.
ခုသူပြောသလိုဆိုနားလည်တယ် မချစ်ရဲ့ အိမ်ကချစ်ချစ်နေမကောင်းတုန်းကလည်းသူ့ မှာ သူ့ ရောဂါထက် ခလေးငယ်ငယ်လေး၂ ယောက်နဲ့ မိန်းမကိုကြည့်ပြီး မစားနိုင်မသောက်နိုင် ဘယ်သူတွေ ဆီက ဘယ်လောက်ရမယ်က အစ အသေးစိတ်ပြောတာပါဆို....

နောက်တစ်ခါ ကြည်ကြည်ကိုယ်တိုင်ဖြစ်တာ အဆုတ်မှာအရိပ်တွေ့ တယ်ဆိုတော့ ဟုတ်မဟုတ်မသေချာပဲ သူ က အရက်တွေ သောက်ပြီး ညတိုင်းငို.. နောက်လေပြွန် အသေးတစ်ချောင်းပွတာဆိုတဲ့ အဖြေထွက်လာတော့မှ သူ့ ခမျာ ပျော်နိုင်တယ်...
သံယောဇဉ်ဆိုတာ တစ်ခါတစ်ခါ သိပ်ပူရတယ် မချစ်ရယ်.....


မချစ်ကရော တူမလေးလို ၀ကစ်ကစ်လေးလား
ကိုက်စားချင်စရာကြီးလား.......း)


ငါးကျော်မစားရတာ ဒီရောက်ကတည်းကပေါ့ ဆီပေါက်တဲ့ကိစ္စကြောက်လို့ 

ချမ်းမြေ့ပါစေ မချစ်ရေ


ကြည်ကြည်

Thu said...

http://www.youtube.com/watch?v=XcCES4N0hds

Youtube ကြည့်လို့ မရသူများအတွက် ဖောက်သည်ချရမယ်ဆိုရင်တော့ဖြင့် အဆိုပါ အမျိုးသမီး အဆိုတော်က သူ့ Channel ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ ရှိရင်းစွဲ သူ့ ရဲ့ Video များမှာလည်း comment ပေးခြင်းကို လက်မခံတော့ပါကြောင်း သတင်းပေး
လိုက်ရပါတယ်ခင်ဗျာ။
http://myanmarinsingapore.com/profiles/blogs/inspiration-copyright-amp

TZA said...

အမရဲ့အကိုကြီး ထူထူထောင်ထောင်ဖြစ်လာတာ ကြားရတာဝမ်းသာပါတယ်၊ ဆက်ပြီးဂရုစိုက်ပါ၊ အဟင်း။

သက်ဝေ said...

၁) သူငယ်ချင်းရဲ့ ချစ်ချစ် နေကောင်းလာတာ ဝမ်းသာသည်။ လူထက် စိတ်က ပို၍ အဓိက ကျသည်...။

၂) အကြားနှင့်ပင် စိတ်ပျက်နေရတာ လုံလောက်ပြီ... အမြင်ဖြင့် အကုသိုလ် မယူချင်။ ထို့ကြောင့် လုံးဝ မကြည့်ပါ။

၃) သိပ်ချစ်စရာကောင်းတဲ့ ကလေးလေး... ပါးလေးတွေ တွဲနေတာကို အချစ်ဆုံး...

၎) ဝက်သား မန်ကျည်းနှစ်ချက်က လူကို ဖမ်းစားသည်။ ဝက်သားကို မကြိုက်သူ ကိုယ်လို လူတောင် စားချင်သလိုလို ဖြစ်မိသည်... တရက်လောက် အဆီမပါပဲ အသားချည်းသက်သက် ချက်ကျွေးပါ သူငယ်ချင်း...

ထွေရာလေးပါး အတွက် မှတ်ချက် ဤတွင် ပြီး၏။

အဖြူရောင်နတ်သမီး said...

မချစ်..
ထွေရာ၎ပါး လာဖတ်သွားပါတယ်..
တူမလေးက ဝဝကစ်ကစ်လေး ချစ်စရာလေးနော်...
ဝက်သားတော့ ရှောင်ထားလို့မစားတော့ဘူး၊ ငါးကြော်လေးတော့ တစ်ကောင်လောက်ပါဆယ် ထုတ်ခွင့်ပြုပါနော်..ဟိ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်