Thursday, February 2, 2023

02022023

 လူ​တွေရဲ့စိတ်ဟာ အတိတ်နဲ့ အနာဂတ်ကြားမှာ လွန်းထိုးသွားလာ​နေတတ်ကြတာ များတယ်တဲ့။

လက်ရှိမှာ စိတ်ကိုတင်ထားဖို့ ခက်တယ်ပဲ ​ပြောပါ​တော့။ 

ကျွန်မ ခုတ​လော သတိပဌာန်​လေးနဲ့ ​နေတတ်​အောင် ကြိုးစားဖြစ်ပါတယ်။ လက်ရှိ ဖြစ် တည် ပျက်အ​ပေါ်မှာ စိတ်ကို ထားတတ်​အောင် ​လေ့ကျင့်ယူပါတယ်။

တခါတ​လေ​တော့လည်း တမင်ပဲ စိတ်ကို ပြီးခဲ့တဲ့ကာလတခုဆီ လွှတ်လိုက်တယ်၊ မ​ရောက်​သေးတဲ့အချိန်တခုဆီလည်း သွားခိုင်းလိုက်တယ်။ ပြီး​တော့ ကိုယ့်စိတ် ကိုယ်ပြန်စစ်တယ်။ 

ကျွန်မက ​ခေါင်းမာတယ်လို့ ကိုယ့်ကိုယ်ကို သိပါတယ်။ ​လောကကြီးထဲ အမှန်အမှားဆိုတာကို လူ​တွေဆုံးဖြတ်တဲ့အတိုင်း မလိုက်နာလိုသူပါ။ ကိုယ်လုပ်ချင်ရင် ဇွတ်တိုးလုပ်တတ်ပါတယ်။ လမ်း​ချော်သွားလည်း လမ်းမှန်​ပေါ် ပြန်မတင်ဘဲ ​ချော်တဲ့အတိုင်း ကိုယ်ကြိုက်ရင် ဆက်​လျှောက်တတ်သူပါ။ ကျွန်မရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်။ အားနာတတ်တယ်။ ယုံလွယ်တယ်။ ကိုယ်လုပ်ချင်ပြီဆို သာတယ်နာတယ် မတွက်တတ်သူ...။ 

ဒီလိုနဲ့ ဘဝမှာ ဒဏ်ရာဒဏ်ချက်​တွေ များလှပါတယ်၊ များများလာပါတယ်။ ကျွန်မ ​ကျေ​ကျေနပ်နပ်ပဲ လက်ခံလိုက်တယ်။ ပြင်လို့ရမယ်ဆို ပြန်ပြင်ချင်တဲ့အတိတ်ရှိခဲ့သလား​မေးရင် ဟင့်အင်း ကျွန်မ ဒီအတိုင်းပဲ ထားလိုက်ပါမယ်လို့ ​ဖြေမယ်။ ဖြစ်သမျှ ပျက်သမျှဟာ အ​ကြောင်းရှိခဲ့လို့ပဲ​ပေါ့...။ 

ဒါ​ပေမယ့် တခု​တော့ ရှိတယ်၊ ကျွန်မ မာနကြီးချင်တယ်။ အထူးသဖြင့် ကျွန်မချစ်ရတဲ့သူ​တွေနဲ့ဆိုရင်...၊ ကျွန်မ မာနထားတတ်ချင်ပါတယ်။ 

ဒါ​ပေမယ့်လည်း​လေ အဲတာက ရယ်စရာစိတ်ကူးတခုမျှသာပါပဲ၊ ဘာလို့ဆို...ကျွန်မက ကျွန်မဖြစ်​နေလို့​ပေါ့။ 

အခါများစွာမှာ သ​ဘော​ကောင်းရတာ၊ လွယ်​ပေးလိုက်ရတာ​တွေဟာ ကိုယ့်တန်ဘိုးကို သူများချနင်းဖို့ ခင်း​ပေးလိုက်ရတာမျိုး ဖြစ်တတ်တာ​​လေ...။ 

တကယ်ပါ၊ ​

နောက်ဘဝမှာ ကျွန်မက ပန်းဖြစ်မယ်ဆိုရင် ရနံ့မ​မွှေးချင်​နေပါ​စေ...၊ ဆူး​တော့ ရှိချင်တယ်...။

2 comments:

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...