Monday, September 17, 2012

ချစ်ကြည်အေးနှင့် အင်တာဗျူးများ

ကျွန်မ စာမရေးနိုင်သေးခင်မှာ အရင်က ရေးထားတာလေးတွေထဲက အင်တာဗျူးလေးတွေ ပြန်တင်ပေး လိုက်ပါတယ်။ ကြာပါပြီ။ အပိုင်း ၃ပိုင်းရေးထားပြီးနောက် အပိုင်း ၄ကို မဆက်နိုင်သေးတာ ကြာပြီဆိုပါတော့ရှင်။ အဲဒီတုန်းကတော့ ဘာရေးရေး ပျော်စရာလေးတွေ စဉ်းစားပြီး ရေးဖြစ်ခဲ့တာ။ ခုတော့ အဲလိုများ မပျော်နိုင်တော့လို့လား တွေးနေမိပါရဲ့။ ကျွန်မကိုယ်တိုင် ပြန်ဖတ်ပြီး ပြုံးမိခဲ့ရတာလေးတွေမို့ မဖတ်ရသေးသူတွေအတွက် ပြန်လည်တင်ပေးလိုက်ပါတယ်။ အနည်းဆုံးတော့ ပြုံးမိသွားတယ်ဆိုရင်ပဲ ကျွန်မ ပြန်တင်ပေးရကျိုးနပ်ပါပြီလေး)

ချစ်ကြည်အေးနှင့် အင်တာဗျူး-၁
 

စကားချပ်...

(အောက်ပါ အင်တာဗျုးသည် ခွက်ခွက်လန်မဂ္ဂဇင်းမှ မောင်ဘလာဂေါ်နှင့် ချစ်ကြည်အေးတို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃၀ရက်နေ့က ပြုလုပ်ခဲ့ကြသော အိတ်ကလုစစ် အင်တာဗျူး ဖြစ်ချေ၏။ မြန်မာပြည်ရှိ စာစောင်များ၊မဂ္ဂဇင်းများတွင် အုံးအုံး နှင့် ကြွက်ကြွက်ဖော်ပြပြီးသကာလ ယခုအခါ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီးများ ဖတ်ရှုစေလိုခြင်းအလို့ငှာ ပြန်လည်ဖော်ပြလိုက်ရပေသည်။)

မောင်ဘလာဂေါ်း ခုလိုအင်တာဗျူးခွင့်ပေးတဲ့ ဆရာမ ချစ်ကြည်အေးကို ကျွန်တော်များ ခွက်ခွက်လန် မဂ္ဂဇင်းတိုက် ကိုယ်စား ကျေးဇူးစကား ပဏာမ ပြောကြားလိုပါတယ်။ မေးခွန်းအားလုံး ၅ခု ပြင်ဆင်ခဲ့ ပါတယ်၊ ဆရာမ အသင့်ဖြစ်ပါပြီလား ခင်ဗျာ ...

ချစ်း နှုတ်မှမဖြေ၊ ခေါင်းကလေး အသာငဲ့ပြ၏။

ဂေါ်း ဆရာမ မွေးနှစ် သက္ကရာဇ်လေး တဆိတ်သိပါရစေခင်ဗျာ ...
ချစ်း အိုကွယ်...မင်းနှယ် အမျိုးသမီးတယောက်ကို ဒီမေးခွန်း မေးစရာလား၊ မပြောလိုက်ချင်ဘူး၊ အစ်မကို မွေးပြီးမှ သင်္ကြန်ကျတာ အခါ လေးဆယ်ရှိပြီကွဲ့...

ဂေါ်း ယနေ့ အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်ကြပြီ ဆိုတာနဲ့ ပတ်သက်လို့ ဆရာမရဲ့ စွမ်းဆောင်မှုလေးတရပ် နဲ့ သက်သေပြစေချင်ပါတယ်ခင်ဗျာ..
ချစ်း ခေတ်အဆက်ဆက်မှာ အစ်မတို့ အမျိုးသမီးတွေကချည်း မေတ္တာစာ အပေးခံလာရသမို့လား၊ ဒီတော့ အစ်မလက်ထက်မှာ မေတ္တာစာ ၁၀ စောင် မိတ္တူဆွဲပြီး အမျိုးသား ၁၀ ယောက်ကို တနေ့တည်း အပြတ် လိုက်ပေးခဲ့တယ်လေ...။

ဂေါ်း ဪ...ဪ..စွမ်းစွမ်းတမံပါပဲ ခင်ဗျာ..။ နောက်မေးခွန်း တခု ဆက်ပါအုံးမယ် ။ တိုင်းပြည်အပေါ် အပြုသဘောဆောင်တဲ့ အပြောင်းအလဲလေး တစ်ခုလုပ်ပိုင်ခွင့် ရခဲ့ရင် ဆရာမ အနေနဲ့ ဘာများပြောင်းပစ်ချင်ပါသလဲခင်ဗျာ
ချစ်း (အလေးအနက်စဉ်းစားဟန်ဖြင့် တခဏမျှ ငြိမ်သက်ပြီးသော်...)
အင်း....အစ်မတို့ တောင်ကျွန်းသားတွေက ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း ဩဘာနိမိတ်ထွန်းလို့ ဆိုရအောင် အတိတ်နမိတ်၊ အခေါ်အဝေါ် တွေကို ဂရုထား ကြတယ် မဟုတ်လား၊ ဒီတော့ အစ်မသာ ပြောင်းလဲခွင့်ရှိမယ်ဆို အစ်မတို့ရဲ့ ငွေကြေးယူနစ်ကို တကျပ်တပြား အစား တချောင်တလည် လို့ ပြောင်းပစ်ချင်တယ်ကွယ် ၊ မင်းပဲ စဉ်းစားကြည့်လေ..လူတွေမှာ စီးပွားရေး ကြပ်တည်းရတဲ့အထဲ ပြားရ အုံးမယ် ဆိုတော့...။

ဂေါ်း မှတ်သားလောက်ပါတယ်ခင်ဗျာ..၊ ဆရာမ အခု စင်္ကာပူမှာ ဘလော့ဂ်ရေးနေတယ်လို့ သိရပါတယ်၊ ဒီတော့ ဆရာမရဲ့ ဘလော့ဂ် လူအဖတ်များအောင် ဘယ်လိုများ ပရိုမုတ် လုပ်ပါသလဲ...
ချစ်း ဪ...ဒါကလွယ်ပါတယ်၊ လူအဖတ်များအောင် လူအရည်တွေ စစ်ချလိုက်တာပေါ့ကွယ်...
ဂေါ်း ဗျာ...မနောက်ပါနဲ့ အစ်မရယ်...
ချစ်း မနောက်ပါဘူး မောင်လေးရယ်....။

ဂေါ်း ဟုတ်ကဲ့...နောက်ဆုံးမေးခွန်းပါ ခင်ဗျာ ၊ ဆရာမ ခုလို တမုဟုတ်ချင်း နာမည်ကြီးလာအောင် ဘယ်လိုများ ကြိုးစားရေးခဲ့ပါလဲ ခင်ဗျာ...
ချစ်း ဒါလား...သူများတွေ ဖောင့်ဆိုက် ၁၀ နဲ့ ရေးနေချိန်မှာ အစ်မက ဖောင့်ဆိုက်၄၈နဲ့ ရေးချ ပစ်လိုက်တယ်လေ...အဟင်းဟင်း။

ချစ်ကြည်အေးနှင့် အင်တာဗျူး-၂

ယခု ဖော်ပြမည့် အင်တာဗျူးမှာကား ခွက်ခွက်လန် မဂ္ဂဇင်းတိုက်မှ မောင်ဘလာဂေါ် စင်္ကာပူရောက်ခိုက် ဆရာမချစ်ကြည်အေး နေအိမ်တွင် တွေ့ဆုံ မေးမြန်း သွားသည်များအား ဖောက်သည် ချခြင်း ဖြစ်ပေသည်။ မြန်မာပြည်ရှိ စာစောင် မဂ္ဂဇင်းများ၌မဖော်ပြမီ ဘလော့ဂ်ဖတ်လာ ပိတ်သတ်ကြီး များအား ဦးဦးဖျားဖျား တင်ပြလိုက်ရပေသည်။

ဂေါ်း ဆရာမ နေကောင်းရဲ့နော် (နှုတ်မှ မဖြေ ပြုံးပြ၏ ၊ ကောင်းသည့်သဘော)
ဒါဆို မေးခွန်းလေးတွေ စလိုက်ကြရအောင်....

ဂေါ်း ဆရာမ စာအသစ်တင်တိုင်း ပရိသတ်တွေ လာ လာဖတ်ကြတာ တွေ့ရတယ်ဗျ ၊ အဲဒီလို ပရိသတ် မျက်ခြေမပြတ်တာ ဆရာမ ရေးတဲ့စာ အမျိုးအစား ကြောင့်ပါလားခင်ဗျာ..
ချစ်း အဟင်း ဟင်း...အဲဒါက စာအမျိုးအစားနဲ့ မဆိုင်ဘူးကွဲ့ ၊ ဘလော့ဂ်နီးချင်းတွေဆီက ပိုက်ဆံ လှည့်ချေးထားတော့ သူတို့ အစ်မကို မျက်ခြေပြတ် မခံကြဘူးလေ...ဟက်ဟက်...

ဂေါ်း ကျနော်တို့ မြန်မာပြည်က စာရေးဆရာ တချို့ဟာ စာကောင်းပေမွန်တွေ အဆင့်မြင့်မြင့် ပေါ်ထွက်ရေးအတွက် အဆင့်မြင့် ဟိုတယ်တွေမှာ တက်ရောက် စာရေးလေ့ ရှိပါတယ် ၊ ဆရာမ အနေနဲ့ရော ဒီမှာ ဘယ်လိုစာရေးပြီး မြန်မာပြည်ပြန်တဲ့အခါ ဘယ်မှာများ စာရေးပါသလဲ...။
ချစ်း အင်း ခုတလော မိုးတွေ ရွာနေတာနဲ့ပဲ အရင်လိုတောင် အထပ် ၄၀ တိုက်ခေါင်မိုးပေါ် တက်မရေးနိုင်တာ ကြာပြီရော...၊ မြန်မာပြည် ပြန်ရင်တော့ မိုးလုံလေလုံ ထုတ်တန်းပေါ် တက်ရေးတယ် ကွဲ့.....

ဂေါ်း "ပေးကားပေး၏ မရ" ဆိုတာကို နောင်လာနောက်သားတွေ နားလည် လွယ်အောင် ရှင်းပြပေးပါအုံး ခင်ဗျာ ...
ချစ်း (မေးစေ့လေးပွတ်၍ စဉ်းစားပြီးသော်... ) အစ်မတို့ မြန်မာပြည်ကြီးမှာ တနေ့ကို ၂၄ နာရီလုံး အချိန်ပြည့် လျပ်စစ်မီးတွေ ပေးနေတယ်လေ...၊ အဲ...သတင်းစာထဲမှာပေါ့ကွယ်...၊ ဒီတော့ သတင်းစာ ဝယ်မဖတ်နိုင်တဲ့သူတွေ အချိန်ပြည့် မီးမရကြဘူး....

ဂေါ်း စင်္ကာပူမှာ နေရာပေါ်လိုက်ပြီး အိမ်ဈေးကြီးတယ်လို့ သိရတယ်ဗျ ၊ ဆရာမ အိမ် ၃ လုံးဝယ်ထားတယ် ကြားတာ ဒါက ပထမဆုံးအိမ်ပေါ့နော်...နောက် ၂ လုံးကရော ဘယ်နေရာမှာများ ဝယ်ထားလဲဗျ...
ချစ်း စတိုခန်းထဲမှာ...
ဂေါ်း ဗျာ...
ချစ်း လူနေဖို့ ဟုတ်ဖူး...ငှက်မွေးဖို့ရယ်....

ဂေါ်း ဆရာမက လက်ရှိမှာ ဝင်ငွေ အရမ်းကောင်းနေတော့ အခွန်ရှောင်တယ် လို့ နာမည်ကြီး နေတယ် အဲဒါလေး တဆိတ်ရှင်းပေးနိုင်မလားဗျာ...
ချစ်း (မျက်လုံးလေးပြူး၍...) အို...ကောလဟာလတွေ မယုံပါနဲ့ကွယ် ၊ အစ်မဖြင့် ခုတလော အလုပ်တွေ များလွန်းလို့ ဒူးရင်းသီးနဲ့ ငှက်ပျောသီးကလွဲလို့ ကျန်တာတွေ အခွံတောင်မရှောင်နိုင်ဘဲ ဝါးစားပစ်နေရ ပါရောလား....။

ချစ်ကြည်အေးနှင့် အင်တာဗျူး-၃

ဆရာမ ချစ်ကြည်အေး ရွာပြန်စဉ် ခွက်ခွက်လန်စာအုပ်တိုက်မှ မောင်ဘလာဂေါ်နှင့် ပြောဖြစ်ခဲ့သော စကားဝိုင်းမှ အချို့အား ပြန်လည် ကောက်နှုတ်ဖော်ပြရသော်....

ဂေါ် : ဟာ ဆရာမ တွေ့ရတာဝမ်းသာတယ်ဗျာ၊ အတော်ပဲ ကျနော်လည်း မေးစရာလေးတွေ ရှိနေတာနဲ့...
ချစ် : ရတယ်ရှင့် မေးပါ

ဂေါ် : ခုချိန်က ကမ္ဘာ့ဖလားပွဲကြီး နီးလာပြီဆိုတော့ ဖိုင်နယ်တက်မဲ့ ၄ သင်း ခန့်မှန်း တာတွေ ခေတ်စားနေတယ်ဗျာ၊ ဆရာမအနေနဲ့ရော ဘယ်၎သင်းကိုများ ထင်ကြေးပေးချင်ပါသလဲ ခင်ဗျာ
ချစ် : အင်း...အစ်မအထင်တော့ အီတလီ၊ အာဂျင်တီးနား၊ ဘရာဇီး နဲ့ စပိန် လို့ ထင်ပါတယ်ကွယ်
ဂေါ် : ပိုင်တယ်ဗျာ၊ ဆရာမအနေနဲ့ ဘောလုံးသမားတွေရဲ့ ခြေကို အတော် လေ့လာပြီး ပြောတယ် ထင်ပါရဲ့ဗျာ
ချစ် : ဘယ်ကလာကွယ်...ညာဘက်အောက် ၃ချောင်းမြောက်နံရိုးကို လက်သန်းလေးနဲ့ထောက်ပြီး ဖြေလိုက်တာ ဆိုပါတော့ကွယ် ဟင်း ဟင်း ဟင်း

ဂေါ် : ဘယ်သူတွေ အခြေအနေ အကောင်းဆုံး ဖြစ်မယ်ထင်ပါသလဲ ဆရာမ
ချစ် : လွယ်လွယ်လေးများ...တို့ရွာက ဘောလုံးလောင်းကစား ဒိုင်ကိုင်တဲ့ သူတွေပေါ့ကွဲ့

ဂေါ် : စကားမစပ် ဆရာမရဲ့ မြန်မာ့ ဘောလုံးအပေါ် အမြင်လေး သိပါရစေခင်ဗျာ
ချစ် : တချိန်ကတော့ မြန်မာ့ဘောလုံး ရွှေခေတ်လို့ ပြောရလောက်အောင်ကို လျမ်းလျမ်းတောက်ခဲ့သပေါ့ ကွယ်၊ အေးလေ ခုလည်း တို့မြန်မာ့ဘောလုံးက ဖုန်းတဂိုးကြီးတုန်းပါပဲ။ ဖုန်း ကနဲဆိုလို့ကတော့ တဂိုးသွင်းပြီးသား၊ တဖက်အသင်းက ကန်သွင်းသွားတာ ပြောပါတယ်။

ဂေါ် : ဆရာမက အကောင်းမြင်တတ်ဖို့ အမြဲပြောလေ့ရှိတယ်နော်၊ အဲဒီ သဘောတရားလေးကို လက်တွေ့ ကျင့်သုံးပြပါလားခင်ဗျာ...
ချစ် : အင်း...ပြောရရင် ပြီးခဲ့တဲ့ တလောဆီက တချို့မြို့ရွာတွေမှာ သောက်ရေ သုံးရေ အတော် ခက်ခဲခဲ့ကြတယ်လေ။ အဲဒီမှာ ပြည်တွင်းပြည်ပက စေတနာရှင်တွေ ပေါ်လာပြီး ပြည်သူလူထုကို ကူညီ လှူဒါန်းခဲ့တာ။ တို့ပြည်သူတွေ ကိုယ်စွမ်းကိုယ်စ၊ ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အားကိုယ်ကိုးကြဖို့ အခွင့်အရေး ကြုံလာတာ၊ တို့ပြည်သူတွေ ကိုယ့်ဒူးကိုယ်ချွန်ပြီး ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင် အခြေအနေတွေ ဖန်တီးလာတာလို့ ဆိုချင်ပါတယ်ကွယ်  ဟင်း ဟင်း ဟင်း...
ဂေါ် : ဟုတ်ကဲ့ ကောင်းပါတယ် ဆရာမခင်ဗျာ...

ဂေါ် : ဆရာမလည်း ကြားလိုက်မှာပါ၊ တလောကဖြစ်သွားတဲ့ ရွှေမင်းသမီးလေးနဲ့ အင်တာဗျူးသမားကိစ္စ၊ မီဒီယာတွေရဲ့ အပိတ်ကွယ်ရှင်တွေ၊ အရည်မရ အဖတ်မပါ ပါစင်နယ်မေးခွန်းတွေ ဒါတွေနဲ့ ပတ်သက်လို့ မီဒီယာတွေကို ဘယ်လိုများ အကြံပေးချင်ပါသလဲခင်ဗျာ
ချစ် : တလံအကွာလောက်ကနေ သတိနဲ့မေးပြီး သံခမောက်ဆောင်းသွားဖို့ ပြောချင်ပါတယ်ကွယ်

ဂေါ် : ဆရာမ ကျန်းမာရေး သိတ်မကောင်းဘူးကြားတယ် ခင်ဗျ၊ အခုရော...
ချစ် : ဪ...ကျန်းမာရေးက ကောင်းသွားပါပြီကွယ်၊ ဆရာဝန်က အမျှင်များများပါတာ စားရမယ်ဆိုလို့ တဒါဇင်ကြီးများတောင် ဝယ်ထားသေး၊ အပ်ချည်လုံး အရောင်စုံလေးတွေ....။

9 comments:

  1. ရီလိုက်ရတာ အမရယ်။
    စဉ်းစားတတ်ပါ့။

    ReplyDelete
  2. ရီလိုက်ရတာ စိတ်ကို လန်းသွားတာဘဲ အမချစ် ..များများ ရေးပေးပါနော်..း)

    ReplyDelete
  3. ရေးတတ်လိုက်တာ အမချစ်ကြည်အေးရယ်...၊း) အရင်က ပြောခဲ့ဖူးတယ်၊ အခုလည်း ထပ်ပြောအုံးမယ်၊ အမရဲ့ sense of humour ကို အရမ်း သဘောကျတယ်၊ ဒါမျိုးဆိုတာ လောကကို ‘မြင်’ တတ်တဲ့ ဉာဏ်ပညာ ကြီးရင့်မှုမျိုး နဲ့မှ ရေးနိုင်တာကလား..၊ တပြုံးပြုံး တရယ်ရယ်နဲ့ကို ဖတ်သွား ခဲ့ပါတယ်ဗျာ...။

    ReplyDelete
  4. မချစ်ရဲ့အင်တာဗျူးကို အပြည့်အဝအားပေးသွားတယ် ဟိဟိ တွေးတတ် ရေးတတ်ပါဘိ မချစ်ရယ်။ စိတ်နှစ်လုံးရွှင်ပြုံးမိပါရဲ့ တကယ့်ဉာဏ်ကြီးရှင် ပီသပါပေတယ်း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. အင်တာဗျူးကတော့ ကိုယ်တိုင်ကိုယ်ကျနားထောင်လိုက်ရသလို တီဗွီသတင်းမှာ ကြည့်လိုက်ရသလို ကွင်းကွက်ကွက် ဟားချက်ပါပဲဗျားး)
    မနက် ၂နာရီကျော်ကြီးဖတ်ရထှာာာ ခွီးခွီးး) အရူးလိုပဲကြိတ်ရပါ့း)

    ReplyDelete
  6. တကျပ်တပြား အစား တချောင်တလည် (အိ အိ_)
    လူအဖတ်များအောင် လူအရည်တွေ စစ်ချလိုက်တာပေါ့ကွယ်.
    ၁၀ နဲ့ ရေးနေချိန်မှာ အစ်မက ဖောင့်ဆိုက်၄၈နဲ့ ရေးချ ပစ်လိုက်တယ်

    ကြိုက် စ်စ်စ်စ်စ်စ်

    အိမ်၃လုံးဆိုလို့ အခွံလာပြီ လာပြီ လာပြီ

    ReplyDelete
  7. အမလေး..ရယ်လိုက်ရတာ မမချစ်ရယ်..ရေးတတ်ပါ့..နောင်လည်း များများဗျူးပါနော်..

    ReplyDelete
  8. ဖတ်ရင်း ဖတ်ရင်း မနေနိုင်လို့ ဖတ်တာ ခဏရပ်ပြီး အူနှိပ်ရယ်နေရတယ်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...