Monday, January 17, 2011

ပုံစံခွက်

တခြားလူမျိုးတွေတော့ မပြောတတ်ဘူး။ ကျမတို့ မြန်မာလူမျိုးတွေကဖြင့် အင်မတန်မှ ပုံစံခွက်ထဲက မထွက်ကြတဲ့ လူမျိုး။ ရုပ်ရှင်တွေထဲမှာပဲ ကြည့်၊ ရှပ်အဖြူနဲ့ ကချင်ပုဆိုးကွက်စိပ်လေးနဲ့ ရုပ်ရည်လေး သနားကမားဆိုရင် ဒါ မင်းသား။ လူကြမ်းတွေရဲ့ ဖော်မြူလာကျပြန်တော့ ခေါင်းတုံးနဲ့၊ နှုတ်ခမ်းမွှေးနဲ့၊ ဘေထုတ်ထဲက ကုတ်အင်္ကျီနဲ့ ဒါဆို လူကြမ်းပဲ။ ဘယ့်နှယ် လူကြီးလူကောင်းပုံ၊ ဘုရားဒကာပုံနဲ့ လူဆိုး လူညစ်တွေများ မတွေ့ဖူးကြဘူးလား၊ ကျမ အပြင်မှာ တွေ့ဖူးတဲ့ လူကြမ်းမင်းသားကြီးဆို  ဘုရားတရား အလွန်ကိုင်းရှိုင်း ရည်မွန်သူ၊ ဆိုလိုတာက အပေါ်ယံကြည့်ပြီး ဇာတ်ရုပ်ချတတ်ကြတဲ့ ကျမတို့ မြန်မာ့ရုပ်ရှင်ရဲ့ ပုံစံခွက်။ အဲဒီပုံစံခွက်ကြီးဟာ ရိုးအီလွန်းလှပြီ။

နှုတ်ခမ်းရဲရဲဆိုး၊ ဆံပင်ကို ခွေနေအောင် ကောက်၊ မိတ်ကပ် ခပ်ထူထူနဲ့ ခေတ်ရှေ့ပြေးနေတဲ့ ဝတ်စားဆင်ယင်မှုနဲ့ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးတယောက်။ သူဟာ အသက်မွေးဝမ်းကြောင်းအနေနဲ့ရော မိဘတွေကို လုပ်ကျွေးဖို့ပါ သီချင်းဆိုရုံသာ ဆိုတဲ့ မိန်းကလေး တယောက် ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီပုတ်ထဲက ဒီပဲဆိုတဲ့ ဝါးလုံးရှည်နဲ့ သိမ်းရမ်းတတ်တဲ့ ပုံစံခွက်ထဲက အမြင်ကြောင့် သူကလေး ဘဝမှာ နစ်နာစရာတွေ အဓိက နာမည်ပေါ့ ရှိလာနိုင်တယ်။ တချို့ ကော်လာကတုံးနဲ့ တိုက်ပုံနဲ့ လူကြီး လူကောင်းပုံဖမ်းပြီး အမျိုးသမီးလေးတွေကို ယုံအောင်ပြောပြီး ဖျက်ဆီးပစ်နေတာတွေလည်း ရှိပါရဲ့။ ကျမ ဆိုလိုတာက အပေါ်ယံကြည့်ပြီး တန်ဘိုးဖြတ်လေ့ရှိကြတဲ့ ပုံစံခွက်ကြီးကို စွန့်ထားခဲ့သင့်ပါပြီ။

ပညာရေးမှာလည်းကြည့်ပါ။ အမှတ်အမြင့်ဆုံး ဆေးကျောင်းရမှ ဂုဏ်ရှိတယ် အနဲဆုံး စက်မှုတက္ကသိုလ် ခုတော့ နည်းပညာပေါ့လေ ရောက်မှ လူကြားထဲ ပြောကောင်းတယ် ထင်ကြတာ။ အဓိက မိဘတွေရဲ့ သားသမီး ပညာရေးအပေါ် ဖိအားပေး ချုပ်ချယ်မှု။ ငါ့တုန်းက ပညာမသင်ခဲ့ရလို့ သားသမီးတွေကျရင် ပညာတတ်ကြီး ဖြစ်စေချင်တယ် ဆိုတဲ့ ဆန္ဒအထိ နားလည်လို့ ရသေးတယ်။ ငါ ဆရာဝန် မဖြစ်ခဲ့လို့ ငါ့သားသမီးအလှည့်ကျရင် ဆရာဝန် ဖြစ်စေရမယ် ဆိုတာမျိုးကတော့ သားသမီး ပခုံးပေါ် ဝန်ထုပ်ဝန်ပိုး တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ သားသမီးဆိုတာ မိဘတွေရဲ့ အတ္တကို အရောင်တင်ပေးဖို့ တာဝန်ရှိသူတွေလား စဉ်းစားကြစေချင်တယ်။

မိဘဆိုတာ ကိုယ့်သားသမီးရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အကဲခတ်နိုင်ကြသူတွေပါ။ သူများကလေး တခါသင်ရုံနဲ့ရလို့ ကိုယ့်ကလေးက သုံး-လေးခါသင်မှ ရတယ်ဆိုရင် ကိုယ့်ကလေးရဲ့ မှတ်ဉာဏ်နဲ့ ကိုယ်ရည်ကိုယ်သွေးကို နားလည်လက်ခံသင့်တယ်။ အဲသလိုမှ မဟုတ်ဘဲ ကလေးကို မရ ရကောင်းလားဆိုပြီး ဆူပူကြိမ်းမောင်း ရိုက်နှက်နေမယ် ဆိုရင် ဒီကလေးဟာ စာသင်ကျောင်းနဲ့ ပိုပြီး ဝေးကွာသွားနိုင်ပါတယ်။ အဲဒါတွေဟာ မိဘတွေရဲ့ ငါ့ကလေးဟာ သူများကလေးထက် တော်ရမယ်လို့ အရိုးစွဲနေတဲ့ အတ္တပုံစံခွက်ကြောင့်ပါပဲ။

ပညာဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာ မဟုတ်ပါဘူး။ ကစားခုန်စားလား၊ အနုပညာနဲ့ ပတ်သက်တဲ့ ပန်းချီ၊ ပန်းပု၊ အဆို၊ အကဘက်မှာ ဝါသနာထုံသူလား၊ သိပ္ပံပညာနဲ့ တီထွင်ကြံဆလိုမှုအပေါ် စိတ်ပါဝင်စားသူလား။ ကိုယ့်ကလေးရဲ့ စိတ်ပါဝင်စားမှုကို လေ့လာပြီး သူ့ရဲ့ အားသန်ရာကို မြေတောင်မြှောက်ပေးသင့်ပါတယ်။ သူ့ဉာဏ်ရည်အလျောက် အတန်းထဲမှာ အလယ်အလတ်တန်းစား ဖြစ်ချင် ဖြစ်မယ်၊ နောက်ဆုံးနား ကပ်လိုက်နေသူလည်း ဖြစ်ချင် ဖြစ်မယ်။ မိဘတွေရဲ့ သားသမီးအပေါ် ဖြစ်စေချင်တဲ့ စေတနာကို ကျမ နားလည်ပါတယ်။ ခံစားလို့လည်း ရပါတယ်။ ဒါပေမဲ့ မိဘတွေရဲ့ ဘောင်ခတ်ထားတဲ့ ပုံစံခွက် ပညာရေးကြီးထဲမှာ ကလေးတယောက်ရဲ့ ဘဝအတွက် ရွေးချယ် ရှင်သန်ခွင့်ကို ပုံမသွင်းသင့်ဖူးလို့ ခံစားမိပါတယ်။

ဟိုးတလောဆီက နိုင်ငံရပ်ခြားမှာ မော်ဒယ်အလုပ်နဲ့ အသက်မွေးဝမ်းကြောင်းနေတဲ့ မြန်မာ မိန်းကလေးတယောက် ရေကူးဝတ်စုံနဲ့ ပုံတွေကြောင့် ခပ်လှုပ်လှုပ် ဖြစ်ခဲ့ကြသေးတယ်။ အမျိုးသားတော်တော်များများရဲ့ ရင့်သီးတဲ့ မှတ်ချက်တွေကိုလည်း စိတ်မချမ်းသာစွာ ဖတ်ခဲ့ရတယ်။ မြန်မာမိန်းကလေးဆိုတာ ဒီလို အရှက်မဲ့ ဝတ်စားရသလား ဝိုင်းလက်ညှိုးထိုးကြတယ်။ စဉ်းစားကြည့်ကြပါ။ မလိုအပ်ဘဲ ရှိသမျှ အသားတွေ နင်းကန်ဖော်ထားရင်တော့ ပြောစရာပေါ့လေ။ ခုတော့ ဟိုက သူ့အလုပ် သူလုပ်နေတာ။ ပြီးတော့ ဓါတ်ပုံရိုက်တဲ့နေရာက ကမ်းခြေမှာ။ ဘယ်သူကများ ကမ်းခြေကို ထိုင်မသိမ်းနဲ့ သွားပါ့မလဲ။ ဘုရားကျောင်းကန်လိုနေရာမျိုးဆို ထားပါတော့။ ခုလို သူ့ရဲ့ အသက်မွေးဝမ်းကြောင်းအရ၊ အလုပ်သဘောအရ ဝတ်ပြရတဲ့အပေါ် ဝေဖန်ချက်တွေက အတော်ဆိုးပါတယ်။ မဖြစ်သင့်ဘူးလို့ မြင်မိပါတယ်။

ဒါကလည်း မြန်မာ မိန်းကလေးဆို ဒီလိုဝတ်ရ စားရတယ် ဆိုတဲ့ ပုံစံခွက်ထဲက အမြင်ကြောင့်ပါပဲ။ နဲနဲလေး အလျှော့အတင်းနဲ့ မြင်တတ်ကြဖို့ လိုပါတယ်။ သင်္ကြန်အချိန်မှာ အောက်က ရေကူးဝတ်စုံဝတ်ပြီး အပေါ်က ကုတ်အင်္ကျီအရှည် ထပ်ဝတ်တဲ့ အင်းလျားလမ်းထဲက လူချမ်းသာ မိန်းကလေးများရဲ့ ဝတ်ဆင်ပုံမျိုးကျတော့ ကျမလည်း လက်မခံနိုင်ပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားဆင်ယင် တတ်ခြင်း၊ ဝတ်စားဆင်ယင် သင့်ခြင်း၊ အလုပ်သဘောအရ ဝတ်စားဆင်ယင်ခြင်း ဆိုတာ ရှိပါတယ်။

ကျမတို့ လူအများစု လှေနံဓါးထစ် သတ်မှတ်ထားတဲ့ ပုံစံခွက်တွေထဲက ဖောက်ထွက်ပြီး တွေးသင့် မြင်သင့်တာတွေ အများကြီးပါပဲ။ အဲသလိုမှ မဟုတ်ပဲ ကိုယ် ပုံသေ ဆုတ်ကိုင်ထားတဲ့ ပုံစံခွက်ကြီးထဲက သွေဖီတာနဲ့ ချဟ နှက်ဟ ဆိုရင်ဖြင့် အတော်ကို အရုပ်ဆိုး အကျည့်တန်လှပါတယ်။

မတော်လို့များ ကျီးအမတကောင်မှာ ကျီးအဖြူလေးတကောင် ပေါက်လာတာနဲ့ အနီးအနားက ဗျိုင်းအထီးတွေ တရားခံ ဖြစ်ရတော့မဲ့ အပေါက်မျိုး။ ကျီးကန်းဟေ့ဆိုရင် အမြဲ မဲရမယ်လို့ မယူဆထားစေချင်တာပါ။ 




20 comments:

  1.ှီု. သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်လေးပြောပြမယ်။ နည်းနည်းပေရှည်မယ်နော် သူက အိမ်ထောင်ကျပီး ၆ လကျော်မှာ အမျိုးသားက အက်ဆီးဒင့်နဲ့ ဆုံးတယ်.. နေတာထိုင်တာလည်းရိုးပါတယ် ရန်ကုန်လေဆိပ်မှာ လုပ်တယ် .. ၂ နှစ်ကျော်ကြာလို့ နောက် ထပ်ရည်ငံတဲ့သူက ဖြစ်ချင်တော့အသိဖြစ်နေတယ်။ သူ့ မိဘတွေက အပျိုမဟုတ်လို့  သဘောမတူဘူးတဲ့. အဲ့ဒီ ပြောတဲ့ အန်တီချမ်းသာ အဆင့်တန်ူးရှိကြီးရဲ့ သမီးက လက်ရှိ စ မှာ. ရန်ကုန်မှာရှိတုန်းက တွဲတဲ့ကောင်လေးတိုင်းအိမ်ပါလာတယ် ညဘက် ကားထိုးထားတယ်။ သူကတော့ တရားဝင်မအိုသေးတဲ့အတွက် အပျိုတဲ့..

    နည်းနည်း

    ReplyDelete
  2. သူနေရာနဲ့ သူဝတ်တတ်ရမယ်ကွယ့်...

    ညဘက်ဒင်နာကို လက်ပွေ့ အိတ်ကြီးတွေကိုင်ပီး ပွဲတတ်တဲ့
    GDPpercapita မှာ ဂဏန်းသေးသေးလေးနဲ့ လာတဲ့ နိုင်ငံက အန်တီကြီးတွေ ပွဲတတ်တော့ ၀တ်ထားလိုက်တာ လားလား စိန်တွေ ကျောက်တွေ ပြုးလို့  နာတို့ နိုင်ငံက ရတနာပေါကြွယ်ဝတာကြည့်ထား လို့ ပြောစရာမလို ...
    ဟွန်း ဆင်းရဲတဲ့ နိုင်ငံကလာတဲ့သူတိုင်း ဆင်းရဲတယ်လို့ ပြောစရာလားလို့ ...နော်

    ဆိုင်လားမသိဘူး မချစ်ရာ ဒေတာတွေ လုပ်ရင်း ခေါင်းစားလာလို့ အဲလို့ တွေးမှိလိုက်တယ်.

    ReplyDelete
  3. Ma Chit Kyi Aye,
    My GF is a widow and my parents do not agree because of like what you say here ပုံစံခွက်, they think the same way as others parents do, I am so desperate.

    ReplyDelete
  4. မချစ်ကြည်ရေ ... အပေါ်ယံပဲ ကြည့်မြင်သုံးသပ် ဆုံးဖြတ်တာ သိပ်ဆိုးတာပဲ။ အရိုးစွဲနေတဲ့ အဲဒီအတွေးအခေါ်တွေက ခေတ်နောက်ကျကျန်ခဲ့ပြီနော် ... ။

    ReplyDelete
  5. ဟုတ်တယ် မကြီးရေ...
    မြန်မာလူမျိုးတွေ အမြင်ကျယ်ဖို့ အများကြီးလိုသေးတယ်..။
    အဲဒီလိုအမြင်ကျယ်ဖို့နေနေသာသာ..
    ဘလော့ဂ်ထဲမှာ စာရေးတာ၊ ဘလော့ဂ်ပို့စ်တွေမှာ အမြင်ချင်း ကိုယ်သိသလောက် ဖလှယ်တာတောင်
    ကိုယ့်အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်း ချမရေးရဲကြဘူး။ “မြန်မာမိန်းခလေးဆိုတာ ဘိုင်းကောင်းကျောက်ဖိ” မှ..
    “ဆင်မယဉ်သာ” မှ..ဆိုလား
    သိပ်အမြင်ကျယ်တဲ့ မိန်းခလေးတွေဆိုရင် သူတို့ကိုယူမယ့် အမျိုးသားက အိမ်ထောင်တခုမှာ သြဇာအာဏာ မညောင်းတော့တဲ့အတွက် အမျိုးသားများ (အားလုံးကို မဆိုလိုပါ) အိမ်ထောင်ပြုဖို့ မိန်းမရှာရင် အရမ်းထက်မျက်တဲ့ မိန်းခလေးမျိုးကို မရွေးဘူး..တဲ့လေ။
    အဲဒီအတွက် မြန်မာမိန်းခလေးတွေကလည်း (အားလုံးကို မဆိုလိုပါ) ပုံစံခွက်ထဲမှာပဲ နေနေကြသတဲ့..။
    အတွေးလေးတွေကအစ ပုံစံခွက်ထဲ ရောက်နေကြပုံပြောပါတယ်..။

    (စာလုံးပေါင်းမှားသွားလို့ ပထမရေးထားတဲ့ comment ကိုဖျက်လိုက်တယ်နော်)

    ReplyDelete
  6. တခြား အကြောင်းအရာတွေ သိပ်မဆွေးနွေးတတ်ပေမယ့် ပညာရေးမှာတော့ မြန်မာတွေ ဆရာဝန်မှဆိုတဲ့ ပုံစံခွက်ထဲက လွတ်သင့်ပြီ ထင်ပါတယ်.. ဆရာဝန်ပေါက်စတွေကလည်း မိဘပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကြောင့် တခြား professional အလုပ်က လူတွေကို လူမထင်တာမျိုးတွေလည်း တွေ့ဖူးရပါတယ်.. အားလုံးကိုမဆိုလိုပါ.. တချို့ တချို့မျှသာ ဖြစ်ပါတယ်..

    ReplyDelete
  7. ကိုယ်တိုင်လည်း တစ်ခါတစ်လေတော့ ပုံစံခွက်ဆိုတဲ့ စံနဲ့ တိုင်းမိနေတုန်းဘဲ..
    တစ်သက်လုံး စွဲခဲ့တဲ့ အစွဲအလန်းဆိုတာ စွန့်နိုင်ဖို့ခက်တာလဲပါမယ်.. ပတ်ဝန်းကျင်ကို ကြည့်တာလဲ ပါမယ် ..
    တစ်ချို့ စံတွေကိုတော့ လုံးလုံး မကြိုက်ပါဘူး
    တစ်ချို့ကိုတော့လဲ လက်ခံမိနေတုန်းပါဘဲ. အ၀တ်အစားနဲ့ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးကတော့ လုံးဝ စွန့်ပစ်သင့်ပါတယ်.. လူတွေက ဟန်ဆောင်တတ်သူတွေ များလာပြီဆိုတော့ အပြင်ဘန်းနဲ့ ဆုံးဖြတ်လို့ မရနိုင်တော့ပါဘူး။

    ReplyDelete
  8. အပြင်ပန်းကြည့်ပြီး မဆုံးဖြတ်သင့်တော့ လုံးဝ သဘောတူပါတယ်။

    ReplyDelete
  9. ပုံစံခွက်ဆိုတာ သူ့နေရာနဲ့သူဆိုရင်တော့ အဆင်ပြေပါတယ်... လိုချင်တဲ့ပုံစံနဲ့ ပုံစံခွက်နဲ့ ကွက်တိဖြစ်နေဘို့ ပုံစံခွက် ကလဲ အလျှော့အတင်း ရှိသင့်တာပေါ့... အပေါ်ယံကြည့်ပြီး တန်ဘိုးဖြတ်မဲ့ ပုံစံခွက် မျိုးကတော့ ဒီခေတ်မှာ အလုပ်မဖြစ်ပါဘူး....

    ReplyDelete
  10. Who care....What U Think....

    The world is flat and People Get what They want....

    It's their life...

    Who care....!

    But Used Girl is Used Girl...Nothing to be Proud in Society....
    Loser Only appreciate used Girls....

    ReplyDelete
  11. ပုံစံခွက်လဲ ရှိတယ်။ ပုံစံခွက် လုပ်တဲ့ မို (mold) လဲ ရှိတယ်။

    ReplyDelete
  12. ဟမ်။
    ဘယ်ကျီးကများ ဖြူဖူးလို့လဲဗျာ...။
    (ခေါင်းကုတ်စဉ်းစားသွား...)

    ReplyDelete
  13. ဖိနပ်သေးနေလို့ ဖနောင့်ဖြတ်ချတာလေးတွေလဲ လုပ်ပါအုန်း

    ReplyDelete
  14. ဟင်းးး ဟင်းးး ယောက်ျားတွေ အကြောင်းလဲ ပြောချင်ပါသေးတယ် သမီးသူငယ်ချင်းပေါ့ အသက်က သမီးနဲ့မှ ရွယ်တူ သမီးထက် ငယ်ပါတယ် သူက မိန်းကလေးတွေကို စားချင်သလိုစားတယ် ကြေးနဲ့လဲ စားတယ် သူ့ရည်းစားတွေကိုလဲ စားတယ် ပြီးတော့ သူက ဘာပြောလဲဆိုတော့
    “ငါမိန်းမယူရင်တော့ အပျိုကိုပဲယူမယ်” တဲ့ သမီးပြန်ပြောလိုက်တယ် “နင်အဲလောက်စားပြီးမှတော့ နင်လဲလူပျိုမဟုတ်တော့သလို နင့်ရတဲ့မိန်းမလဲ မစစ်လောက်တော့ဘူး” လို့ (ရင့်သီးသွားရင်ခွင့်လွှတ်) ဒင်းက ဘာပြန်ပြောလဲဆိုတော့
    “ငါက မြန်မာလူမျိုးလေ” တဲ့ အော်...ဟော်... စားတုံးကတော့စားပြီးတော့ မိန်းမယူခါနီးတော့
    “မြန်မာလူမျိုး” တဲ့လား

    ပို့စ်နဲ့မဆိုင်ဘူးဆိုလဲ ဆော်ရီးနော် မချစ် ခစ်ခစ်

    ReplyDelete
  15. အပေါ်ယံကိုကြည့်ပြီး တန်ဖိုးဖြတ်လို့မရဘူးဆိုတာ လုံးဝအသေအချာပါပဲ အစ်မချစ်ရေ.....ကိုယ်တွေ့တွေကိုသာ ချရေးပြရရင် ပိုစ့်တစ်ပုဒ်စာလောက်မက ဖြစ်နေမှာစိုးလို့ မရေးပြတော့ဘူး....။

    (ဘိုင်သည်ဝေး....စဉ်းစားဖို့ကောင်းတဲ့ အချက်လေးမို့လို့ facebook မှာ share လိုက်မယ်နော်....နော်...နော် :))

    ဂျင်းစုတ်

    ReplyDelete
  16. မရေ..ဖတ်သွားတယ်..ယွန်းလဲ အစ်မချစ်မြင်သလို မြင်မိတယ် ..
    တခါတလေလဲ စည်းတွေဘောင်တွေ တွေးမိပြန်ရော..

    ခင်တဲ့
    ယွန်း

    ReplyDelete
  17. အလယ် အလတ်လောက်ပဲ ကောင်းပါတယ်..

    ReplyDelete
  18. @boyz,

    http://www.birds.cornell.edu/crows/whitecrows.htm

    ReplyDelete
  19. facebook မှာလိုဆိုရင် အခါတထောင် လိုက်ခ် ပစ်လိုက်မယ်။ ပုံစံခွက်တွေကို ပြောင်းလဲမယ်လို့ ကြွေးကြော်နေတဲ့ သူငယ်ချင်းတယောက် ပုံစံခွက် အသိုင်းအ၀ိုင်း ထဲက ထွက်လာတဲ့ လူဆိုရင် ပုံစံခွက်ကြီးပဲ လာမှာပဲ ဆိုပြီး မဖြစ်သင့်ဘူးဆိုပြီး ပုံစံခွက် အတွေးကြီးနဲ့ စွပ်စွဲလိုက်တာလဲ ကြုံဖူး တယ် အမချစ်ရေ... တယ်လဲ မာယာများတဲ့ ပုံစံခွက်... သတိကြီးကြီး ထားပြီး ဖယ်ရမယ့် ပုံစံခွက်။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...