Saturday, January 15, 2011

ပုလင်းပင်

အင်္ဂလိပ်လိုတော့ Bottle Tree တဲ့။ မြန်မာလို ပြန်ရရင်ဖြင့် ပုလင်းပင် လို့ပဲ သွယ်ကာ ဝိုက်ကာ ကဗျာဆန်ဆန် ခေါ်ဝေါ် လိုက်ကြပါစို့ရဲ့:) အဲဒီ ပုလင်းပင် ရှိတဲ့နေရာကို ဓါတ်ပုံသွားရိုက်ဖြစ်ဖို့ မစ်စတာ ဒီဘီအေရဲ့ အံ့ဩဘနန်း လက်ရာတွေကို ကြည့်ပြီး အင်စပိုင်းယား ဖြစ်ခဲ့ရလို့ လို့ ဆိုရပါမယ်။ တကယ်ဆို ဖားတုလို့ ခရု မခုန်သင့်မှန်းတော့ သိပါရဲ့။ သို့သော်လည်းပေါ့လေ ခုန်ချင်စိတ်တွေက တားမရတာနဲ့ ရုံးပိတ်ရက်တနေ့မှာ မနက်အစောကြီး အိပ်ရာက ထလို့ ပုလင်းပင်ရှိရာ နှစ်ယောက်တွဲသွားပြီး ခုန်ခဲ့ကြပါတော့တယ်။

ဒီနေရာမှာ အမျိုးသမီး ဘလော့ဂါ ကင်မရာဝူးမန်းတွေရဲ့ အားသာချက်က နောက်တော်ပါးမှာ ကင်မရာနဲ့ သုံးချောင်းထောက် သယ်ဖို့အတွက် အမှုတော်ထမ်းကြီး တယောက်လုံးလုံး လိုက်ပါလာခြင်းပါပဲ။ ဘယ့်ဂလောက်များ ကံကောင်းလိုက်ပါလိမ့်နော်။

အဲသလို ကံကောင်းလိုက်တာလို့ ထင်နေတုန်းလေး ဗြုန်းဆို ကံမကောင်းခြင်းက စ ပါတော့တယ်။ မိုးတဖွဲဖွဲ ရွာလာခြင်းပါပဲ။ နဂိုကမှ ဓါတ်ပုံ ရိုက်ရာမှာ မူလတန်း လက်သင်ဘဝက မတက်ရတဲ့အထဲ ရာသီဥတုကပါ ကိုယ့်ဘက်မှာ မရှိလေတော့ ခရုခုန် ခုန်မဲ့ဆဲဆဲကျမှ ဘီးပေါက်သွားသလို တန့်ကနဲ ဖြစ်သွားရပါတယ်။ ဆိုင်သလားတော့ မသိပါဘူး အားငယ်သွားတာများ ပြောပါတယ်။ မိုးအတိတ် ထိုင်စောင့်ကြပေမဲ့ မိုးက တအိအိနဲ့ ရွာနေလိုက်တာများ ကိုရီးယားကားများလို အင်မတန် ပေရှည်ရှည် ဆွဲဆန့်ပြီးကို ရွာပါတယ်။

ဒါပေမဲ့ ရိုက်ခဲ့ပါတယ်၊ အဲဒီ မိုးဖွဲဖွဲ မှုန်မှိုင်းမှိုင်းကြားက၊ တိမ်တွေ ကျဲပါးနေတဲ့ကြားက ရှိစုမဲ့စု ပညာလေးတွေ ထုတ်သုံးပြီး ရိုက်ခဲ့ပါတယ်။ အဲဒီ ပုလင်းပင်နဲ့ မလှမ်းမကမ်းက Lower Seletar Reservoir Park မှာ သွားရိုက်ခဲ့ပါသေးတယ်။ ကံကောင်းလွန်းစွာပဲ အဲသည်နေရာရောက်တော့ မိုးတိတ်သွားပါတယ်။ ဟော...ကံမကောင်းစွာပဲ ကင်မရာ ဘက်ထရီ ပြားသွားပြန်ပါတယ်။ ယူတတ်ရင် သံဝေဂရစရာပါ။ ရိုလာကိုစတာ စီးရသလို အနိမ့် တခါ၊ အမြင့် တလှည့်၊ ကံကောင်းခြင်း တခါ၊ ကံဆိုးခြင်းတလှည့်....ဪ...ဘွ ဘွ...။

အိမ်ပြန်ရောက်လို့ ပုံတွေ ပြန်ကြည့်တော့ ထင်တဲ့အတိုင်း လိုချင်တဲ့ ပုံကောင်း မထွက်ပါဘူး။ ဒါနဲ့ပဲ အလင်းခန်း နံပါတ်၃ ထဲကနေ နည်းပညာ အကူအညီယူဖို့ ကြိုးစားရပါတော့တယ်။ ခက်တာက နည်းပညာက အားလပ်ပါသော်ငြား လူက လုံးလုံးကလေးမှ မအား ဖြစ်နေတာမို့ ပုံတွေ ပြင်ဖို့ ကြန့်ကြာ သွားလိုက်တာ မနှစ်က ရိုက်ခဲ့တဲ့ပုံကို ဒီနှစ်မှပဲ တင်နိုင်ပါတော့တယ်။ ပုံတွေကြည့်ဖို့ စောင့်မျှော်နေတဲ့ ပိတ်သတ်ကြီးကို တကယ်ပဲ အားနာပါတယ်....:)

အရင်ကတော့ ဓါတ်ပုံတွေကို ကင်မရာက ထွက်တဲ့အတိုင်း သဘာဝအရောင်ကိုပဲ နှစ်သက်တာမို့ ပြင်ဖို့ မကြိုးစားခဲ့မိဘူး။ ခုတော့ ပို့စကတ်လေးတွေလို ဆန်းပြားတဲ့ အရောင်ထွက်လေးတွေနဲ့ ပုံလေးတွေကို သဘောကျ လက်ခံလာမိတာကြောင့် ပြင်ဖို့ စိတ်ပါလက်ပါ ရှိလာသလို ပြင်ပြီးလို့ ထွက်လာတဲ့ အရောင်အသွေးလေးတွေအပေါ် ခံစားတတ်လာပါတယ်။ ကျမနဲ့ အကြိုက်တူရင်ဖြင့် ဒီပုံလေးတွေကို ခံစားနိုင်ကြမှာပါ။


Mr.DBA Photos Link:

ဒီမှာ95 နဲ့ ဒီမှာ94ကို သွားကြည့်ကြပါဦး။ ပုံတွေ သိတ်လှပါတယ်။


17 comments:

  1. သွားကြည့်ပြီးပြီ မကြီးရေ...
    သစ်ပင်ကြီးကို နောက်ခံထားပြီး ကင်မရာရှေ့က မြက်ပန်းပင်ပုလေးတွေကို Focus ယူထားတဲ့ Style လေးကို သဘောကျတယ်။
    ခါးနာနေလို့ အလာကျဲရင်ခွင့်လွှတ်ပါနော်...

    ReplyDelete
  2. လှတယ် အစ်မရေ..

    ReplyDelete
  3. အကုန်လှတယ် သူငယ်ချင်းရေ...

    ReplyDelete
  4. တပုံနဲ့တပုံ အရောင်တွေပြောင်းပြောင်းသွားတာဟာ အမြဲတစေ ပြောင်းလဲနေတတ်တဲ့ အမျိုးသမီးများရဲ့ စိတ်နေသဘောထားကို ထင်ဟပ်စေတယ်လို့ အပြစ်မဲ့သူ အမျိုးသားတစ်ယောက်အနေနဲ့ မြင်မိပါတယ်.. (အင်)

    ReplyDelete
  5. ဝက်ဝံလေးSat Jan 15, 09:30:00 PM GMT+8

    နောက်ခံဘက်ဂရောင်း အနေနဲ့ အရမ်း အရမ်းလှခစ်ခစ်

    ReplyDelete
  6. bottle tree ကိုရောက်ဖူးခဲ့ပါတယ်
    ငါးမျှား ပုစွန်မျှား သူတွေလည်း တွေ့ခဲ့တယ်
    ဓာတ်ပုံလေးတွေ လှတယ်

    ReplyDelete
  7. အပေါ်ဆုံးက လေးပုံအကြိုက်ဆုံးပဲ.....

    ReplyDelete
  8. ပုံတွေလုပ်ထားတာလွှတ်လှနေရောပဲ။
    အောက်ဆုံးမရောက်ခင်အပေါ်ပုံရဲ့ ရေထဲမှာ ဝေါတား ဟိုင်ယားဆင့်သ်တွေလားဗျို့.. နည်းနည်းလေးရယ်။

    ReplyDelete
  9. HDR လိုလို ဘာလိုလို ခွိ
    ကင်မလာဘက်ထရီ ပြားသွားတာ ရယ်ရတယ်

    ReplyDelete
  10. ခရမ်းရောင်တိမ်ပန်းချီနဲ့ ညနေရီဆည်းဆာက သိပ်လှတာဘဲ
    စိတ်ကူးယဉ်ဆန်ဆန် လှပနေတယ်..
    ပုလင်းပင်ကတော့ ကတ္တရာသုတ်ခံလိုက်ရပုံရ၏ ဟိဟိ
    ဒီမိုးနှယ် ရွာစရာရှားလို့နော်.. ဒီချိန်မှ ရွာရတယ်လို့
    ဓာတ်ပုံဆရာ စိတ်ညစ်သွားအောင်လုပ်တယ်..

    ReplyDelete
  11. ပုံတွေ အားလုံး တစ်ပုံမကျန် ကြည့်သွားတယ်ဗျို့ အစ်မချစ်...

    ReplyDelete
  12. ကာလာစုံအောင် လုပ်နိုင်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။ ဟမ်

    ReplyDelete
  13. စိတ်ကူးယဉ်ဆန်ဆန် ဓါတ်ပုံလေးတွေ သိပ်ကိုလှပါတယ်။

    ReplyDelete
  14. အပင်ကိုကြည့်ပြီး ဘီယာပုလင်းကို စိတ်ထဲသတိရသွားမိတယ်။

    ReplyDelete
  15. အေးလေ..... ထမ်းပေးမဲ့သူရှိတဲ့သူတွေကတော့ သွားနိုင်မှာပေါ့။ မနှစ်က ထမ်းပေးတာဆိုတော့ ဒီနှစ်ကော ထမ်းပေးသေးလား။

    ReplyDelete
  16. လှတဲ့ ပုံတွေ ချစ်ချစ်ရယ် ...
    အင်းး ညီမလေးလဲ ပုံတွေကို ပြင်ယူတာ သဘောမကျမိဘူးး သဘာဝအတိုင်းကို ပိုကြိုက်မိတယ် ။ ဒါပေမဲ့ ကိုယ်ကလဲ လှအောင်ပြင်နိုင်လောက်တဲ့ထိ အဖြစ်မရှိပါဘူးး အော်...ဘွ..ဘွ ..း))

    ReplyDelete
  17. စိတ်ကူးဆန်ဆန်တော့လှတယ် ....ဒါပေမယ့် သဘာဝပုံတွေကို ပိုကြိုက်တယ်...။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...