Tuesday, December 29, 2009

ကျီး နဲ့ ဘုတ်

ပြောပြချင်သေးတယ်၊ တကယ်တော့ စာပေ ဟောပြောပွဲ အကြောင်း ခုထိ ခေါင်းထဲက မထွက်သေးဘူး ။ မထွက်ဆို သတိရမိစေတဲ့ အကြောင်းကလည်း အခိုင်အမာ ရှိသကိုး...။

ကျီး နဲ့ ဘုတ် တို့ တကောင် နဲ့ တကောင် အပြန် အလှန် မြှောက်ပင့်ကြတာလေး...ကြားဖူးနေကျ ဖြစ်မှာပါ ။ အဓိပ္ပါယ် အတိအကျကို ဆရာ နေဝင်းမြင့် ပြောပြမှ ခရေစေ့ တွင်းကျ သိလိုက်ရတာ...။

တနေ့ ကိုကျီးက ညိုဝါရောင် အဆင်း ရှိတဲ့ ကိုရွှေဘုတ်ကို ပြောသတဲ့ ။

" ကိုကြီးဘုတ်ရာ ခင်ဗျားဖြင့် အဆင်းကလည်းလှ၊ အရောင်ကျတော့လည်း မြတ်စွာဘုရားရှင်ရဲ့ သင်္ကန်းတော် အရောင်လို ညိုရွှေဝါရောင်နဲ့ အင်မတန် ကျက်သရေရှိပါ့ဗျာ " လို့ ဝမ်းနဲအားငယ်တဲ့ လေသံလေးနဲ့ ပြောရှာသတဲ့ ။

ဒီတော့ ကိုကြီးဘုတ်ကလည်း ပြန်ပြောရှာတယ် ။

" အို....အားငယ်တတ်ပါဘိ ကိုကျီးရယ် ခင်ဗျာ့ အသွေးအရောင်ဟာဖြင့် မြတ်စွာဘုရားရှင်ရဲ့ သပိတ်တော် အရောင်နဲ့ တူပါသော်ကောဗျာ " လို့ ပြန်ပြီး ဖေးမ ရှာသတဲ့ ။

ကျမဖြင့် ကျမတို့ ဘလော့ဂ်ဂါ မောင်နှမတတွေကို ပြေး သတိရမိတာ မလွန်ပါဘူးနော်.....။

ဘဝ အမောတွေ ပြေကြပါစေ....။

19 comments:

  1. ဟုတ်ပါ့အမရယ်.. အမရေးထားတာလေးတွေက ဖတ်လို့ကောင်းလိုက်တာ :P

    ReplyDelete
  2. အင်း တစ်ယောက်နဲ့ တစ်ယောက် အဲလိုပဲ ဖေးမကူညီကြရင် ကမ္ဘာကြီး ဒီထက်ပိုလှ သွားမှာပေါ့ဗျာ။

    ReplyDelete
  3. ဖတ်ပြီး ရယ်မိပါတယ်။
    တခါတခါကျတော့လည်း ခွပ်ကြပါတယ်မမ။ :D

    ခုတောင် ဘလော့မှာ ဘီလူးဆိုင်းချည်း ထွက်နေတာ ကြာပါပြီကော။
    (ပြောရင်းနဲ့ ရီချင်လာပြီ)

    ReplyDelete
  4. ချစ်ခင်စွာအားပေးတာပါအမရယ်၊ ဘလော့ဂ်ကပေးတဲ့ ရသ တခြားမှာ ရချင်မှရမှာလေ။

    ReplyDelete
  5. ဖန်ခွက်ထဲက ရေတ၀က်လျော့နေတယ်လို့
    တချို့ကမြင်ပြီး..တချို့ကတော့ဖန်ခွက်ထဲကရေတစ်ဝက်ပြည့်နေတယ်လို့မြင်တယ်။
    ဘာပဲဖြစ်ဖြစ်အစ်မရယ်..ကျွန်တော်ကတော့ blog တွေဖတ်ရင် ပြည့်နေတဲ့ရေတ၀က်ကိုပဲ မြင်အောင်ကြည့်တယ်

    ReplyDelete
  6. ပြောတတ်လိုက်တာ ရေးတတ်လိုက်တာ အစ်မရယ်.. သိပ်ကို ကောင်းပါတယ်။ ဟုတ်ပါတယ် ဘလော့ဂါတွေဟာ ကျီးနဲ့ဘုတ်လိုပဲနော်။ :)
    ပုံ
    ပန်ဒိုဘုတ်

    ReplyDelete
  7. အကြည်ရေ ... တို့ကတော့ အားပေးတယ်လို့မြင်တယ် ... ငယ်ငယ်က အိမ်နီးနားချင်း အဒေါ်က မော်လမြိုင် ပြန်လာတော့ ပါတိတ်ထမီလေးတွေ ပိတ်စလေးတွေ ပြန်ရောင်းဖို့ ပါလာတယ်။ အမေက ဘာပြောလဲဆိုတော့ အိမ်နီးနားချင်း အားပေးရအောင် တစ်ထည်လောက်တော့ ၀ယ်ရမှာပေါ့တဲ့။ ကိုယ့်အချင်းချင်း ချစ်လို့ ခင်လို့ တစ်ယောက်ကို တစ်ယောက်အားပေးကြတာပေါ့ ... အကြည်ရေ ... ပါတိတ်တစ်ထည်လောက်း)

    ReplyDelete
  8. မအေးရေ...
    သူများရဲ့ အပြစ်ကိုရှာ...၊ နောက် ချို့ယွင်းချက်တွေကို လက်ညှိုးထိုး(သကာဖုံးပြီး) အပြစ်စကားဆိုနေတတ်မဲ့အစား ကိုယ်မရေးတတ်...၊ မတွေးတတ်မိတဲ့ အတွေးစိတ်ကူးတွေနဲ့ ရေးထားတဲ့ စာမှန်သမျှကိုတော့ ကျွန်တော်က တွေ့တိုင်းချီးကျူးမိနေမှာပါပဲ...။ ပညာရှင်တွေမများပဲ... ၀ါသနာရှင်တွေသာ များသောအားဖြင့်ရှင်သန်နေကြတဲ့ ရပ်ဝန်းလေးမို့ ကျွန်တော်ကတော့ အားပေးနေမိဦးမှာပါပဲဗျာ...။ သေချာတာကတော့ ကိုယ့်စရိတ်ကိုယ်သုံးပြီး ဘလောဂင်းနေကြတဲ့ မောင်နှမတွေကို ချစ်ခင်တဲ့စိတ်တစ်ခုရှိနေလို့ဆိုတာပါပဲ...။
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  9. sis, နေဦး ညီမလေးကဘာပါလိမ့် စဉ်းစားလိုက်ဦးမယ် (ခေါင်းကုတ်လျက်)....သေချာပါတယ်၊ ကျီး...ကျီး...၊ sis တို့လို မမရွှေဘုတ်တို့ နဲ့ ကိုကို ရွှေဘုတ် တို့ကအားပေးလို့သာပေါ့ :D

    ReplyDelete
  10. ဘယ်သူက ကျီးအုပ်စုဝင်ပြီး ဘယ်သူတွေကဖြင့် ဘုတ်အုပ်စုထဲရောက်မလဲဗျ။

    ReplyDelete
  11. တို့က ကျီးချစ်ကြည်ဘုတ်.....:D

    ReplyDelete
  12. ဟုတ်တယ်။ တခါတလေကြတော့လည်း ချစ်ကြည်အေးအောင် ပေါ့။
    ခုလည်း မချစ်ကြည်ဘုတ်လေး ရေးထားတာ ကောင်းလိုက်တာ။ တကယ့် အပြင်လောကမှာလည်း ဒီလိုပါပဲရှင်။


    မဘုတ်အယ်

    ps.မအယ်ဘုတ်ဆိုတာက မလှလို့ ပန်ဒိုဘုတ်ကတော့ လှပါတယ်။

    ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေနော်

    ReplyDelete
  13. ဘလော့ဂါတွေဟာ အချင်းချင်း မြှောက်ပင့်နေကြတယ်ဆိုတာ ကျွေန်မယောက်ျား ပြောလာခဲ့ဖူးတဲ့ စကားပဲ။ အခုတော့ မပြောတာ ကြာနေပြီ။ ရီတာ ပြောတာလည်း ဟုတ်ပါတယ်။ အချင်းချင်း ဖေးမတာပါ မြှောက်ပင့်တာ မဟုတ်ပါဘူး။ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

    ReplyDelete
  14. တကယ်က appreciate လုပ်ကြတာပါ။ အဲဒီအလေ့လေး ဘလော့မှာ အတော် ထွန်းကားနေတာ သတိပြုမိတယ်။ ချစ်ဖွယ်သော စကားကို ဆိုတတ်ခြင်း လို့သာ မှတ်ပေတော့ မမရေ..။ ဒါပေမဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ပြောတတ်ရင် ကြည်နူးစရာ ကောင်းပါတယ် မမကျီးချစ်ကြည်ဘုတ်ရယ်..

    ReplyDelete
  15. မယ်ချစ်ဘုတ်ရယ်..ကိုကျောက်ကျီးတို့က..ဒါမျိုးတွေဝါသနာမပါဘူး
    အမှန်ကိုအမှန်အတိုင်းပြောတာ..ဘုရားစူး...

    ReplyDelete
  16. စိတ်ကြည်ကြည်နဲ့ ရွှင်ရွှင်ပျပျရေးတတ်တဲ့ မ စာတွေကို ချစ်ခင်စွာ လာဖတ်မိပေမယ့် အခုမှ ကျီးက ဘုတ်ကို နှုတ်ဆက်တယ် သဘောထားပေးပါနော် :)
    ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
    စာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ။

    ReplyDelete
  17. ကျီးကဘုတ်ကိုမြောက်တာမျိုးမဟုတ်ပါဘူး-နှတ်တရာစာတလုံးတဲ့------
    ဂျစ်တူးလည်းစာပေဟောပြောပွဲကိုသွားရောက်ခဲ့ပါတယ်-နှုတ်ကပြောတာတွေကိုနားထောင်ခဲ့ပေမဲ့အခုလိုစာနဲ့ရေးတာကိုဖတ်လိုက်
်ရတော့တော်တော်ကလေးပိုပြီးမှတ်မိသွားတာတော့အမှန်ပါဘဲခင်ဗျာ-ပင်ပင်ပန်းပန်းအချိန်တွေရှားရှားပါးပါးအချိန်ကလေးတွေထဲကနေစာတွေမဖြစ်မနေရေးနေတဲ့ ချစ်ကြည်အေး နှင့်တကွစာရေးသူတွေအားလုံး
    အားလုံးကိုလေးစားရိုသေလျှက်ပါခင်ဗျာ-
    နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေ-

    ReplyDelete
  18. မကျီးချစ်ကြည်ဘုတ်ရဲ့ အရေးအသားက သပိတ်ရောင် သင်္ကန်းရောင် တပြောင်ပြောင်နဲ့ပါလား ဟရို့...

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...