Saturday, December 12, 2009

ကျွန်ုပ် နှင့် ယမမင်း

မနက်စာ စားလို့မှ မပြီးသေး ကျုပ်ရဲ့ လက်သုံးတော်ဓါး...ဟုတ်ပေါင် လက်စွဲတော် ဟန်းဖုန်း တတီတီ မြည်လာတာကြောင့် စောစော စီးစီး ဘယ်ကများပါလိမ့်မလဲလို့ LCD Display ကိုကြည့်လိုက်တော့........,

အံမယ်...နှုတ်ခမ်းမွှေးကားကား၊ ဦးချိုထောင်ထောင်၊ ညစ်ကျယ်ကျယ် ရုပ်နဲ့ ကျုပ်လောက်မှ ရူပါ မဖြောင့်တဲ့ သကောင့်သား...အလို.....ယမမင်း ဆိုပါ့လား။

အရေးကိစ္စကဖြင့် ရှိချေပြီ။ အစုံလုပ်သည် ဆိုတဲ့ အကျိုးတော်ဆောင်တွေ အများကြီး ထဲကမှ ကျုပ်တယောက်ကို ရွေးဆက်ရခြင်းကဖြင့် ထူးတော့ ထူးခြားနေသမို့လားဗျ။

*********************************
"ဟဲလို...ယမမင်း ဂွတ်တမောနင်းပါဗျ...ဘာအကြောင်းတွေများ ရှိသတုန်း.."

"အိမ်း...ပြောရတာပ...ကျုပ်တို့ ငရဲပြည်မယ် ခွေးသားရေ အောက်အော့ဖ်စတော့ ဖြစ်နေလို့ဗျ ၊ အဲဒါ ခင်ဗျားများ ဆပ်ပလိုင်း လုပ်နိုင် မလား လို့ပါ.."

"အလိုဗျာ...အတော်လဲ ကြီးကျယ်တဲ့ အမှာပေပဲ...နို့ ..ဘယ်တော့လောက်များ လိုချင်သတုန်းဗျ..."

"လောလိုက်လေခြင်း ဆိုရင်ဖြင့် ခံရတော့မှာပဲကိုး ယနေ့ကစလို့ ၃ရက်အတွင်းဗျား"

"အို..မြန်ချက်ဖြင့် ယမမင်းရယ်..ခင်ဗျား စတော့ခ်လေး နဲနဲမှ အပိုမဆောင်ပဲကိုးဗျ"

"ဆောင်ထားပါရောလား အမောင်ရယ်...သို့ပေမင့် တနေ့တနေ့...လိမ်သူ၊ ကောက်သူ၊ ကတုံးပေါ်ထိပ်ကွက်သူ၊ လာဘ်စားသူ၊ ခိုးသူ၊ သတ်သူ၊ ခေါင်းပုံဖြတ်သူ၊ လူအချင်းချင်း လှည့်ပတ်သူတွေက လူ့ ပြည်မယ် တယ်လဲများသကိုး..."

"အဲဒီ့လောက်တောင်ပဲ လားဗျ၊ ကျုပ်ဖြင့် ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲပြီလားဗျာ၊ ကဲ စိတ်သာချဗျို့ ၃ရက်မြောက်နေ့ကျ ကျုပ်အိမ် ကိုသာ လာခဲ့ပေတော့ဗျား"

ကိုင်း...ကျုပ်ဖြင့် အကျိုးတော်ဆောင်တို့ ထုံးစံအတိုင်း နှုတ်ရေးကြွယ်ကြွယ် ဂတိလွယ် ခဲ့မိပြီကိုးဗျ၊ ဒီတော့ အချိန်တွေဆွဲဖင့် မနေ တော့ပါဘု ခုပင် မြို့တခွင်ခရီးနှင်လို့ မနားမနေ ခွေးသားရေ ရှာပုံတော် ဖွင့်ရအုံးမှာပ။

*********************************
ကျုပ်လဲ အချိန်ဆိုင်း မနေပဲ မြို့ထဲ ထွက်လို့ ခွေးသားရေ ရနိုင်မဲ့ နေရာတွေ၊ တခြား သားရေ အမျိုးမျိုး အရောင်းဆိုင်တွေ၊ ပင်ရင်း၊ ဆိုင်ခွဲ မကျန် စုံတကာစေ့အောင် ရှာပုံတော် ဖွင့်ရသပေါ့ဗျာ။

ခက်လိုက်ပုံက ဒီခွေးသားရေ ဆိုတာကလည်း ဘာလူသုံးကုန်ပစ္စည်းမှ လုပ်ရောင်း ရလောက်အောင် အသုံးမကျတဲ့ ဟာကိုး၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ခွေးသားရေ ပိုက်ဆံအိတ်၊ ခွေးသားရေ ဘွတ်ဖိနပ်ရယ်လို့များ ကြားဖူးကြလို့လား၊

တနေသာကုန်ရော ကျုပ်ဖြင့် ခေါင်းတွေလဲခြောက်၊ ခြေထောက်တွေလဲ ညောင်းလို့၊ ငွေကုန် သံပြာသာ ဖြစ်ကရော၊ ခွေးသားရေဖြင့် ရှာမရခဲ့ပေါင်ဗျာ...။

*********************************
နက်ဖန်ခါ ဆိုရင်ဖြင့် ယမမင်းက လာပေတော့မယ် ။ မဖြစ်ချေဘူး။ ဒီကနေ့တော့ဖြင့် ရအောင် ရှာမှ ရှာမှ....။

အဲ...ရှာလို့ မရတဲ့ အဆုံးမတော့ ခွေးလေခွေးလွင့်တွေ ဖမ်းလို့ ကျုပ် ကိုယ်တိုင်ပဲ အရေ ဆုတ်ပစ်ရမှာပဲကွယ်ရို့...။
ဘုရား ဘုရား ...ခါးဝတ်ပုဆိုးလို မြဲပါတယ် ဆိုတဲ့ ကျုပ်ရဲ့ ငါးပါးသီလလေးလဲ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်ရှာတယ်..

အောင်မာလေး...ရှားလိုက်တဲ့ ခွေးလေခွေးလွင့် ၊ကျုပ် အဖြစ်က ကုလားပြည် သွားပြီး နှုတ်ခမ်းမွှေး မပါတဲ့ ကုလား အရှာထွက်နေတာနဲ့ တူနေသကိုးဗျ.....။

တကောင် တမှီးမှ မတွေ့တဲ့အဆုံး ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့ လျောက်လာလိုက်တာ မြို့ထဲကျော်လို့ မြို့စွန်တောင် ဝင်လာ ပါရော့ လား။ ဟော ရှေ့မှာ မွေးမြူရေး ခြံကြီး တခြံ ။ ခြံရှေ့က ဆိုင်းဘုတ်ကြောင့် ကျုပ်မျက်လုံးတွေ လက်ခနဲ၊ ကျုပ်ခေါင်း ထဲလဲ မီးတချက် လင်းခနဲ။

" နွား နှင့် နွားထွက်ပစ္စည်း မျိုးစုံ အရောင်းဆိုင် "

***********************************
နွားသားရေက နဲနဲတော့ဖြင့် ပိုထူပါရဲ့ ဒါပေသိ သူတို့က ဖိစက်နဲ့ပြားချ ၊ နန်းဆွဲစက် နဲ့ ဆွဲဆန့်ပြီး ပါးအောင် လုပ်ပေးနိုင် သတဲ့။ ကျုပ် လိုချင်တဲ့ အရွယ်အစား အတိုင်းလဲ ဖြတ်တောက်ပေးအုံးမဲ့ အပြင် ကျုပ်အတွက် မေတ္တာလက်ဆောင် နွားချို တစုံတောင် ပေးအုံး မတဲ့။ ဟန်ကျလိုက်လေ...။

ဒီလိုနဲ့ ချိန်းထားတဲ့ နောက်တနေ့ ညနေ ရောက်လာပါရော....။

ယမမင်း ကိုယ်တိုင် သူ့ရဲ့ ကြက်ဆူဆီသုံး ပရိုက်ဗိတ် ဂျက်ကလေးမောင်းလို့ ကျုပ်ဆီ ရောက်ချ လာသဗျ။ ခွေးသားရေ အဲလေ နွားသားရေတွေ ပိုက်လို့၊ အပျော်ကြီး ပျော်လို့ ၊ ချက်ချင်းငွေချေရှာတယ်။

ကျုပ်တိုက်တဲ့ အပြင်းစား မြန်မာ ဘီယာလေးတောင် သောက်မသွားရှာဘူး။

" လမ်းမှာ စစ်တဲ့ ဆေးတဲ့ TPH တွေ ဖမ်းနေပါအုံးမယ်ဗျာ " တဲ့။

"ဘာတုံးဗျ TPH " ဆိုတော့ " Traffic Police of Hell " တဲ့လေ ။

***********************************
မင်းမှာ သစ္စာ လူမှာ ကတိ ဆိုသမို့လားဗျ၊ ကျုပ်လဲ ပေးထားတဲ့ ကတိအတိုင်း နွားခြံ သွားလို့ ငွေချေအုံးမှ။

ခက်လိုက်တဲ့ ကောင်တွေဗျာ ၊ ပြောတုန်းက ဈေးတမျိုး ၊ လုပ်ရတာ သီးသန့် အမှာ (Custom made) မို့လို့ ခက်သလေး ဘာလေးနဲ့ ခုတော့ ငွေပို တောင်းတယ်လေ။

ကျုပ်ကလဲ နှုတ်ကတိ တလုံး တန်ဘိုးထားတဲ့ ကောင်ကိုးဗျ ၊ ဒီတော့ စာရွက်စာတမ်း တွေ ဘာတွေ မချုပ်မိဘူးပေါ့ဗျာ။ အရှည် အရှည်တွေ ပြောမနေချင်တာရယ်၊ ကျုပ်ကိုယ်တိုင်လဲ မြက်မြက်ကလေး စားလိုက်ရတာ ရယ်ကြောင့် သူတို့တောင်းတဲ့ ဈေးပဲပေးခဲ့ပါရဲ့ ။

ကျုပ် ပိုပြီး စိတ်ဆိုးမိတာက နွားချိုတစုံ မပေးတာပဲဗျို့ ။

ပေးမယ် ဆိုပြီးမှ မပေးတာတော့ အဆိုးဆုံးပဲ မဟုတ်လားဗျာ...။

************************************
အဲဒါပဲဗျ လူတွေဟာ ခက်တယ် ။ ငရဲပြည်မှာတောင် ခွေးသားရေ ပြတ်လတ်ရအောင် ငါးပါးသီလတွေ ပျက်ပြား၊ အကျင့်သိက္ခာတွေ ချစားလို့ ။

ကျုပ်ဖြင့် ငါးပါးသီလ ခါးဝတ်ပုဆိုးလို မြဲဆို ခါးပတ်ကြီးနဲ့ ဝတ်သကိုး ။ အသက်လေး ရလာတော့ကာ ပုဆိုးတောင် မနိုင်ချင်ချင် ဖြစ်လာပြီ မို့ပါဗျ...။

အဲ...တခုတော့ ရှိသပေါ့ , ယမမင်းကြီးကို ခွေးသားရေ နဲ့ နွားသားရေ အင်ထု လိုက်တာက လွဲ လို့ေ ပါ့ ဗျာ.......။

*************************************************

စာကြွင်း:

မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ - ကျွန်ုပ်သည် လိမ်လည် လှည့်ဖြား မုသားစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏....တဲ့ ။ ငါးပါး သီလ သိက္ခာပုဒ် တွေထဲက ၄ ပါးမြောက် သိက္ခာပုဒ် ဖြစ်ပါတယ် ။ အပြောလွယ် သလောက် အလုပ် အခက်ဆုံးပါ ။ လျှာ က အရိုး မရှိ ၊ အောက်မေးရိုး ကလည်း အရှင် ဆိုတော့ကာ ပွတ်ကာ သီကာ မသိမသာ ကျိုးလို့ ဖြစ်စေ၊ ရည်ရွယ်ပြီးတော့ပဲ အပိုင်းပိုင်း ချိုးလို့ ဖြစ်စေ တနည်း မဟုတ် တနည်းနဲ့ ကျိုးနေကြတာကဖြင့် တခြား သိက္ခာပုဒ် တွေထက် ကျိုးနှုန်း အပုံကြီး ပိုများ နိုင်ကောင်းပါရဲ့..။

ဆိုးတဲ့ ရည်ရွယ်ချက်နဲ့ အမဲရောင် မုသားက တမျိုး၊ ဖေးမလိုတဲ့ စိတ်နဲ့ မုသားဖြူက တဖုံ ဆိုသလို ပြောဖြစ်နေကြတာပါ။ လက်ထဲမှာ အပိုင်း ပိုင်း ပြတ်နေတဲ့ မုသာဝါဒါ သိက္ခာပုဒ်ကြီး ကိုင်ဆွဲလို့ ပါးစပ်က အသံကောင်းဟစ်နေ သူတွေ အများကြီးပါ...။ ကျမကတော့ရော....အင်း...ရုတ်တရက် နဲနဲတောင် နှာစေးချင် သလိုလို ပါပဲ....။ အဲဒီ အတွေးလေးနဲ့ သရော်စာ ဆန်ဆန် ဝတ္ထုလေး တပုဒ် ရေးဖြစ်ခဲ့ပါတယ် ။

လူအချင်းချင်း လှည့်ပတ်ခြင်းမှ ကင်းဝေးကြပါစေ....။

6 comments:

  1. ကောင်းမွန်တဲ့ သရော်စာလေးပါပဲ အစ်မရေ...။ လူတွေကတော့ ယမမင်းတောင် ချမ်းသာမပေးတော့ဘူး ဆိုတာ အသေအချာပဲ.။

    ReplyDelete
  2. ညီမတော့ မုသားနဲ့ မလွတ်နိုင်သေးပါဘူး အမရယ်။
    မုသားဖြူတွေပဲ ဖြစ်အောင် ဂရုစိုက်ပါတယ်။

    ReplyDelete
  3. ဟုတ်တယ် မမရေ..၊ မုသာဝါဒကတော့ လွယ်လွယ်ကူကူ အချိုးဖောက်ဆုံး သီလပါပဲ။
    ဒါနဲ့ ၀တ္ထုထဲမှာ နွားချိုတစုံ လက်ဆောင်ရမယ်ဆိုပြီး တကယ်တောင်းတော့ ရူးချင်ယောင်ဆောင်နေပါလား။ အကျင့်တွေကူးသွားပြီ ထင်တယ်။ :)

    ReplyDelete
  4. မုသားဝါဒက ချိုးဖေါက်ဖို့ လွယ်ကူဆုံး ဖြစ်သလို အကုသိုလ်ကလည်း အများဆုံးလို့ သိရတယ်။ မြတ်စွားဘုရားလောင်းဟာ ဘုရားမဖြစ်ခင် ဘ၀တွေမှာ တခြားသီလကို ချိုးဖေါက်ဖူးပေမဲ့ ငါးပါးသီလကို မချိုးဖေါက်ဖူးဘူးလို့ ဖတ်ဖူးတယ်။

    ReplyDelete
  5. မုသားမပါ လင်္ကာမချောလို့ ဆိုကြတယ်...
    တခါတခါမှာ မတတ်သာလို့ မုသားသုံးရတဲ့အခါတွေ ရှိဖူးတယ်..
    အရင်က အဖိုးနဲ့ အတူတူနေတုန်းက သူသိသလောက်က ငှက်ပျောသီးတဖီး အများဆုံး ၅ ကျပ် ၁၀ ခေတ်... တကယ်က အဲဒီအချိန်မှာ တဖီးကို ၁၀၀ ကျော်နေပြီ... ပြောလိုက်ရင် မစားတော့မှာစိုးလို့ စားစရာတော်တော်များများကို သူဈေးမေးလိုက်တိုင်း အမြဲတမ်းလျှော့ပြော ညာပြော ရတယ်...။
    သူတပါးကို ထိခိုက်စေတဲ့ မုသာဝါဒမျိုးမဟုတ်လို့ စေတနာနဲ့ ပြောတဲ့စကားတွေမို့ ငရဲမကြီးပါဘူးလို့ မေမေကပြောတယ်...
    အဲဒီလိုမျိုးက လွဲလို့ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိန်းပါတယ်...

    ReplyDelete
  6. သူငယ်ချင်းရေ
    သရော်စာလေး အတွက်ကျေးဇူးဘဲနော် စာတွေများများရေး များများလည်းဖတ် ဒါမှ ဒို့ ၂ ယောက်အတူတူ မျက်မှန်တတ်ရအောင်

    ရွှေစင်ဦး

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...