Friday, March 7, 2014

ကြမ္မာအရိပ်


(က)

“အို ဒီဆရာဝန်ကိုမှ ပင့်ခဲ့ရသလား၊ ခက်တာပဲ”

စိမ်းသည် မျက်စေ့ပိတ်မှေးနေရင်းက အခန်းထဲသို့ဝင်လာသော ခြေသံများကြောင့် မြင်ရသည်ဆိုရုံလေး မျက်လွှာကိုပင့်ကြည့်ရာ ဆရာဝန်မျက်နှာကို မြင်လိုက်သော် စိတ်ပျက်လက်ပျက်ဖြစ်သွားရလေသည်။ ဆရာဝန်၏ ဟောတရားများကို နာရပေဦးမည်။ ဒီဆရာဝန်ဟာ ဘာကြောင့်များ ဆေးကုစားနေသည် မသိ။ လူနာကို ဆေးပေးဆေးထိုးကုဖို့ထက် တရားဟောကုဖို့၊ ဘုရားကုကုဖို့ကိုသာ စိတ်သန်လေသလား မဆိုနိုင်ပေ။ သူ့ဆေးခန်းသို့လာသော လူနာမှာ သိပ်မများလှ။ သို့သော် ဆယ်ယောက်မျှပင် မပြည့်သောလူနာကို ဆေးခန်းချိန်လေးနာရီလောက်ကြာအောင်၊ တစ်ညနေလုံးကုန်အောင် ဆွဲကုတတ်သောဆရာဝန်ဖြစ်သည်။ ကိုယ့်အလှည့်ကျဖို့  ရှေ့ကလူနာနှင့် ဆရာဝန် လေကြောပြတ်အောင် စောင့်ရတာကိုက စိတ်မရှည်ချင်စရာ။ 

တစ်ချို့သောလူနာများကတော့ အထူးကုဆရာဝန်ကြီးတွေဆေးခန်းမှာ သုံးမိနစ်တစ်ယောက်နှုန်း ကြည့်ပြီး ဆေးပေးငွေချေတာမျိုးထက် လူနာမျက်နှာကို တစိမ့်စိမ့်ကြည့်ကာ စိတ်အင်အားပေးတတ်သော၊ လူနာ၏လူနေမှုဘဝထဲထိဝင်ကာ ရင်းနှီးနွေးထွေးမှုပေးနိုင်သော ထိုဆရာဝန်မျိုးကိုမှ သဘောကျသည် ဆိုကြသေး၏။ လူအမျိုးမျိုး စိတ်အထွေထွေပေ။

စိမ်းကတော့ မကြိုက်ပါ။ ဆရာဝန်ဟာ ဆေးကုတန်တာ ကုဖို့ပဲဖြစ်သည်။ လူနာများ၏ နေ့စဉ်ဘဝထဲထိ ထိုးထွင်းဝင်ကာ ရောဂါကို အဖြေရှာတတ်တာမျိုးဟာ တဆိတ်လွန်လွန်းသည်ဟု စိမ်းက ထင်သည်။

“ဘာဖြစ်တာလဲ မစိမ်းစိမ်း”

“မူးနေတာဆရာ၊  ခေါင်းထဲမှာ အုံနေပြီး ခေါင်းထူလို့ကို မရဘူး။ အိမ်မှာရှိတဲ့ ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်နဲ့လည်း တိုင်းကြည့်ပြီးပြီ။ သွေးပေါင်က ပုံမှန်ပဲ။ ဘာဖြစ်မှန်း မသိပါဘူးဆရာ”

“မစိမ်းစိမ်း အဲသလို ခေါင်းမထူနိုင်အောင် မူးမူးနေတာမျိုး အဖြစ်များတယ်နော်၊ ခဏလေး  ကျွန်တော်ပြန်ချိန်ကြည့်ပေးပါ့မယ်”

ဆရာဝန်သည် စိမ်း၏အနွေးထည်လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ကာ သွေးပေါင်ချိန်ဖို့ပြင်လေ သည်။ သွေးချိန်နေရင်းက နောက်လက်တစ်ဘက်ဖြင့် စိမ်းညာဘက်လက်ကောက်ဝတ်ကို ဖိကိုင်ကာ သွေးစမ်းလျှက်ရှိသည်။

“အင်း သွေးက ၁၁၀ ၉၀ အောက်သွေးတော့ နည်းနည်းများနေတယ်။ ကျွန်တော် ဆေးပေးခဲ့ပါ့မယ်။ ဆေးထိုးဖို့ မလိုဘူး။ ကောင်းသွားမှာပါ”

တော်ပါသေးရဲ့။ ဆရာဝန်က သည်တစ်ခါတော့ သူမစိတ်ကို ဖတ်မိပုံရလေသည်။ ဘာဘာညာညာ စကားမရှည်။ ဆေးပေး၊ ဆေးသေတ္တာပိတ်ပြီး ပြန်ရန်ပြင်သည်။

“နေဦးဗျ၊ မစိမ်းစိမ်းက အရင်ကလိုပဲ ဈေးထဲ ငါးရောင်းနေတုန်းလား”

လာပြီ၊ စိတ်ဒုံးဒုံးချလို့မှ မပြီးသေး။ သည်ဆရာဝန်ဟာ ရိုးရာကို အပျက်မခံတဲ့ဆရာဝန်ပေပဲ။

“ဟုတ်ကဲ့ တစ်ခြားဘာမှလည်း မလုပ်တတ်တော့ အမေတွေလက်ထက်က ငါးရောင်းတဲ့အလုပ်ပဲ ဆက်လုပ်နေရတာပေါ့ ဆရာရယ်”

ဆရာဝန်သည် တိုစိစိမုတ်ဆိတ်မွှေးကို ဘယ်လက်ဖြင့် သပ်လျှက် မျက်ဝန်းများမှေးစင်းကာ စဉ်းစားနေဟန်ရှိသည်။ သူ၏ ရှပ်လက်ရှည်ပြာဖျော့ဖျော့မှာ အရောင်လွင့်တော့မတတ်ဖြစ်ကာ ဂျာကင်မှ ညှင်းသိုးသိုးအနံ့၊ မိုးစိုထားပြီး၍ နေရောင်ကောင်းကောင်းမရသောအနံ့မျိုး ထွက်လျှက်ရှိလေသည်။

ပြောရင်ကောင်းမလား စဉ်းစားဟန်ကို လုပ်နေကျအတိုင်းလုပ်ပြီး နောက်ဆုံးတော့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြောချလိုက်သည်ကလည်း သူ့ထုံးစံပင်။

“ကျွန်တော် ပြောမယ်နော်။  လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကံ ကံ၏အကျိုးပေးတွေက မတူကြဘူးပေါ့ဗျာ။ မစိမ်းစိမ်းတို့အမေလက်ထက်က ငါးရောင်းခဲ့မယ်။ မစိမ်းစိမ်းတို့အမေဟာ ကျန်းမာရေး ကောင်းချင်လည်း ကောင်းခဲ့မယ်။ ခု မစိမ်းစိမ်းအလှည့်ကျမှ ကျန်းမာရေးက ကောင်းချင်မှ ကောင်းတော့မယ်။ မစိမ်းစိမ်းနဲ့ မစိမ်းစိမ်းအမေဟာ ကံ ကံ၏အကျိုးပေးပုံခြင်းလည်း တူချင်မှ တူနိုင်မယ်။ ဒီလိုလေဗျာ။ ငါးတွေ၊ အဲ ပြောရရင် ချိန်ခွင်ထဲ ထည့်တဲ့အခါ ရှင်နေသေးလို့ ဖျတ်ဖျတ်လူးနေတဲ့ငါးတွေကို ခင်ဗျားဘာလုပ်သလဲဗျ ဟင်၊ နောက်ပြီး အရှင်ကြီးတွေမို့လို့ မကိုင်ရဲလို့ တစ်ခါတည်းခုတ်ပေးလိုက်ပါဆိုတဲ့ ဈေးဝယ်တွေအတွက်ရော ခင်ဗျား ဘယ်လိုလုပ်ပေးရသလဲ”

“ချိန်ခွင်ထဲရောက်မှ ဖျတ်ဖျတ်လူးနေတဲ့ငါးဆိုရင်တော့ ငါးခေါင်းကို ဒုံးကနဲ ထုလိုက်ရတာပဲ ဆရာရယ်။ အဲလိုပဲ အရှင်ကြီးမို့ မကိုင်ရဲလို့ ခုတ်ခိုင်းတဲ့သူတွေအတွက်လည်း ကိုယ်ကပဲ ငါးကို ထုသတ်ပြီး ခုတ်ထစ်ပေးလိုက်ရတာပေါ့”

“အင်း ခေါင်းကို ထုသတ်တာနော်”

“ဟုတ်တယ်ဆရာ၊ ဘာဖြစ်လို့လဲ ဟင်”

“မစိမ်းစိမ်း  ခင်ဗျားခေါင်းတွေ ချာချာလည်နေအောင် မူးနေတုန်းလား”

“မူးနေတုန်းပေါ့ဆရာရဲ့ ဘာဖြစ်လို့လဲ ဟင်”

“အင်း ဖြစ်နိုင်ရင် မစိမ်းစိမ်းအနေနဲ့ တစ်ခြားအသက်မွေးဝမ်းကြောင်း ပြောင်းလုပ်စေချင်တယ်ဗျာ။ ဥပမာ ဟင်းရွက်ကန်စွန်းရောင်းတာမျိုး။  အဝတ်အထည်ရောင်းတာမျိုး။  ကျွန်တော်ပေးတဲ့ ဆေးတွေပြတ်အောင် သောက်ကြည့်ပြီးမှ မသက်သာရင် နောက်တစ်မျိုးစဉ်းစားကြ တာပေါ့ဗျာ။ ဟုတ်ပြီလား၊  ပျောက်တာကတော့ ပျောက်သွားမှာပါ။  ကဲ ကျွန်တော့်ကို ခွင့်ပြုပါဦး”

“ဟုတ်ကဲ့ဆရာ”

စိမ်း မပြောဘူးလား။ သည်ဆရာဝန်ဟာ အဲသလိုလေကြောရှည်တဲ့အပြင် သူများ အသက်မွေးဝမ်းကြောင်းထဲ ချဉ်းနင်းကာ ဝင်ရောက်စွက်ဖက်တတ်သေးသည်။ သူ့လိုမျိုး ပြောကြကြေးဆို စိမ်းတို့လို ငါးရောင်းတဲ့သူတွေဖြင့် ခေါင်းကိုက်ရောဂါနဲ့ပဲ သေကြရတော့မလိုလို။ စိမ်းသည် ဘေးမှာရပ်နေသော ယောကျာ်းဖြစ်သူကိုသာ မျက်စောင်းထိုးကြည့်လျှက် ပင့်စရာဆရာဝန်ရှားသလား ဟူသောအကြည့်ဖြင့် တစ်မုန်းကြီးကြည့်လိုက်မိလေသည်။

(ခ)

ဆရာဝန်သည် လူနာ၏ ညာဘက်နံရိုးအောက်သို့ ခပ်ဆဆစမ်းလျှက်ရှိသည်။ လူနာ၏အသည်းက ပုံမှန်ထက်ကြီးချင်သည်ဟု သူက ထင်၍ ဓါတ်မှန်ရိုက်ခိုင်းရာ ဖလင်ထွက်လာတော့ သူယူဆထားသည့်အတိုင်းပင် အသည်းက ဒုက္ခပေးနေခြင်းဖြစ်လေသည်။ လူနာက စီပိုးလည်း ရှိနေသည်။ အသည်းက ခြောက်ချင်ချင်ဖြစ်နေပြီ။ ကင်ဆာအဆင့်သို့ရောက်နေပြီလားတောင် မဆိုနိုင်။

လိုအပ်သည့်နောက်တစ်ဆင့်အနေနှင့် သွေးစစ်ပြီး AFP အဖြေရှာကြည့်ရန်ဖြစ်သည်။
လူနာမှာ အရက်လည်း မသောက်၊ ဆေးလိပ်လည်း မသောက်သူဖြစ်နေသည်။ သို့တိုင်အောင် ဘာကြောင့် အသည်းခြောက်ရသည်ကို သူ အံ့သြရသည်။ ဖြစ်နိုင်ချေနည်းလွန်းလှသည်ပေ။ နောက်ဆုံးတော့ ထုံးစံအတိုင်း လူနာနှင့်ပတ်သက်သော အလုပ်အကိုင် စိတ်ဖိစီးမှုအနေအထား လူမှုပတ်ဝန်းကျင်တို့နှင့် ဆက်စပ်စဉ်းစားဖို့ရန်သာ။

အရက်ချက်စက်ရုံ…

ဆရာဝန်၏ မျက်ခုံးနှစ်ဘက်လုံး ပင့်တက်သွားမတတ်ဖြစ်သွားရတော့သည်။ ဘုရားရေ….ဘယ်လိုမှ မထင်မှတ်ထားသော ကိစ္စ။  လူနာမှာ အောင်မြင်သော အရက်ချက်စက်ရုံ တည်ထောင်ထားသူ ဖြစ်သည်ဆို၏။ ဒါ တော်ရုံတိုက်ဆိုင်မှု မဖြစ်နိုင်တော့။

ဆရာဝန်သည် ကံ ကံ၏အကျိုးပေးတို့ ဘဝကူးပင်မစောင့်ပုံကို အံ့သြဘနန်းဖြစ်လျှက်ရှိသည်။ ထုံးစံအတိုင်း တစ်ခြားစီးပွားရေး ပြောင်းလုပ်ရန် သူ့အကြံဉာဏ်ကိုတော့ သာသာလေးပြောပြခဲ့ပါသေးသည်။ လူနာ၏ ဇနီးသည်ကမူ မာမာတင်းတင်းပင် ငြင်းသည်။ ဒါဟာ ဖြစ်ချင်လို့သာ ဖြစ်တဲ့ရောဂါပဲ၊ သူ့ယောကျာ်းရောဂါပျောက်ဖို့ ဘယ်လောက်ကုန်ကုန် ကုမည်၊ စီးပွားပြုတ်ချင် ပြုတ်ပါစေဟု ဆိုလေသည်။  သူနားလည်ပါသည်။  အောင်မြင်နေသော စီးပွားရေးတစ်ခုကို ဘယ်သူကမှ ပြောင်းချင်မည် မဟုတ်ပေ။  

သို့သော် ဆရာဝန်သည် သူသင်ကြားတတ်မြောက်ထားသော ဆေးပညာအပြင် မမြင်နိုင်သော ကံ ကံ၏အကျိုးပေးများ၊ အကြောင်းနှင့်အကျိုးဆက်စပ်နေပုံများ၊ သတ္တလောကနှင့် ပရလောက၏ ဆက်နွယ်နေမှုများ စသည်တို့ကို  မျက်ကွယ်မပြုလိုသူသာတည်း။

(ဂ)

စိမ်းသည် သူငယ်ချင်းဆွေ တံတောင်ဆစ်နှင့်တို့ကာ ပြရာဆီသို့ မျက်လုံးလေးအသာစောင်းကာ ကြည့်လိုက်မိသည်။   

အို အဲဒါ ဟိုဆရာဝန်ကြီးကတော်ပဲ။ သူမက ဆရာဝန်ကြီးနှင့် အသက်ကွာပုံရသည်။ သိမ်မွေ့နုညံ့သော၊ ကံ ကံ၏အကျိုးပေးကို ယုံကြည်သော၊ အကြောင်းအကျိုးဆက်နွယ်မှုကို လက်ခံသော၊ လူနာကို စကားများများပြောကုတတ်သောထိုဆရာဝန်ကြီးမှာ သည်လိုမိန်းမငယ်ငယ်ချောချောလေး ရထားတာ ဘယ်လိုမှ ဆက်စပ်တွေး၍မရနိုင်။ ထို့ထက်ပိုသည်က ဆရာဝန်ကြီးကတော်သည် ပျံလန်နေအောင်ဝတ်စားထားကာ အင်္ကျံလည်ဟိုက်မှာ ဖွေးနေသောရင်ညွန့်ကလေးပင် မြင်နေရလေ သည်။ ဆွေးညို့နေသော နှုတ်ခမ်းပါးပါးကလေးကို ပုံဖော်ကာ ရဲရဲညိုသော နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ သို့သော် သူမမျက်လုံးများမှာမူ နုညံ့ရိုးသားပုံပေါ်သည်။ အားပါးတရရယ်လိုက်လျှင် ကလေးငယ် တစ်ယောက်လို မျက်ဝန်းများမှေးစင်းကာ ချိုရီသည်။

“ရပါတယ်ရှင့်၊ အိမ်ကိုလာခဲ့ပါဦးလေ။ ဦးဘုန်းမြတ်က ဆန်းဒေးတွေဆို အိမ်မှာ ရှိတတ်ပါတယ်။ သူက အဲ့တစ်ရက်ပဲ နားရတာလေ”

“ဟုတ်ကဲ့ခင်ဗျာ။ ဆရာ့ကို ပြောလိုက်ပါ ကျွန်တော် လာခဲ့ပါဦးမယ်။ ကျွန်တော် အရင်ကလို ငှက်တွေ ထောင်မဖမ်းတော့ဘူးဗျ။  ဆရာပြောသလို အလုပ်ပြောင်းပြီးမှ ကျွန်တော့်ကျန်းမာရေး ပိုကောင်းလာတယ်၊ ဆရာ အရင်ကပေးထားတဲ့ဆေးတွေ သောက်စရာတောင် မလိုတော့ဘူးဆိုတာလည်း ပြောပြလိုက်ပါဗျာ”

“ဟုတ်လား ကောင်းတာပေါ့ရှင်၊ ဦးဘုန်းမြတ်သိရင်တော့ ဝမ်းသာမှာပဲ။ သူက လူတွေကို စင်ကြယ်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ထမင်းစားစေချင်တာရှင့်။ စိတ်ချ ပြောပြလိုက်ပါ့မယ်”

“ဟုတ်ကဲ့ ကျွန်တော် ဆရာနဲ့ လာတွေ့ပြီး ကန်တော့ချင်လို့ပါ။ ခွင့်ပြုပါဦးနော် သွားပါဦးမယ်ခင်ဗျ”

“ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့”

စိမ်းတို့မှာ နီးလွန်းသောကြောင့် နားမစွင့်သော်လည်းကြားနေရလေသည်။ ဟိုလူထွက်သွားပြီးလျှင် ဆရာဝန်ကတော်လေးသည် ဆွေ့အထည်ဆိုင်ထဲကို တန်းတန်းမတ်မတ်ကြီး ဝင်လာ၍ အထည်သုံးလေးစ ဖြတ်ခိုင်းကာ ဈေးပင်မဆစ်ဘဲ ဝယ်ယူသွားလေ၏။  ယောကျာ်းရှပ်လက်ရှည် မီးခိုးရောင်တစ်ထည်လည်း ဝယ်သွားသေးသည်။  ဒါကတော့ ဦးဘုန်းမြတ်ဟု သူမခေါ်သော ယောကျာ်းဖြစ်သူဆရာဝန်ကြီးအတွက် ဖြစ်ရမည်။

ဆရာဝန်ကတော်လေးသည် သေချာအနီးကပ်ကြည့်မှပင် ပိုမိုငယ်နုကာ ချောမောလှပသည်။ သူမဝတ်ထားသော အဝတ်အစားများ၏ လျှပ်ပေါ်လော်လီမှုသည် ရိုးရှင်းဖြောင့်စင်းသော သူမမျက်နှာနုနုအောက်မှာ ဖုံးလွှမ်းသွားသည် ထင်ရ၏။ တစ်ဖန် သူမသည် ဖော်ချင်ပြချင်၍ဝတ်ခြင်း မဟုတ်တန်ရာ၊ သည်လိုပုံစံလေးဝတ်မှလှသည်ဟု ရိုးရိုးလေးပင်တွေးကာ ဝတ်ဆင်ခြင်းသာဖြစ်နိုင်သည်။ ပြောရလျှင် သူမပုံစံလေးသည် ဖော်၍ ဝတ်စားထားသည်ဆိုစေကာမူ လိင်ဆွဲဆောင်မှုရှိမနေဘဲ ကြည့်လိုက်တိုင်းချစ်စဖွယ်ဟု မြင်အောင် ကုသိုလ်ထူးသူပေတည်း။

သို့သော် သူမကလေးပြောသွားသောစကားကို ကောက်ရလျှင် စိမ်းတို့ကပဲ မစင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့် ထမင်းစားနေသူတွေလား၊ ဒါတော့ လွန်သည်ဟု စိမ်း ထင်သည်။ ဆွေကလည်း သူ့ယောကျာ်းထောင်ထားသော အရက်ချက်စက်ရုံအောင်မြင်နေသည်ကို ဆရာဝန်ကြီးက တစ်ခြားလုပ်ငန်းပြောင်းလုပ်စေချင်သည်ဟု စိမ်းကို ပြောလာသည်။ စိမ်းတို့နှစ်ယောက်မှာ လေသံတူ ခံစားချက်တူကာ ဆရာဝန်ကတော်လေးကို မြင်မြင်ချင်းချစ်ကြသလောက် ဆရာဝန်ကြီးအပေါ် သိစိတ်နှင့်ပင် ချဉ်တင်တင်ဖြစ်မိကြတော့သည်။

သို့သော် ဟိုလူပြောသွားသောစကားအရ သူ အလုပ်သစ်ပြောင်းပြီးမှ ကျန်းမာရေးကောင်းလာတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကာယကံရှင်ကိုယ်တိုင်ပြောသွားသည်ကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရတာမို့ မယုံနိုင်စရာလည်း မရှိ။ တိုင်ဆိုင်မှုရော ဖြစ်နိုင်သည်ပဲလေ။ မည်သို့ဆိုစေ လူသည် သေတာတောင် ကံကုန်သက်စေ့မှသာ သေချင်ကြသည့်အမျိုးဖြစ်ရာ စိမ်းသည်လည်း ပယောဂတစ်ခုခုကြောင့်တော့ဖြင့် မသေလို။ ကျန်းမာစွာနေလို၍ သက်တမ်းစေ့မှသာ သေလိုသည်ပေ။

သို့တိုင်အောင် ဆရာဝန်ပြောသလို တစ်ခြားအလုပ်ပြောင်းလုပ်ရန်မှာ ပြောသလောက်မလွယ်ကူလှ။ ခုလည်း စိမ်း နေကောင်းနေတာမှ ခေါင်းကလေးတစ်ချက်တောင် ရိုးတိုးရိပ်တိတ် မမူးတော့ပြန်။ မမြင်နိုင်သော လွန်လေပြီးသည့်ဘဝဘဝများစွာမှ ပြုလုပ်ခဲ့ဖူးသောကံဆိုသည်ကိုတော့ စိမ်း မသိပါ။ သည်ဘဝမှာတော့ စိမ်းသည် ငါးများကို သေစေလိုစိတ်နှင့် သတ်သည်မဟုတ်။ မိမိပြုသောအမှု မိမိထံပြန်လာမည်ဆိုသည်ကို မယုံကြည်၍တော့ဖြင့် မဟုတ်ပါ။ စိမ်း ကျိန်ဝံ့ပါသည်။

(ဃ)

အချိန်စက်ဝန်းတို့ တစ်ပတ်လည်ပတ်ခဲ့ပြီ။ 

ဆွေနှင့်သူမ၏ယောကျာ်းသည် အထည်ဆိုင်တစ်ဘက်၊ တိုးပွားလာသော အရက်ချက်စက်ရုံလုပ်ငန်းက တစ်ဘက်နှင့် ရှိဆဲ။ စိမ်း ကြားရသောသတင်းမှာ ဆွေ့အမျိုးသားရောဂါသည် အသည်းကင်ဆာ အဆင့် လေးသို့ရောက်နေကာ စင်ကာပူသို့ သွားရောက်ကုသရန် ပြည်တွင်းရှိနိုင်ငံရပ်ခြားဆေးဝါးကုသရေး ဝန်ဆောင်မှုအဖွဲ့တစ်ဖွဲ့နှင့် မေးမြန်းတိုင်ပင်လျှက်ရှိသည်ဟု ဆို၏။

အဆင့်လေးဆိုသောကင်ဆာကို တာမင်နယ်စတိတ်ခ်ျဟု ခေါ်ကြပြီး မျှော်လင့်ချက်ကင်းမဲ့သော အနေအထားမျိုးမှာရှိသည်ဟု ဆွေပြောလာသောအခါ မျက်ရည်လွယ်သောစိမ်းမှာ ဆွေနှင့်အတူ မျက်ရည်ကျရပြန်သည်။

မည်သို့မျှမတတ်နိုင်သော အခြေအနေမျိုးမှာ ခလုတ်ထိမှ အမိတတတ်သော လူတို့ထုံးစံအတိုင်း ဆွေသည်လည်းကောင်း ဆွေ့အမျိုးသားသည်လည်းကောင်း အရက်ချက်စက်ရုံကို မန်နေဂျာနှင့်သာ လွှဲထားကာ ကံဆက်ရန်အတွက် ငါးလွှတ်ခြင်း ညောင်ထောက်ခြင်း တံတားထိုးခြင်း စသောအမှုများကို ကြားဖူးနားဝနှင့်ဖြစ်စေ၊ အကြံဉာဏ်ပေးကြသူများကြောင့်ဖြစ်စေ ပြုလုပ်လျှက်ရှိ ကြလေ၏။

စိမ်းမှာမူ ခေါင်းမထူနိုင်အောင် အုံခဲလိုက်၊ ဆေးကုလိုက်၊ ဈေးထွက်လိုက်နှင့် သူမ၏ နိစ္စဓူဝကို ဖြတ်ကျော်မြဲပေ။

(င)

မနက်လင်းအားကြီး ဆိုင်သွားဖို့ အိမ်ကအထွက်၊ လမ်းထိပ်မှာ လူအုပ်ကြီး ဝိုင်းအုံနေတာတွေ့တော့ မိန်းမပီပီ လူအုပ်ထဲ တိုးဝှေ့ကြည့်မိပါသည်။ နောက်ကျောမှာ ဓါးတန်းလန်းနှင့် သွေးအိုင်ထဲ မှောက်ရက်ကြီးလဲနေသော လူတစ်ယောက်…။

ဘုရားရေ…

မှောက်ရက်ကြီးဖြစ်သော်လည်း စိမ်း ကောင်းကောင်းမှတ်မိသည်။ သူ ဝတ်နေကျ အပြာရောင်ဖျော့ဖျော့ ရှပ်လက်ရှည်မဟုတ်သော်လည်း စိမ်း ကောင်းကောင်းကြီး မှတ်မိနေပါသည်။ လူမှားပြီး ဓါးထိုးခံရတာတဲ့ ပြောနေကြသံ ကြားရသည်။  ဘုရားရေ… စိမ်း နောက်တစ်ကြိမ် ဘုရားတမိပြန်သည်။ လောကကြီး ဘာတွေများ ဖြစ်ကုန်ပါလိမ့်။ သူဟာ လူကောင်း တစ်ယောက်ပါ၊ လောကကြီးကို လှစေချင်သူ။ လူတွေကို စင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့်သာ ရှင်သန်စေလိုသူ၊ လူတွေ၏အသက်ကို ကယ်တင် ကုသပေးနေသူ….။  ဖြစ်ရလေ…..။ သူဝတ်ထားသော မီးခိုးရောင်ရှပ်လက်ရှည်မှာ သွေးနီနီတို့ဖြင့် စွေးထင်လျှက်ရှိပြီ။ ထိုမီးခိုးရောင်ရှပ်လက်ရှည်ကိုလည်း စိမ်းကောင်းကောင်းကြီး မှတ်မိပါသည်။ ဈေးပင်မဆစ်ဘဲ ဝယ်ယူသွားခဲ့သော ရှပ်လက်ရှည်။

တရားခံ ဘယ်သူများပါလိမ့်၊  ဘယ်လိုလူမျိုးကများ ရက်ရက်စက်စက် သတ်ရက်တာပါလိမ့်။ ဘာကြောင့်များ အပြစ်မဲ့သူကိုမှ ရက်ရက်စက်စက် သတ်ခဲ့ရပါသလဲ။  အမျိုးမျိုးပြောနေကြသံ ကြားရသည်။ ငွေပေးသတ်ခိုင်းတာတဲ့၊ လူမှားပြီး ဓါးနဲ့ထိုးတာတဲ့။ စိမ်းအတွက်မူ သူ အမြဲတစေဝတ်နေကျ ရှပ်အပြာဖျော့ဖျော့နှင့်ဆိုလျှင် လူမှားနိုင်စရာမရှိဟု ထင်မိသည်။ ထိုအခိုက် နှုတ်ခမ်းပါးပါး နီညို့ညို့ကလေးကို ဖျတ်ကနဲမြင်သည်။ ဘုရားရေ....။ စိမ်းသည် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် ဘုရားတမိပြန်လေသည်။

ဆရာဝန်သည် စင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့်သာ သူ့တစ်သက်နေထိုင်သွားသည်ကို သံသယ မရှိလို။  သို့သော်….စိမ်း ဉာဏ်မမီပါ။ စိမ်းသည် မမြင်နိုင်သော လောကကြီးနှင့် လောကကြီးထဲကလူတွေကို ကြောက်ရွံ့တုန်လှုပ်လျှက်ရှိသည်။ ကံကြမ္မာသည် လူကောင်းလူဆိုး ခွဲခြားမမြင်နိုင်တော့အောင် ရက်စက်လွန်းနေပြီလား။

ထိုအခိုက်အတန့် စိမ်းကိုယ်ထဲမှာ သွေးတို့တဒိတ်ဒိတ်လည်ပတ်တိုးဝှေ့ကာ ခေါင်းတစ်ခုလုံး နာကျင်အုံခဲလာပြီး မတ်မတ်ပင် ကောင်းစွာမရပ်နိုင်တော့ပေ။


Special Thanks : 
ဒီဝတ္ထုတိုလေးအတွက် သရုပ်ဖော်ပန်းချီလေးကို မေတ္တာဖြင့်ရေးဆွဲပေးသော စာရေးသူ ညီမ မြတ်ပန်းနွယ် အား ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာလေးမှာ ရေးထိုးထားပါရစေ။

ORLOG - Fate or Personal Destiny


2 comments:

Ma Tint said...

စ လယ် ဆုံး အထိ မျောသွားတယ် မချစ်ရေ...တရားဟောဒေါက်တာရဲ့ အမြင်လေးတွေကိုလဲ ထောက်ခံမိတယ် ...
ဝတ္ထုဆောင်းပါးလေးတွေဟာ လက်တွေ့ဘ၀လေးတွေဆီကနေ ဆင်းသက်တယ်လို့လဲ ယုံကြည်ထားတယ်...
ကံ ကံ၏အကျိုးပေးဆိုလို့ တီတင့်တို့ လင်မယား အိမ်ထောင်သက်တစ်ခုလုံးမှာ အလုပ်အမျိုးမျိုးလုပ်ဘူးခဲ့တယ်...
အကျိုးမပေးပဲ အရင်းပြုတ်တဲ့အလုပ်တွေကတော့ ကြက်မွေး ၀က်မွေးအလုပ်ရယ် ဘီယာဆိုင်ရယ်ပေါ့ ...:P

မေတ္တာဖြင့်
တီတင့်

tun tun said...

အကုသိုလ်အလုပ်ဟာအကျိုးမပေးသေးခင်တော့ကောင်းနေတယ်။အကျိုးပေပြီဆိုတာနဲ့ခံပေဦးတော့ဘဲဆရာမရေ

ရွှေဘိုသား

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်