Thursday, May 31, 2012

ဒေါ်ဒေါင်း ဂျန်နရေးရှင်း


၁)
ဒေါ်ဒေါင်းတို့ အမျိုးက ဖဲသမားမျိုးရိုး။ ဒေါ်ဒေါင်းအဖွား မပန်းရုံ။ မပန်းရုံရဲ့အဖိုး ဦးလှဘော်။ ဦးလှဘော်ရဲ့ အဖွား ဒေါ်လှရှင်။ အဲဒီလို အစဉ်အဆက် မျိုးရိုးအတိုင်း ဖဲသမားလုပ်စားလာလိုက်တာ ခု ဒေါ်ဒေါင်းလက်ထက်အထိပဲ ဆိုပါတော့။  အစဉ်အဆက်မဟုတ်ဘဲ မျိုးရိုးတစ်ဆက်ခြားစီ ဖဲမွေရနေကြတာကတော့ ထူးခြားတယ်ဆိုရမယ်။ 

ခု ဒေါ်ဒေါင်းအလှည့် ရောက်ပြီ။ ခက်တာက ဒေါ်ဒေါင်းအလှည့်ကျတော့မှ ဖဲမျိုးဆက်က ပြတ်တော့မဲ့သဘောမှာ ရှိနေ တယ်။ ဒေါ်ဒေါင်းအဖို့တော့ အဲဒီအဖြစ်ကို သမိုင်းပေးတာဝန်ကြီးတစ်ခု ကျေပွန်အောင် မထမ်းဆောင်ရသေး သလိုလို၊ နိုင်ငံတော်အလံပြနေတုန်း မတ်တတ်မရပ်လိုက်မိသလိုလို ခံစားနေရတာ။ ရင်ခံနေမိတာ။ သူရကတော့ ရွဲ့ပြီး ပြောလေ့ ရှိတယ်။ “ပွဲထဲက လူပြက်များ ပြက်သလို မျိုးကောင်းလွန်းလို့ အစေ့ထုတ်၊ ပြာသုတ်ပြီး နေလှမ်းထားရတယ်ဆိုတာ အမေတို့ မျိုးရိုးပေါ့” တဲ့။ ဒေါ်ဒေါင်းကလည်း ပြုံးရင်းပြန်ပြောတယ်။ “ဒီအကောင်ဟာ တစ်ရပ်ကွက်လုံးနဲ့သာ တည့်ချင်တည့် မယ်၊ ယောက္ခမနဲ့တော့ အမြဲပဲ ဂွတိုက်ချင်နေတဲ့ကောင်” တဲ့။

၂)
သူရ အတော်လေး စိတ်တိုနေတယ်။ တိုနေတဲ့ စိတ်တွေကို ဒေါသအဖြစ်ပြောင်းဖို့ကလည်း မဖြစ်ဘူး။ မဖြစ်ဆို သူရ စိတ်တိုနေတဲ့သူက တစ်ခြားသူ မဟုတ်ဘူး။ ထုံးစံအတိုင်း သူ့ယောက္ခမဒေါ်ဒေါင်း ဖြစ်နေလို့ပဲ။ ဘီလူးဆိုင်းလေးနဲ့ များ ဒေါသထွက်ပြလိုက်လို့ကတော့ ဆန်းဆန်းပြားပြား ခေါင်းနဲ့ဆင်းမလား၊ ရိုးရိုးတန်းတန်း ခြေနဲ့ပဲ ဆင်းမလား၊ ဘယ်လိုပုံမျိုးနဲ့ ဆင်းရမယ်မှန်း မသေချာဘဲ အိမ်အောက်ရောက်သွားဖို့သာများတယ်။ မတတ်သာပေမဲ့လို့ သားမက် အလိမ္မာပီပီ မျက်နှာအမူအယာနဲ့ ခပ်ပါးပါးလေးတော့ ပြမိသေးတာပဲ။

သို့သော်လည်း ဒီလောက်များတော့ ဒေါ်ဒေါင်းတို့ကလည်း မသိချင်ယောင်ဆောင်နေလိုက်တာ။ သူရ ဘယ်လိုပဲ မျက်နှာမူ မျက်နှာမောင်းနဲ့ မကြေနပ်ကြောင်းပြပြ ဒေါ်ဒေါင်းအဖို့ “သူရမျက်နှာကြည့်မဲ့အစား ဂျိုကာမျက်နှာသာ ကြည့်တော့ မဟေ့”ဆိုတဲ့ အပေါက် ချိုးထားလိုက်တော့တာပဲ။

မိန်းမရကတည်းက မိန်းမမျက်နှာ တစ်ရပ်ကွက်မှတ်ပြီး ယောက္ခမအိမ်တက်နေခဲ့ရသူမို့ ယောက္ခမကို မလှန်ရဲတော့ လည်း အခက်သားလား။ တိုနေတဲ့စိတ်တွေကို ယောက္ခမဆီကနေ မိန်းမဆီ ပစ်မှတ်လွှဲချနေရတာ ကြာတော့လည်း မိန်းမလုပ်သူကို သနားလာတယ်။ သူ့မိန်းမ နှင်းရည်ချိုက သူ ဘာပြောပြော မျက်လုံးလေးပြူးကြောင်ကြောင်နဲ့ ဆိုတော့ကာ အုတ်နံရံနဲ့ခေါင်း ပြေးဆောင့်လိုက်တာကမှ အသံမြည်ဦးမယ်။

 “အမေရာ အမေ့အသက်အရွယ်နဲ့ ဖဲကစားမနေပါနဲ့တော့ဗျာ” လို့ သူရက ပြောမိပါတယ်။

“အောင်မာ သူရ၊ နင်က ဘာကောင်တုန်း၊ င့ါယောက်ျားကိုသောင်းစိန်တောင် ငါ့ကို ဘယ်တုန်းကမှ မတားခဲ့ဘူး။ မဒေါင်းတို့က ၁၆နှစ်သမီးထဲက ၀ိုင်းထဲ ၀င်ကစားလာတာပါ။ ခု နှစ်ပေါင်း ၅၀ကျော်ပြီ။ ကိုသောင်းစိန်နဲ့ မညားခင်ကတည်းက ကုလားတို့၊ ဂျိုကာတို့နဲ့ အတူဖက်အိပ်လာခဲ့တာပါဟဲ့ သူရရဲ့”

အဲဒီလို သွားလေသူ ဒေါ်ဒေါင်းယောက်ျား ဦးသောင်းစိန်ထက်တောင် ဂျိုကာကို ပိုချစ်သေးဆိုတဲ့ အထာနဲ့ ပြန်ဟစ်တတ်တာ။
သူရကိုလည်း အဖြစ်သည်းတဲ့ကောင်၊ ဖဲသမား ဖြစ်ချင်တိုင်းဖြစ်လို့ ရတယ်များ မှတ်နေလား။ ဒေါ်ဒေါင်းတို့အမေ မခင်အေးဆို အဖွားမပန်းရုံက ဘယ်လောက်သင်သင် မတတ်ခဲ့ပါဘူး။ ကုလားလား၊ ကုလားမလားဆိုတာတောင် ဖဲချပ်ပေါ်ကပုံထဲ နှုတ်ခမ်းမွှေးပါ မပါ ကြည့်ပြီးမှ သိတဲ့သူ။ ပြောရရင် စိတ်မ၀င်စားတာလည်း ပါမှာပေါ့လေ။ အဖွားပန်းရုံရဲ့ အမွေကို သမီးမခင်အေးကမရဘဲ မြေး မဒေါင်းက ရခဲ့တာ။ ဒေါ်ဒေါင်းလက်ထက်ကျပြန်တော့လည်း သားသမီး သုံးယောက်မှာ အကြီးကောင်က ကြိုးဆွဲသမားတွေတောင် လန့်ရတဲ့ ဂျင်သမား၊ သမီးနှစ်ယောက်ကလည်း ဘယ်လိုမှ စိတ်မ၀င်စား။

ဟော သူတို့ကမွေးတဲ့ မြေးတွေကျတော့လည်း တစ်ယောက်မှ သင်မရကြဘူး။ မြေးအကြီးကောင် မြင့်မိုက အင်မတန်နားပါးတဲ့၊ ကလောက်ဆိုတာနဲ့ ဘာအကောင်မှန်း တန်းကနဲ သိတဲ့၊ ကြက်တွေ၊ ၀က်တွေ၊ ဖားတွေလောက် သိတဲ့ ဂျင်သမားပေါက်စ။ သူ့ဖအေခြေရာနင်းတဲ့အကောင်။ ကျန်တဲ့မြေးတွေက လူလားမမြောက်သေးတာရော၊ အိမ်ခွဲနေတာကြောင့်ရော အတတ်သင်ဖို့၊  အမွေပေးဖို့ရာ အခွင့်မသာဘူး။ ဒီတော့ ဒေါ်ဒေါင်းသာသေရင် ဖဲမျိုးဆက်က ပြတ်ပြီ။ မျှော်လင့်စရာဆိုလို့ မြေးမလေး ၀ိုင်းစုပုံပဲ ရှိတော့တယ်။ ပုံပုံက လာဘ်လည်းကောင်းတယ်။ စိတ်ဝင်စားပုံ လည်း ပြတယ်။

ဒီတော့ ဒေါ်ဒေါင်းက မြေးပုံပုံ့ကို ဖဲ ဘယ်လိုတွဲရတယ်။ ဖဲ ဘယ်လို လှည့်ရတယ်။ ဖဲမကောင်းရင် အထွေ ဘယ်လို ခွဲရတယ်။ ပစ်ဖဲတွေကြည့်ပြီး သူများတွေဖဲကို ဘယ်လိုတွက်ချက် ခန့်မှန်းရတယ်။ ဒါမျိုးတွေ စပြီး သင်ပေးတယ်။ ဖဲတွေ တစ်လုံးစီဖြစ်နေရင် အပွင့်တူတူ မတူတူ တစ်ဖဲကနေ တစ်ဆယ်အထိစီပြီး ဂျက်ကွင်းကင်းနဲ့ပါ အောလ်ရန်း တွဲပြီး ဒေါင်းလို့ရတာလည်း သင်ပေးတယ်။ အခြေခံတွေ ဆိုပါတော့။

ဖဲသမားထုံးစံ ဖဲသေတဲ့အခါ အိမ်သာသွား ရေလောင်းချ၊ ကိုယ်လက်မျက်နှာ သန့်စင်၊ လမ်းလေးဘာလေး ထလျှောက်နဲ့ ဖဲသေနေတဲ့အိမ်ကို လာဘ်ပြန်တက်အောင် လုပ်ယူရတာမျိုး မဟုတ်လား။ အဲလိုအခါမျိုးမှာ သူရက “အမေ ကျွန်တော် ဖဲကိုင်ပေးမယ်လေ” လို့ သူ့သမီးလက်ထဲရောက်မဲ့ဖဲကို လက်လွှဲယူဖို့ ကြိုးစားတာ အခါခါ။ ဒီလိုအခါမျိုးမှာ ဒေါ်ဒေါင်းက တစ်ခွန်းထဲသော မပြောင်းလဲတဲ့ စကားကိုပဲ ပြောလေ့ရှိတယ်။

“ဟဲ့အကောင် သူရရဲ့ နင့်နာမည်ကိုက စီးနေတာ၊ ငါ့ဖဲ လာမကိုင်စမ်းပါနဲ့၊ ကျေးဇူးတင်ပါရဲ့။ ငါ့မြေး ၀ိုင်းစုပုံကမှ လာဘ်ကောင်လေး၊ အတိတ်ကောင်း၊ နမိတ်ကောင်းလေး။ ၀ိုင်းထဲရှိသမျှ ပိုက်ဆံအကုန် ငါ့ရှေ့ စုပုံရောက်မဲ့ နိမိတ်ဟဲ့၊ နင့်ဟာနင် အေးအေးနေစမ်းပါ” လို့ ပြောလွှတ်တတ်တယ်။

တစ်အိမ်သားလုံးရဲ့ အချစ်တွေ ၀ိုင်းစု ပုံအောပြီးချစ်ကြတာမို့ သမီးလေးကို ၀ိုင်းစုပုံ (ခ) ပုံပုံလို့ ခေါ်ခဲ့ကြတာ။ ခုတော့ ဒီနာမည်ပေးခဲ့မိတာပဲ နောင်တရချင်ချင်။ ကလေးသူငယ်တွေ ဆေးလိပ်သောက်တတ်တာက မိဘတွေရဲ့ မီးလေး တစ်တို့လောက် သွားညှိစမ်းကွာဆိုပြီး ဆေးလိပ်မီးညှိခိုင်းရာက စတာ၊ အတုမြင် အတတ်သင်တာမျိုးတွေ မဟုတ် လား။ ဒေါ်ဒေါင်းခေါ်လို့များ သူ့သမီး ဖဲဝိုင်းနားကပ်ရင် သူရခမျာ မိုးမီးလောင်တော့မဲ့ မျက်နှာပေးနဲ့၊ မပြောရဲလို့သာ နေရမယ်။ ခုလို သမီးလေးပုံပုံကို သူ့အဖွား ဒေါ်ဒေါင်းက ဖဲမွေပေးဖို့ ရည်ရွယ်နေတာ ရိပ်မိတော့ သူရခမျာ ဖအေပီပီ ကြေကွဲရှာတာပေါ့လေ။

၃)
သူ့မိန်းမနှင်းရည်ချိုနဲ့ အိမ်ထောင်မကျခင်ကတည်းက ဒေါ်ဒေါင်းတို့အိမ်ကို သူရ ၀င်ထွက်နေခဲ့ဖူးတာရယ်။ တစ်ခါတစ်လေ ယောက္ခမလောင်းကို မျက်နှာချိုသွေးချင်တာနဲ့ သူတောင် ၀င်ကစားဖူးသေးတာ။ ဒေါ်ဒေါင်းမှာ ချစ်စရာကောင်းတာ တစ်ခုက သူမို့ နိုင်ရင် အရှုံးအများဆုံးလူကို မုန့်ဘိုး ပြန်ပေးတတ်တယ်။ တက်စီနဲ့ပြန်ဆိုပြီး ကားခတောင် အိတ်ထဲ ထည့်ပေးလိုက်တတ်သေးတယ်။

ဖဲဝိုင်းရဲ့ ထုံးစံအရ ကစားသူအားလုံးဟာ ပွဲပြီးအောင် ကစားကြရတယ်။ ဒါမှ မဟုတ် သွားစရာရှိလို့ မပြန်မဖြစ် ပြန်ရမယ်ဆိုရင်လည်း ၀ိုင်းမစခင်ကတည်းက ကြိုပြောထားကြရလေ့ရှိတယ်။
“ကျွန်တော်တော့ ညနေ ၅နာရီ ပြန်ရမယ်ဗျာ၊ ဘယ်လိုမှ မအောင်းမေ့ကြပါနဲ့” ဆိုရင် နိုင်နိုင် ရှူံးရှုံး ညနေ ၅နာရီထိုးရင် ပြန်နိုင်တယ်။ ရှုံးနေလို့၊ ငွေကုန်လို့ ပြန်ချင်တာ အကြောင်းမဟုတ်ပေမဲ့ ကိုယ်နိုင်နေတဲ့အခါ ရှုံးနေသူကို ငဲ့ရတယ်။ အနိုင် မပိုင်းကောင်းဘူး။

အင်တာနေရှင်နယ် ဂန်ဘလာတွေ မဟုတ်တော့လည်း စည်းမျဉ်းစည်းကမ်းတွေက ဒေါ်ဒေါင်းဟုမ်းရူးလ်စ်တွေပဲပေါ့။ ၂နာရီတစ်ခါ ကပ်ဒ်ဆွဲပြီး နေရာချိန်းတာတို့၊ ဂျိုကာမပါဘဲ ဒေါင်းရင် ဒေါင်းကြေး၂ဆတို့၊ ၃လှည့်ဆက်တိုက် ဒေါင်းရင် တုတ်မို့ ၂ဆလျော်ရတာတို့၊ ကိုင်ဒေါင်းဆိုရင် ဒေါင်းကြေး ၃ဆလျော်ရတာတို့ပေါ့။ တစ်ခါတစ်လေ ၄ အိမ်ထဲ ကစားနေတာကို ရမ်းမ်မပါဘဲ ချဒေါင်းတတ်တဲ့၊ ပြောမှ မထားတာဘဲဆိုပြီး ညစ်ချင်တဲ့ ငကြောင်တွေကလည်း ရှိသေး တာကိုး။ ဒီတော့ သိပြီးဖြစ်နေပါစေ၊ ပွဲမစခင်ကတည်းက စည်းမျဉ်းတွေကို ပြောပြထားရတယ်။

ပြီးမှ ဖဲထုတ်လေးကို ချပြပြီး ဖဲစစ်စေတာ။ ဖဲထုတ်ဆိုလို့ ပြောရဦးမယ်။ ဒေါ်ဒေါင်းအိပ်ယာဘေးက ဘီရိုပုလေးပေါ်မှာ ဖဲထုတ်ထည့်တဲ့ ရွှေယွန်းအစ်ကလေးတစ်လုံး တင်ထားတာရှိတယ်။ အဲဒါလေးက ဒေါ်ဒေါင်းတို့ ဘိုးဘွားများ လက်ထက်ကတည်းက။ ပုဂံဘက်ရောက်တော့ ဖဲထုတ်ထည့်ဖို့ အရွယ်အစားကွက်တိ ယွန်းအစ်လေးတွေ့တာနဲ့ ၀ယ်ပြီး အဲဒါကို ပန်းခက်ပန်းနွယ်လေးတွေ အနားကွပ်၊ သရိုးကိုင်၊ စစ်စေးသုတ်ပြီး ရွှေချထားခဲ့တာ။ အထဲက ဖဲထုတ်သာ ပြောင်းချင် ပြောင်းသွားမယ်။ ရွှေယွန်းအစ်ကလေးကတော့ မပြောင်းဘူး။ ဒေါ်ဒေါင်းက အဲဒါလေးကို တစ်သသ မြတ်နိုးရှာတာ။ မြတ်နိုးဆို ဒီရွှေအစ်ကလေးကို မျိုးရိုးအလိုက် လက်ဆင့်ကမ်း သုံးလာလိုက်ကြတာ မျိုးရိုး ၃ဆက် ရှိနေပြီကိုး။

ဒေါ်ဒေါင်းက ဖဲမထုတ်ခင် ရွှေအစ်ကလေးကို အရင်နမ်းလိုက်သေးတာ။ ပြီးမှ ရွှေအစ်လေးထဲက ဖဲထုတ်ကို တယုတယ ထုတ်ယူ၊ ဖဲစစ်၊ ပြီးတာနဲ့ ဒေါ်ဒေါင်းက ဖဲချပ်တွေကို မှောက်ရက် အလျားလိုက် အတန်းရှည်ကြီးစီချ၊ ကစားသူတွေကို တစ်ယောက် တစ်ချပ်စီ ဆွဲစေပြီး အပွင့်ကြီးငယ် ပါဝါအလိုက် နေရာရွေးထိုင်ကြရတာ။ ပြီးရင် ဒေါ်ဒေါင်းက ကုလားဖန် ထိုး၊ အပေါ်အိမ်က ဖဲချိုးပြီးတာနဲ့ ပွဲစတော့တာပဲ။ ပါဝါအကြီးဆုံးအိမ်က ဖဲစဝေရတယ်။

ပွဲစပြီဟေ့ဆိုတာနဲ့ တစ်နေကုန်ကစားကြတာဆိုတော့ ဒေါ်ဒေါင်းက ပွဲကြာအောင်ကစားရတဲ့ ပိုကာ-၁၃ချပ်ကိုပဲ ကစားလေ့ရှိတယ်။ လူတွေများလို့ ၂၀ိုင်းခွဲကြရပြီဆိုရင်သာ ပိုကာတစ်ဝိုင်း၊ ရှိုးတစ်ဝိုင်း နှစ်ဝိုင်း ဖြစ်သွားတတ်တာ။ ပုံမှန်ဆို ဒေါ်ဒေါင်းက ရှိုး သိတ်ကစားချင်တာ မဟုတ်ဘူး။ ရှိုးက အနိုင် အရှုံးမြန်တယ်လေ။ ၀ိုင်းအလယ်က ငွေပုံကြီးက ဟိုလူ့ရှေ့ ရောက်လိုက်၊ ဒီလူ့ရှေ့ရောက်လိုက်နဲ့ ပွဲပြီးရင် အနိုင် အရှုံးငွေက တစ်ယောက်နဲ့ တစ်ယောက် အတော်ပြတ်တာ။ ဒါမျိုးက ကြာရင် အခင်အမင်ပျက်စေတယ်လို့ ဒေါ်ဒေါင်းက ယူဆတယ်။

ဒေါ်ဒေါင်းက မင်မောင်း သိတ်ကောင်းတော့ ရှိုးကစားတိုင်း နိုင်တာပဲ။ သူ့အောက်ဖဲက မှန်းဖို့ ခက်တယ်။ ဘယ်လောက်ခေါ်ခေါ် ဖဲကောင်းတိုင်းလည်း မလိုက်သလို၊ ဖဲညံ့တိုင်းလည်း မပြေးဘူး။ ဘယ်သူ့အောက်ဖဲက ဘာဖြစ်နိုင်တယ်ဆိုတာကိုလည်း မှန်အောင် မှန်းနိုင်တယ်။ သူ့မျက်နှာကိုကြည့်လို့ သူ့ဖဲဘာဆိုတာကိုတော့ မှန်းမရတဲ့လူမျိုး။ သူ့ယောကျာ်း ဦးသောင်းစိန်ကတော့ သိတယ်။ သူ့မိန်းမ ဒေါ်ဒေါင်း နှုတ်ခမ်းဖျားလေးတွေ အပေါ်ကို ညွှတ်ကွေးနေပြီဆိုရင် ဖဲကောင်းနေပြီပဲ။

ဦးသောင်းစိန်ရှိတုန်းကတော့ ဦးသောင်းစိန်ဟာ ဒေါ်ဒေါင်းရဲ့ မန်နေဂျာပေါ့။ အဲ လက်တိုလက်တောင်းဆိုလည်း ဟုတ်၊ ခဏတဖြုတ် လက်ပြောင်း ဖဲကိုင်ဆိုလည်း ဟုတ်၊ အဆာပြေ စားစရာစီစဉ်ပေးတဲ့ စားဖိုမှုးဆိုလည်း ဟုတ်တယ်။ ဒေါ်ဒေါင်းက အကောက်ထည့်ထားတဲ့ခွက်ကို ကြည့်လိုက်လို့ အခြေအနေကောင်း၊ ခွက်ဖောင်းနေပြီဆို “ကိုသောင်းစိန်ရေ စားစရာလေး တစ်ခုခု စီစဉ်ပါဦးလား” ဆိုတာနဲ့ ကိုသောင်းစိန်က ထမင်းလေးတစ်အိုး အပြေးအလွှားကောက်တည်၊ အကောက်ခွက်ထဲက ငွေတစ်ချို့ယူပြီး လမ်းထိပ်ကုန်စုံဆိုင်လေး ပြေးတော့တာပဲ။

မြင်းခွာရွက် ရရင် ရ၊ ဒါမှမဟုတ် ပဲခြမ်းကြော်နဲ့ ပူစီနံရွက်လေး နည်းနည်း၊ ကျန်တာ ဟိုဟာဒီဟာ လိုတာလေး နည်းနည်းဝယ်ပြီး အိမ်ပြန်လာတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ပဲခြမ်းကြော်သုတ် တစ်ပန်းကန် ၀ိုင်းအလယ်မှာ ချလို့ ထမင်းပူပူတစ်ဇလုံကို ဇွန်းတစ်ချောင်းတပ်ပြီး တစ်ယောက်တစ်လက် လက်ဆင့်ကမ်း စားကြတော့တာ။ ရေနွေးပူပူကို တစ်ဖူးဖူး မှုတ်သောက်ကြလို့၊ ကိုသောင်းစိန်ရဲ့ ပဲခြမ်းသုတ်ဟာ ဘာနဲ့မှ မလဲနိုင်အောင် အရသာ ထူးလှတယ် ဆိုကြတယ်။

ကိုသောင်းစိန်ရဲ့ ပဲခြမ်းသုတ်နည်းကို ပြောရဦးမယ်။ ပဲခြမ်းကြော် ရွရွမွမွကြီးတွေကို ကြက်သွန်နီပါးပါးလှီး၊ ပူစီနံရွက် ရိတ်ရိတ် လှီးထည့်၊ အရောင်လှအောင် ပဲငံပြာရည် အပျစ်ရည်လေး နည်းနည်းထည့်၊ သံပုရာသီးလေးညှစ်၊ ငရုတ်သီးစိမ်းလေး ပါးပါးလှီးပြီး ဆား၊ ဆီ၊ အချိုမှုန့်တွေနဲ့ ရောနယ်လိုက်တာ။ ဘာစားကောင်းသလဲ မမေးနဲ့။ အဲဒါ ကိုသောင်းစိန် ဆစ်ဂနေချာ ပဲခြမ်းကြော်သုတ် ဖြစ်ကရောပဲ။

ဖဲကစားရင်းက ဒေါ်ဒေါင်းကို “ဖဲသမိုင်းကြောင်းတွေ ပြောပြစမ်းပါ အမေဒေါင်းရယ်” လို့ မေးတဲ့သူရှိလာရင် သူသိသမျှ စိတ်ပါ လက်ပါ အိတ်သွန်ဖာမှောက် ပြောပြတတ်တယ်။ ဒီလိုအခါမျိုးမှာ သားမက်လုပ်သူ သူရတောင် စိတ်ဝင်တစား နားထောင်နေလေ့ရှိတယ်။

“ဖဲက တရုတ်ဘုရင် တန်မင်းဆက်လက်ထက် ၉ရာစုနှစ်လောက်ကတည်းက ပေါ်ခဲ့တာပေါ့။ အဲဒီတုန်းကတော့ ဖဲချပ်နောက်ကျောက ဒီလို အနီ-အပြာရောင်နဲ့ ဘယ်ဟုတ်ဦးမလဲ။ ခုကဒ်တွေက နောက်မှ တစ်ဖြည်းဖြည်း ပြုပြင်တိုးတက်လာတာတွေ။ ဥရောပလိုနိုင်ငံကိုတောင်မှ ၁၄ရာစုလောက်ကမှ ရောက်တာ။ ဖဲချပ်ပေါ်က အပွင့်တွေဆိုလည်း မတူကြဘူး။ တို့အခု ကစားနေကြတဲ့ ဖဲထုတ်က အပွင့်တွေ စပိတ်၊ ဟာ့တ်၊ ဒိုင်းမွန်း၊ ညှင်း အဲဒါတွေက ပြင်သစ်ပုံစံ။ ဂျာမန်ကျတော့ ဒီလိုအပွင့်တွေ မဟုတ်တော့ဘူး။ အသည်းပုံတော့ အသည်းပုံပဲ ဒါပေမဲ့ ပုံချင်း မတူဘူး။ နောက် ဘောလုံး၊ ထင်းရူးသီးနဲ့ သစ်ရွက်စိမ်းပုံလေးတွေ။ ဆွဇ်ဇာလန်ကျပြန်တော့ ပန်းပွင့်၊ ဘောလုံး၊ ထင်းရူးသီးနဲ့ ဒိုင်းပုံလေးတွေပါတဲ့ ကဒ်၊ သူ့ သင်္ကေတနဲ့ သူပေါ့”

“အဲဒီအပွင့် လေးပွင့်ကို ရေ၊ မြေ၊ လေ၊ မီးနဲ့ အဓိပ္ပါယ်ယူပုံက အသည်းပုံ-ဟာ့တ်က ရေ၊ ဒိုင်းမွန်းက မြေ၊ စပိတ်က လေနဲ့ ညှင်းပွင့်က မီးလို့ ဖွင့်ဆိုသတ်မှတ်ထားကြတယ်။ နောက်တော့ ဖဲချပ်တွေပေါ်က ပုံတွေ ဒီဇိုင်းကွဲသလို၊ ဖဲချပ်ထုတ်တဲ့ ကုမ္ပဏီတွေလည်း များလာတယ်။ ဘီး-Bee တို့၊ ဘရစ်ဂ်ျ-Bridge တို့၊ ဘိုင်စကယ်-Bicycle တို့၊ ကမ်-Kemတို့၊ တယ်လီဟိုး-Tally-Hoတို့ ဆိုတာတွေပေါ့။ အများကြီးပါပဲ။ မျက်လှည့်သမားတွေကျတော့ အဲဒီထဲကမှ ဘိုင်စကယ်နဲ့ တယ်လီဟိုးတံဆိပ်တွေကို ပိုအသုံးများတယ်။ လက်ထဲမှာ အလှည့်အပြောင်းကောင်းအောင် အဲကူရှင် ဆိုတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတာကိုး”

အဲသလို ယောက္ခမဖြစ်သူဒေါ်ဒေါင်း ဖဲရာဇ၀င်ခင်းနေပြီဆို သူရစိတ်ထဲ  Poker Hall of Fameလို့ခေါ်တဲ့ နာမည်ကျော် ပိုကာခမ်းမကြီးထဲမှာ ငါ့ယောက္ခမနာမည်များ ပေါက်နေပြီလားလို့ ရယ်ပွဲဖွဲ့ချင်ချင်၊ ရွဲ့ချင်ချင်ရယ်။ တစ်ခါများ သူရက စိတ်ချဉ်ပေါက်ပေါက်နဲ့ မေးလိုက်တာ။ 

“အမေပြောတော့ ဖဲက တရုတ်ဘုရင်မင်းဆက်တွေက စတာဆို၊ ဒါဆို ဘာလို့ ဖဲချပ်ပေါ်က ကင်းတို့ ကွင်းတို့ပုံတွေက ကုလားတွေ၊ ကုလားမပုံတွေ ဖြစ်နေတာလဲဗျ” တဲ့။ ဒေါ်ဒေါင်းခမျာ မျှော်လင့် မထားတဲ့ မေးခွန်းမို့ ခပ်တွေတွေ ဖြစ်သွားသေးတာ။ နောက်မှ သူရရဲ့ ညစ်ကျယ်ကျယ်မျက်နှာပေးကို ကြည့်ရင်း “မအေပေး အဲဒါတော့ အဖွားပန်းရုံက ငါ့ ပြောမပြခဲ့ဘူးဟဲ့” လို့ ငေါက်လေတာ။ တစ်ဝိုင်းလုံး တဟားဟားပွဲကျ ရယ်မောကြလေလေ သူ့သားမက်သူရကို မျက်စောင်းလှမ်းချိတ်လေလေ။

ယောက်ျားဖြစ်သူကိုသောင်းစိန်က ဒေါ်ဒေါင်းလို ၀ါသနာမကြီးပေမဲ့ တစ်ခါတစ်လေတော့ ၀ိုင်းဘေးထိုင်ရင်းက “မဒေါင်းရဲ့ ငါ့လည်း ဖဲလေးဘာလေး ပေးကိုင်စမ်းပါဦးဟ” လို့ ပြောတတ်တယ်။ ဒေါ်ဒေါင်းက သူ အင်မတန် ဖဲညံ့နေရင်သာ “ရော့ ခဏကိုင်” ဆိုပြီး လက်ပြောင်းတဲ့ အနေနဲ့ ပေးတတ်တာ။ သိတ်ပေးချင်လှလို့တော့ မဟုတ်ဘူး။ ဒါတောင် ဖဲအပစ်မှားရင်၊ ဖဲအခွဲမှားရင် ဘေးကနေ လှမ်းဟောက်လိုက်သေးတာ။

အဲတုန်းက ပုံပုံလေးက ငယ်လွန်းသေးတာကိုး။ ခုတော့ ကိုသောင်းစိန်လည်း သေရှာပြီ။ ပုံပုံလေးလည်း ၁၄နှစ် သမီးတောင် ဖြစ်လာခဲ့ပြီ။ ဒေါ်ဒေါင်းလည်း အရင်လို ကျန်းမာရေး မကောင်းတော့ဘူး။ ဖဲကိုင်နိုင်တဲ့အထိတော့ ကစားဦးမှာလို့ ဆုံးဖြတ်ထားပုံနဲ့ “တစ်ချပ်ကိုမှ ၁.၈ဂရမ်လောက်လေးတဲ့ ဒီဖဲလေး ၁၃ချပ်လောက်တော့ ငါက နိုင်သေးတယ်ဟေ့”ဆိုတဲ့ မျက်နှာပေးနဲ့ ကစားနေတုန်း။

၎)
တဖြည်းဖြည်းနဲ့ ဒေါ်ဒေါင်းဟာ ဖွားဒေါင်းဖြစ်လာခဲ့ပြီ။ သူတို့ အမျိုးတွေထုံးစံ လူအိုရင် ခေါင်းတုန်၊ လက်တုန်ဖြစ်နေကျ အတိုင်း လက်ကလေး တုန်တုန်၊ ခေါင်းကလေး တုန်တုန်နဲ့။ ဆံပင်တွေဆိုတာ ဖွေးလို့၊ တင်ပါးကလည်း အရိုးချည်း ရှိတော့တာမို့ ကြာကြာမထိုင်နိုင်တော့ ဖျာလေးပေါ် မှောက်ရက်လေးလှဲရင်း ကစားရတယ်။ လူက အိုလာတော့ ဘာမှ မကောင်းပါဘူး။ ရင်ဘတ်ထဲကလည်း တစ်ခါတစ်ခါ အောင့်ချင်တယ်။ ဒါပေမဲ့ သားသမီးတွေကို ပြောပြပြန်ရင် ဖဲ ပေးမကစားမှာ စိုးလို့ တိတ်တိတ်ပဲနေတယ်။ တိတ်တိတ်နေဆို ဖဲကစားနေရရင်တော့ ရောဂါတွေက လျှော ကနဲ ပျောက်သွားသလိုလို လည်း ဖြစ်နေပြန်တာကိုး။

လက်တွေက တုန်နေတာဆိုတော့ လက်ထဲက ဖဲတွေဟာ ဖျာပေါ် ခဏခဏပြုတ်ကျတယ်။ တစ်ဝိုင်းလုံးလည်း ဒေါ်ဒေါင်းဖဲ မမြင်ချင်မှ အဆုံးရယ်။ အရင်ကလို ဖဲလာဘ်လည်း မကောင်းတော့ဘူး။ အရှုံးပွဲတွေပဲ ဆက်လာတော့ တာ။ အိမ်ကလူတွေက “အမေရယ် မကစားပါနဲ့တော့ ဖဲတွေ ပြုတ်ပြုတ်ကျနေတာ မြင်လို့မှ မကောင်းဘူး” ဆိုတော့ “ညည်းတို့ မြင်မကောင်းရင် မျက်နှာလွှဲနေကြ” တဲ့။

 “မကစားပါနဲ့တော့ အမေရယ်၊ ရှုံးချည်းပဲနေတာ”လို့ သားသမီးတွေက ပြောတဲ့အခါမှာတော့ ဒေါ်ဒေါင်းက စိတ်နာချင်ချင်ရယ်။ အရင်တုန်းက ဒီဖဲနဲ့ သူ ငွေဝင်ကောင်းနေတုန်းကတော့ အိမ်ဈေးဘိုးတောင် သူ့အိတ်ထဲက လာ လာနှိုက်နေကြပြီး သူရှုံးနေတော့မှ ခုလိုပြောတာကို သူက ရင်နာလှတယ်။ “သွားလေသူ ကိုသောင်းစိန်ကြီးရဲ့” ဆိုပြီး တ တ ငိုတတ်တယ်။ ပွဲထဲက နောက်ပိုင်းမင်းသမီးများလို မပြီးနိုင် မဆုံးနိုင်အောင် ပြောလိုက်၊ ငိုလိုက်နဲ့ ပြောငို ငိုတာလေးအပြင် “ကိုသောင်းစိန်ရေ ရှင်မရှိတော့ ရှင့်သားသမီးတွေက ကျုပ်ကို” ဆိုပြီး တိုင်လိုက်နဲ့၊ ပြော ငို တိုင်လေး လုပ်နေတော့တာ။ ကြာတော့ရိုးလာပြီး ဒေါ်ဒေါင်းငိုပြီဆို သားသမီးတွေက မရယ်မိအောင် အောက်နှုတ်ခမ်း ကိုက်သူက ကိုက်၊ မီးဖိုချောင်ထဲ အလုပ်မရှိ အလုပ်ရှာလုပ်သူက လုပ်၊ မသိချင်ယောင်ဆောင်သူက ဆောင်နဲ့ ဒေါ်ဒေါင်းငိုချင်းဟာ တစ်အိမ်လုံးအတွက် ချဉ်သီးနဲ့ဆားလို အင်မတန် အကျွမ်းတ၀င်ဖြစ်လာတော့တယ်။

၅) 
ဒီနေ့ အပြင်မှာ နေက တော်တော်ပြင်းတယ်။ နေပြင်းတဲ့အပြင် လေကလည်း ငြိမ်နေတော့ ပူစပ်ပူလောင်ကြီး။ ဒီနေ့လာမယ်ဆိုတဲ့ သူ့ကစားဖော်တွေကို ဒေါ်ဒေါင်းခမျာ မနက်လင်းကတည်းက လည်တဆန့်ဆန့်နဲ့ မျှော်နေမိတယ်။ ပျင်းတာကိုး၊ ဒေါ်ဒေါင်းမှာက အလုပ်ဆိုလို့ မနက်မနက် သမီးလုပ်သူပြင်ဆင်ပေးတဲ့ ဘုရားဆွမ်းတော်ပွဲကို ဘုရားကပ်။ မနက်စာ လက်ဖက်ရည်လေး တစ်ခွက်သောက်၊ နေ့လည်၁၂နာရီမထိုးခင် သတိလေးထားပြီး ဘုရားဆွမ်းတော်ပွဲ ပြန်စွန့်၊ လဘက်ရည်လေးနောက်တစ်ခွက် ထပ်သောက်။ ထမင်းရယ်လို့လည်း ဟုတ်တိပတ်တိမှ မစားတာလေ။ ဒါပဲ၊ ပြီးရင် ပြီးပြီပဲ။

နေ့လည် ၁နာရီလည်းထိုး၊ လူလည်းစုံရော ဒေါ်ဒေါင်းက ပွဲစတယ်။ ပွဲစပြီဆိုတာနဲ့ ထုံးစံအတိုင်း ဒေါ်ဒေါင်းရဲ့ ဟုမ်းမ်ရူးလ်တွေကို ပြောရတယ်။ ၂နာရီတစ်ခါ ကပ်ဒ်ဆွဲပြီး နေရာချိန်းတာတို့၊ ဂျိုကာမပါဘဲ ဒေါင်းရင် ဒေါင်းကြေး ၂ဆတို့၊ ၃လှည့် ဆက်တိုက်ဒေါင်းရင် တုတ်မို့ ၂ဆလျော်ရတာတို့၊ ကိုင်ဒေါင်းဆိုရင် ဒေါင်းကြေး ၃ဆလျော်ရတာတို့ ဆိုပါတော့။

နေ့လည်တစ်နာရီက စလိုက်တဲ့ပွဲဟာ ညနေ ငါးနာရီသာထိုးရော။ ဒေါ်ဒေါင်းဖြင့် နှစ်ခါလား ဒေါင်းတယ်။ ရှိသမျှ ကုန်တဲ့အပြင် အကောက်ခွက်ထဲမှာလည်း ခါလီဖြစ်နေပြီ။ ညနေ ၆နာရီမှာ ပွဲသိမ်းကြမှာဆိုတော့ တစ်နာရီ လိုတော့တာ။ အလှည့်တိုင်း ဒေါင်းရင်တောင် ဘယ်လိုနည်းနဲ့မှ အခြေအနေ မကောင်းနိုင်တော့ဘူး။

ခဏနေတော့ မြေးမ ပုံပုံ ကျောင်းက ပြန်လာတယ်။ ဖွားအေမျက်နှာကြည့်လိုက်တာနဲ့ အခြေအနေမကောင်းတာကို သိတဲ့ ပုံပုံက လွယ်အိတ်လေးသိမ်း၊ အ၀တ်လေးလဲပြီးတာနဲ့ ဖွားအေဘေး လာထိုင်တယ်။ အပေါ်အိမ်က ဒေါင်းလိုက်၊ အောက်အိမ် က ဒေါင်းလိုက်နဲ့ သူတို့ နှစ်အိမ်တင် ဖဲကောင်းနေတာ။ ဒေါ်ဒေါင်းနဲ့ ကျန်နှစ်အိမ်က ငုတ်တုတ်။ ဒါတောင် ကျန်နှစ်အိမ်က ပိုက်ဆံဖဲလေးတွေ ကြိုကြားတက်နေတာမို့ ဖြေသာသေးတယ်။ ဒေါ်ဒေါင်းလောက် အရှုံးမများဘူးပေါ့။

ခုပွဲက နောက်ဆုံး သုံးလှည့် ၀မ်နင်ခေါ်တာမှာ ပထမ၀မ်နင်ပွဲ။ နောက်နှစ်ပွဲပြီးရင် ၀ိုင်းသိမ်းပြီ။ အောက်အိမ်က ဖဲဝေနေတာမှ မပြီးသေးခင် ဒေါ်ဒေါင်းက တစ်ချပ်စီ ကောက်စီနေနှင့်တယ်။ အောက်အိမ်က ဖဲများ ကောင်းချင်တော့ နောက်ဆုံး ဖဲချပ်ဝေပြီး အောက်ဖဲအလှန်မှာ ဂျိုကာကြီးဖြစ်နေသေးတာ။ မေတ္တာပျက်လောက်အောင်ကို ဖဲကောင်းတယ် ဆိုတာမျိုး။

“ဟာ အဖွား၊ အဖွားဖဲက ပြီးနေပြီလေ။ ဒေါင်းနေပြီ အဖွားရဲ့”

ပုံပုံဘေးကနေ ပြောမှ ဒေါ်ဒေါင်းခမျာ သူ့ဖဲတွေ ပြူးကြည့်မိတော့တာ။ ပုံပုံက ဖွားအေလက်ထဲကိုင်ထားတဲ့ ဖဲတွေထဲက စပိတ်တစ်ကို စပိတ်ကင်းအနား ကပ်ထည့်ပေးလိုက်ရင်း “အေကေကျူလေ အဖွားရဲ့” လို့ ပြောသေးတာ။ ဒေါ်ဒေါင်းက မသိတာ မဟုတ်ဘူး၊ တစ်နေ့လုံး ရှုံးနေလို့ လူက ထူနေတာ။ ဘာမှ မမြင်တော့တာလေ။ အဲဒါကိုတွေ့တော့ ဖအေ လုပ်တဲ့ သူရက ခပ်လှမ်းလှမ်းကနေ တစ်ချက်လှမ်းကြည့်ရင်း ခေါင်းကိုတွင်တွင်ခါလို့။

“ဒါဆို အဖွားက ကိုင်ဒေါင်းနော်၊ ကိုင်ဒေါင်းဆိုတော့ ၃ဆပေါ့ ဟုတ်လား၊ ပြီးတော့ ဂျိုကာလည်း မပါဘူးနော်၊ ဂျိုကာလက်စ် ဒေါင်းတာနော်။ ဟာ အဖွား ဒါဆို ကိုင်ဒေါင်းက ၃ဆ၊ ဂျိုကာလက်စ်က ၂ဆ၊ ပေါင်း ၅ဆတောင် အလျော်ရမှာပေါ့၊ ဟုတ်လားအဖွား ဟင်၊ အဲလိုတွက်ရမှာလား”

ဒေါ်ဒေါင်းက လက်ထဲက သူ့ဖဲတွေကြည့်နေရင်း ကြက်သေ သေလို့။ ပုံပုံမေးတာကို ပြန်မဖြေနိုင်ဘူး။ ငူငူကြီးပဲ။ ရင်ဘတ်ကလေး ဖိလို့။ ခဏလေးပဲ၊ ၁၀စက္ကန့်လောက် ကြာမယ်ထင်ပါရဲ့။ ခဏနေတော့ ခင်းထားတဲ့ဖျာပေါ် ဒေါ်ဒေါင်းလက်ထဲကဖဲတွေ တစ်ချပ်ချင်း ဖျတ်ကနဲ ဖျတ်ကနဲ ပြုတ်ကျကုန်တယ်။

၆)
ဒေါ်ဒေါင်းမှာ နှလုံးရောဂါရှိနေတာ တစ်အိမ်လုံး ဘယ်သူမှ မသိကြဘူး။ ဒေါ်ဒေါင်းဆုံးတော့မှပဲ သိကြတော့တယ်။ 
ယောက်ျားလေးဆိုလို့ သူရတစ်ယောက်ထဲ ရှိတာဆိုတော့ ဒေါ်ဒေါင်းအသုဘမှာ သူရက ဖဲဝင်ရိုက်ရင်း အသုဘ စောင့်တယ်။ ပြောလို့ ပြောတာ မဟုတ်ဘူး။ ကောင်းလိုက်တဲ့ ဖဲဆိုတာ။ သူ့ယောက္ခမ ဒေါ်ဒေါင်းများ ကူရိုက်နေသလား တဲ့ တစ်ဝိုင်းလုံးက ပြောယူရတယ်။ “သူရရာ မင်းနာမည်သာ ပြောင်းလိုက်ပါတော့။ မင်းယောက္ခမက မင်းကို လာကူ ရိုက်နေတာ၊ နောက်ဆုံးအနေနဲ့ မင်းကို စောင့်ရှောက်နေတာဖြစ်မှာ” လို့ ပြောကြတယ်။ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မနိုင်ဘူးတဲ့ ဖဲ။ အံ့ကို သြယူရတယ်။ သူရက ဒါမျိုးတွေ အယူမရှိလို့ မယုံကြည်ပေမဲ့ ခုတော့ သူ့ယောက္ခမ ဒေါ်ဒေါင်း သူ့ကို ပူးကပ်ပြီး ဖဲကစားပေးနေတယ်ဆိုတာကို ယုံလိုက်ရမလိုတောင် ဖြစ်နေတယ်။

ညက သုံးညမြောက် ၀ိုင်းသိမ်းအပြီးမှာ သူ့အနိုင်ငွေက မနည်းသလို သူ့မျက်လုံးတွေကလည်း ဖန်တွတ်ကျိန်းစပ်လှပြီ။ ခုထိတော့ သူဟာ သူရလား၊ ဒေါ်ဒေါင်းဝိဥာဉ်များ ၀င်ပူးနေသလားဆိုတာ သူကိုယ်တိုင်တောင် မှုန်ဝါးဝါးရယ်။

ဒီနေ့ အသုဘချမဲ့နေ့။ ခဏနေရင် အသုဘယာဉ်ရောက်လာတော့မယ်။ အလောင်းပြင်ထားတဲ့အနားမှာ ဆွေမျိုးတွေ ရုံးစု ရုံးစုနဲ့။ အိမ်ရှေ့မှာ ရပ်ထားတဲ့ အသုဘပို့ဘတ်စ်ကြီး သုံးစီးကတော့ ဒေါ်ဒေါင်းရဲ့ ဖဲရိုက်ဖော်တွေက နာရေးကူကြ တဲ့ ကားကြီးတွေ။

“ယပ်တောင်စည်းတွေ ကျန်ခဲ့မယ်နော်၊ တော်ကြာ ဝေရတော့မှာ”

“ဟဲ့ အသုဘပို့လာသူတွေကို မရဏကမ္မဌာန်း တရားစာအုပ်အသေးလေး ကမ်းဖို့လည်း လုပ်ကြဦးနော်”

“အမေဒေါင်းရဲ့ ဖဲရိုက်နည်း နိဿရည်းတို့၊ ဖဲရာဇ၀င်အစ စိနတိုင်းကတို့ ဆိုတာလေးတွေ စာရိုက်ပြီးဝေ ရင်တောင် ကောင်းမလားပဲ ဟဲဟဲ၊ အမေဒေါင်း အမှတ်တရပေါ့”

အရေးထဲ ဒေါ်ဒေါင်းဘော်ဒါ ဖဲသမားက ညကအရှိန် မကုန်သေးပုံနဲ့ အတည်လိုလို နောက်တာလိုလို ၀င်ပြောနေသေး။ ရုတ်ရုတ်သဲသဲနဲ့ တွေ့တဲ့သူ၊ လာတဲ့သူတွေက မျက်စေ့ရှေ့ မြင်တာတွေ့တာတွေ အမြင်မတော်တာတွေမှန်သမျှ တစ်ယောက်တစ်လက် ကောက်လုပ်နေကြတာပါပဲ။

ဟော အလောင်းကို ခေါင်းထဲထည့်တော့မယ်။ မိသားစုဝင်တွေ ခေါင်းဘေးနား ပြိုကနဲ။ ငိုယိုကြ၊ ဆွဲကြလွဲကြ၊ ကန်တော့ကြနဲု့ ကြည့်နေရင်း သူရခေါင်းထဲ မူးနောက်နောက် ငြီးစီစီတောင် ဖြစ်လာတယ်။ အိပ်ရေးပျက်လို့နဲ့ တူပါရဲ့။ စုစုရုံးရုံးအနား တစ်ချက်ငေးကြည့်နေရင်း သူရမျက်လုံးထဲ ၀င်လာတာက သူ့မိန်းမနဲ့ သမီးလေး ပုံပုံ။ ပုံပုံက သူ့ဖွားအေ ခြေထောက်ကို ကိုင်လှုပ်ရင်း ငိုနေရှာတယ်။ သူရနားထဲတော့ ဒေါ်ဒေါင်းဆုံးတဲ့နေ့က သမီးပုံပုံ သူ့အဖွားကို ဒေါင်းဖဲတွေပြရင်း အားပါးတရပြောနေတာကို ပြန်ကြားလိုက်မိသလိုလို။

အဲဒီအခိုက် အသုဘယာဉ်ရောက်လာပြီး ခေါင်းကို ကားပေါ်တင်ဖို့လုပ်ကြတော့ သူ့မိန်းမက အခေါင်းဝင်ထမ်းဖို့ သူ့ကို လှမ်းခေါ်တယ်။ အဲဒီခဏ အဲဒီအချိန်လေးမှာပဲ သူရခေါင်းထဲမှာ ရုတ်တရက် တစ်ခုခုကို သတိရသွားတယ်။ 

“ခဏလေး  ခဏလေး ခေါင်းကို ကားပေါ်မတင်ကြပါနဲ့ဦး”

သူ့အသံကြောင့် သူ့မိန်းမက သူ့ကို လှမ်းကြည့်တယ်။ အနားကလူတွေရောပါပဲ။ အားလုံးရဲ့ မျက်လုံးတွေက သူ့ဆီမှာ။ သူ ဘယ်သူ့ကိုမှ ပြန်ပြောမနေအားဘူး။ ဒေါ်ဒေါင်းအခန်းထဲ အပြေးဝင်ပြီး ခုတင်ဘေးက ဘီရိုပုလေးပေါ်မှာ တင်ထားတဲ့ ရွှေအစ် ကလေးကို သွားယူလာတယ်။ ဒေါ်ဒေါင်းကို ထိုင်ကန်တော့တယ်။ ပြီးမှ ရွှေအစ်ကလေးကို ဒေါ်ဒေါင်းလက်နဲ့ အနီးဆုံး တံတောင်ဆစ်နားမှာ ကပ်ထည့်ပေးလိုက်တယ်။ ယူသွားပေတော့၊ အပိုင်သာ ယူသွား ပေတော့ အမေရေ။

သူရ စိတ်ထဲမှာ တိကနဲ အပြတ်ဖြတ်ပေးလိုက်နိုင်တဲ့ ခံစားမှုမျိုးနဲ့ ကြေနပ်လို့။ ခုမှပဲ သူဟာ သူ့စိတ်နဲ့ သူ့ကိုယ် ဆိုတဲ့ သေချာမှုတစ်ခုနဲ့ အတူ…..။


Style Humour
New Style-စတိုင်သစ် မဂ္ဂဇင်း - May-2012



Monday, May 28, 2012

ငယ်ငယ်တုန်းက သူငယ်ချင်း


ငယ်ငယ်တုန်းက ကျွန်မမှာ သူငယ်ချင်း နှစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်လုံးက ယောက်ျားလေး သူငယ်ချင်းတွေပါ။ တက်ရတဲ့ ကျောင်းတွေက တစ်ယောက်က ဒဂုံ ၁၊ နောက်တစ်ယောက်က လသာ ၁ နဲ့ ကျွန်မက ဒဂုံ ၂မှာ။ အဲသလို တက်နေတဲ့ ကျောင်းကြီးတွေ မတူကြပေမဲ့ တစ်လမ်းထဲနေကြတဲ့ ရွယ်တူချင်းတွေ၊ ကျူရှင်အတူတူသွားဖော်တွေမို့ ကျွန်မတို့ တွဲမိကြတယ်။  

ကျွန်မက ညနေ ကျူရှင်သွားရင် အိမ်ကနေအရင်ဆုံးထွက်တဲ့သူ၊ ကျွန်မကိုမြင်မှ နိုင်နိုင်က သူ့အိမ်ကနေ ထွက်လိုက်လာပြီး ကျွန်မတို့နှစ်ယောက် တိုးတိုးတို့အိမ်ရှေ့ကို ဖြတ်တဲ့အခါကျမှ တိုးတိုးက အိမ်ထဲကနေ လွယ်အိတ်စလွယ် သိုင်းပြီး နောက်ကနေ လိုက်လာတာ။ ဒီလိုပုံစံနဲ့ပဲ မပြောင်းမလဲ ကျူရှင်ကို အတူတူ လမ်းလျှောက်သွားခဲ့ကြတာ။ တစ်ယောက် တစ်ယောက် ခေါ်နေစရာ၊ ညှိနေစရာ မလိုခဲ့ပါဘူး။

ကျွန်မနဲ့ တိုးတိုးက စာပြိုင်ဘက်တွေ၊ (ကျူရှင်မှာ သချာင်္ပြိုင်တွက်ရင် အမြန်ဆုံးနဲ့ အဖြေမှန်အောင် တွက်နိုင်တဲ့သူကို ဆရာမက ဆု တစ်ကျပ်ပေးလေ့ ရှိတယ်။ အဲဒီဆုကို ကျွန်မနဲ့ တိုးတိုး တစ်လှည့်စီ ရနေကျပေါ့) နိုင်နိုင်က အလယ်အလတ်သမား။ ပြီးတော့ နိုင်နိုင်က ရုပ်လည်းဖြောင့်တော့ ငယ်ငယ်ကတည်းက ရည်းစားတွေဘာတွေ သူ့မှာ ရှိနေပြီ။ တိုးတိုးကတော့ ပိန်ပိန်ရှည်ရှည်၊ ဆံပင်ဆာမူရိုင်းလေးနဲ့ boy-next-door လို ခင်စရာကောင်းတဲ့ လိမ္မာတဲ့ ကောင်ကလေး။

ကျူရှင်ရှေ့က အုတ်ဘောင်လေးမှာ ထိုင်ကြရင်း ရှေ့အတန်းတွေ ပြီးအောင် စောင့်ကြလေ့ရှိတယ်။ စောင့်နေရင်းက ဘာသည်လာလာ ခေါ်ပြီး ၀ယ်စားကြတာပဲ။ တစ်ခါက ဒူးရင်းသီးသည် အထမ်းကြီးနဲ့ ရှေ့က ဖြတ်သွားတော့ ကျွန်မတို့ ခေါ်ဝယ် စားကြတယ်။ ပြီးတော့ ဒူးရင်းသီးကို အညှာက ကိုင်ပြီး လမ်းနဲ့ ဆောင့်ချခွဲကြတာ။ ခွဲလို့ရတော့ ဒူးရင်းဆူး စူးလည်း လုစားကြတာပဲ။ ဘယ်သူက အမွှာအများဆုံး စားနိုင်သလဲဆိုပြီး အပြိုင်စားခဲ့ကြတာ။

တစ်ခါ ကျူရှင်အသွား လမ်းတစ်ဝက်မှာ နတ်စင်မီတို့ အိမ်က ငန်းတွေ ထွက်လာပြီး ကျွန်မကို လိုက်ထိုးပါလေရော။ (နတ်စင်မီဆိုတာက ကျွန်မတို့နဲ့ အတန်းတူ သူငယ်ချင်းပဲ။ သူ့အရပ်က ပုပုလေးမို့လို့ ကျွန်မတို့က နင့်အရပ်က နတ်စင်မီရုံလောက် ရှိတာလို့ နောက်ပြီး နာမည်ပြောင်ပေးထားကြတာ) ကြောက်ကြောက်နဲ့ပဲ စလွယ်သိုင်းထားတဲ့ လွယ်အိတ်ကို ချွတ်ပြီး ငန်းတွေဆီ မွေ့ယမ်းရင်း ပြန်ခြောက်ရတာ။ တိုးတိုးနဲ့ နိုင်နိုင် နှစ်ယောက်သား ငန်းတွေကို ကူ မခြောက်ပေးဘဲနဲ့ အော်ရယ်ခဲ့ကြတာ။ အားကိုးရတဲ့ ကောင်တွေ၊ ကျွန်မမှာ စိတ်ဆိုးလိုက်တာလေ။

မှတ်မိသေးတယ်။ နိုင်နိုင်တို့ အဖွားက သိုးဆောင်းအမေကြီးမို့ သူတို့အိမ်မှာ နတ်ပွဲ ခဏခဏ လုပ်လေ့ရှိတယ်။ ကျွန်မက ကလေးဆိုတော့ ပျော်တာပေါ့၊ ဘာရယ်မဟုတ်ဘူး နတ်ကတာကို သဘောကျလို့ သွားကြည့်တာ။ အဲဒီမှာ အခြောက်တစ်ယောက် မနှဲလေးကတော့ နိုင်နိုင်က   အဲဒီ့နတ်ကတော်ကို အနောက်ကနေ သားရေပင်နဲ့ ချောင်းပြီး ပစ်တော့တာ။ ကနေရင်းနဲ့ တွန့်ကနဲ ဖြစ်ဖြစ်သွားတာကို ကြည့်ပြီး ကျွန်မတို့မှာ ရယ်လိုက်ရတာ။ 

တခါတလေ သူ့အိမ်ပေါ်ကနေ နေရောင်အကျမှာ မှန်ထောင်ပြီး အဲဒီ အလင်းရောင်နဲ့  အိမ်ရှေ့မှာ ထိုင်နေတဲ့ ကျွန်မမျက်နှာကို လှမ်းလှမ်းထိုးပြီး စတတ်တယ်။ နိုင်နိုင်ဟာ အတော်ဆိုးတဲ့ ကောင်ကလေးပါ။ကျွန်မမို့ သူတို့အိမ်သွားရင် နိုင်နိုင်တို့ အမေက ချွေးမလေး လာပြီဟေ့ လို့ စတတ်တယ်။ ကျွန်မနဲ့ နိုင်နိုင်ကတော့ ငယ်သူငယ်ချင်းတွေမို့ စိတ်က ဖြူစင်နေတာ အဲဒီတုန်းက ဘယ်လိုမှ မခံစားခဲ့ကြဘူး။ အဲဒီအရွယ်မှာ ငနိုင်ကဖြင့် ရည်းစားတွေတောင် ထားတတ်နေလို့။

ဆယ်တန်းစာမေးပွဲမှာ ကျွန်မနဲ့ တိုးတိုးပဲ အောင်ပြီး အဲဒီနှစ်က နိုင်နိုင်ရော သူ့ရည်းစားကောင်မလေးရော စာမေးပွဲ ကျကြတယ်။ နိုင်နိုင်က နောက်နှစ်မှ အောင်ပြီး သင်္ချာဘာသာယူခဲ့တယ်။ နောက်တော့ ကျွန်မတို့အိမ်ပြောင်းခဲ့ရတာပဲ။ အဲဒီနောက်မှာ နိုင်နိုင်နဲ့ရော တိုးတိုးနဲ့ပါ ကျွန်မတို့ ဝေးသွားခဲ့ကြတယ်။

သတင်းတွေတော့ ကြားနေခဲ့တယ်။ တိုးတိုးက ဂျပန်ထွက်သွားတယ်။ နိုင်နိုင်ကတော့ သဘောင်္တက်သွားတယ်ဆိုတဲ့ သတင်းတွေပါ။ နောက်တော့ ကျွန်မလည်း မန္တလေးသားနဲ့ အိမ်ထာင်ကျ၊ ငနိုင်လည်း မန္တလေးသူနဲ့ အိမ်ထောင်ကျ သွားတယ်လို့ ကြားရတယ်။ တိုးတိုးကတော့ ခုထိ လူပျိုကြီးပဲလား၊ မိန်းမပဲ ရသွားပြီလား ကျွန်မ မသိပါဘူး။

၂၀၀၉ က ကျွန်မ ရန်ကုန်ခဏပြန်တော့ ကျွန်မ ညီမဆီက နိုင်နိုင်ဖုန်းနံပါတ်ရတာနဲ့ ၀မ်းသာပြီး ဖုန်းခေါ်လိုက်တော့ သူနဲ့ တန်းကနဲ တွေ့တယ်။ ကျွန်မနဲ့ နိုင်နိုင်က သူငယ်ချင်းတွေ ဖြစ်သလို နိုင်နိုင့်ညီမနဲ့ ကျွန်မညီမကလည်း သူငယ်ချင်းတွေကိုး။ ဒီတော့ အဆက်အသွယ်က မပြတ်ခဲ့ကြဘူး။

ဒါနဲ့ သူအားတဲ့ တစ်ရက်မှာ တော်ဝင်နှင်းဆီမှာ မနက်စာစားဖို့ ချိန်းလိုက်ကြတယ်။ ကျွန်မတို့ လင်မယားရယ်၊ သူတို့ မိသားစုရယ်။ နိုင်နိုင်က သမီးချည်းပဲ နှစ်ယောက်မို့ ကျွန်မက နင်တော့ ၀ဋ်လည်ပြီ ငနိုင်လို့ စတော့ သူက ရယ်နေ တယ်။ သူ ကျန်းမာရေး သိတ်မကောင်းတဲ့ အကြောင်း၊ သဘောင်္မလိုက်တော့ဘဲ ကားလေးတစ်စီးဝယ်ပြီး တက်ကစီ မောင်းနေတဲ့ အကြောင်းတွေ ပြောတယ်။

သဘောင်္ပြန်မလိုက်တော့ဘူးလားလို့ ကျွန်မကမေးတော့ သူ သဘောင်္ပေါ်မှာ အရက်တွေ သောက်လွန်းလို့ ဦးနှောက်ထဲ သွေးခဲသွားတာ ဆေးရုံတက်ခွဲခဲ့ရတဲ့အကြောင်း၊ မိသားစုနဲ့ပဲ အေးအေးဆေးဆေးနေတော့မယ်ဆိုတဲ့ အကြောင်းတွေ ပြောပြတယ်။ အသက်တွေ ကြီးလာကြပြီနော် နင် လိမ္မာတော့ လို့ ကျွန်မက ဆရာမကြီးလေသံနဲ့ ဆုံးမခဲ့သေး တာ။

အဲဒီနောက် ကျွန်မလည်း ခွင့်ရက်စေ့လို့ ပြန်လာရတယ်။ ဒီနှစ် ၄လပိုင်း တစ်ခေါက်ပြန်တော့ မှတ်မှတ်ရရ တွေ့ဖို့၊ ဖုန်းဆက်ဖို့ သူငယ်ချင်းတွေ စာရင်းမှာ နိုင်နိုင့်နာမည်လည်း ထည့်ထားခဲ့တယ်။

ကျွန်မ ပြန်မလာခင် ၃ရက်လောက်မှာ ကျွန်မ သူ့ဆီ ဖုန်းဆက်တယ်။ ဖုန်းကို အမျိုးသမီးတစ်ယောက် လာကိုင် တယ်။ သေချာတာက သူ့မိန်းမတော့ မဟုတ်ဘူး။ တစ်ခြား အိမ်ရှင်အသစ်ပဲ ဖြစ်မယ်။ ကျွန်မက နိုင်နိုင်တို့ ပြောင်းသွားတဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးများ သိရမလားမေးတော့မှ အစ်မ ကိုနိုင်နိုင်က ဆုံးသွားတာ ၇ လလောက်တောင် ရှိပြီ တဲ့။

ဖုန်းချလိုက်ပြီးတဲ့အခါ ကျွန်မ ချက်ချင်းပဲ အမျိုးသားကို မေးလိုက်တယ်။ ကျွန်မ နိုင်နိုင့်ကို အိပ်မက်မက်တာ အဲဒီဝန်းကျင်လောက်က မဟုတ်လားလို့။  သေချာတယ်။ အဲဒီတုန်းက အိပ်မက်ထဲမှာ ငနိုင်ရယ်…။ ကျွန်မနဲ့ စကားတွေ အများကြီးပြောလို့။ သူ့ကြည့်ရတာ မျက်နှာက ညှိုးနေပေမဲ့ သူငယ်ချင်းနဲ့မို့ ထင်ပါရဲ့ စကားတွေပြောနေလိုက်တာ။ 

အိပ်ရာကနိုးတော့ ငနိုင်တစ်ယောက် နေမှ ကောင်းရဲ့လား မသိဘူး ညက သူ့ကို အိပ်မက်မက်တယ်လို့ အမျိုးသားကို ကျွန်မ ပြောမိသေးတယ်။ ချက်ချင်း ဖုန်းဆက်လိုက်ဖို့ကိုတော့ ကျွန်မ လက်တွန့်နေခဲ့တာ။

ခုတော့ ကျွန်မသူငယ်ချင်း တကယ်ပဲ ဆုံးရှာပြီ။ ကျွန်မ သူ့ညီမတွေဆီ ဖုန်းဆက်ပြီး သတင်း သေချာရဲ့လား လို့ မေးခဲ့သေးတယ်။ သေချာတယ် သူ တကယ်ဆုံးသွားပြီ တဲ့။ အရက်တွေ ပြန်သောက်လို့ ခုလို ဖြစ်တာ အစ်မရဲ့ တဲ့။ သူ့ညီမက ပြောရှာတယ်။ 

ငနိုင့်အပေါ် ငယ်သံယောစဉ်နဲ့ ကျွန်မ မျက်ရည်ကျမိပါတယ်။ လူဆိုတာ မွေးဖွားခဲ့ပြီဆိုကတည်းက သေခြင်းတရားဆီ ဦးတည်လျှောက်နေကြရတာပဲ မဟုတ်လား။ တစ်နေ့နေ့ သေကြရမှာပါပဲ။ ဒါပေမဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အရက်ကြောင့်နဲ့တော့ မသေစေချင်ဘူး။ ရှိသေးတယ်။ ကျွန်မမောင်ဝမ်းကွဲလေး ငမိုး (ကျွန်မ ရေးဖူးပါတယ်) အရက်ကြောင့်ပဲ ဘ၀ပျက်ခဲ့ရတာ။

အရက်မကောင်းဘူး ဘာညာ ကျွန်မ မပြောချင်ဘူး။ မသောက်နဲ့ ဘာညာလည်း ကျွန်မ မပြောချင်ဘူး။ အရက်ကောင်းတယ် မကောင်းဘူးဆိုတာ အားလုံး သိကြပါတယ်။ ချင့်ချိန်ပိုင်းခြားနိုင်တဲ့ အသိစိတ်တွေလည်း ရှိကြမှာပါ။ ကိုယ့်အသက်ကို ကိုယ်နှမျောရင်၊ ကိုယ့်မိသားစုကို ကိုယ်တန်ဘိုးထားရင် အရက်ကြောင့် အသက်ဆုံးရတဲ့အထိ အဖြစ်မခံကြစေချင်ဘူး။

ကျွန်မလေ…တကယ်ပါ၊ ချစ်တဲ့ လူတွေကို အသက်ရှည်စေချင်တာပါပဲ။

Friday, May 25, 2012

ဖယောင်းတိုင်အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ


တစ်ရက်လည်း  မလာ
နှစ်ရက်လည်း မလာ
လာချင်မှလည်း လာ
မလာချင်ရင်လည်း မလာ

ခု  ပြန်လာမယ်
ခဏနေ ပြန်လာမယ်
တော်ကြာပြန်လာမယ်
လာချင်မှလည်း  လာ  တော့  မယ်

တစ်နေ့ ၆နာရီလာမယ်
တစ်နေ့ ၁၂နာရီလာမယ်
တစ်နေ့ ၂၄နာရီလာမယ်
တစ်နေ့ ၄၈နာရီလာမယ်

ပိုနေတာတွေလည်း ပြန်ရောင်း
လိုနေတာတွေလည်း ပြန်ဝယ်
ရောင်းတယ် ၀ယ်တယ်  ရောင်းတယ် ၀ယ်တယ် 
ဝယ်တယ်  ရောင်းတယ်  ၀ယ်တယ်  ရောင်းတယ်
အားလုံး အဆင်ပြေစေရမယ်

ဒီနေ့လည်း မလာ
မနက်ဖြန်လည်း မလာ
ရက်ရာဇာလည်း မလာ
ပြဿဒါးလည်း မလာ

ခုလည်း မလာ
ခဏနေလည်း မလာ
တော်ကြာနေလည်း မလာ
လာချင်မှလည်း  လာ   တော့   မယ်

စက်ရပ်သတင်း
"ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ 
အားလုံးအဆင်ပြေသွားပါလိမ့်မယ် "

ဟုတ်ကဲ့  ဟုတ်ကဲ့

    (((( ဖူး ))))   

ဖယောင်းတိုင် မီးမှုတ်သံ....။


Image Credit- Photobucket

 

Wednesday, May 23, 2012

အရောင်ချွတ်ထားတဲ့ ကဗျာ

မတ်တတ်ထရပ်ကြပါ…
ဒါ  တို့နိုင်ငံတော်အလံပဲ…
ဒါ  တို့နိုင်ငံတော်သီချင်းပဲ
အဲဒီစိတ်နဲ့ ငါတို့ ကြီးပြင်းခဲ့ကြ….။

ဒီကနေ့ သင်ခန်းစာက
သိုးအရေခြုံထားတိုင်း ၀ံပုလွေမဟုတ်ဘူး ဆိုတာပဲ…
အဖြူထည်တွေကို မျက်နှာစာမှာ တန်းထိုးချိတ်ဆွဲရင်း

---------------------------------
---------------------------------

ကောင်းကင်မဂ္ဂဇင်းမှာ ရေးဖြစ်တဲ့ ကဗျာလေးပါ....




Saturday, May 19, 2012

ကိုကဗျာဆန်နှင့် ကျွန်မ

ကျွန်မက သဘာဝက မိန်းမပေမဲ့ မနုတဲ့သူ၊ မနုတဲ့အပြင် မာဆတ်ဆတ်ဖြစ်နေလို့တောင် မနည်း မိန်းမ ဆန်အောင် နေနေရတာ။ ငယ်ငယ်ကတည်းက တစ်လွှားလွှားနဲ့ ပြေးကန်ခုန်ပေါက်နေခဲ့တာ။ ပြောရရင် အမေမွေးတဲ့ ကလေးတွေထဲ ကျွန်မက အစ်မအကြီးဆုံး၊ အရိုက်အခံရဆုံး။ 

မျက်နှာဆိုလည်း မလူးမခြယ်နဲ့ ပြောင်သလင်း အဆီတပြန်ပြန် နေလာလိုက်တာ စင်္ကာပူမှာ အလုပ်လေး ရတော့မှ ဒင်နာလေးဘာလေး၊ ပွဲလေးလမ်းလေး တက်ဖို့ ကြုံလာတဲ့အခါ နည်းနည်းပါးပါး ပြင်တတ် ဆင်တတ် ရှိလာတာ။ 

ဒီလိုနဲ့ ကျွန်မ အိမ်ထောင်ကျတဲ့အခါ သူများမိန်းကလေးတွေနည်းတူ ကိုယ့်အိမ်ကလူကို ချွှဲချင် နွဲ့ချင် လာတယ်။ သူကတော့ ကျွန်မနဲ့ တစ်သက်တာ ပေါင်းပါ့မယ်၊ ပျော်အောင်ထားပါ့မယ်၊ နေ့တိုင်း ရယ်စရာတွေ တစ်နေ့တစ်မျိုး ပြောပြပါ့မယ်။ ထမင်းလည်း ၀အောင် ကျွေးပါ့ မယ်။ နှစ်ဘက်မိဘတွေ ကိုလည်း သူ့လစာထဲကပဲ ငွေ ပို့ပေးပါ့မယ် ဆိုတဲ့အချက်တွေနဲ့ တစ်သက်စာကွန်ထရက် မိထားတဲ့ လူကိုးရှင့်။ (ကျွန်မကလည်း လိုချင်တဲ့ အချက်တွေ ပါအောင် အပီစာချုပ်ထားရတာပ)

အိမ်ကလူက အကင်းပါးတော့ သိတ်ကြောင်းပေးနေစရာ မလိုဘူး။ ဘာမဆို အလိုက်သိ ရှာပါပေတယ်။ ကျွန်မမွေးနေ့ဆို ကျွန်မလိုချင်တာ ၀ယ်ပေးပြီးသားပဲ။ အဲဒီလို ဖြစ်နေအောင် ကျွန်မ ကလည်း ကိုယ် ဘာလိုချင်တယ်ဆိုတာကို မွေးနေ့နီးလာရင် ကြိုပြီး ဟင့်တ်ပေးထားရသလေ။

အံမယ် မွေးနေ့လက်ဆောင်ပေးပုံကိုက တစ်နှစ်ကို ပေးပုံ တစ်မျိုး။

တစ်နှစ်များ ညဘက် တီဗီကြည့်နေကြတုန်း ည ၁၂နာရီတိတိမှာ ဖုန်းသံကြားလို့ ဖုန်းထားရာ အိပ်ခန်းထဲ သွားအယူ....။ လား  လား ကျွန်မ ခေါင်းအုံးပေါ်မှာ မွေးနေ့ကဒ်နဲ့ လက်ဆောင်ထုတ်။ အပေါ်ဝတ် အင်္ကျီလေးပါ။ ၀တ်ကြည့်လိုက်တော့ ကျွန်မနဲ့ ကွက်တိ။ "တော်လိုက်တာ ငါ့ယောက်ျား" ဆိုတော့ အရောင်းစာရေးမလေးကိုယ်လုံးကို လက်နဲ့ ၀ိုက်ကြည့်ပြီးမှ ဒီကိုယ်လုံးအတိုင်းပဲဆိုပြီး ၀ယ်လာ သတဲ့။ ပေါက်ကရ...။ ကျွန်မက သိသားပဲ၊ သူ နောက်နေတယ် ဆိုတာ။  ကျွန်မပြုံးအောင် ရယ်အောင် တတ်နိုင်တဲ့သူ။ သူက ကျွန်မဖုန်းကို ည ၁၂နာရီတိတိမှာ alarm ပေးပြီး လက်ဆောင်တွေနဲ့ အတူ အခန်းထဲ ထည့်ထား တာလေ။ အဲသလို ကျွန်မ မသိအောင်၊ နည်းနည်းလေးမှ မရိပ်မိအောင် မမျှော်လင့်ထားတဲ့အချိန်မှာ လုပ်တတ်တာ။ တကယ်ဆို ကျွန်မမွေးနေ့က နောက်တစ်နေ့မှလေ။

နောက်တစ်နှစ်ကျတော့ တစ်မျိုး။ သူက ထုံးစံအတိုင်း ကျွန်မထက် စောပြီး ရုံးသွားရတယ်။ ကျွန်မက မနက် ၇နာရီထိုး အိပ်ယာက ထ၊ အိပ်ချင်မပြေသေးဘဲ ရေချိုးခန်း အ၀င်။ မျက်နှာသစ်တဲ့ ဘေစင်ထဲမှာ လက်ဆောင်နဲ့ မွေးနေ့ကဒ် လှလှလေးက ကြို စောင့်လို့။ အဲသလို သူက...။

ဟော နောက်တစ်နှစ်ကျပြန်တော့ ညနေ ရုံးကအပြန် လမ်းကနေ ကျွန်မကို ဖုန်းခေါ်တယ်။  "အိမ်ပြန် လာနေပြီ ရောက်တော့မယ်၊ အိမ်သော့ ရုံးမှာ မေ့ကျန်ခဲ့လို့ အိမ်တံခါး ဖွင့်ပေးထားပါနော်" တဲ့။ ဒါနဲ့ ကျွန်မ အိမ်တံခါးလည်း ဖွင့်လိုက်ရော အိမ်ရှေ့မှာ အထုတ်ကြီးတစ်ထုတ်...။ အထုတ်က ကျွန်မ လိုချင်နေတဲ့ လက်ကိုင်အိတ်တံဆိပ်နဲ့ဆိုတော့ ကျွန်မ ချက်ချင်းပဲ သိလိုက်တယ်။ သူ  လုပ်  လာ  ပြန်  ပြီ  ပေါ့  လေ  အ ဟင်း ဟင်း....။ သူက မလှမ်းမကမ်းက ချောင်းကြည့်နေခဲ့သေးတာ။ မတော်လို့များ တစ်ယောက်ယောက်က အထုတ်ကြီးဆွဲသွားမှ မခက်လား။ ကျွန်မကတော့ လိုချင်တဲ့ အိတ်၊ ပုံစံ၊ အရောင်အသွေး အားလုံး ကျွန်မ စိတ်ကြိုက်မို့ ပျော်နေခဲ့တာ။

နောက်တစ်နှစ်...။ အိပ်ရာပေါ်မှာ မွေးနေ့ကဒ်လေးနဲ့အတူ စာလေးတစ်ရွက်။ စာရွက်ပေါ်မှာ ရေးထား တာက " မွေးနေ့လက်ဆောင်ကို စတိုခန်းထဲ သွားကြည့်ပါ" တဲ့။ စတိုခန်းထဲ သွားကြည့်တော့ နောက် ထပ် စာတစ်ရွက်။ "ဘုရားစင်အောက်က စင်ပေါ်မှာ" တဲ့။ ဒါနဲ့ ဘုရားစင်အောက်က စင်လေးပေါ် ကြည့်မိတော့ ဘူးလေး တစ်ဘူးနဲ့ နောက် စာတစ်ရွက်။ ဘူးလေးက လယ်သာပေါ်လစ်ရှ် ဘူးကလေး၊ လယ်သာအိတ်တွေ သန့်ရှင်းတဲ့အခါ သုံးဖို့။ စာရွက်ထဲမှာ ရေးထားတာက "စိတ်မပျက်ပါနဲ့  ဒါ တကယ့်လက်ဆောင် မဟုတ်သေးပါဘူး အိပ်ခန်းထဲက ဘီရိုထဲမှာ သွားကြည့်ပါ" လို့ ရေးထားပြန်ပါရော။ အဲဒီတော့မှ နောက်ဆုံးအဆင့်ရောက်ပြီး သူပေးချင်တဲ့ အိတ်ကို တွေ့ရတော့တာ။ အိတ်က လယ်သာအရောင်ရော၊ ပုံစံရော ကျွန်မအကြိုက်။ ဟင့်တ်ပေးတဲ့သူ တော်ချက်ကတော့....ကွက်တိ။

အဲသလိုနဲ့ သူပေးခဲ့တဲ့ အမှတ်တရတွေ အများကြီးပေါ့ရှင်။ တကယ်က သူက ကျွန်မထက် ပိုဖန်တီးနေတတ်တာ။ ကျွန်မကတော့ သူ့ကို လက်ဆောင်ပေးချင်ရင် ရော့အင့်ဆိုပြီး ပေးလိုက်တာပဲ။ သူ့မွေးနေ့ မေ့နေတဲ့နှစ်တောင် ရှိသေး။

အဲ...စာတွေ၊ ကဗျာတွေ ခံစားတတ်တာကျတော့ ကျွန်မက ပိုတယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး ထင်ပါ ရဲ့နော်။ ကျွန်မက ဘာပဲ ရေးပြီးပြီး သူအနားမှာ ရှိနေရင် သူ့ကို အရင်ပေးဖတ်တတ်တယ်။ တစ်ချို့စာတွေကိုတော့ သူ ကြိုက်ပုံရပါတယ်။ ကျွန်မ ကဗျာရေးတဲ့ အခါတွေမှာသာ အဆုံးထိဖတ်ပြီးတိုင်း မအီမလည်နဲ့။ သူက ကဗျာတွေကို မခံစားတတ်တဲ့သူရှင့်။

ဘာပဲပြောပြော အနားမှာ အမာခံ ပရိသတ်ကြီးတစ်ယောက်လုံး ရှိနေတာ အားရှိလွန်းရပါတယ်။ ကျွန်မဘာရေးရေး ဖတ်ပေးရှာသူ။

ဒီနေ့တော့ သူနဲ့ကျွန်မ အတူရှိနေတုန်း ကျွန်မက မျိုးကြီးရဲ့ "တစ်စိမ်းတစ်ယောက်" သီချင်းလေး ညည်းမိတယ်။ သူ့မျက်နှာကို ကြည့်ငေးရင်းပေါ့။

♩ ♬ ♭ သေသည့်တိုင် ဒီဘ၀ထဲ ကိုယ် မင်းကို အချစ်ဆုံးပဲ ♩ ♬

တစ်ကယ်တော့ ကျွန်မ ကဗျာဆန်လိုက်တာပါ။  သူက ကျွန်မမျက်နှာကြည့်ပြီး ချက်ချင်းပဲ ပြန်ဆိုတယ်။

♩ ♬   တစ်စိမ်း တစ်ယောက်ပါ ♩ ♬ 


သေရောကွာ....


 

Thursday, May 17, 2012

အလုပ်ခွင်ထဲက ငွေရေးကြေးရေး

ကျွန်မရဲ့ ပထမဦးဆုံးအလုပ်မှာ ကျွန်မက အသေးသုံးငွေ ကိုင်ရတယ်။ မများလှပါဘူး။ စကာင်္ပူဒေါ်လာ ၃၀၀၀ပါ။ Petty Cash လို့ ခေါ်ကြတယ်။ အလုပ်ထဲမှာလိုတဲ့ အသေးသုံးငွေမှန်သမျှကို အဲဒီအသေးသုံးထဲကပဲ ပေးချေတယ်။ တစ်ခါသုံးရင် အများဆုံး ၂၀၀ ထိ သုံးခွင့်ရှိတယ်။ တစ်ခါတစ်လေ အလုပ်နောက်ကျလို့ ည ၈နာရီခွဲကျော်တဲ့ အခါမျိုးဆိုရင် ကျွန်မတို့အတွက် တက်စီဘိုး အဲဒီအထဲကပဲ သုံးလေ့ရှိကြတယ်။ ကျွန်မတို့ရုံးက အလုပ်သမားတိုင်းကို ကျန်းမာရေးအာမခံ ၀ယ်ထားပေးပြီး ဖျားနာလို့ ဆေးခန်းသွားတဲ့အခါ ၅ဒေါ်လာပဲ ပေးရတယ်။ အဲဒီပေးခဲ့တဲ့ ၅ ဒေါ်လာ ကိုလည်း အသေးသုံးထဲကပဲ ကုမ္ပဏီက ပြန်ပေးလေ့ရှိပါတယ်။ 

ဒီတော့ ဘာပဲသုံးသုံး ကုမ္ပဏီက ပြန်တောင်းခံလို့ရတဲ့ အသုံးစရိတ်မျိုးဆိုရင် ဘောက်ချာတွေသာ သိမ်းထား၊ ခုနက အသေးသုံးထဲကနေ ပြန်တောင်းခံလို့ ရတာမျိုးပါ။ ၂၀၀ ထက်ကျော်ရင်သာ ချက်လက်မှတ်နဲ့ ပြန်ရပြီး ၂၀၀အောက် ဆိုရင် အသေးသုံးထဲကပဲ သွားလေ့ရှိပါတယ်။ 

 တစ်နေ့တော့ ကျွန်မ ရွာပြန်မှာမို့ အသေးသုံးငွေတွေကို နောက်တစ်ယောက်ဆီ လက်လွှဲထားခဲ့ရပါတယ်။ လက်ကျန်ငွေနဲ့ ဘောက်ချာတွေ ပေါင်းအပြီး ၃၀၀၀ တိတိ သူ့လက်ထဲ အသေအချာ အပ်ခဲ့တာပါ။ အသေးသုံးငွေရဲ့သဘောက ဘယ်အချိန်မဆို ဘောက်ချာတွေထဲက သုံးပြီးငွေနဲ့ လက်ကျန်ငွေ ပေါင်းလိုက်ရင် အမြဲတမ်း ၃၀၀၀ ရှိနေရပါမယ်။ 

ခွင့်ရက်စေ့လို့ ကျွန်မ ပြန်လာတော့ ကျွန်မ အလုပ်တွေ သိတ်များနေချိန်မို့ သူ့ကိုပဲ ခဏဆက်ပြီး ကိုင်ထားပေးဖို့ ပြောတဲ့အခါ သူကလည်း ကျေကျေနပ်နပ်ပဲ ဆက်ကိုင် ထားပေးခဲ့တာ။ ဒီလိုနဲ့  နှစ်ပတ်လောက်အကြာ ကျွန်မအလုပ်တွေ အတော်အသင့် အချိန်မီပြီးလာတဲ့ တစ်နေ့ ကျွန်မက သူ့ကို အသေးသုံးငွေ ပြန်အပ်ဖို့ ပြောလိုက်ပါတယ်။ အဲဒီမှာ ငွေရေတွက်ပြီး ဘောက်ချာတွေ စစ်လိုက်တော့ ငွေ ၅၀၀ နီးပါး ပျောက်နေပါတော့တယ်။ 

မတတ်နိုင်ပါဘူး။ ကျွန်မအထက်က စာရင်းကိုင်အမျိုးသမီးကို အသိပေးရပါတော့တယ်။ သူငွေလိုနေလို့ ယူသုံးထား တာပါ၊ လခရရင် ပြန်ထည့်ပေးပါမယ်လို့ ပြောတာနဲ့ ကျွန်မရဲ့ စာရင်းကိုင်က သူ့ကို ၀မ်နင်ပေး လိုက်ပါတယ်။ နောက် သူ့လခရတော့လည်း နှစ်ခါခွဲပြီး ပြန်ပေးပါရစေ ဆိုတာနဲ့ လိုက်လျောရပြန်ပါတယ်။ 

စဉ်းစားကြည့်ရင် စလုံး ၅၀၀ ဆိုတာ မများလှသလို နည်းလည်း မနည်းလှပါဘူး။ ကုမ္ပဏီကနေ ချေးငွေအနေနဲ့ ယူရင်လည်း ရနိုင်ရဲ့သားနဲ့ သူ ဘာကြောင့် ဒီလို လုပ်ရပါလိမ့်ဆိုတော့ ဖြစ်နိုင်ချေက လွယ်လို့၊ မျက်စေ့အောက်မှာ မြင်နေရလို့၊ ကိုင်တွယ်ထိတွေ့နေရလို့ ဆိုတာတွေဖြစ်နိုင်ပါတယ်။ အင်း…ပြောရရင် လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုတဲ့ အဆိုကို ကျွန်မက လက်မခံတဲ့သူပါ။ နောက်ဆုံးတော့ ပြောရရင် လုပ်ကျင့်ရှိနေလို့ကို လုပ်တာပါပဲ။ 

ခုလက်ရှိအလုပ်ကို ရောက်တဲ့အခါမှာတော့ အသေးသုံးမကိုင်ရတော့လို့ စိတ်အေးမယ်မှ မကြံသေးဘူး။ အင်မတန် ကြီးမားတဲ့ ငွေပမာဏတွေ လက်ခံရပြန်ပါတယ်။ ကျွန်မအလုပ်က AR လို့ ခေါ်တဲ့ Account Receivable ကိုင်ရတာမို့ ငွေလက်ငင်းချေစနစ်နဲ့ ပေးတဲ့ Customer တွေရဲ့ ပေးငွေတွေအားလုံး ကျွန်မ လက်ခံရပါတော့တယ်။ တိုက်ရိုက် ကျွန်မဆီ လာတာမျိုးမဟုတ်ပါဘူး။ များသောအားဖြင့် ကျွန်မတို့ရဲ့ customer တွေက သင်္ဘောပိုင်ရှင်တွေ၊ ဧဂျင့် တွေပါ။ ကျွန်မတို့မှာ Boarding Officer ဆိုတာ ရှိပါတယ်။ သူ့အလုပ်က သင်္ဘောကမှာတဲ့ပစ္စည်းတွေ Delivery လုပ်ရင်း ပို့ဆောင်ပေးပြီးတဲ့အခါ ပစ္စည်းစစ်၊ ရုံးက ဘီလ်ထုတ်ပေးလိုက်တဲ့ ငွေပမာဏအတိုင်း ငွေရေတွက်လက်ခံ ရတာပါ။ 

ရုံးပြန်ရောက်ရင်တော့ ဘီလ်နဲ့အတူ လက်ခံရငွေတွေကို ကျွန်မဆီမှာ လာအပ်ရတာမျိုးပါ။ ငွေပမာဏက ဘယ်လောက်များသလဲဆို ယူအက်စ် ၄-၅ သောင်းအထိ လက်ခံရတတ်ပါတယ်။ အဲဒီလို ငွေပမာဏ များတာမို့ နည်းနည်းလေးမှ အမှားမခံပါဘူး။ အသေအချာ ရေတွက်၊ လက်ခံပြီးမှ ငွေဘယ်လောက် ရပါတယ် ဆိုပြီး နေ့စွဲနဲ့အတူ PAID တုံးထု၊ ကျွန်မ လက်မှတ်ပါထိုးပြီး သူ့အတွက် ဘီလ်-၁ကော်ပီ ပြန်ပေးလိုက် ရတာပါ။ ကျွန်မတို့ ဘီလ်က စုစုပေါင်း ၄ ကော်ပီ ရှိတာမို့ ငွေပေးတဲ့ Customer က တစ်စောင်၊ Boarding Officer အတွက် တစ်စောင်၊ ကျန်တဲ့ နှစ်စောင်က ကျွန်မတို့ စာရင်းဋ္ဌာနအတွက်ပါ။ 

တစ်နေ့တော့ ကျွန်မရဲ့ မန်နေဂျာက ဘီလ်ကော်ပီတစ်စောင်ပြပြီး အဲဒီအတွက် ငွေ လက်ခံရပြီးပြီလားလို့ မေးလာပါတော့တယ်။ သေချာကြည့်တော့မှ လား လား ကျွန်မလက်မှတ်ကို အခန့်သားထိုးလို့ ဘီလ်ပေါ်မှာလည်း PAID ဆိုတဲ့ တုံးက ထုထားသေးတာမို့ ကျွန်မ အကြီးအကျယ် လန့်သွားပါတော့တယ်။ ဒါပေမဲ့ သေချာတာက အဲဒါ ကျွန်မလက်မှတ်အစစ် မဟုတ်တာပါပဲ။ အတော်လေး တူအောင်ထိုးထားတာပေမဲ့ ကျွန်မ သေချာနေပါတယ်။ ဒါနဲ့ ကျွန်မက မရရှိကြောင်း၊ ကျွန်မလက်မှတ်လည်း မဟုတ်ကြောင်း ပြောဆိုရပါတယ်။ ကျွန်မ ကံကောင်းတာက လက်မှတ်နှစ်ခု တိုက်ဆိုင်စစ်ဆေးအပြီးမှာ ကျွန်မစာရင်းကိုင်နဲ့ မန်နေဂျာ နှစ်ယောက်လုံးက အဲဒါဟာ ကျွန်မ လက်မှတ်မဟုတ်ကြောင်း အသေအချာ ငြင်းဆိုပေးခဲ့ကြတာပါပဲ။ 

 တော်ပါသေးရဲ့ရှင်။ ကျွန်မလက်မှတ်နဲ့ အတိအကျသာ တူနေခဲ့ရင် ကျွန်မ ဘယ်လိုများ ငြင်းရပါ့။ အဲဒီကစလို့ ကျွန်မ မြန်မာလို ဆိုင်းပြောင်းထိုးခဲ့တာ ဒီနေ့ထိပါပဲ။ နောက်တော့ အဲဒီလို လုပ်တာ ဘယ်သူ ဆိုတာ သူတို့ သိသွားကြတယ် ပြောပါတယ်။ ကျွန်မက အစပိုင်းမှာတော့ စိုးရိမ်စိတ်နဲ့ လန့်နေခဲ့ ပြီး သွေးအေးသွားတဲ့အခါ အရမ်း စိတ်ဆိုးမိတာပါပဲ။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေ ဒီလိုလုပ်တာ အတော်လေးကို ဆိုးတယ်မဟုတ်လား။ ငွေအလွှဲသုံးစားမှုနဲ့ ထောင်ကျသွားနိုင်တာမျိုး။ 

ဒါကို သိလို့ ထင်ပါရဲ့၊ ကုမ္ပဏီက ဘယ်သူ့လက်ချက်ဆိုတာ သိပေမဲ့ ကျွန်မကို မပြောခဲ့ပါဘူး။ နောက် အဲဒီလူ အလုပ်က ထွက်သွားတာလား၊ ထုတ်ပစ်လိုက်တာလား မပြောတတ်ပါဘူး။ ကျွန်မ သတိထားမိချိန်မှာ အလုပ်သမား အပြောင်းအလဲတွေနဲ့မို့ ခြေရာကောက်ဖို့ ခက်သွားပါတော့တယ်။ 

ကျွန်မလို ငွေကြေးတွေနဲ့ မလွှဲမရှောင်သာ ပတ်သက်နေရသူတွေ သတိထားနိုင်ကြဖို့ပါ။ ကိုယ့်ဘက်က အတော်လေး စေ့စပ်မှ၊ တာလုံမှ စိတ်ချရမှာမို့ သတိကြီးကြီးထားကြပါလို့ပဲ ပြောပါရစေ….

Monday, May 14, 2012

ချစ်ခင်ပွန်းများအတွက် မှာတမ်း

အမေရိကန်ကဗျာဆရာကြီး Ogden Nash (August 19, 1902 – May 19, 1971) ဟာ ခပ်ထေ့ထေ့ ခပ်ငေါ့ငေါ့ ကဗျာလေးတွေ ရေးသားရာမှာ နာမည်ကြီးခဲ့တဲ့သူ ဖြစ်တယ်။ တစ်နေ့ ကဗျာလေးတွေ အင်တာနက်ထဲ ရှာဖတ်ရင်း ဆရာကြီးရဲ့ A Word to Husbands ဆိုတာလေး သွားဖတ်မိတယ်။ 

ဖတ်ပြီးတော့ မပြုံးဘဲ မနေနိုင်ဘူး။ ပြီးတော့ မြန်မာလိုလေး ချရေးလိုက်မိတယ်။ ကျွန်မတို့ အမျိုးသမီးတွေ ဟာ အိမ်ကလူတွေအပေါ် အနိုင်ရလိုစိတ်နဲ့ မဟုတ်ဘဲ ချစ်လို့ အနိုင်ကျင့်တတ်ကြတယ်။ ဘယ်လောက်သည်းခံနိုင်မလဲ သိချင်လို့ အကဲစမ်းတတ်ကြတယ်။ သိတ်အလိုလိုက်တာပဲ ဆိုတာ ပေါ်လွင်စေချင်လို့ ဆိုးမိတတ်ကြတယ်။ တကယ်ဆို မုန်းလို့မှ မဟုတ်တာပဲလားရှင်။ 

ဆရာကြီးက သူ့ကဗျာမှာ အဲဒါလေးကို ချစ်စဖွယ် ခပ်ထေ့ထေ့လေး (အမျိုးသမီးတွေဘက်က လိုလိုနဲ့) ရေး ထားတာပါ။ ဖတ်ကြည့်လိုက်ကြပါဦးနော်....

              

A Word to Husbands

To keep your marriage brimming
With love in the loving cup,
Whenever you’re wrong, admit it;
Whenever you’re right, shut up.

Ogden Nash


ချစ်ခင်ပွန်းများအတွက် မှာတမ်း

အချစ်ရေ....
မင်းရဲ့ အိမ်ထောင်ရေးပန်းပွင့်ကို
အချစ်တွေအပြည့်ထည့်ထားတဲ့ ပုံစံခွက်ထဲမှာ  
အဆုံးစွန်ထိ ပွင့်လန်းဝေဆာစေချင်တယ် ဆိုရင်ဖြင့်
အမှားတွေရှိခဲ့ရင် ၀န်ခံလိုက်ပြီး
မင်းမှန်နေရင်တော့ဖြင့် တိတ်တိတ်ကလေးသာ နေလိုက်စေ့ချင်တယ်....။

ကဲ ဘယ်လောက်များ ချစ်စရာကောင်းလိုက်ပါသလဲ...ခင်ပွန်းသည်တွေ အတုယူကြပါ.....း)))

Friday, May 11, 2012

ဇမ္ဗူတဝှမ်းမှာ လှူဒါန်းမဲ့သူတွေ....အောင်ပါစေ

 
ဘယ်သူ ရှိရဦးမလဲ၊ ဒီသတင်းကို ကိုရေခဲတို့အိမ် အမှတ် ၁၀၄/ဈ အရောက် ဦးဦးဖျားဖျား သယ်ဆောင်လာခဲ့တဲ့သူက ကိုရေခဲရဲ့ တဦးတည်းသော ရှုမငြီးတဲ့ ချစ်ဇနီး "ပါလေရာမူမူ"ပေါ့။ ပါလေရာမူမူဆိုတာ ကိုရေခဲကရော ရပ်ကွက်ထဲကပါ သူ့ဇနီးကို ချစ်စနိုးပေးထားတဲ့ နာမည်။ ရပ်ကွက်ထဲ မူမူ မသိတာ မရှိ၊ နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်လွန်းသူမို့ အမည်ရင်း မူမူမြင့်ကနေ ပါလေရာမူမူလို့ တွင်ခဲ့တာ။

ပြောရမယ်ဆို မူမူ့ရဲ့ အဲသည်လို နှံ့စပ်မှုကြောင့်လည်း ကိုရေခဲတို့မိသားစု ဝမ်းမီးငြိမ်းကြရတာ။ ဘယ်...ကိုရေခဲရဲ့ မူလတန်းပြကျောင်းဆရာ လစာဆိုတာ လကုန်လို့မှ လတစ်ဝက် မကျိုး သေးဘူး၊ ကုန်ပြီ။ မူမူက ဆိုသေးတာ "ကြီးပွားတိုးတက်လိုသော် ကျောင်းဆရာလုပ်ပါလို့ ဘယ်လောကနီတိထဲမှာမှ မပါဘူး ကိုရေခဲကြီးရဲ့" တဲ့။ မူမူ့နှယ်...ခက်လိုက်တာ။ ကျောင်းဆရာရဲ့ပီတိကို ကျောင်းဆရာတွေမှပဲ သိတော့မှာ။ ကိုရေခဲကတော့ မူမူနဲ့ ပြိုင်ပြော မနေပါဘူး။ ပြောလည်း သူရှုံးမှာ သိနေတာကိုး။ မူမူက ကျောက် ရုပ်တောင် ခေါင်းညိတ်အောင် ပြောနိုင်စွမ်းတဲ့မိန်းမ မဟုတ်လား။

ရပ်ကွက်ထဲမှာရော၊ အနီးအနား တခြားရပ်ကွက်တွေအထိပါ အိမ်ခြံမြေ ရောင်းချင် ဝယ်ချင်သ လား၊ အိမ်ဂရန် ပေါင်ချင်သလား၊ ဘိုးဘွားပိုင် ကြေးလင်ပန်းကြီး ရောင်းစွံချင်တာလား၊  ဟိုး မင်းတုန်းမင်းကြီး ခြေနင်းကနေ မင်းသားဒွေးကျန်ရစ်ခဲ့တဲ့ အသုံးအဆောင်တွေအထိ ဝယ်ချင် သလား၊ ရတယ်။ မူမူနဲ့သာ ဆက်သွယ်လိုက်၊ အားလုံးအဆင်ပြေစေရမယ်။ သို့ပေမဲ့ မူမူ့ခမျာ ပါးစပ်ပွဲစား ကြားပွဲစားသာဖြစ် တာမို့ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဘက် ပေးသလောက် သဒ္ဒါကြေးကလေးလောက် စားရရှာတာ။ ကိုယ်ပိုင်ငွေ အရင်းအနှီး ထုတ်ထုတ်ထည်ထည်လေး ရှိလို့ကတော့ မူမူ့ ပါးရည်နပ်ရည်၊ လုပ်ပုံကိုင်ပေါက်နဲ့ဆို မူမူတို့ နားပေါက်ကြီး ချဲ့ရတာ ကြာလှပေါ့။

ကိုရေခဲတို့အိမ်မှာ အပ်ချုပ်စက်အဟောင်းလေးတစ်လုံးရှိတော့ သမီးအကြီးမက  ဈေးက ညှပ်ပြီးသားအထည်လေးတွေ ယူချုပ်တယ်။ စက္ကူအိတ် ခေါက်တယ်။ သူ့ကျောင်းမုန့်ဘိုး သူ့ဘာသာ ရှာသုံးနေတာ၊ မိဘဆီက လက်ဖြန့်တောင်းခဲတယ်။ အိမ်မှာ အငယ်ကောင် တစ်ယောက်ပဲ လူလားမမြောက်၊ အလုပ်မလုပ်တဲ့သူရှိတယ်။ သူက ဒီနှစ် ခြောက်တန်း တက်မှာ။ သမီးကြီးက ကိုးတန်း၊ နောက်နှစ် ဆယ်တန်းတက်ရင်တော့ အကြီးမကို ဘာအလုပ်မှ မလုပ်စေဘဲ ကျောင်းစာထဲ စိတ်နှစ်လုပ်ဖို့ ဖိအားပေးရတော့မှာ။ မတတ်နိုင်ပါဘူး၊ သမီးကြီး အသုံးစားရိတ်ဘိုး သူပဲ ပိုရှာရတော့မှာပေါ့။ သူများတွေလို အိမ်မှာကျူရှင်ဖွင့်ရင် အတန်အသင့် ပြေလည်မှာ သိပေမဲ့ အဲဒီအဖြစ်ဟာ သူ့ရဲ့ မူလ တန်းပြ ကျောင်းဆရာဆိုတဲ့ အဖြူအစိမ်းဝတ်တစ်ကိုယ်ကို ကျူရှင်ဆရာ ဆိုတဲ့ နောက်တစ်ကိုယ်က သစ္စာဖောက်လိုက်သလို ခံစားမိတယ်။  သူ့အတွေးကိုသာ မူမူသိနိုင်ရင် "ရှင်နဲ့တော့ ခက်ပါတယ် ကိုရေခဲရယ်" ပဲ ပြောဦးမှာ။

ခုလို အိမ်ရှိလူကုန်ရဲ့ လေးပုံသုံးပုံ အလုပ်လုပ်ကြတာတောင် တစ်ပတ်မှာ အသားဟင်း နှစ်ရက် ဆိုတာ ဖြစ်ဖြစ်မည် စားကြရတာ။ အသားဟင်းသာဆိုရတာပါ၊ အာလူးထဲ ကြက်သား ရော ချက်တာလား လို့ မေးရလောက်အောင် နာမည်ပျက် အသားဟင်းပါပဲ။ ကလေးတွေ ဆိုတော့ လည်း သွေးသားကောင်းကြတဲ့ အရွယ်တွေမို့သာ ဘာနဲ့စားစား ဝင်တာ၊ စားသလောက် အသားဖြစ်ကြ တာ။

ဒီတော့ ဒီတစ်ခါ မူမူယူလာတဲ့ သတင်းက ကိုရေခဲတို့မိသားစုအတွက် အတော်လေး အူမြူး၊ အူစိုစေမဲ့ သတင်း။ အို သူတို့ မိသားစုတင် မဟုတ်ပါဘူးလေ၊  အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာ မှာရှိတဲ့ ခုနှစ်ရက်သားသမီးအားလုံး ဝမ်းမြောက်ဝမ်းသာရှိကြမဲ့ သတင်းပါ။ ခုလောက်ရှိ မူမူ့ပါးစပ်သတင်းနဲ့တင် ကုတို့ဆိပ် မှို့အိတ်ပွင့်သလို တရပ်ကွက်လုံးနားထဲ လျင်မြန်တဲ့ အဟုန်နဲ့ ပြန့်နှံ့နေလောက်ပြီ။

လွန်ခဲ့တဲ့ သုံးလလောက်ကမှ ရပ်ကွက်ထဲ ပြောင်းလာတဲ့ သူဌေးအိမ်က အိမ်တက်မင်္ဂလာ ဆွမ်းကျွေးလုပ်မဲ့ သတင်း။ ဒီသတင်းအထိကတော့ ဘာမှ အူမြူးစရာ မရှိပေဘူးပေါ့။ ထူးခြားတာက သူဌေးအိမ်တက် ဖိတ်ပုံပဲ။ သူဌေးမို့လို့ဆိုပြီး ရေမွှေးဖိတ်စာတွေ ဘာတွေ လုပ်မနေဘူး၊ လမ်းလေးခွဆုံမှာ ဘလက်ဘုတ်ကြီးထောင်ပြီး စာရေးဖိတ်တာ။ "အိမ်တက်မင်္ဂလာ စတုဒီသာအလှူ" ဆိုတဲ့ ခေါင်းစဉ်နဲ့၊ စတုဒီသာဆိုကတည်းက အရပ်လေးမျက်နှာမှ ဆိုတော့ အလှုရှင်ရဲ့ သဒ္ဒါစိတ်ကို ခန့်မှန်းနိုင်ပြီ။ အယုတ် အလတ် အမြတ်မရွေး မည်သူမဆို ဝင်ရောက် သုံးဆောင်နိုင်ပါသည်၊ လက်ဆောင်ပေးခြင်း သည်းခံပါလို့ ဆိုထားပြန်တော့ကာ ဒီခေတ်ကြီးထဲ ဒီလိုအလှုမျိုး ရှားပေတယ် ဆိုရမယ်။

ကိုရေခဲဖြင့် မူမူပြောတဲ့သတင်း ကြားတာနဲ့တင် မျက်နှာကြီးပြုံးလို့၊ သာဓု အကြိမ်ကြိမ် ခေါ်မိတော့ တာ။ သူဌေးအိမ်ရှေ့ လမ်းပေါ်မှာ မဏ္ဍာပ်ထိုးကျွေးမှာမို့ စားနေရင်းက ကိုယ့်သားရေဖိနပ်လေးများ သူများစွပ်သွားမလားဆိုပြီး လည်ပင်းဆန့်ကြည့်စရာ မလိုတဲ့ အလှူ၊ အိမ်တက်ဆိုပေမဲ့ လက်ဆောင်ပေးခြင်းလည်း သည်းခံပါဆိုတဲ့ အလှူ၊ ဒါမျိုးတော့ ကိုရေခဲတို့က အတော်ကို သည်းခံနိုင်တယ်ဆိုတာ ပြောစရာတောင် လိုမယ် မထင်ဘူး။  ပြီးတော့ ဧည့်ခံကျွေးမွေးမဲ့ ဟင်းအမည်တွေတောင် ရေးထားလိုက်သေးဆိုပဲ။ ဝက်သားအိုးကြီးနှပ်၊ ကြက်သား ဆီပြန်၊ ငါးသလောက်ပေါင်း၊ ချဉ်ပေါင်စပ်ချဉ်ဟင်းရည်၊ အစိမ်းကြော်၊ ပဲကြီးနှပ်၊ ငါးပိ တို့စရာစုံနှင့် ဧည့်ခံပါမည် တဲ့။

ကဲ ဒါလောက် ချီးမွမ်းသင့်တဲ့အလှူ ဘယ်မှာရှိသေးလို့တုန်း။ သူဌေးလင်မယား သူတို့ရပ်ကွက်ထဲ တွဲရက် မြေနှစ်ကွက် ဝယ်လိုက်ပြီး နှစ်ထပ်တိုက်ကြီး ဟီးထနေအောင် ဆောက်နေတုန်းကတည်း က လူတွေက စိတ်ဝင်စားလှပြီ။ သို့သော် မေးငေါ့လို့၊ မျက်စောင်းထိုးလို့ ဆိုတဲ့ စိတ်ဝင်စားပုံမျိုး။ သူဌေးက အသားဖြူဖြူ၊ မျက်ခွံအစ်အစ် မျက်ပေါက်ကျဉ်းကျဉ်း၊ စိနတိုင်းသားတို့ရဲ့ ရုပ်ရည်၊ လူက သိတ်တော့အဝကြီးထဲက မဟုတ်ဘူး။ သူဌေးကတော်က ခပ်ငယ်ငယ် ချောချော၊ သူဌေးရဲ့ စပွန်ဆာမလေးဆိုလား ပြောကြတာပဲ။ ခုတော့ ဇနီးအသစ်စက်စက်ကလေးပေါ့လေ။ သူဌေးက ရိုးရိုး ချမ်းသာလာတာ မဟုတ်ဘူးတဲ့၊ သမာအာဇီဝသမား  မဟုတ်ဘူးတဲ့ ပြောကြပြန်တယ်။ ခုတော့လည်း လူတွေက ဒီလိုအလှူမျိုးအတွက် သဒ္ဒါတရားတော့ ကောင်းရှာသားလို့ သူဌေးအပေါ် အမြင်လေးနဲနဲ တည့်စပြုလာတယ်။ ကိုရေခဲကတော့ ဘာရယ်လည်း မဟုတ်ပါဘူး၊ သူ ဘာ လုပ်စားလို့ ချမ်းသာ ချမ်းသာ၊ မုဒိတာ ပွားရုံပေါ့၊ သူ့တရားနဲ့သူပေပဲ။ သူ စမောလေးယူထားတဲ့ ကိစ္စဆိုတာကလည်း သူ့မယားကြီး ကိစ္စမဟုတ်လား။ ခုလို လှူတန်းဖော်ရတာကပဲ သူတော်ကောင်းနှလုံးရှိလို့ဆိုတာ အသိသာကြီး။

ကိုရေခဲတို့တအိမ်လုံးလည်း အိမ်တက်အလှူ သွားစားကြရမဲ့အရေးပဲ လက်ချိုးရေတွက်ရင်း  ကြိုတင် ပါးစပ်အရသာ ခံနေလိုက်ကြတာ။

"မမ မောင်လေးကတော့ ကြက်သားဆီပြန်ကို ပေါင်တုံးကြီး ရွေးစားမှာ မမရော"

"ငါလား ငါက အကုန်စားမှာပဲ ဝက်သား၊ ကြက်သား၊ ငါးသလောက် အကုန်နဲနဲစီ ဟိဟိ ဖေကြီး ဖေကြီးရော"

သမီးကြီးက သူတို့မောင်နှမ စကားဝိုင်းထဲ ဖအေလုပ်သူကိုပါ ဆွဲထည့်တော့ သူ့မလည်း ခပ်မြန်မြန် စဉ်းစားရင်း ပြန်ဖြေရတယ်။

"ဖေကြီးက ဝက်သားကြိုက်တော့ ဝက်သား အိုးကြီးနှပ် အဝစားမယ်ကွာ"

မူမူကတော့ သူတို့သားအဖတတွေ ဖြစ်နေပုံကို သည်းသည်းလှုပ်လှုပ် ဖြစ်ရန်ကော၊ အကဲပိုရန် ကော ဆိုတဲ့ မျက်နှာပေးနဲ့ လှမ်းကြည့်နေလေတယ်။ ကိုရေခဲနဲ့ အကြည့်ချင်းတစ်ချက် အဆုံမှာတော့ နှစ်ယောက်လုံး မသက်မသာလိုလို၊ ဝမ်းနည်းဝမ်းသာလိုလို အတိအကျပြောပြ မရနိုင်တဲ့ မချိပြုံးလေး ကိုယ်စီ ပြုံးမိကြတယ်။ ဘာသာမပြန်တတ်ရင်သာ နေမယ်၊ အဲဒီအပြုံးကို သူတို့ချင်း ကောင်းကောင်းနားလည်တယ်။ ဟင်းကောင်းကျွေးကောင်းနဲ့ဝေးနေတဲ့ သူတို့ သားသမီးလေးတွေအပေါ် ကြီးစွာသော ဂရုဏာတွေသက်ရင်း ကိုယ့်လက်ရှိအနေအထားကို အားမလိုအားမရဖြစ်မိတဲ့ အပြုံးမျိုး။ ဒါပေမဲ့လည်း သူတို့ဟာ ကိုရေခဲနဲ့ မူမူမြင့်သာ ဖြစ်တယ်။ သူဌေး ဦးဟုတ်ကြည်နဲ့ သူဌေးကတော် ခွန်းချိုကြည်မှ မဟုတ်တာဘဲကိုး။

                                                       *****************
                                                                                  
"ဟယ် မိုးဖွဲလေးတွေ ကျလာပြီ ဖေကြီးရေ"

"အေးပါ သမီးရယ် ဖေကြီးတို့ ခဏလေး စောင့်လိုက်ကြတာပေါ့၊ ငါ့သားလေးရော ဆာပြီလားကွ"

သားငယ်က မျက်နှာလေးရှုံ့ပြီး သူ ဆာနေပြီဆိုတဲ့ပုံ ဖအေကိုပြတယ်။

"ကဲ ဒါဆိုလည်း သွားကြတာပေါ့ အမေကြီးနဲ့သားလေးက ထီးတစ်ချောင်း၊ ဖေကြီးနဲ့ သမီးက ထီးတစ်ချောင်းစီနဲ့ သွားကြမယ်၊ ဟုတ်ပြီလား"

"ဘာ ကိုရေခဲရယ် ကိုင်းကျိုးနေတဲ့ ရှင့်ချာလီထီးကြီးနဲ့တော့ မလိုက်ခဲ့ပါနဲ့၊ ရှက်စရာကြီး၊ အလှူမှာက လူပေါင်းစုံ အယုတ်၊ အလတ်၊ အမြတ်မရွေးလာကြမှာ အထင်သေးမခံနိုင်ပါဘူး။ မူမူနဲ့သား အရင်သွားမယ်၊ ရှင်တို့ သားအဖ မဆာကြသေးဘူး မဟုတ်လား၊ မူမူတို့ ပြန်လာမှ မူမူ့ထီးယူပြီး အဖေကြီးတို့ သွားကြပေါ့"

"ဟေ... အင်း၊ အေးလေ ဒါဆိုလည်း မူတို့ အရင်သွားစားကြ"

ကိုရေခဲဆိုတာကလည်း မိန်းမများ မကြောက်ဘူးမှတ်လို့လားဆိုတဲ့ အစားထဲက၊ မူမူ စီစဉ်သမျှ အကောင်းချည်း လုပ်လာခဲ့လိုက်တာ အိမ်ထောင်ဦးကတည်းက ခုထိပဲ ဆိုပါတော့။ ဒီတော့ မူမူ့ စကားအတိုင်း မိသားစုလေးယောက် နှစ်သုတ်ခွဲ ထွက်ကြရမယ်ပေါ့။ တစ်နာရီလောက် ကြာချင် ကြာနိုင်မှာဆိုတော့ သားအဖနှစ်ယောက် တီဗီလေး ဖွင့်ကြည့်ရင်း မူမူတို့သားအမိ ပြန်အလာကို စောင့်နေလိုက်တယ်။
 
တကယ်တမ်းကျတော့ တစ်နာရီတောင် မကြာပါဘူး၊ မူမူတို့ သားအမိ ပြန်ရောက်လာကြတယ်။ လက်ထဲမှာလည်း တစ်တောင်နီးပါးရှည်တဲ့ ရွှေငှက်ပျောသီး နှစ်လုံးကို တယုတယကိုင်လို့။

"အမယ်လေး ချမ်းသာတဲ့လူတွေများကျတော့လည်း အချိုစားဖို့ အလှူပြန် ရွှေငှက်ပျောသီး တစ်လုံးစီ ပေးလိုက်သေး၊ ကျွေးလိုက်တာကလည်း တကတည်း အလျှံပါယ်၊ မူမူတို့များ ဘယ်တော့မှ အဲသလို လှူနိုင်မှာပါလိမ့်"

"မူမူရာ ဖြစ်လာမှာပေါ့ကွာ၊ လူဆိုတာ ဒီလိုကြီးပဲ တစ်သက်လုံး မနေပါဘူးကွာ"

"အင်း မလှူလို့ မရှိဆိုပေမဲ့ ရှိကို မရှိတော့လည်း မူမူတို့တော့ လှူဖို့ မစဉ်းစားနိုင်သေးပါဘူး၊ ကဲပါ ရှင်တို့ သားအဖ သွားစားကြတော့၊ ဟဲ့ သားငယ်လေး သားမမကို ထီးပေးလိုက်လေ"

"ဟ မိုးက တိတ်တောင် နေပါပြီကွာ"

"ခု တိတ်ပေမဲ့ တော်နေကြာ ရွာချင် ရွာနေဦးမှာ၊ ယူသွားစမ်းပါ ကိုရေခဲရယ်၊ ပြီးရင် ရှင်တို့ သားအဖ  ရွှေငှက်ပျောသီးတစ်လုံးစီ ယူခဲ့ကြဦးနော်။ မနက်ဖြန် မနက်ကျမှ ဘုရားကို သုံးလုံး၊ အမေ နန်ကရိုင်းမယ်တော်ကို တစ်လုံး ဆက်ရမယ်"

သားငယ်က နှာခေါင်းလေး ရှူံ့လို့၊ မပြောရဲ မပြောသာပေမဲ့ သူ့အမေ အပိုင်စီးထားတဲ့ သူ့ရဲ့ ဝေစု ရွှေငှက်ပျောသီးတစ်လုံးအတွက် မကြေလည်ပုံ ဖအေလုပ်သူကို လှမ်းပြတယ်။ ကိုရေခဲလည်း မူမူ မမြင်အောင် သားငယ်ကို မျက်စေ့တစ်ဘက် လှမ်းမှိတ်ပြလိုက်ရတယ်။ ဒါများ ဖေကြီးတာဝန် ထားလိုက်စမ်းပါ ဆိုတဲ့ သဘော။ 

အင်း...မူမူပြောလည်း ပြောချင်စရာ၊ အလှူက တကယ့်ကို စေတနာပါတဲ့ အလှူ။ ချဉ်ရည်ဟင်း လိုက်တဲ့သူ၊ ထမင်း လိုက်တဲ့သူ၊ ဟင်းဖြည့်ပေးတဲ့သူတွေဆိုတာ လွန်းပြေးနေသလိုပဲ။ ကိုရေခဲရှေ့က လူဝကြီးဆို ထမင်းလေးပန်းကန် ကုန်ပြီ။ ဝက်သားပန်းကန်ကိုလည်း သူ့ဘက်ချည်း ဆွဲဆွဲခပ်နေတော့တာ။ ကိုရေခဲက အပြုံးလေးနဲ့ ကိုယ့်ဘက်ပြန်ဆွဲရင်း ပန်းကန်ထဲ စားနိုင်သလောက် ပုံထည့်ပြီး လူဝကြီးဘက် ပြန် တွန်းပေး လိုက်တယ်။ သမီးက နှစ်ပန်းကန်စားပြီး လက်ဆေးဖို့ ထသွားတယ်။ ကိုရေခဲပန်းကန်ထဲမှာလည်း ထမင်းကုန်ပြီ။ ဗိုက်ကလည်း ဘယ်လိုမှ မဆန့်တော့တဲ့ အနေအထား။ သမီးကြီးက ငှက်ပျောသီးအတွက် တန်းစီနေရာက ဖအေကို လက်ယပ်လှမ်းခေါ်နေပြီ။ ကိုရေခဲ ပန်းကန်ထဲကျန်နေတဲ့ ဝက်သားသုံးထပ်သား အိအိလေးတစ်တုံးကို အစာပိတ်အဖြစ် ကောက်ဝါးရင်း အပြီးသတ်လိုက်တယ်။

ရွှေငှက်ပျောသီးက ကုန်ပြီ။ ကံကောင်းချင်တော့ ကိုရေခဲနဲ့ နောက်ကတစ်ယောက်ပဲ ရွှေငှက်ပျောသီး ရလိုက်တယ်။ နောက်ဆုံးက သုံးယောက် မရလိုက်ဘူး။ အဲဒီ နောက်ဆုံး သုံးယောက်ထဲမှာ လူဝကြီးလည်းပါတယ်။ ဘာရယ်မဟုတ်ပေမဲ့ ကိုရေခဲ ကြိတ်ကျေနပ်သွားတယ်။ ခြင်္သေ့လည်ပြန်ကြည့်ရင်း တိုက်ပွဲ တစ်ရာအောင်နိုင်သူ အပြုံးမျိုးနဲ့ လူဝကြီးကို ပြုံးကြည့် နှုတ်ဆက် ပြန်ခဲ့လိုက်တယ်။
                     
                                                       *****************

အိမ်ရောက်တော့ သမီးကြီးက သူ့အမေလက်ထဲ ရွှေငှက်ပျောသီးနှစ်လုံးကို အောင်မြင်စွာ တာဝန်ကျေအပ်နှံပြီး နောက်ဖေးခန်းလေးထဲ အဝတ်လဲဖို့ ဝင်သွားတယ်။ ဒီတော့မှ တီဗီ ကြည့်နေတဲ့ မူမူ့ဘေးနား အသာလေးဝင်ထိုင်ပြီး မူမူ့လက်မောင်းလေးကို ညှစ်ရင်း ပြောလိုက် တယ်။

"မူမူရာ အမေနန်ကရိုင်းကို ကို တောင်းပန်ပေးပါ့မယ်၊ သားငယ်  ရွှေငှက်ပျောသီး စားချင်နေ တဲ့ဟာ၊ ကလေး ပေး စားလိုက်ပါကွာ။ ကိုယ်တို့ဘာသာလည်း ဝယ်ကျွေးနိုင်တာမှ မဟုတ်တာ"

"ကိုကလေ ကလေးတွေကို ကြပ်ကြပ် အလိုလိုက်"

ပြောရင်းက မျက်လုံးချင်းအဆုံမှာ ပြုံးခဲ့ဖူးတဲ့ မချိပြုံးလေးတစ်ခုကို နှစ်ယောက်လုံး သတိရ သွားကြတယ် ထင်ပါရဲ့။ မူမူ စိတ်ပြောင်းသွားတယ်။

"သားငယ် စားပွဲပေါ်က အုပ်ဆောင်းအောက်မှာ  ရွှေငှက်ပျောသီးတစ်လုံး ယူလိုက်နော်သား၊ ခုစားဖို့ မဟုတ်ဘူးနော် ကြားလား၊ မနက်ဖြန် ကျောင်းယူသွားပြီး စားဖို့"

မအေစကားမှ မဆုံးသေးဘူး၊ ဟေးကနဲ အော်သံနဲ့ သားငယ်က စားပွဲနားရောက်နေပြီ။

"ကိုရေ မူ အပြင်သွားဦးမယ်၊ အရောင်းအဝယ်လေးတစ်ခု ပြောထားတာရှိလို့"

"အေး အေး မိုးမချုပ်စေနဲ့နော် မူ၊ မိုးချုပ်မယ်ဆိုရင် ဖုန်းအိမ်ကို လှမ်းခေါ်ပြောလိုက်၊ ကို လမ်းထိပ်ကို လာကြိုမယ်နော်"

"အင်းပါ ကိုရဲ့၊ သမီးကြီး မေမေ့ကို ထီးလာပေးစမ်း"

"ထီးက ဖေကြီးဆီမှာလေ မေမေရဲ့"

"ဟာ သမီးကို ဖေကြီး ပေးထားတယ်လေ၊ အလှူမှာ ထမင်းစားကြတုန်းက"

"အာ ဖေကြီးက လုပ်ပြီ၊ သမီးလက်သွားဆေးတော့ စားပွဲပေါ်မှာ၊ ဖေကြီးဘေးနားမှာ ထားခဲ့တယ် လို့ ပြောတယ်လေ"

"ဟာ..."
ကျွတ်...ခုမှ ကိုရေခဲ  ခေါင်းတွေ ထူပူသွားတယ်။ 

"ကိုရေခဲ..."

မူမူ့စိတ်ဆိုးသံကြီးထဲမှာ ကိုရေခဲ ခေါင်းတွေ ပူသွားတာမှ မီးပဲ ထတောက်တော့မလို။

"အာ...မူမူ ခဏလေးနော် မူမူ၊ ကို ခုပဲ သွားပြန်ယူပေးမယ်"

"ဟာ လုပ်ပြီကွာ၊ ဒီလောက် လူပေါင်းစုံလာကြတဲ့ဟာ ဘယ်လိုလုပ် ပြန်ရနိုင်ပါ့မလဲလို့"

"အေးပါ၊ အေးပါကွာ ခဏလေး စောင့်နေပါ၊ ကို သွားပြေးရှာကြည့်ပါဦးမယ်"

ခြင်ထောင်ကြိုးတန်းပေါ်မှာ လွှားတင်ထားတဲ့ ရှပ်အင်္ကျီလေး ကမန်းကတန်းစွတ်ရင်း လမ်းမပေါ် ကိုရေခဲ အပြေးတစ်ပိုင်း ထွက်လိုက်တယ်။ စိတ်ထဲကလည်း ဘုရားတရားမလို့ ပြန်တွေ့ပါစေ၊ ဘယ်သူမှ ယူမသွား ပါစေနဲ့၊ တွေ့ရင်လည်း တစ်ယောက်ယောက်က သိမ်းထားပေးပါစေ လို့ ဆုတောင်းရင်းနဲ့ပေါ့။

လူက အလှူမဏ္ဍပ်နားမရောက်ခင် မလှမ်းမကမ်းမှာပေမဲ့ ကိုရေခဲမျက်လုံးတွေကဖြင့်  အလှူမဏ္ဍပ်အထဲကို ရောက်နှင့်နေပြီ။ ကိုရေခဲဖြင့် ဘာမှမပြောရသေးဘဲ ထီးပျောက်တာများ သိနေကြလို့လား မပြောတတ်ဘူး၊ မဏ္ဍပ်ထဲမှာ လူတွေ စုရုံး စုရုံး၊ ကုန်းကုန်းကွကွနဲ့  ဟိုရှာဒီရှာ ရှာဖွေနေကြတဲ့ပုံ။ မဏ္ဍပ်အထဲခြေလှမ်းမိတော့မှ မျက်စေ့မျက်နှာပျက်ပျက်နဲ့ ခုံတလုံးမှာ ထိုင်နေတဲ့ သူဌေးကတော် ခွန်းချိုကြည်ကို သတိထားမိတယ်။ ဘာများဖြစ်လို့ပါလိမ့်။ အနားကလူကို မေးကြည့်မယ်အလုပ် အိမ်ပေါ်ကဆင်းလာပြီး မဏ္ဍပ်ထဲ လှမ်းဝင်လာနေတဲ့ သူဌေးကို တွေ့တာနဲ့ ခဏရပ်ရင်း သူဘာပြောမလဲ နားစွင့်နေမိတယ်။

"ခွန်းချိုရယ် ဒီလောက်လည်း ဝမ်းနည်းမနေပါနဲ့၊ အလှူပေါ် အလှူဆင့်တယ်ပဲ သဘောထားလိုက်၊ လူတွေ အားနာစရာ"

"ကိုကြီးကလည်း ဒီလက်စွပ်က စိန်က ရှေးစိန်တွေ၊ ပြီးတော့ ခွန်းချို ကြိုက်လို့၊ ကိုကြီး အမှတ်တရ ပေးထားတဲ့ဟာ"

"အေးပါကွာ၊ ကိုကြီးသိပါတယ်၊  ကိုကြီး အဲဒီစိန်မျိုးရအောင်ပြန်ရှာဝယ်ပေးမယ်၊ ဟုတ်ပြီလား"

"ဟင့် ဒါပေမဲ့ အဲဒါက အသစ်ပဲဟာ၊ ခွန်းချိုက အရင်စိန်ဟောင်း တလုံးထဲလေးကိုပဲ မက်မောတာ၊ ကိုကြီးမာမားဆီက လက်ဆင့်ကမ်းရတာဆို ကိုကြီးပဲ ပြောပြီး"

"အေးလေ၊ ဒါများ မာမားဆီကလိုချင်လည်း တောင်းပေးမယ်၊ မာမားဆီမှာ ဒါမျိုး အများကြီး ဟုတ်ပြီလား"

ဒီတော့မှ သူဌေးကတော်မျက်နှာ ပြုံးချိုသွားလိုက်ပုံများ။ ပြီးမှ ထိုင်နေရာက ထရပ်၊ သူဌေး လက်မောင်းကို ခပ်နွဲ့နွဲ့လေး မှီတွဲရင်း အိမ်ဘက်ပြန်လျှောက်သွားကြတော့တယ်။ ဪ... သူဌေးကတော် လက်စွပ်ကစိန် စွန်ကုတ်ချောင်လို့ ပြုတ်ကျပြီး ပျောက်သွားတာကိုး။ ဒီတော့မှ ကိုရေခဲလည်း လာရင်းကိစ္စ သတိရသွား တယ်။

"ဒီမှာဗျာ ဟိုနားက ခုံပေါ်မှာ ထီးတစ်ချောင်းများ မတွေ့မိကြဘူးလားဗျာ"

ကိုရေခဲအသံကြားတော့ ခုထိ စိန်ပျောက်မှုကို ကြက်မြေကြီးယက်သလို ထိုးကော်ရှာနေကြတဲ့ လူတွေက ခက်တဲ့လူပဲ၊ ဒီမှာ သိန်းကျော်တန်တဲ့စိန်ကို ရှာနေတာဗျ၊ ခင်ဗျားထီး ဘယ်သူက သတိထားမိမတုန်း ဆိုတဲ့မျက်နှာပေးမျိုးနဲ့ တစ်ချက် မော့ကြည့်ကြတယ်။ ပြီးတော့ သူတို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြတယ်။ ပြီးတော့ ကြက်ယက် ဆက်ယက်ကြပြန်တယ်။  အေးလေ ရေအဆုံး ကုန်းတစ်ဝက်ဆိုတယ် မဟုတ်လား။ တော်သေးရဲ့၊ ကြက်ယက် ယက်နေတဲ့လူတွေထဲမှာ ဟိုလူဝကြီးမပါလို့။ နို့မို့ဆို လူဝကြီးရဲ့ တန်ပြန်အပြုံးဟာ ကိုရေခဲရဲ့ နှလုံးသားကို နင်းချေနိုင်လောက်တယ်။ ကိုရေခဲ သိလိုက်ပါပြီ။ သွားပြီ၊ မူမူ့ထီး ပြန်မရနိုင်တော့ဘူး။

အိမ်အပြန်လမ်းပေါ်မှာတော့ လေးလိုက်တဲ့ ခြေထောက်တွေဆိုတာ ခေါင်းပေါ်တင်ထမ်းပြီး လျှောက်နေရသလိုပဲ။ ခက်တာက မူမူ့ကို ဘယ်လိုပြောရပါ့။

                                                     *******************

အိမ်နားနီးလာနေပြီ၊ ဒါပေမဲ့ မူမူ့ကို ဘယ်လိုနှစ်သိမ့်ရမလဲ စဉ်းစားလို့ မရနိုင်သေးဘူး။ "သူဌေးကတော်လည်း မူ့လိုပဲ ပစ္စည်းပျောက်သွားတာ၊ သူက စိန်တလုံးကျပျောက်သွားလို့တဲ့ဟေ့" လို့ ပျောက်ဖော်ညှိပေးရမလား။ "စနေနံ ထီး ထွက်သွားတာ ကောင်းတယ်သာမှတ်ပါ မူရာ"လို့ အားပေးသလိုလို ပြောရမလား။ "သူများတွေ အလှူကြီးပေးနေတုန်းမှာ ပျောက်တာ၊ မူ့ထီးလည်း လှူလိုက်တယ်လို့သာ သဘောထားလိုက်ပေါ့ကွာ" လို့  ပြောရင်ကောင်းမလား။ စဉ်းစားလိုက်ရတာ ကိုရေခဲနဖူးမှာ ချွေးတောင်စို့တယ်။  ဒါမှမဟုတ် "မင်းထီးကြီးက ဟောင်းနေပါပြီ၊ ကို အဲဒီလို ထီးမျိုးရအောင်ရှာဝယ်ပေးမယ်၊ ဟုတ်ပြီလား" လို့ ဦးဟုတ်ကြည်စတိုင်ဖမ်းပြီး ပြောရင်ကောင်း မလား...

ဟာ...ဒါတော့ မဖြစ်နိုင်ဘူး ထင်တာပဲ။ ဒီထီးက ဝယ်ချင်တိုင်းဝယ်လို့ရတဲ့ ထီးမျိုး မဟုတ်ဘူး။ ကိုရေခဲတို့ လမ်းထိပ်မှာ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်လေး တစ်ဆိုင် ရှိတယ်။ ဆိုင်ပိုင်ရှင်ရဲ့ ခြံတစ်ခြံကို မူမူရောင်းပေးတုန်းက ဈေးကောင်းရလိုက်တာမို့ ကျေးဇူးတင်လွန်းလို့ ပွဲစားခ ပိုက်ဆံအပြင် အဲဒီထီးကိုပါ လက်ဆောင်ပေးခဲ့တာ။ ပြီးတော့ ထီးရဲ့ရာဇဝင်ကို ပြောပြလိုက် သေးတယ်။ တခါက ဂျပန်အမျိုးသမီး တစ်ယောက် ရှေးဟောင်းပစ္စည်းလေးတစ်ခု သူတို့ဆိုင်မှာ လာဝယ်ရင်း ပါလာတဲ့ပိုက်ဆံ မလောက်လို့ "ဒီထီးယူထားလိုက်ပါ၊ ဒီထီးက ဂျပန်တစ်နိုင်ငံလုံးမှာမှ ဂျပန်အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော်နဲ့ သူ့ဆီမှာ ၂ချောင်းပဲ ရှိတာ"လို့ ပြောခဲ့သတဲ့။ ဟုတ်တာ မဟုတ်တာ အသာထား၊ မူမူတို့က လူစုံပြီဟေ့ဆို သူ့ထီးရဲ့ ရာဇဝင်ကို မမောနိုင် မပန်းနိုင် ဂုဏ်လုပ် ပြောဆိုလေ့ရှိတာ။

ခုတော့ ကိုရေခဲအဖြစ်က ရာဇဝတ်အိုးကိုမှ တုတ်နဲ့ ထိုးမိတဲ့အဖြစ်။ အိမ်ရှေ့နားအရောက် ဝါးကပ် ခြံစည်းရိုးလေးကို ကျော်ပြီးကြည့်လိုက်တော့ မူမူရယ် အိမ်ရှေ့ ဖိနပ်ချွတ် လှေကားရင်းမှာ ထိုင်လို့။

"ဘယ်လိုလဲ ကိုရေခဲ မူ့ထီး ပြန်မရခဲ့ဘူး မဟုတ်လား"

ကိုရေခဲကတော့ မုန့်တီသည်မျက်ခွက် ကြက် မကြည့်ဝံ့ ဆိုတာလို မူမူ့ကို မကြည့်ဘဲ ခေါင်းကိုသာ ငုံ့ရက်က တွင်တွင်ခါပြနိုင်တော့တယ်။

"အီး ဟီးဟီး မူ့ထီးလေး ပျောက်ပြီပေါ့ ဟီး ဟီး...ဟင့်" 

မူမူတစ်ယောက် ခါတိုင်းလို ပါးစပ်ပေါက်ပေါက်ဖောက်တော့မယ် ထင်ထားတာ။ ခုတော့ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ကလေးတစ်ယောက်လို ငိုချလိုက်ပုံကြောင့် ကိုရေခဲမှာ အံ့အားကြီးကိုသင့်လို့။ မူမူ့ရဲ့ ထီးကလေးအပေါ် စွဲလန်းနှစ်သက်စိတ်ကို ကိုရေခဲ သိခဲ့ပေမဲ့ အဲဒီလောက် မထင်ထားခဲ့ ဘဲကိုး။ မသကာ သူနားညည်းရုံလောက် မြည်တွန်မယ်၊ စိတ်ကောက်မယ်ပဲ ထင်ခဲ့တာ။

"မငိုပါနဲ့ မူမူရာ ကို ထီးအသစ် ပြန်ဝယ်ပေးမယ်နော်"
"နှစ်လ သုံးလပဲစောင့် ဟုတ်ပြီလား"
"ကို ကျောင်းက စုမဲထုတ်ဖို့ ပေါက်ထားတာလေ၊ အဲဒါ နောက်နှစ်လကျရင် ကို့အလှည့် ပိုက်ဆံရမှာ "

မူမူကဖြင့် အင်းမလုပ်၊ အဲမလုပ် နေရာကတောင် မရွေ့ပါဘူး။ ကလေး နှစ်ယောက်ကလည်း သူတို့အမေ ရာသီဥတုမကောင်းတာသိတော့ အိမ်ပြင်ကို ထွက်မလာကြဘူး။ ဒါနဲ့ ကိုရေခဲမလည်း တတွတ်တွတ် ချော့ရတော့တယ်။ ကိုရေခဲအတွက်တော့ အိမ်ထောင်သက် အနှစ် နှစ်ဆယ်နီးပါး မှာ ဒါ ပထမဆုံးအကြိမ် စိတ်လက်ရှည်ရှည် ချော့ခြင်းပဲ။

"ကဲပါ မူရာ တိတ်ပါတော့ကွာ၊ ငိုနေလည်း ထီးက ပြန်ရမှာမှ မဟုတ်ဘဲ"
"အသစ်ရချင်လို့ အဟောင်း ပျောက်တာပဲကွာ၊ လှူလိုက်တယ် လို့ပဲမှတ်"

"ဘာ!!! ဘာ လှူလိုက်တယ် မှတ်လဲ၊ လှူစရာလား၊ လှူရအောင်လို့ ရှင်က ဘာတွေများ ပိုပိုလျှံလျှံ ရှာ ပေးထားလို့တုန်း၊ သူများတွေ လှူနိုင်တယ် ဆိုတာက ယောက်ျားလုပ်သူက အပြည့်အစုံ ရှာထား ပေးလို့ လှူနိုင်တာ၊ ဘယ်မလဲ ရှင့်ရှာစာဖွေစာ၊ တော်ပြီနော် လာမပြောနဲ့၊ ခုလည်း ဒီအလှူ သွားမစားရင် ဒီလို ဖြစ်မှာမှုတ်ဘူး...၊ တော်  တော် လှူဖို့ ဘာညာ လာပြောမနေနဲ့ မရှိရတဲ့ အထဲ"

ကိုရေခဲလည်း ဘယ်လိုမှ ဆက်မချော့တတ်တော့ဘူး၊ ချော့ဖို့ စကားလုံးတွေလည်း ကုန်ပြီ။ ကိုရေခဲနှယ် ဒေါသဖြစ်နေသူကိုမှ  အလှူမှာပျောက်လာတဲ့ထီးကို သွားလှူခိုင်းမိတယ်။ စကားလုံး အရွေးအချယ်မတတ်တဲ့ ကိုယ့်ပါးစပ်ကိုပဲ ကျိန်ဆဲနေမိတော့တယ်။ မရှိလို့ မလှူနိုင်ပါဘူး ဆိုနေမှ။
အေးလေ ရှိတဲ့လူတွေအတွက် သူဌေးသင်္ဘောမှောက်တာထက် မရှိတဲ့သူတွေ ခွက်ပျောက်တာက ဆိုးတယ် မဟုတ်လား။ မူမူ့ခမျာ ဒီထီးကလေးနဲ့ပဲ လှုပ်ရှားသွားလာနေရရှာတာ။
ခဏကြာတော့ သူ့မိန်းမမူမူ တီဗီကြိုက်တာ ကိုရေခဲ သတိရသွားတယ်။ မူမူလည်း စိတ်ပြေအောင်၊ တိတ်ဆိတ်ငြိမ်သက်နေတာကြီးလည်း သက်ဝင်လှုပ်ရှားလာအောင် တီဗီ ထဖွင့်လိုက်တယ်။ ကိုရေခဲတို့ အိမ်က တီဗီက အိုးလ်မော်ဒယ်၊ နောက်မှာ ဘုလုံးကြီးနဲ့ ၁၄လက်မလေးပါ။ သူတို့ မင်္ဂလာဦးလက်ဖွဲ့အဖြစ် သူငယ်ချင်းတွေ စုပြီးပေးထားတာ။ အရုပ်အသံတွေ မပေါ်လာခင် အရင်ဆုံး ခပ်စိမ်းစိမ်းအရောင်ကြီးက တီဗီမျက်နှာတစ်ပြင်လုံး ပေါ်လာတာ၊ ပြီးမှ တဖြည်းဖြည်း ပီသလာတာရယ်။

"မူရေ တီဗီကြည့်ရအောင် လာ..."

"ကြည့်ပါဘူး"

အသံက နဲနဲ  စိတ်ပြေစပြုလာတဲ့အသံ။

မူမူ့ကို ခေါ်ပြီး တီဗီရှေ့မျက်နှာလှည့်ကြည့်မိတော့ ကိုရေခဲခမျာ ဟိုက်ကနဲ ဖြစ်သွားရင်း မူမူ မမြင်ခင် တီဗီကို ကမန်းကတန်း ထပိတ်လိုက်ရတယ်။
တောက်...ဒီနေ့ကျကာမှ တိုက်တိုက်ဆိုင်ဆိုင် လာနေတဲ့ အစီအစဉ်က "အလှူဒါန ပြုကြသူငါ"တဲ့


Style-Humanity Humour
New Style-စတိုင်သစ် မဂ္ဂဇင်း-Feb-2012


 

Wednesday, May 9, 2012

လိမ္မော်သီးတစ်လုံး၏ နိဂုံး (သို့) ဆရာကိုဆွေ၏ အစ



သူ့စာတွေကို ကျွန်မ များများစားစား မဖတ်ဖူးပါ။ လိမ္မော်သီး တစ်လုံး၊ နေကြာပန်းနှင့် တစ်ချို့ ကဗျာလေးတွေလောက်သာ။ သို့သော် သူ့မျက်လုံးများကိုဖြင့် ကျွန်မ ဖတ်ရှု့ခဲ့ဖူးပါသည်။ ထိုမျက်လုံးများသည် အနုပညာတစ်ခုတည်းနှင့်သာ ဘ၀ကို ဖြတ်သန်းလေ့ရှိသော၊ သေသည်အထိ အနုပညာ တစ်ခုတည်းကို မက်မောစွာ ပွေ့ဖက်သွားသော အနုပညာသည်များ၏ မျက်ဝန်းများ ဖြစ်လေသည်။

ဖြစ်ချင်တော့ ပြီးခဲ့သောလ ဧပြီအတွက် နာမကျန်းသော အနုပညာသည်များအား စောင့်ရှောက်ရေး ဂုဏ်ပြုငွေအတွက် ဆရာကိုဆွေကို ချီးမြှင့်ရန် ကျွန်မတို့ ရသအလင်းမှ လျာထားခဲ့ပြီး ဖြစ်သည်။  ကျွန်မတို့ ရသအလင်းမှ တစ်သက်တာကဗျာဆရာ ၂၀၁၂ အတွက် ဆရာအောင်ချိမ့်အား ရွေးချယ်ကာ ထိုဂုဏ်ပြုပွဲနှင့်အတူ ဆရာကိုဆွေကိုပါ ကျန်းမာရေး စောင့်ရှောက်ငွေ ပေးအပ်ချီးမြှင့်ရန် ပြီးခဲ့သည့် မေလ ၅ ရက်နေ့က စီစဉ်ခဲ့သည်။ သို့သော် ဆရာကိုဆွေ့ ကျန်းမာရေးကြောင့် ရန်ကုန်သို့ ဆင်းမလာနိုင်သောအခါ ကျွန်မတို့ ရသအလင်းအဖွဲ့ ကိုယ်စား ဆရာကိုမိုးဝေးကပဲ ပြည်သို့ သွားရောက်ကာ  လက်ထိလက်ရောက် ချီးမြှင့်ဖို့ ဖြစ်လာသည်။ စီစဉ်ထားသည့်ရက်မှာ မေလ ၁၂ ရက် ဖြစ်သည်။ သို့သော်....မနေ့က မေလ ၈ရက်နေ့ မနက် ၁၀နာရီခွဲတွင် ဆရာကိုဆွေ ဆုံးပါးသွားခဲ့သည်။

ကျွန်မတို့ အားလုံး ရင်ကွဲပက်လက် ဖြစ်ကြရသည်။ ကျန်းမာရေး စောင့်ရှောက်ငွေ အချိန်မီ ပို့မပေးနိုင်ခဲ့လေခြင်းဟု ခံစားကြေကွဲကြရသည်။ သေချာသည်ကတော့ ကျွန်မတို့အားလုံး ရှေ့ဖြစ် ကြိုမမြင်နိုင်ခြင်းပင်။ 



ဆရာကိုဆွေက ကျွန်မတို့ ရသအလင်းအတွက် သူ့လက်ရေးလေးတွေ အမှတ်တရ ထားသွားခဲ့ပါသည်။ ရသအလင်းမှ ဧပြီလအတွက် ကျန်းမာရေးစောင့်ရှောက်ငွေအား ဆရာကိုဆွေကို ချီးမြှင့်မည်ဆိုတာကို သိသွားခဲ့ပါသေးသည်။ ဆရာကိုဆွေဆုံးသွားသော်လည်း ဆရာ့အနုပညာအတွက် ကျွန်မတို့ ထားခဲ့သော စကားအတိုင်း၊ ဆရာကိုဆွေ သိသွားခဲ့သော အသိအတိုင်း ကျွန်မတို့ ရသအလင်းမှ ဂုဏ်ပြုငွေ ပေးအပ်သွားမည်ကို ဆရာကိုဆွေ ရောက်ရာဘ၀မှ သိစေချင်သည်။ ၀မ်းမြောက်စေချင်သည်။ ကြည်နူးပီတိ ဖြစ်စေချင်ပါသည်။

ဆရာကိုဆွေဆုံးပါးသွားရခြင်းအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲ ၀မ်းနည်းရပါသည်။ 
မကျန်းမာသော ခန္ဓာကို ပင်ပမ်းကြီးစွာ ထမ်းပိုးရင်း သေသည်အထိ ၀တ္ထုတိုများကို ရေးသားသွားသော ဆရာကိုဆွေ....၊ မြတ်သောအကျင့်နဲ့ နှစ်ကာလများစွာကို အေးချမ်းစွာ ဖြတ်သန်းခဲ့သော ဆရာကိုဆွေ....

ဆရာ ကောင်းရာသုဂတိလားပါစေ....

 

Monday, May 7, 2012

မှော်ဆရာ


မြေပြင်ညီနဲ့ ကိုးဆယ်ဒီဂရီ တည့်တည့်ထောင်မတ်နေတဲ့
တိုက်နံရံတွေအပေါ် နင်းဂျားတစ်ယောက်လို တွယ်ကပ်တက်ပြ
အပေါ်ကို ပစ်မြှောက်လိုက်တဲ့ ဖဲချပ်တွေထဲက အမှတ်အသားလုပ်ထားတဲ့ တစ်ချပ်ကို
လေထဲမှာ အလွယ်တကူ ဖမ်းဆုတ် ရွေးထုတ်ပြ
ရေကူးကန်ထဲက ရေပြင်ပေါ် ဖိနပ်မပါ ခြေဗလာနဲ့
ကန်တစ်ဖက်အရောက် တစ်လှမ်းချင်း နင်းလျှောက်ပြ
နားထင်တစ်ဖက်ကနေ ထည့်လိုက်တဲ့ ကွိုင်စေ့ တစ်စေ့ကို
နောက်နားထင်တစ်ဖက်ကနေ အသာလေး နှိုက်ထုတ်ပြ
ချည်ခင်တစ်ထွေးကို ရေမကူဘဲ မြိုချပြီး
ပါးစပ်ထဲက၊ ဗိုက်ထဲကနေ တစ်မျှင်ချင်း ဆွဲထုတ်ပြ
တစ်ရှူးစတစ်ရွက်ကို မီးရှို့ပြာချပြီး ဖန်ခွက်ထဲထည့်၊ ရေအပြည့်ဖြည့်
လက်ဝါးနဲ့အုပ် မန်းမှုတ်လိုက်တဲ့အခါ လိမ္မော်ရည်တစ်ခွက် ဖြစ်နိုင်ကြောင်းပြ
ခင်ဗျားလက်ရေးနဲ့ ချရေးထားတဲ့၊ ခင်ဗျားတစ်ယောက်ပဲသိတဲ့ ခင်ဗျားအိတ်ကပ်ထဲက စာတစ်ကြောင်းကို
ခင်ဗျားအိတ်ကပ်အပေါ်မှာ လက်ကလေးတင်လိုက်ရုံနဲ့ အလွတ် ရွတ်ဖတ်ပြ
နှင်းဆီနီလေးတစ်ပွင့်ရဲ့ ပွင့်ဖတ်တွေကို တစ်ဖတ်စီချွေပြီး
လက်ဖ၀ါးပြန်အဖြန့်မှာ ငှက်ကလေးတစ်ကောင်ထပျံသွားနိုင်ကြောင်းပြ
သူက ခင်ဗျားတို့ ကျွန်တော်တို့ လူသာမန်တွေကြားထဲမှာတင် အံ့ရသြရ
ပါးစပ်တွေ ဟောင်းလောင်းဖြစ်သွားရအောင် တစ်ချက်ချင်း တစ်ဆင့်ချင်းပညာစွမ်းပြ
မဖြစ်နိုင်တဲ့ ပြကွက်ဆန်းတွေတောင် ပရိသတ်ရှေ့မှာတင်
လိမ်ပြ 
လှိမ့်ပြ 
လှည့်ပြ 
လည်ပြ 
ဝှက်ပြ 
ဖွက်ပြ
သူ့အတ္တအတွက်လား၊ နာမည်ကြီးဖို့လား၊ ထမင်းစားဖို့အတွက်လား
ဒါမှမဟုတ် ပရိသတ်တွေ စိတ်အဆာပြေဖို့အတွက်လား
အန္တာရာယ်များလှတဲ့ စတန့်တွေကို သူ့အသက်နဲ့ လောင်းကြေးထပ်စိန်ခေါ်ပြ

မည်သို့ပင်ဖြစ်စေ... 
သူဟာ လူသားစင်စစ်တစ်ယောက်ဖြစ်တဲ့အကြောင်း
နှလုံးသားပုံအပ် ရင်ခုန်တတ်ကြောင်း 
ချစ်မြတ်နိုးသူတစ်ယောက်နဲ့ သက်သေပြ