Saturday, May 19, 2012

ကိုကဗျာဆန်နှင့် ကျွန်မ

ကျွန်မက သဘာဝက မိန်းမပေမဲ့ မနုတဲ့သူ၊ မနုတဲ့အပြင် မာဆတ်ဆတ်ဖြစ်နေလို့တောင် မနည်း မိန်းမ ဆန်အောင် နေနေရတာ။ ငယ်ငယ်ကတည်းက တစ်လွှားလွှားနဲ့ ပြေးကန်ခုန်ပေါက်နေခဲ့တာ။ ပြောရရင် အမေမွေးတဲ့ ကလေးတွေထဲ ကျွန်မက အစ်မအကြီးဆုံး၊ အရိုက်အခံရဆုံး။ 

မျက်နှာဆိုလည်း မလူးမခြယ်နဲ့ ပြောင်သလင်း အဆီတပြန်ပြန် နေလာလိုက်တာ စင်္ကာပူမှာ အလုပ်လေး ရတော့မှ ဒင်နာလေးဘာလေး၊ ပွဲလေးလမ်းလေး တက်ဖို့ ကြုံလာတဲ့အခါ နည်းနည်းပါးပါး ပြင်တတ် ဆင်တတ် ရှိလာတာ။ 

ဒီလိုနဲ့ ကျွန်မ အိမ်ထောင်ကျတဲ့အခါ သူများမိန်းကလေးတွေနည်းတူ ကိုယ့်အိမ်ကလူကို ချွှဲချင် နွဲ့ချင် လာတယ်။ သူကတော့ ကျွန်မနဲ့ တစ်သက်တာ ပေါင်းပါ့မယ်၊ ပျော်အောင်ထားပါ့မယ်၊ နေ့တိုင်း ရယ်စရာတွေ တစ်နေ့တစ်မျိုး ပြောပြပါ့မယ်။ ထမင်းလည်း ၀အောင် ကျွေးပါ့ မယ်။ နှစ်ဘက်မိဘတွေ ကိုလည်း သူ့လစာထဲကပဲ ငွေ ပို့ပေးပါ့မယ် ဆိုတဲ့အချက်တွေနဲ့ တစ်သက်စာကွန်ထရက် မိထားတဲ့ လူကိုးရှင့်။ (ကျွန်မကလည်း လိုချင်တဲ့ အချက်တွေ ပါအောင် အပီစာချုပ်ထားရတာပ)

အိမ်ကလူက အကင်းပါးတော့ သိတ်ကြောင်းပေးနေစရာ မလိုဘူး။ ဘာမဆို အလိုက်သိ ရှာပါပေတယ်။ ကျွန်မမွေးနေ့ဆို ကျွန်မလိုချင်တာ ၀ယ်ပေးပြီးသားပဲ။ အဲဒီလို ဖြစ်နေအောင် ကျွန်မ ကလည်း ကိုယ် ဘာလိုချင်တယ်ဆိုတာကို မွေးနေ့နီးလာရင် ကြိုပြီး ဟင့်တ်ပေးထားရသလေ။

အံမယ် မွေးနေ့လက်ဆောင်ပေးပုံကိုက တစ်နှစ်ကို ပေးပုံ တစ်မျိုး။

တစ်နှစ်များ ညဘက် တီဗီကြည့်နေကြတုန်း ည ၁၂နာရီတိတိမှာ ဖုန်းသံကြားလို့ ဖုန်းထားရာ အိပ်ခန်းထဲ သွားအယူ....။ လား  လား ကျွန်မ ခေါင်းအုံးပေါ်မှာ မွေးနေ့ကဒ်နဲ့ လက်ဆောင်ထုတ်။ အပေါ်ဝတ် အင်္ကျီလေးပါ။ ၀တ်ကြည့်လိုက်တော့ ကျွန်မနဲ့ ကွက်တိ။ "တော်လိုက်တာ ငါ့ယောက်ျား" ဆိုတော့ အရောင်းစာရေးမလေးကိုယ်လုံးကို လက်နဲ့ ၀ိုက်ကြည့်ပြီးမှ ဒီကိုယ်လုံးအတိုင်းပဲဆိုပြီး ၀ယ်လာ သတဲ့။ ပေါက်ကရ...။ ကျွန်မက သိသားပဲ၊ သူ နောက်နေတယ် ဆိုတာ။  ကျွန်မပြုံးအောင် ရယ်အောင် တတ်နိုင်တဲ့သူ။ သူက ကျွန်မဖုန်းကို ည ၁၂နာရီတိတိမှာ alarm ပေးပြီး လက်ဆောင်တွေနဲ့ အတူ အခန်းထဲ ထည့်ထား တာလေ။ အဲသလို ကျွန်မ မသိအောင်၊ နည်းနည်းလေးမှ မရိပ်မိအောင် မမျှော်လင့်ထားတဲ့အချိန်မှာ လုပ်တတ်တာ။ တကယ်ဆို ကျွန်မမွေးနေ့က နောက်တစ်နေ့မှလေ။

နောက်တစ်နှစ်ကျတော့ တစ်မျိုး။ သူက ထုံးစံအတိုင်း ကျွန်မထက် စောပြီး ရုံးသွားရတယ်။ ကျွန်မက မနက် ၇နာရီထိုး အိပ်ယာက ထ၊ အိပ်ချင်မပြေသေးဘဲ ရေချိုးခန်း အ၀င်။ မျက်နှာသစ်တဲ့ ဘေစင်ထဲမှာ လက်ဆောင်နဲ့ မွေးနေ့ကဒ် လှလှလေးက ကြို စောင့်လို့။ အဲသလို သူက...။

ဟော နောက်တစ်နှစ်ကျပြန်တော့ ညနေ ရုံးကအပြန် လမ်းကနေ ကျွန်မကို ဖုန်းခေါ်တယ်။  "အိမ်ပြန် လာနေပြီ ရောက်တော့မယ်၊ အိမ်သော့ ရုံးမှာ မေ့ကျန်ခဲ့လို့ အိမ်တံခါး ဖွင့်ပေးထားပါနော်" တဲ့။ ဒါနဲ့ ကျွန်မ အိမ်တံခါးလည်း ဖွင့်လိုက်ရော အိမ်ရှေ့မှာ အထုတ်ကြီးတစ်ထုတ်...။ အထုတ်က ကျွန်မ လိုချင်နေတဲ့ လက်ကိုင်အိတ်တံဆိပ်နဲ့ဆိုတော့ ကျွန်မ ချက်ချင်းပဲ သိလိုက်တယ်။ သူ  လုပ်  လာ  ပြန်  ပြီ  ပေါ့  လေ  အ ဟင်း ဟင်း....။ သူက မလှမ်းမကမ်းက ချောင်းကြည့်နေခဲ့သေးတာ။ မတော်လို့များ တစ်ယောက်ယောက်က အထုတ်ကြီးဆွဲသွားမှ မခက်လား။ ကျွန်မကတော့ လိုချင်တဲ့ အိတ်၊ ပုံစံ၊ အရောင်အသွေး အားလုံး ကျွန်မ စိတ်ကြိုက်မို့ ပျော်နေခဲ့တာ။

နောက်တစ်နှစ်...။ အိပ်ရာပေါ်မှာ မွေးနေ့ကဒ်လေးနဲ့အတူ စာလေးတစ်ရွက်။ စာရွက်ပေါ်မှာ ရေးထား တာက " မွေးနေ့လက်ဆောင်ကို စတိုခန်းထဲ သွားကြည့်ပါ" တဲ့။ စတိုခန်းထဲ သွားကြည့်တော့ နောက် ထပ် စာတစ်ရွက်။ "ဘုရားစင်အောက်က စင်ပေါ်မှာ" တဲ့။ ဒါနဲ့ ဘုရားစင်အောက်က စင်လေးပေါ် ကြည့်မိတော့ ဘူးလေး တစ်ဘူးနဲ့ နောက် စာတစ်ရွက်။ ဘူးလေးက လယ်သာပေါ်လစ်ရှ် ဘူးကလေး၊ လယ်သာအိတ်တွေ သန့်ရှင်းတဲ့အခါ သုံးဖို့။ စာရွက်ထဲမှာ ရေးထားတာက "စိတ်မပျက်ပါနဲ့  ဒါ တကယ့်လက်ဆောင် မဟုတ်သေးပါဘူး အိပ်ခန်းထဲက ဘီရိုထဲမှာ သွားကြည့်ပါ" လို့ ရေးထားပြန်ပါရော။ အဲဒီတော့မှ နောက်ဆုံးအဆင့်ရောက်ပြီး သူပေးချင်တဲ့ အိတ်ကို တွေ့ရတော့တာ။ အိတ်က လယ်သာအရောင်ရော၊ ပုံစံရော ကျွန်မအကြိုက်။ ဟင့်တ်ပေးတဲ့သူ တော်ချက်ကတော့....ကွက်တိ။

အဲသလိုနဲ့ သူပေးခဲ့တဲ့ အမှတ်တရတွေ အများကြီးပေါ့ရှင်။ တကယ်က သူက ကျွန်မထက် ပိုဖန်တီးနေတတ်တာ။ ကျွန်မကတော့ သူ့ကို လက်ဆောင်ပေးချင်ရင် ရော့အင့်ဆိုပြီး ပေးလိုက်တာပဲ။ သူ့မွေးနေ့ မေ့နေတဲ့နှစ်တောင် ရှိသေး။

အဲ...စာတွေ၊ ကဗျာတွေ ခံစားတတ်တာကျတော့ ကျွန်မက ပိုတယ်ဆိုတာ ပြောဖို့ မလိုတော့ဘူး ထင်ပါ ရဲ့နော်။ ကျွန်မက ဘာပဲ ရေးပြီးပြီး သူအနားမှာ ရှိနေရင် သူ့ကို အရင်ပေးဖတ်တတ်တယ်။ တစ်ချို့စာတွေကိုတော့ သူ ကြိုက်ပုံရပါတယ်။ ကျွန်မ ကဗျာရေးတဲ့ အခါတွေမှာသာ အဆုံးထိဖတ်ပြီးတိုင်း မအီမလည်နဲ့။ သူက ကဗျာတွေကို မခံစားတတ်တဲ့သူရှင့်။

ဘာပဲပြောပြော အနားမှာ အမာခံ ပရိသတ်ကြီးတစ်ယောက်လုံး ရှိနေတာ အားရှိလွန်းရပါတယ်။ ကျွန်မဘာရေးရေး ဖတ်ပေးရှာသူ။

ဒီနေ့တော့ သူနဲ့ကျွန်မ အတူရှိနေတုန်း ကျွန်မက မျိုးကြီးရဲ့ "တစ်စိမ်းတစ်ယောက်" သီချင်းလေး ညည်းမိတယ်။ သူ့မျက်နှာကို ကြည့်ငေးရင်းပေါ့။

♩ ♬ ♭ သေသည့်တိုင် ဒီဘ၀ထဲ ကိုယ် မင်းကို အချစ်ဆုံးပဲ ♩ ♬

တစ်ကယ်တော့ ကျွန်မ ကဗျာဆန်လိုက်တာပါ။  သူက ကျွန်မမျက်နှာကြည့်ပြီး ချက်ချင်းပဲ ပြန်ဆိုတယ်။

♩ ♬   တစ်စိမ်း တစ်ယောက်ပါ ♩ ♬ 


သေရောကွာ....


 

19 comments:

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ဟုတ်တယ် ကျွန်တော်လည်း အဲလိုပဲထင်တား)
အစ်ကိုက ကဗျာဆန်မှာ အစ်မက ကဗျာမဆန်ဖူးး)
နောက်ပြီးတော့ ဟိဟိ အားကျထှာာာ
လိုက်ဖက်တဲ့မောင်နှံပါပဲး)း)

မိစံ said...

ဂုစာလေးလည်း..ပေးဖတ်ဦးမယ်ထင်ပါ့း)
တကယ့်ကိုလိုက်ဖက်တဲ့ဘ၀ပါ
အားကျသဗျား))

mstint said...

တစ်သက်စာ ကွန်ထရိုက်အတိုင်း တာဝန်ကျေမယ်ဆိုတာ မပြောပဲ သိနေတယ် မချစ်ရေး) အပြောအဆို ကဗျာမဆန်တတ်တဲ့ မချစ်ရဲ့ အရေးအသားလေးတွေကတော့ ဖတ်ရတာ ကဗျာဆန်တယ်း) အားပေးလျှက်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

NSA said...

အဟိ.. အစ်မချစ်မျက်နှာ ပြုံးနေမှာပဲ.....
ပျော်စရာကြီးးးး

တမာတောမြေ said...

မွေးနေ့လက်ဆောင်ပေးဖို့ မေ့သွားပြီ။ အခုမှ သတိရတော့တယ်။ဘွ ပဲ။နောက်နှစ်မမေ့အောင်နေရမယ်။

အတွေးကမ္ဘာ..မှတ်တမ်း said...

အဟဲ နည်းလမ်းတွေ မှတ်သားသွားပါကြောင်း..း)))

tin min htet said...

မွေးနေ့လက်ဆောင်ကို ဘယ်လို ကဗျာဆန်ဆန်ပေးရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိရပါပြီ။ ကဗျာလည်း ဆန်လှချည်ရဲ့။ ဒါပေမယ့် အဲဒီထက် တဆင့်မြင့်တဲ့ ဘယ်လို ဟင့်တ်ပေးရတယ် ဆိုတာကိုတော့ ရှင်းပြမသွားဘူး။ နောင်လာနောက်သားများ မှတ်သားရအောင် နောက်ထပ် ပို့စ်တခုနဲ့ ရှင်းပြပေးစေလိုပါတယ်။

rose of sharon said...

သူစိမ်းနှစ်ယောက်ပေါင်းစည်းထားတဲ့ ချစ်စရာဘဝလေး :)

တီချမ်း said...

အော် ......

သူများကို အားကျပြီး ခုတေ့ ဒါမျိုးတွေ ရေးနေပြီပေါ့လေ

ပျိုးယုဝသုန် said...

ဖတ်ရင်နဲ့ ပြုံးမိရတယ်... ချစ်စရာကောင်းတဲ့ စုံတွဲပုံလေး မြင်ယောက်မိတယ်

အဖြူရောင်နတ်သမီး said...

ဒါ.. ဖြတ်ရိုက်ခံလိုက်ရတာ..

(((((ကတောက်)))))

မခံနဲ့မချစ်...

နောက်တစ်ပုဒ်ထပ်ဆို...

ဟိဟိ..

Shinlay said...

ကိုယ်လိုချင်တဲ့ လက်ဆောင်တွေကို စိတ်လှုတ်ရှားစရာကောင်းအောင် ပေးတတ်တဲ့ သူနဲ့ ဆို ပျော်စရာနော်။

မြသွေးနီ said...

အစ်မချစ် သက်တော်ရာကျော်ရှည်မှာ သေချာတယ်။ ကိုပန်းသီးက တကယ့်ကို ဟာသဇ၀နဥာဏ်ရွှင်တယ်။ တစ်နေ့တစ်နေ့ ရယ်နေရမှာ သေချာတယ်။ ကဗျာမဆန် ဘာမဆန်ဆိုပေမယ့် အဲ့ဒီစတိုင်ကိုပဲ ချစ်နေရတာမဟုတ်လား..။ အခုပဲကြည့်.. ပို့စ်တစ်ပုဒ်ရသွားပြီ..။ ဒီပို့စ်နဲ့ ကွန်မန့်တွေ ဖတ်ပြီး ကိုပန်းသီးပြုံးနေရင် ဒါလည်း ကဗျာတစ်ပုဒ်ပဲပေါ့ အစ်မရေ..။

Nyi Linn Thit said...

ချစ်စရာကောင်းတဲ့ နေ့စဉ်ဘဝလေးတွေက ကြည်နူးစရာ...၊း) တစ်ယောက် တမျိုးစီ ကဗျာဆန်ကြတဲ့ နည်းတွေနဲ့ တကယ်ပဲ လိုက်ဖက်တဲ့ မောင်နှံဆိုတာ ဒီစာစုလေးက အသေအချာကို ပြောပြနေခဲ့တယ်...။

mabaydar said...

မချစ်ကြည်အေးရေ... ကွန်ထရက်ထဲက "နှစ်ဘက်မိဘတွေ ကိုလည်း သူ့လစာထဲကပဲ ငွေ ပို့ပေးပါ့မယ်" အဲဒိအချက်ကို သဘောတူလိုက်နာတယ်ဆိုတော့ ဒီလူက First class husband ပဲ... လက်ဆောင်လေးတွေကို အဲလို အိုင်ဒီယာနဲ့ပေးရတာခက်တဲ့အပြင် မွေးနေ့ရှင်မသိအောင် ပြင်ဆင်ရတာလဲ ခက်တယ်... ဒါ သူတော်တော် အားစိုက်ထုတ်ခဲ့လို့... နောက်ဆုံးစာကြောင်း အပိတ်ကိုဖတ်တော့ ရီလိုက်ရတယ်ရှင်...

မိုးငွေ့........ said...

မောင်ဘကြိုင်အားကျမနေနဲ့ လူပျိုကြီးဘ၀ကကျွတ်အောင်လုပ်..ဒါပဲ..။ သီချင်းလေးတအေးအေးနဲ့ မျက်စိထဲ ဟောလိဝုဒ်ကရိုက်တဲ့ သံစုံတီးဝိုင်းအမျိုးအစားရုပ်ရှင်ကိုပြေးမြင်မိတယ်..။ တစ်ယောက်ကိုတစ်ယောက်သီချင်းနဲ့စကားပြောကြတာလေ..း))

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည်နူးအားကျစိတ်တွေနဲ့ ဖတ်လာလိုက်တာ
အောင်ဆုံးလည်း ရောက်ရော သူစိမ်းတစ်ယောက်ပါဆိုတော့
ခိခိ မအီမလည်ကြီးဖြစ်သွားတယ် အစ်မချစ်ရာ :P
တကယ်ကို ပျော်စရာ ကောင်းတဲ့ စုံတွဲလေးပါဘဲ။ မန္တလေးမှာ တွေ့လိုက်ကတည်းက တကယ်ကို ပျော်စရာကောင်းတဲ့ အစ်မတို့ အိမ်ထောင်ရေးကို သတိထားလိုက်မိပြီးသားပါ။ ဒီလိုလိုက်ဖက်တဲ့ အတွဲလေးတွေမြင်တော့လည်း အားကျတယ်အစ်မရေ..
ဒါပေမဲ့ ညီမတွေ အားကျအောင်တော့ သိပ်မရေးပါနဲ့.. :P:P

မောင်မျိုး said...

လူငယ်တွေတောင် လိုက်လုပ်ဖို့ မလွယ်တဲ့ နည်းတွေပဲ ကိုယ်ဆို အီသွားမလားမသိး)) ကြည်နူးစရာလေး ကိုးရီးယား ဇတ်လမ်းထဲကလိုလို ဘာလိုလို နဲ့ ။

orchidgirl222@gmail.com said...

မကြီးချစ် က ကံကောင်းတာပေါ့..။ ကိုကဗျာဆန်နဲ့ တွေ့ တာလေ..နော...။ အခုမှ ဖက်ရတော့ အခုမှ မန့် ရတာပေါ့..လေ နော...။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်