Wednesday, June 30, 2010

အထက်လူ-၃

ကျမရဲ့ ဒုတိယ အလုပ်က Procter and Gamble မှာပါ။ P&G လို့ လူသိများတဲ့ American Multinational Corporation MNC ကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။ သူ့ရဲ့ ထုတ်ကုန် / ဖြန့်ဖြူးကုန်တွေကတော့ အများကြီးမှ အများကြီး ပါပဲ။ အမျိုးသားတိုင်းလိုလို သိကြတဲ့ Gillette-Shaver တို့၊ အမျိုးသမီးသုံး Olay၊ Pantene တို့ ၊ Wella၊ Vicks၊ Duracell ၊ Baby care၊ Beauty care ၊ Skin care တကယ်ကို အများကြီးပါ။

ကုမ္ပဏီက ကြီးတော့ ကျမတို့ AR-Account Receivable ရရန်ရှိစာရင်း တဌာနမှာကိုပဲ Region အလိုက် ခွဲထားတာ၊ ကျမက ANZ လို့ခေါ်တဲ့ ဩစတေးလျ နဲ့ နယူးဇီလန် Section မှာပါ။ ကျန်တဲ့ ရီဂျင်တွေက တရုတ်၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နာမ်၊ အိန္ဒိယ တို့ပါ။ အင်တာဗျူးဝင်တော့ ဘယ်အချိန် ယူမလဲ မေးပါတယ်။ ကပ်စတမ်မာတွေဆီက ပိုက်ဆံ တောင်းတဲ့ အလုပ်က အော်ဇီအချိန်နဲ့ တိုက်ပြီး ဝင်ရတာမို့ မနက် ၆ခွဲက ညနေ ၃ခွဲ အထိပါ။ အိပ်ရာ စောစောထရမှာ ပျင်းတဲ့ ကျမက ၈ခွဲက ၅ခွဲ အချိန်ပဲ ယူလိုက်တော့ ဒီတခါ အကြွေးတောင်းရတဲ့ အလုပ် မဟုတ်ပဲ Customer's Claims တွေ handle လုပ်ရတဲ့အပိုင်း ဖြစ်သွားပါတယ်။

အတွေ့အကြုံအသစ်မို့ အလုပ်ဝင်စမှာ အင်မတန်ပျော်ပါတယ်။ ရောင်းပြီးပစ္စည်းတွေ အချိန်တခုအတွင်း ပြန်လဲပေးတဲ့ ပေါ်လစီ လည်းရှိတော့ ပြန်ပို့ပစ္စည်းတွေ၊ ဝရန်တီ မပြည့်ခင် လဲပေးရတာတွေ၊ လိုအပ်ရင် Proper function မဖြစ်တဲ့ ပစ္စည်းတွေ အတွက် ပြန်အမ်းရတာတွေ အဲဒါမျိုးတွေပါ။ T & C တွေ တော့ ရှိတာပေါ့လေ...။ တော်တော် ဦးနှောက်စားတဲ့ ဌာနမှာပါ။ Credit Note တွေထုတ်ပေးပြီး ပြန်အမ်းရတာမျိုးလည်း ရှိပါတယ်။

ကျမတို့ ဌာနမှာကိုပဲ အုပ်စု ၅စု ခွဲထားပြီး မန်နေဂျာ တယောက်က ကြည့်ကြပ်ပါတယ်။ ကျမတို့ရဲ့ မန်နေဂျာ အမျိုးသား နာမည်က Steve ပါ။ ကျမထက် ၇နှစ်ကြီးများတောင် ငယ်သူပါ။ ဒါပေမဲ့ လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင် နားလည်သလို၊ စာရင်းဘက်မှာလည်း နားလည်၊ Database မှာလည်း ပိုင်နိုင်သူမို့ ငယ်ပေမဲ့ တကယ့် လူတော် တယောက်ပါ။

သူ့ရဲ့ အားနည်းချက်က အနီးကပ်မှ ဖုတ်ပူမီးတိုက် အလုပ် ခိုင်းတတ်တာပါ။ တပတ်လောက် ကျမ မနက် ၄ခွဲ ရုံးအရောက် ဆင်းလိုက်ရပါတယ်။ သူနဲ့ အတူ သူမပြီးပြတ်သေးတဲ့ ကပ်စတမ်မာ Claims စာရင်းတွေ ကူပိတ်ပေးရတာပါ။ မနက် အစောကြီး ထရတာမို့ စိတ်ထဲက သူ့ကို အတော်လေး ကျိန်ဆဲနေမိပေမဲ့ အလုပ်ကိုတော့ စေတနာထားပြီး ကူလုပ်ပေးခဲ့ပါတယ်။ သူက လူတိုင်းကို တဦးချင်းစီရဲ့ အလုပ်ဟာ ဘယ်လောက် အရေးပါကြောင်း ပြောလေ့ရှိပါတယ်။ ကျမက အဲဒါကို စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးပြီးသားမို့ ကြိတ်ရယ်မိရပါတယ်။ How to manage your staffs ထင်ပါရဲ့ ရေးသူရော၊ နာမည်ရော မမှတ်မိတော့တာ ကျမအားနည်းချက်ပါ။

ကျမတို့ ဌာနမှာက အမျိုးသမီးတွေပဲ ဆိုတော့ စုမိရင် သူ့အတင်း ပြောကြပါတယ်။ ပျာတိပျာယာနဲ့ အမြဲ ရှပ်ပြာခတ်နေတာ၊ တခုခုဆို ချက်ချင်း အရေးတယူ မလုပ်ပဲ အိလေးဆွဲ နေတတ်တာ၊ တခါတလေ သူအပြင်သွားလို့ မုန့်တွေ ဈေးချနေရင် ကျမတို့အတွက် ဝယ်လာလေ့ရှိပေမဲ့ "ဟင်း ကပ်စေးနဲကြီး ဒိတ်အောက်ခါနီးမုန့်တွေ ဈေးပေါလို့ ဝယ်လာတာ" လို့ ဆီလို အပေါက်ရှာပြီး အတင်းပြောလေ့ရှိပါတယ်။ အမှန်ကတော့ အထက်လူဆိုတဲ့ စိတ်နဲ့ သူ့အပေါ် ချဉ်နေမိကြတာပါ။

ဒီလိုနဲ့ တနှစ်တခါ လုပ်လေ့ရှိတဲ့ နှစ်ပတ်လည် ညစာစားပွဲလေးလုပ်ဖို့အချိန် ရောက်လာပါတော့တယ်။ အဲဒီမှာ ဌာနတခုစီက Performance တခုစီနဲ့ ပါဝင်ယှဉ်ပြိုင်ကြရမယ် အကောင်းဆုံး အဖွဲ့ ၃ ဖွဲ့ကို ဆုပေးမယ် ဆိုပါတယ်။ ကျမတို့ ဌာနက မိန်းကလေးတယောက်က သူ့စိတ်ကူးလေးကို ပြောပြပါတယ်။ Angels နဲ့ Devils ရန်စောင် အဖွဲ့ကွဲနေရာက တရားဓမ္မသံကြောင့် ငြိမ်းချမ်းရေးရသွားတဲ့ အော်ပရာလို တေးသရုပ်ဖော် ဇာတ်လမ်းလေးပါ။ အားလုံးက သဘောတူ တာကြောင့် ဘယ်သူတွေ အိန်ဂျယ်၊ ဘယ်သူတွေ ဒီးဗဲလ် လုပ်မလဲ ရွေးကြပါတယ်။ ဒီးဗဲလ်က အနက်ရောင်၊ အိန်ဂျယ်က အဖြူရောင် ဝတ်ကြရမှာပါ။ မိန်းကလေးတွေ အများစုက ဖြူလွလွလေး ဝတ်ပြီး နှင်တံလေး ကိုင်ချင်ကြတာပါ။ ကျမကတော့ ကိုယ့်ဖာသာပဲ လိုလိုချင်ချင် ဒီဗဲလ် လုပ်မယ်လို့ပဲ ရွေးလိုက်ပါတယ်။ အထူးတလည် သဏ္ဍာန်လုပ် သရုပ်တူနေစရာ မလိုတော့ပေဘူးပေါ့...:P

အဲဒီမှာ ကျမတို့ အချစ်တော် မန်နေဂျာကြီးက ဒီဗဲလ်တို့ရဲ့ ခေါင်းဆောင် ဒရက်ကူလာ နေရာမှာ သူလုပ်မယ် လို့ ဆိုလာပါတယ်။ ဘာပြောကောင်းမလဲ ကျမတို့ အမျိုးသမီးထုကြီး နှစ်ထောင်းအားရ ဖြစ်လိုက်ပုံများ...။ ဇာတ်ရုပ်နဲ့ တထပ်တည်း ကျလိုက်လေ ဆိုပြီးတော့ ကွယ်ရာမှာ တဟိဟိ လုပ်ကြပါသေးတယ်။

ကျန်တဲ့ အဖွဲ့တွေက ဇာတ်စတိုက်နေကြပါပြီ။ ကျမတို့အဖွဲ့က လုံးဝ မလှူပ်သေးပါဘူး။ တဖွဲ့နဲ့ တဖွဲ့ ဘာလုပ်ပြမယ် ဆိုတာကို လည်း လျို့ဝှက်ထားကြသေးတာပါ။ မတိုင်ခင်တရက်မှ ကျမတို့ ဇာတ်တိုက်ပါတယ်။ ကပေါက်တိ ကပေါက်ချာပါပဲ။ ပထမဆုကို ကိုရီးယား၊ ဒုတိယဆုကို တရုတ် နဲ့ တတိယဆု ကို အိန္ဒိယ နဲ့ ဂျပန် (ထင်ပါရဲ့) ပူးတွဲ ရသွားကြပါတယ်။ ကျမတို့အုပ်စုက အပျော်တွေပဲ ရလိုက်ပါတယ်။ အထက်လူ အကြောင်းကနေ ရုံး ညစာစားပွဲ အကြောင်း ချော်တောငေါ့ သွားပါတယ်...:P

တနေ့ကမှ ကျမရဲ့ P&G က Ex-colleague တယောက်နဲ့ အွန်လိုင်းမှာ တွေ့တာနဲ့ အဲဒီတုန်းက ဓါတ်ပုံလေး တပုံ သူပို့ပေးလို့ အမှတ်တရ တင်လိုက်ပါတယ်။


ကျမတို့ ဒီးဗဲလ်အုပ်စု နဲ့ ကျမမန်နေဂျာပါ။ သူ့မျက်နှာက သွေးစတွေဖျက်ပြီး သွားစွယ်အတု ချွတ်ထားတာမို့ ဒရက်ကူလာက အနဲငယ် ချောနေတယ် ထင်ရတာပါ...:P
ကျမတို့ ဒီးဗဲလ်တအုပ်စုလုံးရဲ့ မျက်နှာမှာ အသဲပုံ အနက်ရောင်နဲ့ လက်ဖျံမှာ လိပ်ပြာပုံတက်တူးတွေ ဆင်တူထိုးထားကြ ပါသေးတယ်။ တကယ့် အမှတ်တရလေးပါပဲ...:))

သူနဲ့ အလုပ်လုပ်ရင်း သူ ကျမကို ဘယ်လို ကယ်တင်လိုက်တဲ့ အတွေ့အကြုံလေးတခုကို နောက်ပို့စ်မှာ ရေးပါအုံးမယ်။

ကိုရီးယားကား ရှည်တယ်ဆိုတာ ဘာဟုတ်သေးလို့တုန်း...:P


Sunday, June 27, 2010

ဂရိတ်စင်္ကာပူဆေးလ် နှင့် တနေ့သော စနေ


စင်္ကာပူမှာကတော့ တနှစ်ပတ်လုံး ဈေးချရောင်းနေတဲ့ ဆိုင်တွေ ဟိုမှာ ဒီမှာ အမြဲ တွေ့နေရ ပါတယ်။ ဒါပေမဲ့ GSS လို့ခေါ်တဲ့ Great Singapore Sale ကာလကို ရောက်ပြီဆိုရင်တော့ ပုံမှန်ထက် ဈေးပိုချတယ်လို့ ယုံကြည်ရပါတယ်။ GSS ကို STB-Singapore Tourism Board က ၁၉၉၄ ခုနှစ်ကမှစပြီး စတင်လိုက်တာပါ။ နှစ်စဉ် နှစ်တနှစ်ရဲ့ အလယ်လောက်မှာ စတင်လေ့ ရှိပြီး တလကျော် နှစ်လ နီးပါးကြာမြင့်ပါတယ်။ ဒီနှစ်တော့ မေလ ၂၈ ရက်နေ့က စပြီး ဂျူလိုင် ၂၅ရက်ထိ ကြာမြင့် ပါမယ်။

စလုံးနိုင်ငံသားတွေ ကိုယ်တိုင်က ဒီလိုကာလကို စောင့်ပြီး ဈေးဝယ်လေ့ရှိပါတယ်။ လိုချင်တဲ့ ပစ္စည်းလေးများရှိရင် ဈေးကြည့်ထား ပြီး ဒီလိုအချိန်ရောက်မှ ဈေးချမချ ကြည့်ပြီး ပြေးဝယ်လေ့ ရှိကြပါတယ်။ တကယ်ဈေးချရင်တော့ တကယ်ပဲ လူတိုးနေတာပါ။ အာကလန် ပါကလန် လောက် ချလို့ကတော့ အဲဒီဆိုင် လူမရှိမှာ သေချာပါတယ်။

ဒါနဲ့ မနေ့ညနေက ကျမတို့ ဈေးဝယ် ထွက်ခဲ့ကြပါတယ်။ ကျမတို့နှစ်ယောက်ရဲ့ ထုံးစံက အဲလို ဈေးဝယ်ထွက်ရင် တယောက်နဲ့ တယောက် ဝယ်ပေးလေ့ ရှိကြပါတယ်။ သူကြိုက်တာ လိုချင် တာ ရွေးတဲ့အခါ ကျမက ပိုက်ဆံရှင်းရပြီး ကျမ လိုချင်တာ ဝယ်တဲ့ အခါမတော့ သူထုတ်ပေးရ တာမျိုးပါ။

သူကြိုက်တယ်ဆိုတဲ့ အင်္ကျီ လိုင်းစင်း စိတ်စိတ်လေးတွေ အရောင်ကွဲ ၃ထည်(မီးခိုး၊ ဆင်စွယ်ရောင် နဲ့ အညို)ကျမ ဝယ်ပေး လိုက်ပါတယ်။ မူရင်းဈေး တထည် S$၃၅ကို အခု တထည် S$၂၅နဲ့ ဈေးချထားတာပါ။ အင်္ကျီအသား အရမ်းကောင်းပါတယ်။


သူကြိုက်တဲ့ ဖိနပ်ပါ။ အသစ်ရောက်တဲ့ ဒီဇိုင်းမို့ မူရင်းဈေး S$၁၁၉ကို ၁၀%ပဲ ချပါတယ်။


ကျမရဲ့ ရွေးချယ်မှု ဖိနပ်နဲ့ ခြေအိတ်၊ ဖိနပ်က မူရင်းဈေး S$၉၉ နဲ့ ခြေအိတ်က တစုံကို S$၉.၉၀ ကို ၁၀% ပဲချထားတာပါ။
၉ နဝင်းကျေ ယတြာချေနေသလိုပါပဲ...:)



ဈေးပတ်ပြီး ဗိုက်ဆာလာတော့ ဘာစားကြမလဲ စဉ်းစားကြရင်း ဆိုင်တွေ လျှောက်ကြည့်ရာက ဒီဆိုင်ရှေ့ ရောက်သွားတာ.... တရုတ်စာ...စားကြည့်ကြတာပေါ့လေ...ညစာကိုတော့ သူပဲ ဝယ်ကျွေးပါတယ်...:)



စားကောင်းမယ် ထင်တာလေးတွေ ရွေးမှာပါတယ်....ဟင်းပွဲစောင့်ရင်း ဟိုဟိုဒီဒီကြည့် ရသလောက် ဓါတ်ပုံရိုက်ပေါ့...

အလုပ်များနေတဲ့ စားဖိုမှူးတွေနဲ့ သူတို့ရဲ့ မီးဖိုချောင်...


ချစ်စရာ ဆိုင်အပြင်အဆင်လေး....ဝါးပင်တန်းလေးတွေက စိတ်ကို ကြည်လင်စေသလို မျက်စေ့လည်းအေးစေတယ်...


ခရက်ကာ...အဲဒါကတော့ ကျမတို့ မြန်မာ ငါးမုန့်ကြော်ကို မမီဘူး


ဒါက ပုဇွန်ကို ပဲလိတ် နဲ့ ငုံပြီး ကြော်ထားတာ Prawns Bean curd (Dry Tofu) Roll တဲ့


ဒါက အမဲသား အပြားကြော်...နူးနေပြီး စားရတာနူးညံ့၊ အရသာလည်းကောင်း...တပွဲကို Portion တော်တော် များပါတယ်....


ပုဇွန်-Hand made ခေါက်ဆွဲပါ...အရသာလေးက ချိုချိုပေါ့ပေါ့လေးနဲ့ တကယ် စားကောင်း ပါတယ်...


ဟင်းပွဲ စုံပါပြီ...စစားကြပါစို့....


အချိုပွဲက သရက်သီး ကောက်ညှင်းလိတ်....


ဒီဆိုင်က Tung Lok Group အောက်မှာ ရှိတဲ့ဆိုင်မို့ အရသာကတော့ ကျမ အထူးအထွေ မညွှန်းလို တော့ပါဘူးနော်

အဲဒီမှာ ပီကင်းဘဲကင် တကောင်ကို စလုံး ၄၈ ဒေါ်လာပါ၊ ပန်ကိတ်လေးနဲ့ ဘဲကင်အရေပြားနဲ့ လိတ်ပြီးစားမယ်ဆို နောက်ထပ် ၅ ဒေါ်လာ ထပ်ဆောင်းပေးရပါမယ်။ ဆားဗစ်ချာ့ခ်ျ ၁၀% ယူပါတယ်။ GST ၇% နဲ့ ထပ်ပေါင်းမှ ကျမတို့ စားခဲ့တာ ၄၂ ဒေါ်လာ ကျော်ကျော်ပဲ ကျပါတယ်။ ဟင်းအမယ်လည်း မများတာမို့ ဖြစ်ပါလိမ့်မယ်။ ကျမ သဘောကျတာက ဝန်ထမ်းတွေရဲ့ ဖော်ရွေ ချိုသာမှုကိုပါ။ နောက်တခါ လူများများနဲ့ တခေါက် ထပ်သွား စားချင်ပါသေးတယ်...:)

နှစ်ယောက်စာကို ဘတ်ဂျက် S$၅၀ အောက် တွက်ထားသူများ သွားစားကြဖို့ကိုလည်း တိုက်တွန်း ချင်ပါတယ်...



တိတ်တိတ်လေး ကြွား...အဲ ထပ်ပြောပြအုံးမယ်။ ကျမ ပူဆာလွန်းလို့ ထရက်မေးလ် ခေါ်တဲ့ လမ်းလျှောက်စက်ကြီး သူ ဝယ် ပေးသေးတယ်။ အဲဒါကြီးက မူရင်းဈေး S$၁၂၀၀ကျော်ကို S$၉၈၀ နဲ့ ချထားတာ။ အင်္ဂါနေ့မှ အိမ်လာပို့မှာမို့ ဓါတ်ပုံ ရိုက်မပြနိုင် တာ ခွင့်လွှတ်။ အံမယ် သူက အဲဒါကြီး ဝယ်ပေးခါနီး လူကို မယုံသလိုလိုနဲ့ တကယ်လုပ်မှာနော် တကယ်လုပ်မှာနော်နဲ့ အတန်တန် မေးသေးတာ။ ယခင် အတွေ့အကြုံတွေကလည်း သူ့မှာ ရှိသကိုး။ ဒါနဲ့ ကျမလည်း အရင်လုပ်ပုံအတိုင်း အင်းပါ တကယ် တကယ်နဲ့ ခေါင်းညိတ်ပြရသေးတယ်။ မကြာခင် ကမ္ဘာ့ ဈေးအကြီးဆုံး အဝတ်လှမ်းစင်ဖြစ်သွားမှာ သူက ကြိုမြင်နေ သတဲ့။ အံ့ရော...။

တယောက် နဲ့ တယောက် ချစ်ချစ်ခင်ခင်ပေါ့ အဲသလို တယောက်လိုချင်တာ တယောက်က ဝယ်ပေးလို့ ဆိုတော့ စိတ်ချမ်းသာ စရာ မကောင်းပေဘူးလား။ အဲဒီနေ့က ဝယ်ခဲ့သမျှ စာရင်း ပြန်ချုပ်တော့ သူဝယ်ပေးတာက နဲနဲလေး ပိုများနေလို့ အားနာရ သေး။ တကယ်ဆို ကျမက မျှတမှုကို မြတ်နိုးတယ်။ တဖက်စောင်းနင်း မတရားမှုကို မုန်းတီးတယ်။ တကယ်ကို အားနာ တယ်...:P

ဟိုးအရင်က ဖတ်ဖူးခဲ့တဲ့ တကွက် ကာတွန်းလေးတပုဒ် (ဆွဲသူ မမှတ်မိ) ပြောပြအုံးမယ်။ မိန်းမလုပ်သူက သူ့ယောင်္ကျားကို စကားပြောနေဟန် ရေးဆွဲ ထားတာ။ မိန်းမလုပ်သူ ပြောတယ်...

"အို ခင်က ဘာမဆို မျှမျှတတပဲ ကြည့် အခု ခင့်အတွက် ဇာဝမ်းဆက် တစုံဆို မောင့် အတွက်က ဇာပေါက်စွပ်ကျယ် တထည်"....တဲ့...ကိုင်း...


Thursday, June 24, 2010

အထက်လူ-၂

အထက်လူ-၁ မှာ ကျမရေးခဲ့တဲ့ တရုတ်သူဌေး ဂျယ်ရီ နဲ့ ကျမရဲ့ နေ့စဉ် ဆက်ဆံရေးကတော့ ဒီလိုပဲ တနေ့တနေ့ ဆွေးနွေး ငြင်းခုန်လိုက်ကြ၊ ဆူပူလိုက်ကြနဲ့ သံသရာလည်နေတော့တာပါပဲ။ တခါတလေ စနေလို နေ့ဝက် အလုပ်ဆင်းရတဲ့နေ့တွေမှာ သူ့သားကလေး နှစ်ယောက်ကို ရုံးခေါ်လာတတ်တယ်။ ကလေးတွေက မျက်လုံးမို့အစ်အစ်၊ ဆာမူရိုင်းပုံ ဆံပင်လေး နဖူးပေါ် တိတိချလို့ သူနဲ့ မျက်နှာပေါက် ခပ်ဆင်ဆင်ရယ်။ ကလေးတွေကို "အလုပ် လုပ်နေတဲ့သူတွေ နား သွားမရှုပ်ရဘူးနော်" လို့ မှာပေမဲ့လည်း ကလေးတွေက ကျမတို့နား တဝဲဝဲပါပဲ။ အဲဒီလို အချိန်တွေမှာတော့ သူ့မျက်နှာပေါ်မှာ ဖခင်တယောက် ရဲ့ နူးညံ့မှုကို ရိပ်ရိပ်ကလေး တွေ့ရတတ်တယ်။

တွန်မ် လို့ ကျမတို့ နာမည်ပေးထားတဲ့ ကုလားသူဌေးနဲ့ကတော့ လုပ်ငန်းပိုင်းအရ ကျမနဲ့ သိတ်အထိအတွေ့ မရှိလှဘူး။ ကျမ ဒီအလုပ်ကို အင်တာဗျူးဝင်တုန်းကပဲ သူနဲ့ ကြာကြာ စကားပြောဖူးတယ်။ သူက စကားပြောရင် ပြုံးပြီး ပြောတတ်တယ်။

ကျမနဲ့ အဆက်ဆံရဆုံး နောက်တယောက်ကတော့ ကျမအထက်က စာရင်းကိုင် အပျိုကြီးမမပါပဲ။ သူ့နာမည်က Yvonne-အီဗွန်း တဲ့။ ကျမတို့ စာရင်းဌာနမှာ အမျိုးသမီး ၆ ယောက် ရှိတဲ့အထဲ ကျန် ၅ ယောက် နဲ့ သူတယောက်ထဲနဲ့ မတည့်ပါဘူး။ ဒီနေရာမှာ သူ့ပုံစံကို နဲနဲပုံ ဖော်ပြရမယ် ထင်ပါတယ်။ သူ့မှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ဆံပင်တိုတို၊ ပခုံးကားကား၊ မေးရိုး လေးထောင့်နဲ့ မိန်းမဆန်တာဆိုလို့ တရုတ်မပီပီ ဖြူတဲ့အသားအရည်လေးပဲ ရှိတာ။ ခြုံပြောရမယ်ဆိုရင် ရုပ်ဆိုးတယ်ဆိုတဲ့ထဲက ငါးမူးဖိုးလောက် ပြန်နှုတ်၊ ရွက်ကြမ်းရေကျို ဆိုတဲ့ထဲက တမတ်ဖိုးလောက် နှုတ် အဲဒီနှစ်ခု အလယ်လောက်မှာ သူရှိပါတယ် :)

သူက ACCA ကို ၃နှစ်အတွင်း ပြီးအောင်ဖြေနိုင်ခဲ့သူမို့ အင်မတန် ဂုဏ်ယူလေ့ရှိသလို အလုပ်နဲ့ ပတ်သက်လာရင်လည်း တိကျ ပြတ်သားတဲ့ ခပ်ထက်ထက် မိန်းမတယောက်လည်း ဖြစ်တယ်။ ခက်တာက သူ့ရဲ့စိတ် အရင်းခံကိုက သူများလုပ်တာကို သိတ် မယုံကြည်တတ်တာ၊ သူ့နည်းလမ်းနဲ့မှ အမှန်ဆုံး အမြန်ဆုံး ထင်တတ်တာပဲ။ အဲဒါတွေကြောင့် အားလုံးနဲ့ သူ အဆင်မပြေဘူး။ ကျမတို့ ဌာနမှာ နောက်ထပ် Helen-ဟယ်လင် ဆိုတဲ့ အမျိုးသမီးကြီး တယောက်ရှိသေး တယ်။ သူက အီဗွန်းနဲ့ မတည့်ဆုံး "သူဌေးတွေအတွက်တော့ ကိုက်တတ်တဲ့ ခွေးတကောင် မွေးထားသလိုပဲ" လို့ အီဗွန်းကို ရည်ညွှန်းပြီး ပြောလေ့ရှိတယ်။ "She's so hard to please" သူ့စိတ်ကြိုက်ဖြစ်ဖို့ ခက်လွန်းလှတယ် လို့လည်း မဲ့ရွဲ့ပြောတတ်သေးတယ်။

အထက်လူရဲ့ မျက်နှာ အရိပ်အကဲ၊ သူ့ရဲ့ ပြုမူတတ်ပုံ၊ စကားပြောဆိုလေ့ရှိတာတွေ နားလည် ထားရင် အကောင်းဆုံးပါပဲ။

ကျမ အထက်လူမှာတုန်းက ရေးခဲ့တာပါ။ အဲဒီစကားဟာ အီဗွန်းနဲ့ကျမှ သွေးထွက်အောင် မှန်နေပါတော့တယ်။ ကျမတို့ အိမ်ထောင်သည်တွေက အားရင် ကိုယ့်လူအကြောင်းပြော၊ သားသမီးရှိတဲ့သူဆိုလည်း မိသားစုပုံတွေ ယူလာပြကြနဲ့ အဲဒါကို သူ ခံစားရခက်နေတာ။ ရှေ့ခုံ နောက်ခုံဆိုတော့ သူနဲ့ ကျမနဲ့က စကား အများဆုံး ပြောဖြစ်နေတယ်။ ဒီလိုနဲ့ တဖြေးဖြေး သူ့ အကြောင်းတွေ သိလာရမှ ကျမသူ့အပေါ် ဂရုဏာသက်မိတယ်။

သူက သူ့အမေ ဆုံးပြီးကတည်းက အိပ်ခန်း ၂ခန်းပါတဲ့ အဲဒီ့ အိမ်ခန်းလေးထဲမှာ တယောက်ထဲ ဆက်နေခဲ့တာ။ အကို နှစ်ယောက်ကလည်း သူ့အိမ်ထောင်နဲ့သူ။ သူ့မှာ boy friend ရှိတယ်။ ဒါပေမဲ့ အဲဒီလူကြီးက သားသမီးတွေတောင် အတော် အရွယ်ရောက်နေပြီး အောင်မြင်တဲ့ လုပ်ငန်းပိုင်ရှင်၊ သူ့မိသားစုနဲ့သူ ဘယ်လိုမှ သူ့ဘဝထဲ ဝင်လာနိုင်မှာ မဟုတ်တဲ့သူ။

တနေ့ သူ့ ညာဘက်လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကို ဝမ်းပန်းတသာ ပြရှာတယ်။ အဲဒါကို ကျန်တဲ့သူတွေက "ဒါဆို ငါတို့ ဘယ်တော့ စားရမှာလဲ" ဝိုင်းမေးကြတဲ့အခါ သူက မချိပြုံးလေးနဲ့ ရှက်သလိုလို လုပ်နေရှာတယ်။ ကျမမှာ ကျန်တဲ့သူတွေကို ဆက်မမေးဖို့ မျက်ရိပ် ပြရတော့တာ။ သူလည်း အဲဒီတနေ့လုံး မျက်နှာလေး ပျက်ပျက်နဲ့ပေါ့။

သူ တော်တော် အထီးကျန်မှာပဲ။ အိမ်တအိမ်လုံးထဲမှာ သူတယောက်ထဲ၊ ရည်းစားက တခါတလေ အိမ်လာသတဲ့။ ဒါပေမဲ့ ဘယ်လိုမှ မနီးစပ်နိုင်မှန်း သေချာနေတဲ့ သူ။ သူလည်းပဲ သူများ အိမ်ထောင်ရေး ဘယ်ဖျက်ချင်ရှာမလဲလေ...ဒါပေမဲ့ ကံအကြောင်းတွေ ပါလာတော့ မလွတ်လပ်သူနဲ့မှ လာဆုံဆည်းရတယ်။ ဟိုလူကလည်း လက်ထပ်ယူဖို့အထိ မရည်ရွယ်ဘူး ထင်ပါရဲ့။ ကျမဖြင့် သူ့အကြောင်း ကြားရတာ ရင်ထဲ မွန်းကြပ်လို့လာတယ်။ သူ့ကို တကယ် မြတ်မြတ်နိုးနိုး လက်ထပ်ယူနိုင် တဲ့သူနဲ့ တွေ့စေချင်လှတယ်။

ဘယ်လိုပဲ ကိုယ်ရေးကိုယ်တာနဲ့ အလုပ် စည်းခြားထားတယ်ပဲ ဆိုဆို အနည်းအကျဉ်းတော့ လွှမ်းမိုးမှု ရှိနေမှာပါပဲ။ ဒါ့ကြောင့် သူဟာ တခြားအမျိုးသမီးတွေရဲ့ ပြေလည် အောင်မြင်တဲ့ မိသားစုဘဝတွေအပေါ် သူ ခံစားမပေးနိုင်တာ။ အဲဒီစိတ် အခြေခံက သူ့စိတ်ကို ချယ်လှယ်ထားတော့ အလုပ်ထဲမှာ ဘာကိုမဆို သူ စိတ်တိုင်းမကျ ဖြစ်နေတော့တာ။ နောက်ပိုင်းတော့ သူ့စိတ်ကို နားလည်လာတဲ့အခါ သူ နဲ့ ကျမ ဆက်ဆံရေး အရမ်း ပြေလည်လာခဲ့တယ်။ ဒါတောင် တခါ ပြဿနာ ဖြစ်လိုက်ပါသေးတယ်။

အလုပ်ထဲမှာဆို လူတိုင်းက သူ့ schedule-အချိန်ဇယားနဲ့သူ သွားနေကြတာပဲ မဟုတ်လား။ ကျမမှာလည်း ရှိပါတယ်။ လုပ်စရာ အလုပ်တွေ သိတ်ပြုံကျလာတဲ့အခါ ဘာကို အရင်လုပ်ရမှန်း မသိအောင် ဖြစ်တတ်ကြပါလိမ့်မယ်။ ကျမကတော့ အရင်ဆုံး စိတ်ကို အေးအေးထား၊ ပြီးမှ အလုပ်တွေကို ခေါင်းစဉ်တပ်၊ ပလတ်စတစ်ဖိုလ်ဒါလေးတွေထဲထည့် ပြီးမှ ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ ရွေးချယ်ပြီး ပထမဦးစားပေး၊ ဒုတိယဦးစားပေး အဲသလို အစဉ်လိုက် နံပါတ်တပ်ပြီး လုပ်လေ့ရှိပါတယ်။

Paper work တွေကို မနက်ပိုင်းမှာ လုပ်လေ့ရှိပြီး ထမင်းစားချိန်နောက်ပိုင်းကျမှ အကြွေး တောင်းလေ့ရှိပါတယ်။ အဲဒီ အချိန် ခန့်ခွဲမှုက သိတ်အရေးကြီးပါတယ်။ ကိုယ့်ကပ်စတမ်မာရဲ့ အထာကို သိအောင် အားထုတ်ဖို့လိုပါတယ်။ လတလရဲ့ ဘယ်ရက်တွေမှာ သူတို့ ပိုက်ဆံပေးဖို့ ပြင်ဆင်လေ့ရှိသလဲ၊ ဘယ်အချိန်တွေ ဖုန်းခေါ်ရင် အဆင်ပြေမလဲ စသဖြင့်ပေါ့...။ များသောအားဖြင့် ကပ်စတမ်မာတွေက မနက်ပိုင်း အကြွေးတောင်းခံရရင် မကြိုက်ကြပါဘူး။ နေ့လည်ပိုင်း ထမင်း စားပြီးချိန်ဆို စိတ်ကြည်လင်နေကြတာ၊ ပြီးတော့ အဲဒီအချိန်ဆို ဖုန်းစကား ပြောရတာကလည်း အိပ်ချင်ပြေစေတယ်လေ...။

တနေ့ သူက နောက်ကနေ တချိန်လုံး ဟိုစာရင်း မပြီးသေးဘူးလား၊ ဒီစာရင်းကိုတော့ဖြင့် ခုလိုချင်တယ်နဲ့ တဂျီဂျီ လုပ်နေပါတော့တယ်။ လကုန် စာရင်းပိတ်ရက်ဆိုတာကလည်း အလုပ်များလွန်းချိန်မို့ လူတိုင်းလိုလို ရေဆူ အမှတ်ကို ရောက်နေကြချိန်လည်း ဖြစ်လေတော့ ကျမရဲ့ သည်းညည်းခံနိုင်စွမ်းတွေ၊ သူ့အပေါ် နားလည်နိုင် မှုတွေ လျော့ပါးသွားပါတော့တယ်။ ကျမထိုင်ခုံကို နောက်လှည့် သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပါတယ်။

"အီဗွန်း ငါသိတယ် ငါ့မှာလည်း ငါ့ဇယားနဲ့ငါ လုပ်နေတာပဲ နင် ဘာကို အရင်လိုချင်တာလဲ အားလုံး တပြိုင်နက်ထဲတော့ မရနိုင်ဘူး ငါ့မှာ ဒီလက်နှစ်ဘက်ပဲ ရှိတယ်"

ကျမ စိတ်တိုတိုနဲ့ တရစပ် ပြောချလိုက်ခဲ့တာ။ ကျန်တဲ့သူတွေလည်း မသိမသာ လှည့်ကြည့်ကုန်ကြတယ်။

"အားလုံးကိုလည်း ငါ အခု လိုချင်တယ် မပြောပါဘူး၊ Bank Charges-ဘဏ်စရိတ်တွေ မကိုက်လို့ ဘာမှားနေလဲ စစ်ချင်လို့ နင့်စာရင်းကို တောင်းတာ"

"အေးလေ ခဏလောက် စောင့်ပါလား ခု လက်ရှိ ငါ အသေးသုံးစာရင်းကို ပိတ်နေလက်စမို့လို့ ဒါပြီးရင် နင်လိုချင်တာ လုပ်ပေးမှာပေါ့"

"မလိုချင်ဘူး နင့်ဟာ ဘေးဖယ်ထားလိုက် ဘဏ်စာရင်းကို အရင်လုပ်ပေး"

"ဆောရီးပဲ ငါ့လစာ နင်ပေးနေတာ မှုတ်ဘူး ကုမ္ပဏီက ပေးတာ၊ အဲဒီအတွက် နင့်စကား ငါနားမထောင်နိုင်ဘူး နင်လိုချင်ရင် စောင့် ဒါပဲ"

ကျမစကား တော်တော်ရင့်သွားမှန်း သိလိုက်တယ်။ မတတ်နိုင်ပါဘူး စကားကျွံရင် နှုတ်လို့မရ ဆိုသမို့လား။ သူလည်း ကွက်ကနဲ မျက်နှာပျက်သွားပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒီတခါကတော့ ကျမ သူနဲ့ ဖြစ်ခဲ့သမျှထဲမှာ အပြင်းထန်ဆုံးပါပဲ။ ကျန်တဲ့သူတွေက ကျမ အဲသလို ပြန်ပြောလိုက်တာကို ဝမ်းသာနေကြသတဲ့။ ဘာလို့ဆို သူ့ကို သူဌေးဂိုက် ဖမ်းလွန်းလို့ အမြင်ကတ်နေကြတာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အထက်လူကို အဲသလို ပြန်မပြောသင့်ဘူး မဟုတ်လား... ဆိုတော့ ငယ်တဲ့သူအနေနဲ့ ကျမကပဲ စ တောင်းပန်လိုက်ပါတယ်။ ကျမ သူ့ကို ပြန်နှုတ်လှန်ထိုးသလို ကျန်တဲ့သူတွေ လိုက်မလုပ်စေချင်တာလည်း ပါပါတယ်။ အဲသလိုမှမဟုတ်ရင် ဌာနတခုလုံးအပေါ် သူ အုပ်ချုပ်ရတာ ခက်သွားမယ်လေ။ ဒါ့ကြောင့် ကျမ ပြန်တောင်းပန်လိုက်တာပါ။ သူက သူလည်းပဲ မှားသွားတဲ့အကြောင်း နဲ့ စိတ်ထဲမထားဖို့ ပြောလာပါ တယ်။ နှစ်ယောက်သား ပြန်အဆင်ပြေသွားတယ် ဆိုပါတော့။

ကျမ သတိထားမိတာက အမျိုးသား နဲ့ အမျိုးသမီး အထက်လူမှာ (ကျမကိုယ်တွေ့ကို ပြောတာပါ အားလုံးအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်) အမျိုးသမီးက ပေါင်းသင်းရတာ ပိုခက်ပါတယ်။

ဂျယ်ရီက ပြဿနာ တခု ဖြေရှင်းတဲ့နေရာမှာ သူ့အမြင် အရင်ချပြတယ်။ ပြီးမှ ကိုယ့်အမြင် ကို မေးတယ်။ နှိုင်းယှဉ်ပြ တယ်။ ရေရှည်မှာ ဖြစ်နိုင်ခြေ ဘယ်လိုဆိုတာ တွက်ပြတယ်။ ညှိညှိ နှိုင်းနှိုင်း ရှိတယ်။ သူ့ရဲ့ အမျိုးသမီး စတပ်ဖ်တွေ လှပသပ်ရပ်နေတာကို ကြိုက်တယ်။ မင်း အသုံးမကျဘူး လို့ ဘယ်တော့မှ တိုက်ရိုက်မဆူဘူး၊ မှားသွားတဲ့သူ အနေခက်အောင် ရလာတဲ့ဆိုးကျိုးတွေ ကို ထောက်ပြတတ်တယ်ဆိုတော့ အမှားလုပ်မိတဲ့ သူခမျာ အနားမှာ ကြိုးတချောင်း သာရှိရင် ကိုယ့်လည်ပင်းကိုယ် စွတ်ပြီး ခုန်ချသေချင်လောက်အောင် အပြစ်ရှိသူကြီး ကိုယ်ရယ်ပါ လို့ ဝန်ခံရတော့တာ။ ဂျယ်ရီက အဲသလို ပညာသားပါတယ်။

အီဗွန်းက သူ့နည်းလမ်းနဲ့ ဖြေရှင်းမှ ရလာဒ်ကောင်းမယ် ယူဆနေတတ်သူ၊ အမျိုးသမီး စတပ်ဖ်တွေ လှလေ သူက ရန်လိုလေ၊ သူ အင်တာဗျူးရင် ရုပ်ချောချော ကောင်မလေးတွေ သူ ပယ်ချလေ့ရှိတယ်။ အမှားလုပ်မိရင် လုံးဝ သုံးစားမရတော့သလို ဆူတတ်တယ်။ အလုပ်မပြီးရင် "ဒီနေ့တနေ့လုံး နင် ဘာလုပ်နေသလဲ" လို့ မညှာမတာ မေးတတ်သေးတယ်။ တကယ်တော့ တနေ့လုံး တကုပ်ကုပ် အလုပ် လုပ်နေတဲ့သူတွေအဖို့ အဲဒီစကားက မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို အင်မတန် နာကျင်စေတာပါ။ တခါတခါ သူဌေးတွေ ကြားဖြတ်ခိုင်းတာတွေ ရှိတဲ့အခါ ပြီးဖို့မှန်းထားတဲ့ ကိုယ့်အလုပ်တွေ အချိန်မီ မပြီးနိုင်တော့တဲ့ အခါမျိုးတွေမှာပေါ့။

ဂျယ်ရီက သေးသေးမွှားမွှား ကိစ္စလောက်ကို မျက်စေ့မှိတ်ထားတတ်ပေမဲ့ အီဗွန်းက အစဆွဲ ထုတ်တတ်တဲ့သူ။ အဲသလို ကွာခြားပါတယ်။ အဲဒါက ကျမ ကြုံတွေ့ရဖူးတဲ့ သူနှစ်ယောက်ကို ယှဉ်ပြောပြတာပါ။ တကယ်တော့ ယောင်္ကျား-မိန်းမ ဆိုတာထက် တဦးချင်းစီရဲ့ စရိုက်၊ ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံ၊ ခံယူချက်နဲ့ ရပ်တည်မှုတွေပေါ်မှာလည်း အများကြီး မူတည်နေမှာပါ။

အဲဒီ အလုပ်မှာ ကျမ ၈ နှစ်ကျော် ကြာခဲ့ပါတယ်။ အမျိုးသား နောက်အလုပ်ပြောင်းတော့ အရှေ့အနောက် အတော်ဝေးသွား တာမို့ ကျမတို့ အိမ်ကိုလည်း သူ့အလုပ်နဲ့ နီးတဲ့နေရာနား ပြောင်းငှားလိုက်ရပါတယ်။ ကျမ အလုပ်နဲ့တော့ ဝေးသွားတာကြောင့် ပထမအလုပ်က ထွက်ပြီး လက်ရှိအိမ်နဲ့ အနီးအနားမှာပဲ နောက်အလုပ်တခု ထပ်ရှာဖြစ်ပါတယ်။ ကျမ နောက်ထပ် အလုပ် ဝင်ရတဲ့ ကုမ္ပဏီက Procter and Gamble ပါ။ တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ အိမ်တိုင်းလိုလိုမှာ အဲဒီ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ရှိနေကြမှာ သေချာသလောက်ပါပဲ။ နောက် အထက်လူ-၃ မှာ အဲဒီ ကုမ္ပဏီက အထက်လူ အကြောင်း ရေးပါအုံးမယ်...။


Tuesday, June 22, 2010

လူမှန် နေရာမှန်

အိမ်ကလူကြီး မသိအောင် ခုတလော သူ ဝတ် ဝတ်နေတဲ့ အီတလီအသင်း အင်္ကျီကို ဓါတ်ပုံရိုက် တင်လိုက်တယ်။ အီတလီအသင်း ကြိုက်တယ် အားပေးတယ်ရယ်လည်း မဟုတ်ပါဘူး။ သူနဲ့ ညီအကိုလို ခင်နေတဲ့ အကိုတယောက်ဆီက လက်ဆောင်ရထားတဲ့ အင်္ကျီ ဆိုတော့ ခုလို ဘောလုံးရာသီမှာ အမြတ်တနိုး ခဏခဏ ထုတ်ဝတ်လေ့ရှိတာမို့ပါ။ ဘာရယ်မဟုတ် အနဲဆုံး တော့ ခေတ်မီတာပေါ့ လေ...။ မီးပူပျောက်နေတာမို့ ကြေကြေလေးပဲ ရိုက်လိုက်ပါတယ်...:)


တည ဘောလုံးပွဲ ကြည့်နေရင်း ကျမမျက်လုံးအကြည့်က ဘောလုံးသမားတွေ ဗိုက် ရောက် သွားပါလေရော။ သူရို့ဗိုက်တွေများ ချပ်လို့ ကပ်လို့ပါလား...ကြည့်ကောင်းချက်...။ ဒါနဲ့ တဆက်တည်း အိမ်ကလူကြီးနဲ့ အပေါင်းပါ နှစ်ယောက်ရဲ့ ဗိုက်တွေကို လှမ်းကြည့်မိလိုက်တော့ လား လား...စားရင်း သောက်ရင်း ထိုင်ခုံပေါ်ထိုင်နေလိုက်ကြတာများ ရှေ့တထွာလောက် ဗိုက်တွေ ထွက်လို့...။ ကျမဖြင့် မနေနိုင် မထိုင်နိုင် ပြောမိသွားပါတယ်။

"ဘောလုံးသမားတွေကို ကြည့် ဗိုက်ကလေးတွေကို ချပ်လို့...ကိုကို အဲလို ဗိုက်ချပ်သွားရင် အာမနီ-Armani တီရှပ် ဝယ်ပေးမယ် သိလား"

သူ့ သူငယ်ချင်း အကိုကြီး နှစ်ယောက်က တဟားဟားရယ်တော့ သူ ညစ်ကျယ်ကျယ်နဲ့ ပြန်ပြောရှာတယ်။

"ဒီကောင်တွေက ဘောလုံးကွင်း ပတ်ပြေးနေရတဲ့ ကောင်တွေကိုးကွ ဘယ်အဆီ ရှိလိမ့် မတုန်း" တဲ့...

အို...အိမ်ကလူကြီးဟာ ဘာလို့များ ဘောလုံးသမား မဖြစ်ခဲ့ပါလိမ့် လို့ တွေးမိပါသေးတယ်။ ခုမှတော့ ကိုယ့်ဖာသာကိုယ်ပဲ သူ့ဗိုက်ကို လေလေး နဲနဲ လျှော့ကြည့်လိုက်ပါတယ်။ စိတ်ချမ်းသာတာပေါ့လေ...:)

ဘောလုံးသမားတွေကို ကြည့်ရင်း သူ ပြောပြန်တယ်။ ဒီကောင်က တနှစ်ကို ယူရို ၁၃ မီလီယန် လောက် ဝင်ငွေရှိတဲ့ကောင်ဗျ တဲ့...။ ဘုရား ဘုရား တလကို ကွန်ဒိုတလုံးလောက် ဝယ်နိုင်တဲ့ လစာ...။ ဘယ်ဘောလုံးသမားကဖြင့် ဘယ်ကြော်ငြာအတွက် ဘယ်လောက်ရတာတို့ ဘာတို့ မစားရ ဝခမန်း ဆက်ပြောနေသေးတာ။

အို...အိမ်ကလူကြီးဟာ ဘာလို့များ ဘောလုံးသမား မဖြစ်ခဲ့ပါလိမ့် လို့ တွေးမိပြန်ပါရော...။ ဟုတ်တယ်...စိတ်ထဲမှာတော့ လူပုံက ဘာဖြစ်ဖြစ် ဘောလုံးသမားဖြစ်ရင်ပဲ အတော့်ကို ဂုဏ်ရှိတယ် ထင်နေတော့တာ...။ နိုင်ငံ့ဂုဏ်ဆောင်သူများလည်း ဖြစ်တယ် မဟုတ်လား။

ဒုတိယပွဲပြီးလို့ ဧည့်သည်တွေ ပြန်သွားမှ နှစ်ယောက်သား ပုလင်း၊ ဖန်ခွက်၊ အမြည်း နဲ့ ပန်းကန် တွေ သိမ်းစရာရှိတာတွေသိမ်း၊ သွန်သင့်တာသွန်၊ ဆေးကြောစရာရှိတာ ဆေးကြောရှင်းလင်း ပြီးမှ အိပ်ရာဝင်ဖို့ ပြင်ကြတယ်။ မီးခလုတ်ပိတ်ပြီး အိပ်ခန်းထဲအဝင် လူကပဲ ရှပ်ပလာမို့လား၊ အိပ်ချင်မူးတူး မို့ပဲလား မသိ၊ ခုတင်ခြေထောက် ထောင့်စွန်းနဲ့ ကျမခြေထောက် နောက်ဆုံး သုံးချောင်း ကို လှန်ချိုးလိုက်သလို ဝင်တိုက်မိပါတော့တယ်။

ဖျောက်ကနဲ အသံနဲ့အတူ အင်မတန် နာလွန်းတာကြောင့် အားကနဲ အော်မိတော့တာ။ ခုတင်ပေါ် လှဲအိပ်နေပြီဖြစ်တဲ့ အိမ်က လူကြီးက "ဟော ခလုတ်တိုက်မိပြီလား" ဆိုပြီး အိပ်ရာပေါ်က ချက်ချင်းထ၊ မီးသွားပြန်ဖွင့်ပြီး ကျမရဲ့ ခြေခလယ်၊ ခြေသူကြွယ်နဲ့ ခြေသန်း သုံးချောင်းကို လက်ဖဝါးထဲထည့် နှိပ်နယ်ပေးပါတယ်။ ဦးစိုင်း လူးဆေးလည်း လိမ်းပေးရင်း "တော်တော်နာသွားမှာ ပေါ့ ဥုံဖွ ပျောက်ပြီ" လို့လည်း ပြောသေးတာ။

တွေးမိပြန်ပါပြီ...ကျမ ခုလို ခလုတ်တိုက်တဲ့အခါ ဘယ်ဘောလုံးသမားကများ လာပြီး ဥုံဖွ လုပ်ပေးမှာပါလိမ့်မလဲ...။ ကျမ ပြုံးမိတယ်။ ဒီလိုဆိုတော့လည်း အိမ်ကလူကြီး ဘောလုံးသမား ဖြစ်တာ၊ မဖြစ်တာ အရေးမကြီးတော့ပါဘူးလေ...။

ဆေးကြောင့်ရော၊ နှိပ်ပေးနေတဲ့ သူ့လက်ဖဝါးရဲ့ အနွေးဓါတ်ကြောင့်ရော ကျမ ခြေထောက် လည်း အတော် သက်သာသလောက် ပါပဲ။ သူ့အကြည့် ကျမ ခြေထောက်ဆီရှိနေတုန်း ကျမကတော့ သူ့မျက်နှာကို ခဏကလေး ငေးကြည့်နေခဲ့တာ...။

တကယ်ကို ခဏကလေးမှ ခဏကလေး...အဲဒီ အခိုက်အတန့်လေးဟာ ရင်ထဲက နှလုံးသားတစုံ နေရာတကျ ရှိနေကြောင်း အသေအချာ သိလိုက်တဲ့ တခဏလည်း ဖြစ်လေတယ်...။


Monday, June 21, 2010

ချစ်သူတို့ရဲ့ မင်္ဂလာပွဲ

ပူပူနွေးနွေး ရှိတုန်းလေး...ကြားဖြတ်ပိုစ့်လေးတခု တင်ပါရစေအုံး...

မနေ့က ၂၀ရက် တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာ ကျင်းပတဲ့ မင်္ဂလာဆောင်ပွဲလေး အကြောင်းပါ...

ဟိုတယ်က အခမ်းအနား ပြင်ဆင်ပုံ နဲ့ ပန်းအလှ ဆင်ပုံလေးတွေ ရိုက်ခဲ့တာတွေထဲက တချို့ အမှတ်တရ တင်လိုက်ပါတယ်



စားပွဲတွေပေါ်က ပန်းအလှ


ခန်းမထဲကို အဆင်း လှေကားထစ် ဘယ်ညာက ပန်းအလှ



မင်္ဂလာမောင်နှံ လျှောက်လမ်း တဖက်တချက်က ပန်းပီလာ-Flower Pillar အလှဆင်ထားပုံ


နှစ်ဘက်ဆွေမျိုးများ စားပွဲပေါ်က ပန်းထိုးပုံ


ဒါကတော့ ခန်းမ အပြင်ဘက် ကောက်တေးလ် စားပွဲလေးတွေထဲက တခု


ဒီဟိုတယ်မှာ တခုကြိုက်တာက အစားအသောက်ကို ၁၀ယောက်စာ ခွဲဝေထည့်ပြီးမှ စားပွဲပေါ် ဝေပုံကျ လာချပေးတာ...ကိုယ့်ဝေစုနဲ့ကိုယ်ဆိုတော့ အိနြေ္ဒရရ စားရတာပေါ့ နို့မို့ဆို ကျမက အစားနှေးသူဆိုတော့.... ဘုန်းကြီးကျောင်းသားလို လက်မြန်တဲ့ တယောက် နှစ်ယောက် ဝိုင်းထဲပါလာလို့ကတော့ ကိုယ်ကြည့်ထားတဲ့ ဟင်းတုံး သူများလက်ထဲ ပါသွားနေကျ....:)

ဒါက မေယိုနစ်စ်-Mayonnaise နဲ့ ပုဇွန်အကောင်လိုက်ကို နဂါးမောက်သီးဆော့စ်-Dragon fruit sauce နဲ့ တွဲဖက် စားရတာ ပထမဆုံးအကြိမ် စားဖူးခြင်း...စားလို့ကောင်းပါ့


အချိုပွဲ စထရော်ဘယ်ရီ ပူတင်း သိတ်မချို သိတ်မချဉ် အလောတော်လေး... စားကောင်းတာပဲ...တခြားစားစရာပွဲတွေ ရိုက်မလာခဲ့ဘူး၊ အားလုံးအတွက် စားဖူးနေကျ မြင်ဖူးနေကျ ဖြစ်မှာမို့ပါ...

(အမှန်က တွေ့သမျှ မြင်သမျှ လိုက်ရိုက်နေတဲ့ ကျမကို အိမ်ကလူကြီး တော်တော်လေး မျက်စိနောက်နေမှန်း သိတာမို့ ကိုယ်ရှိန်သတ်လာရခြင်းပါ....:))


ဒါက Table Gift ပါ...တဗူးစီထဲမှာ Milk Soap နဲ့ Shower Gel ပါပါတယ် ဧည့်သည်များကို ချေးတွန်းပြီး ရေမိုးချိုးစေချင်တဲ့ စေတနာတွေပေါ့ :) Table Setting ကလည်း ချစ်စရာ ရိုက်ချင်စရာ ကောင်းတာမို့ သူ မျက်စိ နောက်နေမှန်း သိသော်ငြားလည်းပဲ မသိချင်ယောင် ဆောင်ပြီး ရရင်ရသလို ဆက်ရိုက်ပါတယ်...:) ငါကွ... ဒါမှ ဘလော့ဂ်ဂွါ....!!


ဟော...အများသူငါ မျှော်လင့်နေကြတဲ့ မင်္ဂလာမောင်နှံ အသစ်စက်စက်လေး ခန်းမထဲ ဝင်လာပါပြီ.... အို...ဘလော့ဂ်ဂါ နဲ့ ကင်မလာလို ခွဲခြားမရ လိုက်ဖက်ပါဘိတောင်း
(အေးလေ ရွှေ နဲ့ မြက ရိုးနေပြီဟာကို...)






Dummy ကိတ်မုန့်ကြီး လှီးနေကြပုံ...


မင်္ဂလာမောင်နှံမှ ကျေးဇူးတင်စကား ပြောကြား...


ရှန်ပိန်...ရှန်ပိန်...ရှန်ပိန်...



ဒါက ကျမ ကင်မလာတလုံးထဲအတွက် သီးသန့်အပြုံး...
တကယ်ပါပဲ သူတို့နှစ်ယောက်ရဲ့ အပြုံးနဲ့ အပျော်တွေဟာ ပွဲတက်ရောက်သူတွေရဲ့ရင်ထဲ ပျံ့နှံ့ကူးစက်လို့...


ချစ်စရာကောင်းလွန်းလို့ ဆလိုက်ရှိုးကနေ ရိုက်ယူလာတာ...ပုံတွေ နဲနဲဝါးနေတာ ခွင့်လွှတ်...
အို...ပုံဝါးဝါး မှုန်မွှားမွှားတွေ တင်တာ ခေတ်စားနေမင့်ဟာပဲ...:)




ကယ်ရီကေချာပုံလေးတွေနဲ့ သိတ်ချစ်ဖို့ ကောင်းလွန်းတယ်


ငြုတ်သီးထောင်းနေတဲ့ သတို့သားရယ် ကလေးပိစိ နို့တိုက်နေတဲ့ သတို့သမီးရယ် ဘောလုံးတသင်းစာ ကလေး ၁၁ယောက်ရယ်နဲ့ ချစ်စရာ ကယ်ရီကေချာလေး...ပရိသတ် အကြိုက်ထဲက တပုံဖြစ်မယ် ထင်ပါရဲ့ (ပုံပေါ်ကို ကလစ်လုပ်ကြည့်ပါ)
ဘဝတိုက်ပွဲကို ရဲရဲကြီး နွှဲကြစို့....:P


ဒီနေရာမှာ ကြုံကြိုက်တုန်း စလုံးမင်္ဂလာဆောင်တွေရဲ့ ထုံးစံကို နဲနဲလေး ပြောပါရစေ။ မင်္ဂလာပွဲတက်မယ်ဆိုရင် စားပွဲတဝိုင်းစာရဲ့ တန်ဘိုးကို မေးလေ့ရှိကြတယ်။ ဥပမာ လူဆယ်ယောက်စာ တဝိုင်းကို စလုံးဒေါ်လာ ၈၀၀ ကျတယ်ဆိုပါစို့ ။ ဒါဆို တယောက်ကို စလုံး ၈၀ ထက်မနည်း လက်ဖွဲ့ငွေ ပေးလေ့ရှိကြတယ်။ ဒီအဓိပ္ပါယ်က ပွဲတက်လာသူဟာ အသစ် စက်စက် မောင်နှံအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ စေတနာနဲ့ ကောင်းချီး ပေးလိုမှု သက်သက် အတွက်သာ တက်ရောက်တယ်လို့ ဆိုကြတယ်။ ခင်မင်ရင်းနှီးမှု အတိုင်းအတာပေါ် မူတည်ပြီး ပိုပိုသာသာ လက်ဖွဲ့ကြတာလည်း ရှိပါရဲ့။ ကျမကတော့ အဲဒီ ထုံးစံကို ကြိုက်တယ်။

မင်္ဂလာပွဲကျင်းပတဲ့ The Fullerton-Ballroom မှာ အဲဒီနေ့က စားပွဲပေါင်း ၃၀ ကျော်လောက် ကို serveလုပ်တဲ့ ကလေးတွေက ၃-၄ ယောက်ကလွဲရင် ကျန်တာ မြန်မာကလေးတွေချည်းပဲ။ ကျောင်းတဘက် တက်ရင်း အားလပ်ချိန်မှာ အချိန်ပိုင်း ဝင်လုပ်နေကြတဲ့ ကလေးတွေပေါ့။

ခန်းမထဲ မဝင်ခင် ကောက်တေးလ်စားပွဲဘေးက အဆင်အပြင်...

ရင်ထဲကို ထိထိရှရှ ဖြစ်သွားစေတဲ့ ပုံဖော်မှုလေး....ကျမတို့အားလုံးရဲ့ အမိမြန်မာပြည် မြေပုံလေး.... ကလေးတယောက်ကို မေးကြည့်တော့ မြန်မာပွဲမို့ ခုလိုပုံဖော်ထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အနားသတ်ကို နီလာ အပြာ အရိုင်းတုံးလေးတွေနဲ့ ပုံဖော်ပြီး အတွင်းမှာ ဘော်ကြယ် ရွှေ/ငွေရောင်လေးတွေနဲ့ ဖြည့်စွက်ထားပါတယ်...လွမ်းသွားတာပဲ


အဲဒီမှာ ရယ်စရာတခုက အခမ်းနားမှုး အကိုAKSရဲ့ အားလုံးကိုယ်စား ဇနီးမောင်နှံကိုပေးတဲ့ ဆုပေးစကားပါ။ သူပြောချင်တာက ချစ်စရာကောင်းပြီး လှပတဲ့ သားသမီးကလေးများ-Beautiful Children အမြန်ဆုံး ထွန်းကားပါစေလို့ ဆိုချင်တာပါ။ Beautiful Childrenကို ပြောချင်တဲ့ဟာ လျှာခလုတ်တိုက်သွားပြီး Beautiful Chickenလို့ ထွက်သွားတော့ အားလုံး ဟန်မဆောင်နိုင်အောင် ပွဲကျ ရယ်မောခဲ့ကြရတော့တာ...တကယ်နောက်တဲ့ အကို...:)

မောင်လေး ဂျာနော် နဲ့ ညီမငယ် နီလာဆွေတို့ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ သက်ဆုံးတိုင် ပေါင်းကြရပြီး ယခုထက်မက နှစ်ဘက်မိဘအား စောင့်ရှောက်သော၊ သာသနာအကျိုး သယ်ပိုးသော ဇနီးမောင်နှံ ဖြစ်ကြပါစေ...

MC အကို ဆုတောင်းပေးသလိုပဲ လှပတဲ့ ကြက်ကလေးများလည်း အမြန်ဆုံး မွေးနိုင်ကြပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်...




ဓါတ်ပုံ နဲ့ တကွ ပိုစ့်တင်ခွင့်ပြုခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် မောင်လေး ဂျာနော်...

Saturday, June 19, 2010

အလကား ပဲတင်း

လက်ရှိနေနေတဲ့ စလုံးမှာ ဟိုတယ်မှာ တက်နေဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးတာ။ ဟော ကြည့် ခုတော့ သူ့ဘုန်း သူ့ကံနဲ့ အလိုလို အားမထုတ်ရပဲ ဖြစ်လာပြီ။ ကျမတို့ရုံးက သင်္ဘောတွေ လိုအပ်သမျှ Provision ကနေ Hardware အထိ supply လုပ်ပေးတယ်။

သင်္ဘောကုမ္ပဏီတခု အတွက် ဟိုတယ် ရီဇာ့ဗ် လုပ်ပေးထားတာ ငွေအကြေချေပြီးမှ သကောင့်သားတွေက နှစ်ပတ်တိတိ စောပြီး ချက်အောက် လုပ်သွားပါရော။ အခန်းပေါင်း ၁၉ခန်း ကြီးများတောင်...။ ဒါနဲ့ပဲ ရုံးကလူတွေကို ခွဲတမ်းနဲ့ ဟိုတယ်တက် နေခိုင်းတော့တာပေါ့။ ဟိုတယ်က Raffles Marina Club , ကလပ်မန်ဘာတွေပဲ အတည်းများတယ်။ မလေးရှားသွားတဲ့ 2nd link နားမှာ။ ညဆို မီးတွေနဲ့ တော်တော်လှတယ်။

ပထမတော့ အင်တင်တင်ရယ် Tuas ဆိုတော့ မြို့နဲ့ဝေးတယ် ဘာညာပေါ့။ ဒါပေမဲ့လည်း ကိုယ့်စားရိတ်နဲ့ကိုယ်ဆို တည စလုံး၂၀၀ကျော် ၃၀၀ ပေးနေရမှာ ခုဟာက အလကား ဆိုတော့ မျက်လုံးထဲ ဘတ်သီးတွေ ဘတ်သီးတွေ လက်ကနဲ လက်ကနဲ ဖြစ်သွားတယ်။ သိကြတဲ့အတိုင်းပဲ အလကား ဆိုတာကလည်း အတော် ဆွဲဆောင်တာကိုး။ လမ်းသွားရင်း MRT မှာ တခုခု အလကားဝေနေတာ တွေ့ရင် ကိုယ်သွားနေတဲ့ လမ်းကြောင်းတောင် ပြောင်းပြန်ဖြစ်ချင် ဖြစ်သွားပါစေ ဝင်တန်းစီလေ့ရှိတယ် (အချိန်ရရင် ပြောပါတယ် :)) စလုံးမှာက အဲသလို ထောင်မြင် ရာစွန့်တွေ များတယ်။ ပစ္စည်းအသစ် မိတ်ဆက်တာ၊ ပွဲတော်မို့လို့ ဈေးချလို့ ကြော်ငြာရင်း အစမ်းဝေငှတာ ဒါမျိုးတွေပေါ့။

အိမ်ကလူကြီး မေးကြည့်ရသေးတယ် နေချင်လားပေါ့။ သောကြာည ဝင်၊ တနင်္ဂနွေည ထွက်ရမှာ ဆိုတော့ သူက "နေတာပေါ့ကွာ" တဲ့။ ဒါပေမဲ့ စနေ ကျမအားပေမဲ့ သူက စနေနေ့ဝက် အလုပ်ဆင်းရမှာလေ။ "စနေနေ့ တမနက်လုံး ဟိုတယ်မှာ တယောက်တည်း ပျင်းစရာကြီး" လို့ ကျမက ဆိုတော့ သူက "ဘလော့ဂ်ရေးနေပေါ့ကွာ၊ ဟိုတယ်တက် စာရေးတာ ဆရာမောင်သာရ နဲ့ ချစ်နဲ့ ၂ယောက်ပဲ ရှိမယ်ထင်ပါရဲ့" တဲ့ ပြုံးစိစိနဲ့ နောက်တယ်။

အသားလိုလို့ အရိုးတောင်းတာကို မသိတဲ့လူကြီး၊ ဆင်ထားတဲ့ ဂွင်ထဲကို တခါတည်း ဝင်တိုးတဲ့ လူကြီး...။ ကျမကဖြင့် သူ့စကားမဆုံးခင် လက်ပ်တော့ကို ဘက်ထရီနဲ့တကွ အိတ်ထဲထည့်ပြီး လို့ ယူသွားမဲ့ အဝတ်ထုတ်နား စွေ့ကနဲ ချထားလိုက်ပြီး နှင့်ပြီ။ ခါတိုင်းဆို သူ့ပစ်ထားပြီး စာရေးရင် သူ မကြိုက်ဘူး ဒါ့ကြောင့် ဘယ်သွားသွား ကြိုက်တာသယ် ဘတ် ဘတ် ...နိုး လက်ပ်တော့...အဲသလို။ သူကသိတယ်လေ ကျမနဲ့ လက်ပ်တော့ အတူထားရင် သူ ရာထူးကျသွားတတ်တယ်ဆိုတာ။

ခုလို ရေးရကံကြုံလို့ ဟိုတယ် တက်ရေးရခိုက် အထက်လူ-၂ ကို ရေးပါမယ်။ ဒီတော့ ဟိုတယ်မှာ တက်ရေးတဲ့စာ၊ အဆင့် ခပ်မြင့်မြင့်စာကို ဖတ်ဖို့ ပြင်ဆင်ထားကြပါ။ မျှော်လင့်ထားကြပါ...အဟမ်း..:)

စကားကြွင်း : တလောကတောင် ဖဘမှာ ပေါက် လာနှုတ်ဆက်တော့ ကျမကိုယ်စား ညီမမွန် (သုနှင်းဆီ)က စကားပြန်ထားတာ..."အိမ်ရှင်မရှိဘူး ဟိုတယ်တက် စာရေးနေတယ်"တဲ့...။ ကျမ ဖတ်ပြီး ပြုံးမိသေး...။ ကဲ ခုတော့ ဘယ့်နှယ့်ရှိစ...:)

ဒီပိုစ့်က အထက်လူ-၂ မတင်ခင် အားအားယားယား ရေးတင်လိုက်တာ၊ ဟိုတယ်ပုံတွေလည်း တင်ပါအုံးမယ်။ အဲဒါတွေက အစဉ်ကြီးပိုစ့် မတင်ခင် ထမင်းသိုး ဟင်းသိုး ပိုစ့်တွေ ဆိုပါတော့။ ဖတ်ရုံပဲ ဖတ်သွားကြပါလေ။ အဲ...မန့်ချင်လည်း မန့်ပေါ့ စိတ်မဆိုးပါဘူး....။

အချပ်ပို


နောက်ဆက်တွဲ အနေနဲ့ မနေ့ညက ဟိုရိုက် ဒီရိုက်တွေ ပစ်တင်လိုက်တယ်....:)
ပိုစ့်နောက်တခု အနေနဲ့ တင်တော့ပါဘူးလေ ၊ မန့်သွားကြတဲ့ ပိတ်သတ်ကြီးကို အားနာလို့ပါ....:D






ဖလက်တီဗီ ၃၇ လက်မကြီးတော့...၊ ပုံမှန်ဆို ဟိုတယ်တွေမှာ တီဗီ ပိစိလေးတွေပဲ ထားပေးတာ...:)


ဟိုလူကြီးကို ပြောထားတယ်၊ အိမ်အပြန် ဒီကင်းဆိုက်ဒ်ဘက်ဒ်ကြီး မ သွားရအောင်လို့...:)


စားစရိတ်ကျတော့ ရုံးက ထုတ်ပေးဘူးတော့၊ ဒီက အနစ်နာခံပြီးလည်း နေပေးရသေး...






ပုံ / ချစ်ကြည်အေး
ခေတ္တ Raffles Marina Club Hotel
စင်္ကာပူ