Thursday, June 24, 2010

အထက်လူ-၂

အထက်လူ-၁ မှာ ကျမရေးခဲ့တဲ့ တရုတ်သူဌေး ဂျယ်ရီ နဲ့ ကျမရဲ့ နေ့စဉ် ဆက်ဆံရေးကတော့ ဒီလိုပဲ တနေ့တနေ့ ဆွေးနွေး ငြင်းခုန်လိုက်ကြ၊ ဆူပူလိုက်ကြနဲ့ သံသရာလည်နေတော့တာပါပဲ။ တခါတလေ စနေလို နေ့ဝက် အလုပ်ဆင်းရတဲ့နေ့တွေမှာ သူ့သားကလေး နှစ်ယောက်ကို ရုံးခေါ်လာတတ်တယ်။ ကလေးတွေက မျက်လုံးမို့အစ်အစ်၊ ဆာမူရိုင်းပုံ ဆံပင်လေး နဖူးပေါ် တိတိချလို့ သူနဲ့ မျက်နှာပေါက် ခပ်ဆင်ဆင်ရယ်။ ကလေးတွေကို "အလုပ် လုပ်နေတဲ့သူတွေ နား သွားမရှုပ်ရဘူးနော်" လို့ မှာပေမဲ့လည်း ကလေးတွေက ကျမတို့နား တဝဲဝဲပါပဲ။ အဲဒီလို အချိန်တွေမှာတော့ သူ့မျက်နှာပေါ်မှာ ဖခင်တယောက် ရဲ့ နူးညံ့မှုကို ရိပ်ရိပ်ကလေး တွေ့ရတတ်တယ်။

တွန်မ် လို့ ကျမတို့ နာမည်ပေးထားတဲ့ ကုလားသူဌေးနဲ့ကတော့ လုပ်ငန်းပိုင်းအရ ကျမနဲ့ သိတ်အထိအတွေ့ မရှိလှဘူး။ ကျမ ဒီအလုပ်ကို အင်တာဗျူးဝင်တုန်းကပဲ သူနဲ့ ကြာကြာ စကားပြောဖူးတယ်။ သူက စကားပြောရင် ပြုံးပြီး ပြောတတ်တယ်။

ကျမနဲ့ အဆက်ဆံရဆုံး နောက်တယောက်ကတော့ ကျမအထက်က စာရင်းကိုင် အပျိုကြီးမမပါပဲ။ သူ့နာမည်က Yvonne-အီဗွန်း တဲ့။ ကျမတို့ စာရင်းဌာနမှာ အမျိုးသမီး ၆ ယောက် ရှိတဲ့အထဲ ကျန် ၅ ယောက် နဲ့ သူတယောက်ထဲနဲ့ မတည့်ပါဘူး။ ဒီနေရာမှာ သူ့ပုံစံကို နဲနဲပုံ ဖော်ပြရမယ် ထင်ပါတယ်။ သူ့မှာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ဆံပင်တိုတို၊ ပခုံးကားကား၊ မေးရိုး လေးထောင့်နဲ့ မိန်းမဆန်တာဆိုလို့ တရုတ်မပီပီ ဖြူတဲ့အသားအရည်လေးပဲ ရှိတာ။ ခြုံပြောရမယ်ဆိုရင် ရုပ်ဆိုးတယ်ဆိုတဲ့ထဲက ငါးမူးဖိုးလောက် ပြန်နှုတ်၊ ရွက်ကြမ်းရေကျို ဆိုတဲ့ထဲက တမတ်ဖိုးလောက် နှုတ် အဲဒီနှစ်ခု အလယ်လောက်မှာ သူရှိပါတယ် :)

သူက ACCA ကို ၃နှစ်အတွင်း ပြီးအောင်ဖြေနိုင်ခဲ့သူမို့ အင်မတန် ဂုဏ်ယူလေ့ရှိသလို အလုပ်နဲ့ ပတ်သက်လာရင်လည်း တိကျ ပြတ်သားတဲ့ ခပ်ထက်ထက် မိန်းမတယောက်လည်း ဖြစ်တယ်။ ခက်တာက သူ့ရဲ့စိတ် အရင်းခံကိုက သူများလုပ်တာကို သိတ် မယုံကြည်တတ်တာ၊ သူ့နည်းလမ်းနဲ့မှ အမှန်ဆုံး အမြန်ဆုံး ထင်တတ်တာပဲ။ အဲဒါတွေကြောင့် အားလုံးနဲ့ သူ အဆင်မပြေဘူး။ ကျမတို့ ဌာနမှာ နောက်ထပ် Helen-ဟယ်လင် ဆိုတဲ့ အမျိုးသမီးကြီး တယောက်ရှိသေး တယ်။ သူက အီဗွန်းနဲ့ မတည့်ဆုံး "သူဌေးတွေအတွက်တော့ ကိုက်တတ်တဲ့ ခွေးတကောင် မွေးထားသလိုပဲ" လို့ အီဗွန်းကို ရည်ညွှန်းပြီး ပြောလေ့ရှိတယ်။ "She's so hard to please" သူ့စိတ်ကြိုက်ဖြစ်ဖို့ ခက်လွန်းလှတယ် လို့လည်း မဲ့ရွဲ့ပြောတတ်သေးတယ်။

အထက်လူရဲ့ မျက်နှာ အရိပ်အကဲ၊ သူ့ရဲ့ ပြုမူတတ်ပုံ၊ စကားပြောဆိုလေ့ရှိတာတွေ နားလည် ထားရင် အကောင်းဆုံးပါပဲ။

ကျမ အထက်လူမှာတုန်းက ရေးခဲ့တာပါ။ အဲဒီစကားဟာ အီဗွန်းနဲ့ကျမှ သွေးထွက်အောင် မှန်နေပါတော့တယ်။ ကျမတို့ အိမ်ထောင်သည်တွေက အားရင် ကိုယ့်လူအကြောင်းပြော၊ သားသမီးရှိတဲ့သူဆိုလည်း မိသားစုပုံတွေ ယူလာပြကြနဲ့ အဲဒါကို သူ ခံစားရခက်နေတာ။ ရှေ့ခုံ နောက်ခုံဆိုတော့ သူနဲ့ ကျမနဲ့က စကား အများဆုံး ပြောဖြစ်နေတယ်။ ဒီလိုနဲ့ တဖြေးဖြေး သူ့ အကြောင်းတွေ သိလာရမှ ကျမသူ့အပေါ် ဂရုဏာသက်မိတယ်။

သူက သူ့အမေ ဆုံးပြီးကတည်းက အိပ်ခန်း ၂ခန်းပါတဲ့ အဲဒီ့ အိမ်ခန်းလေးထဲမှာ တယောက်ထဲ ဆက်နေခဲ့တာ။ အကို နှစ်ယောက်ကလည်း သူ့အိမ်ထောင်နဲ့သူ။ သူ့မှာ boy friend ရှိတယ်။ ဒါပေမဲ့ အဲဒီလူကြီးက သားသမီးတွေတောင် အတော် အရွယ်ရောက်နေပြီး အောင်မြင်တဲ့ လုပ်ငန်းပိုင်ရှင်၊ သူ့မိသားစုနဲ့သူ ဘယ်လိုမှ သူ့ဘဝထဲ ဝင်လာနိုင်မှာ မဟုတ်တဲ့သူ။

တနေ့ သူ့ ညာဘက်လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကို ဝမ်းပန်းတသာ ပြရှာတယ်။ အဲဒါကို ကျန်တဲ့သူတွေက "ဒါဆို ငါတို့ ဘယ်တော့ စားရမှာလဲ" ဝိုင်းမေးကြတဲ့အခါ သူက မချိပြုံးလေးနဲ့ ရှက်သလိုလို လုပ်နေရှာတယ်။ ကျမမှာ ကျန်တဲ့သူတွေကို ဆက်မမေးဖို့ မျက်ရိပ် ပြရတော့တာ။ သူလည်း အဲဒီတနေ့လုံး မျက်နှာလေး ပျက်ပျက်နဲ့ပေါ့။

သူ တော်တော် အထီးကျန်မှာပဲ။ အိမ်တအိမ်လုံးထဲမှာ သူတယောက်ထဲ၊ ရည်းစားက တခါတလေ အိမ်လာသတဲ့။ ဒါပေမဲ့ ဘယ်လိုမှ မနီးစပ်နိုင်မှန်း သေချာနေတဲ့ သူ။ သူလည်းပဲ သူများ အိမ်ထောင်ရေး ဘယ်ဖျက်ချင်ရှာမလဲလေ...ဒါပေမဲ့ ကံအကြောင်းတွေ ပါလာတော့ မလွတ်လပ်သူနဲ့မှ လာဆုံဆည်းရတယ်။ ဟိုလူကလည်း လက်ထပ်ယူဖို့အထိ မရည်ရွယ်ဘူး ထင်ပါရဲ့။ ကျမဖြင့် သူ့အကြောင်း ကြားရတာ ရင်ထဲ မွန်းကြပ်လို့လာတယ်။ သူ့ကို တကယ် မြတ်မြတ်နိုးနိုး လက်ထပ်ယူနိုင် တဲ့သူနဲ့ တွေ့စေချင်လှတယ်။

ဘယ်လိုပဲ ကိုယ်ရေးကိုယ်တာနဲ့ အလုပ် စည်းခြားထားတယ်ပဲ ဆိုဆို အနည်းအကျဉ်းတော့ လွှမ်းမိုးမှု ရှိနေမှာပါပဲ။ ဒါ့ကြောင့် သူဟာ တခြားအမျိုးသမီးတွေရဲ့ ပြေလည် အောင်မြင်တဲ့ မိသားစုဘဝတွေအပေါ် သူ ခံစားမပေးနိုင်တာ။ အဲဒီစိတ် အခြေခံက သူ့စိတ်ကို ချယ်လှယ်ထားတော့ အလုပ်ထဲမှာ ဘာကိုမဆို သူ စိတ်တိုင်းမကျ ဖြစ်နေတော့တာ။ နောက်ပိုင်းတော့ သူ့စိတ်ကို နားလည်လာတဲ့အခါ သူ နဲ့ ကျမ ဆက်ဆံရေး အရမ်း ပြေလည်လာခဲ့တယ်။ ဒါတောင် တခါ ပြဿနာ ဖြစ်လိုက်ပါသေးတယ်။

အလုပ်ထဲမှာဆို လူတိုင်းက သူ့ schedule-အချိန်ဇယားနဲ့သူ သွားနေကြတာပဲ မဟုတ်လား။ ကျမမှာလည်း ရှိပါတယ်။ လုပ်စရာ အလုပ်တွေ သိတ်ပြုံကျလာတဲ့အခါ ဘာကို အရင်လုပ်ရမှန်း မသိအောင် ဖြစ်တတ်ကြပါလိမ့်မယ်။ ကျမကတော့ အရင်ဆုံး စိတ်ကို အေးအေးထား၊ ပြီးမှ အလုပ်တွေကို ခေါင်းစဉ်တပ်၊ ပလတ်စတစ်ဖိုလ်ဒါလေးတွေထဲထည့် ပြီးမှ ဘယ်ဟာ အရေးကြီးဆုံးလဲဆိုတာ ရွေးချယ်ပြီး ပထမဦးစားပေး၊ ဒုတိယဦးစားပေး အဲသလို အစဉ်လိုက် နံပါတ်တပ်ပြီး လုပ်လေ့ရှိပါတယ်။

Paper work တွေကို မနက်ပိုင်းမှာ လုပ်လေ့ရှိပြီး ထမင်းစားချိန်နောက်ပိုင်းကျမှ အကြွေး တောင်းလေ့ရှိပါတယ်။ အဲဒီ အချိန် ခန့်ခွဲမှုက သိတ်အရေးကြီးပါတယ်။ ကိုယ့်ကပ်စတမ်မာရဲ့ အထာကို သိအောင် အားထုတ်ဖို့လိုပါတယ်။ လတလရဲ့ ဘယ်ရက်တွေမှာ သူတို့ ပိုက်ဆံပေးဖို့ ပြင်ဆင်လေ့ရှိသလဲ၊ ဘယ်အချိန်တွေ ဖုန်းခေါ်ရင် အဆင်ပြေမလဲ စသဖြင့်ပေါ့...။ များသောအားဖြင့် ကပ်စတမ်မာတွေက မနက်ပိုင်း အကြွေးတောင်းခံရရင် မကြိုက်ကြပါဘူး။ နေ့လည်ပိုင်း ထမင်း စားပြီးချိန်ဆို စိတ်ကြည်လင်နေကြတာ၊ ပြီးတော့ အဲဒီအချိန်ဆို ဖုန်းစကား ပြောရတာကလည်း အိပ်ချင်ပြေစေတယ်လေ...။

တနေ့ သူက နောက်ကနေ တချိန်လုံး ဟိုစာရင်း မပြီးသေးဘူးလား၊ ဒီစာရင်းကိုတော့ဖြင့် ခုလိုချင်တယ်နဲ့ တဂျီဂျီ လုပ်နေပါတော့တယ်။ လကုန် စာရင်းပိတ်ရက်ဆိုတာကလည်း အလုပ်များလွန်းချိန်မို့ လူတိုင်းလိုလို ရေဆူ အမှတ်ကို ရောက်နေကြချိန်လည်း ဖြစ်လေတော့ ကျမရဲ့ သည်းညည်းခံနိုင်စွမ်းတွေ၊ သူ့အပေါ် နားလည်နိုင် မှုတွေ လျော့ပါးသွားပါတော့တယ်။ ကျမထိုင်ခုံကို နောက်လှည့် သူနဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်ပါတယ်။

"အီဗွန်း ငါသိတယ် ငါ့မှာလည်း ငါ့ဇယားနဲ့ငါ လုပ်နေတာပဲ နင် ဘာကို အရင်လိုချင်တာလဲ အားလုံး တပြိုင်နက်ထဲတော့ မရနိုင်ဘူး ငါ့မှာ ဒီလက်နှစ်ဘက်ပဲ ရှိတယ်"

ကျမ စိတ်တိုတိုနဲ့ တရစပ် ပြောချလိုက်ခဲ့တာ။ ကျန်တဲ့သူတွေလည်း မသိမသာ လှည့်ကြည့်ကုန်ကြတယ်။

"အားလုံးကိုလည်း ငါ အခု လိုချင်တယ် မပြောပါဘူး၊ Bank Charges-ဘဏ်စရိတ်တွေ မကိုက်လို့ ဘာမှားနေလဲ စစ်ချင်လို့ နင့်စာရင်းကို တောင်းတာ"

"အေးလေ ခဏလောက် စောင့်ပါလား ခု လက်ရှိ ငါ အသေးသုံးစာရင်းကို ပိတ်နေလက်စမို့လို့ ဒါပြီးရင် နင်လိုချင်တာ လုပ်ပေးမှာပေါ့"

"မလိုချင်ဘူး နင့်ဟာ ဘေးဖယ်ထားလိုက် ဘဏ်စာရင်းကို အရင်လုပ်ပေး"

"ဆောရီးပဲ ငါ့လစာ နင်ပေးနေတာ မှုတ်ဘူး ကုမ္ပဏီက ပေးတာ၊ အဲဒီအတွက် နင့်စကား ငါနားမထောင်နိုင်ဘူး နင်လိုချင်ရင် စောင့် ဒါပဲ"

ကျမစကား တော်တော်ရင့်သွားမှန်း သိလိုက်တယ်။ မတတ်နိုင်ပါဘူး စကားကျွံရင် နှုတ်လို့မရ ဆိုသမို့လား။ သူလည်း ကွက်ကနဲ မျက်နှာပျက်သွားပြီး ဘာမှ ဆက်မပြောတော့ဘူး။ အဲဒီတခါကတော့ ကျမ သူနဲ့ ဖြစ်ခဲ့သမျှထဲမှာ အပြင်းထန်ဆုံးပါပဲ။ ကျန်တဲ့သူတွေက ကျမ အဲသလို ပြန်ပြောလိုက်တာကို ဝမ်းသာနေကြသတဲ့။ ဘာလို့ဆို သူ့ကို သူဌေးဂိုက် ဖမ်းလွန်းလို့ အမြင်ကတ်နေကြတာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အထက်လူကို အဲသလို ပြန်မပြောသင့်ဘူး မဟုတ်လား... ဆိုတော့ ငယ်တဲ့သူအနေနဲ့ ကျမကပဲ စ တောင်းပန်လိုက်ပါတယ်။ ကျမ သူ့ကို ပြန်နှုတ်လှန်ထိုးသလို ကျန်တဲ့သူတွေ လိုက်မလုပ်စေချင်တာလည်း ပါပါတယ်။ အဲသလိုမှမဟုတ်ရင် ဌာနတခုလုံးအပေါ် သူ အုပ်ချုပ်ရတာ ခက်သွားမယ်လေ။ ဒါ့ကြောင့် ကျမ ပြန်တောင်းပန်လိုက်တာပါ။ သူက သူလည်းပဲ မှားသွားတဲ့အကြောင်း နဲ့ စိတ်ထဲမထားဖို့ ပြောလာပါ တယ်။ နှစ်ယောက်သား ပြန်အဆင်ပြေသွားတယ် ဆိုပါတော့။

ကျမ သတိထားမိတာက အမျိုးသား နဲ့ အမျိုးသမီး အထက်လူမှာ (ကျမကိုယ်တွေ့ကို ပြောတာပါ အားလုံးအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်) အမျိုးသမီးက ပေါင်းသင်းရတာ ပိုခက်ပါတယ်။

ဂျယ်ရီက ပြဿနာ တခု ဖြေရှင်းတဲ့နေရာမှာ သူ့အမြင် အရင်ချပြတယ်။ ပြီးမှ ကိုယ့်အမြင် ကို မေးတယ်။ နှိုင်းယှဉ်ပြ တယ်။ ရေရှည်မှာ ဖြစ်နိုင်ခြေ ဘယ်လိုဆိုတာ တွက်ပြတယ်။ ညှိညှိ နှိုင်းနှိုင်း ရှိတယ်။ သူ့ရဲ့ အမျိုးသမီး စတပ်ဖ်တွေ လှပသပ်ရပ်နေတာကို ကြိုက်တယ်။ မင်း အသုံးမကျဘူး လို့ ဘယ်တော့မှ တိုက်ရိုက်မဆူဘူး၊ မှားသွားတဲ့သူ အနေခက်အောင် ရလာတဲ့ဆိုးကျိုးတွေ ကို ထောက်ပြတတ်တယ်ဆိုတော့ အမှားလုပ်မိတဲ့ သူခမျာ အနားမှာ ကြိုးတချောင်း သာရှိရင် ကိုယ့်လည်ပင်းကိုယ် စွတ်ပြီး ခုန်ချသေချင်လောက်အောင် အပြစ်ရှိသူကြီး ကိုယ်ရယ်ပါ လို့ ဝန်ခံရတော့တာ။ ဂျယ်ရီက အဲသလို ပညာသားပါတယ်။

အီဗွန်းက သူ့နည်းလမ်းနဲ့ ဖြေရှင်းမှ ရလာဒ်ကောင်းမယ် ယူဆနေတတ်သူ၊ အမျိုးသမီး စတပ်ဖ်တွေ လှလေ သူက ရန်လိုလေ၊ သူ အင်တာဗျူးရင် ရုပ်ချောချော ကောင်မလေးတွေ သူ ပယ်ချလေ့ရှိတယ်။ အမှားလုပ်မိရင် လုံးဝ သုံးစားမရတော့သလို ဆူတတ်တယ်။ အလုပ်မပြီးရင် "ဒီနေ့တနေ့လုံး နင် ဘာလုပ်နေသလဲ" လို့ မညှာမတာ မေးတတ်သေးတယ်။ တကယ်တော့ တနေ့လုံး တကုပ်ကုပ် အလုပ် လုပ်နေတဲ့သူတွေအဖို့ အဲဒီစကားက မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလို အင်မတန် နာကျင်စေတာပါ။ တခါတခါ သူဌေးတွေ ကြားဖြတ်ခိုင်းတာတွေ ရှိတဲ့အခါ ပြီးဖို့မှန်းထားတဲ့ ကိုယ့်အလုပ်တွေ အချိန်မီ မပြီးနိုင်တော့တဲ့ အခါမျိုးတွေမှာပေါ့။

ဂျယ်ရီက သေးသေးမွှားမွှား ကိစ္စလောက်ကို မျက်စေ့မှိတ်ထားတတ်ပေမဲ့ အီဗွန်းက အစဆွဲ ထုတ်တတ်တဲ့သူ။ အဲသလို ကွာခြားပါတယ်။ အဲဒါက ကျမ ကြုံတွေ့ရဖူးတဲ့ သူနှစ်ယောက်ကို ယှဉ်ပြောပြတာပါ။ တကယ်တော့ ယောင်္ကျား-မိန်းမ ဆိုတာထက် တဦးချင်းစီရဲ့ စရိုက်၊ ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံ၊ ခံယူချက်နဲ့ ရပ်တည်မှုတွေပေါ်မှာလည်း အများကြီး မူတည်နေမှာပါ။

အဲဒီ အလုပ်မှာ ကျမ ၈ နှစ်ကျော် ကြာခဲ့ပါတယ်။ အမျိုးသား နောက်အလုပ်ပြောင်းတော့ အရှေ့အနောက် အတော်ဝေးသွား တာမို့ ကျမတို့ အိမ်ကိုလည်း သူ့အလုပ်နဲ့ နီးတဲ့နေရာနား ပြောင်းငှားလိုက်ရပါတယ်။ ကျမ အလုပ်နဲ့တော့ ဝေးသွားတာကြောင့် ပထမအလုပ်က ထွက်ပြီး လက်ရှိအိမ်နဲ့ အနီးအနားမှာပဲ နောက်အလုပ်တခု ထပ်ရှာဖြစ်ပါတယ်။ ကျမ နောက်ထပ် အလုပ် ဝင်ရတဲ့ ကုမ္ပဏီက Procter and Gamble ပါ။ တော်တော်များများ ကြားဖူးကြပါလိမ့်မယ်။ အိမ်တိုင်းလိုလိုမှာ အဲဒီ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ ရှိနေကြမှာ သေချာသလောက်ပါပဲ။ နောက် အထက်လူ-၃ မှာ အဲဒီ ကုမ္ပဏီက အထက်လူ အကြောင်း ရေးပါအုံးမယ်...။


21 comments:

သဒ္ဓါလှိုင်း said...

အမချစ်ရေ..
အလုပ်ရဲ့အတွေ့အကြုံလေးတွေကိုဗဟုသုတဖတ်သွားပါတယ်..။
ဒီလိုပဲအထက်လူနဲ့ကြုံရင်ဘယ်လိုတုံ့ပြန်သင့်သလဲဆိုတာမှတ်သားရတာပေါ့.

ခင်တဲ့
သဒ္ဓါ

Vista said...

း) ... ဆက်ပါဗျို့ 

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
ကျော်ခွတဲ့ proxy ကြောင့် လောလောဆည်အဆင်ပြေသွားလို့ ကော်မန့်ပေးလို့ရနေပြန်ပြီ.. ညီမလဲ လုပ်ငန်းခွင်မှာ အထက်လူအမျိုးမျိုးနဲ့ ဆုံးခဲ့ဖူးပါရဲ့ တစ်ချို့ဆို စိတ်ပျက်လို့ ပြန်မပြောချင်လောက်အောင်ကိုဘဲ..
စကားမစပ် ဘလော့ကို လင့်အသစ်ပြန်ပြောင်းချိတ်ပေးပါနော်..
့http://www.missgreenlady.com လေးနဲ့လေ..
း)

ဧပရယ်လ်ပူး@ပူးတေ said...

ခြုံပြောရမယ်ဆိုရင် ရုပ်ဆိုးတယ် ဆိုတဲ့ ထဲက ငါးမူးဖိုးလောက် ပြန်နှုတ်၊ ရွက်ကြမ်းရေကျို ဆိုတဲ့ထဲက တမတ်ဖိုးလောက် နှုတ် အဲဒီနှစ်ခု အလယ်လောက်မှာ သူရှိပါတယ်

ဟီးဟီး မမ ပြောတဲ့ ငါးမူးဖိုးလဲ နှုတ်လိုက်တယ်... တမတ်ဖိုးလဲ ထပ်နှုတ်တယ်... ဘာပုံပေါ်လဲတော့မသိဘူး... ပုံပါဆွဲပြမှရမယ်နော်.. မဖော်တတ်ဘူး.....:)

နေ၀သန် said...

စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံလေးပါပဲဗျာ...။ ဖတ်ရင်းနဲ့ ကျွန်တော်ဖြစ်ခဲ့ဘူးတာတွေတောင် ပြန်သတိရမိတယ်...။

ခင်မင်တတဲ့
နေ၀သန်

ကိုဇော် said...

နံပါတ် ၁ မှာကတည်းက စဉ်းစားမိတယ်။
တကယ်လို့ ဒီပို့စ်လေးသာ Tag ပို့စ်လေး ဖြစ်မယ်။
Tag ခံရသူတိုင်းလည်း အတ္တရှင်းရှင်းနဲ့ ရေးသားဖြစ်ခဲ့မယ် ဆိုရင် . . .
ဒီပို့စ်ဟာ နောင်လာနောင်သားတွေ အတွက် အကျိုးရှိစေမဲ့ ပို့စ်လေးပဲလို့။
လူတိုင်းမှာ ကိုယ်ပိုင်အတွေ့အကြုံလေးတွေ ရှိတတ်ကြတယ် မဟုတ်လား။
ဒါပေမဲ့ ချမပြရဲကြတာ. .
( အမရေးသမျှထဲမှာတော့ ဒီပို့စ် ကို အကြိုက်ဆုံးပါပဲ။ )

ပျော်ရွှင်ပါစေ
ကိုဇော်

mg lay said...

အမရေ... ကျွန်တော့်သူဌေးနဲ့ အီဗွန်းကတချိုးတည်းပဲ။ကွာသွားတာကကျွန်တော့်
သူဌေးက ယောင်္ကျားဖြစ်နေတာပဲ။ပြဿနာတခုကိုသူ့နည်းလမ်းနဲ့ဖြေရှင်းမှကြိုက်
တယ်။သေးသေးမွှားမွှားလေးတွေကို ပုံကြီးချဲ့တတ်တယ်။အလုပ်မှာသူနဲ့ဘယ်
သူနဲ့မှ အဆင်မပြေဘူး။အလုပ်အရမ်းရှုပ်လေ ပိုဆိုးလေပဲ။အဲ အလုပ်တခု
အောင်အောင်မြင်မြင်ပြီးသွားရင်တော့ စောစောက ပြောဆိုအော်ဟစ်နေတာ
သူမဟုတ်သလိုလို..။စိတ်ဖိစီးမှု အရမ်းများလို့ ဖြစ်တယ်လို့ ကျွန်တော်ကတော့
ဖြေတွေးပေးလိုက်မိတာပါပဲ အစ်မရေ..........

Anonymous said...

အမက P&G မှာ အလုပ်လုပ်ဘူးတာကိုး

အင်ကြင်းသန့် said...

အပိုင်း(၂)လည်း ကောင်းတာပဲ။ မမတို့လို အကြီးတွေဆီက ဒီလိုအတွေ့အကြုံတွေကို မျှဝေပေးတော့ ညီမလေးတို့အနေနဲ့ ဗဟုသုတလည်းရတယ်....ကိုယ်ကိုယ်တိုင်ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့လာရင် ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတဲ့ အသိလေးကိုပါရတယ်.....နောက်ဆက်တွဲ မျှော်နေမယ်ဗျို့....

ဂျင်း

ညီမလေး said...

အလုပ်လုပ်ရတာလဲ မလွယ်ဘူးနော် ... ဆက်ရေးပါအုန်းး ထပ်ဖတ်ချင်ပါသေးတယ် ။။
နောက်ပြီး မမချစ်ကြည်အေးရဲ့ ဘယ်သူသေသေ ကြိုကိုက်တယ် ....ထိုးသူလဲမိုက်တယ် ရောင်းသူလဲမိုက်တယ် ဘယ်သူသေသေဆိုတဲ့ သူတွေလဲ မိုက်တယ် ... ဒါပေမဲ့ အဲ့ဒါရေစီးကြောင်းကြီးကိုပြင်ဖို့ တော်တော်ခက်ပါတယ် မမချစ်ကြည်အေးရယ် ....

ကလူသစ် said...

တခါတုန်းက အလုပ်သွားလျှောက်တာ အလုပ်ရှင်က အမျိုးသမီးဖြစ်နေတာနဲ့ အိမ်နဲ့အလုပ်နဲ့ တော်တော်နီးတာကိုတောင် မငှဲ့နိုင်ဘူး လှည့်ပြန်လာခဲ့ဘူးတယ်။ လေဒီဘောစိတွေများ စိတ်ညစ်လွန်းလို့

T T Sweet said...

အမျိုးသမီးဘော့စ်နဲ့တစ်ခါမှ အလုပ်မလုပ်ဖူးဘူး။ အလုပ်ကလဲ Mechanical Engineer ကိုး။ တစ်ခါသားတော့ အလုပ်မှာ ဘော့စ်နဲ့ အဆင်မပြေလို့ အလုပ်ရှာတာ။ အင်တာဗျူးတဲ့ ဘော့စ်က အမျိုးသမီးဖြစ်နေလို့ သူ့ထက်ကဲ ရွှေပြည်စိုးဖြစ်မစိုးလို့ ငြင်းလိုက်ရတယ်။

ဒီပို့စ်လေး သိပ်ကြိုက်တယ်။ဖတ်လို့အရမ်းကောင်းတယ်။ အငယ်တွေအတွက် အတွေ့အကြုံရတာပေါ့။

ရွှေရတုမှတ်တမ်း said...

သဘောချင်းနှောလိုက်လေ... မမဘောဘောစိတွေကို ..သားသားကြောက်ကြောက်....

Moe Cho Thinn said...

ရေးထားတာလေး ဖတ်ကောင်းလိုက်တာ..
လူရဲ့ စိတ်က ကွာသွားတာဖြစ်ပါလိမ့်မယ်။ ချိုသင်းအတွေ့အကြုံအရ မိန်းမဆို ပို အလွမ်းသင့်တာ..

su su said...

ဘ‌လော့‌တွေ‌လျောက်လည်ရင်းနဲ့ပထမဆုံးေ ရာက်ဖူးတာပါ။
စာ‌ရေး‌ကောင်းလွန်းလို့တစ်ထိုင်ထဲနဲ့အများကြီးဖတ်ပစ်လိုက်တယ်။
အထက်လူ ၂ ကအီဗွန်းလိုအမျိုးသမီးမျိုးတို့လဲ‌တွေ့ဘူးတယ်။
မိန်းက‌လေး‌တွေနဲ့စကား‌ပြောရင်မျက်နှာတည်၊အသံမာနဲ့ ၊‌ယောက်
ကျား‌လေး‌တွေနဲ့ဆိုရင်ချွဲပျစ်လို့ ၊‌နောက်မှသိရတာသူက‌ယောက်ကျားနဲ့ 
ခွဲ‌နေရလို့သူများ‌တွေကို‌ဂျေဝင်ေ
နတာဆိုဘဲ။အလုပ်ထဲမှာလဲသူလိုချင်ရင်ချက်ချင်းရမှ၊သူလုပ်တာအမှန်၊
တကယ်မလွယ်ဘူး......ရူးနိုင်တယ်။

Thant said...

အသိအစ်မတစ်ယောက်ကပြောဘူးတယ်...အထက်လူကရစ်လို့တဲ့ တနင်္လာမနက်ဆိုရင် ရုံးမသွားချင်လို့ ကိုယ့်ကိုကိုယ်တောင်သတ်သေချင်တယ်တဲ့.....

shwezinu said...

ချစ်ကြည်အေးရေ ဖတ်သွားတယ်နော် ရွှေစင်ဦး လည်း လင့်ခ်ပြောင်းနေလို့ အလုပ်ရှုတ်နေတယ်

သက်ဝေ said...

Lady Boss တွေ ဆိုးတယ်လို့တော့ ကြားဖူးတယ်... ကိုယ်တိုင်မကြုံရသေးတော့ ဘယ်လိုဆိုးမှန်း မသိသေးဘူး...
ပုံမှန်ကတော့ အမျိုးသားတွေထက်စာရင် အမျိုးသမီး ဘော့စ်တွေက ပိုပြီး ဇီဇာကြောင်နိုင်တယ်လို့ ထင်တာပဲ...း))

ဇွန်မိုးစက် said...

ဇွန်ကြုံခဲ့ရတဲ့ လေဒီဘော့စ်က စိတ်မြန်လက်မြန်သွက်လက် ထက်မြက်လွန်းလို့ သူ့နောက်က လိုက်ရတဲ့သူက အရမ်းမောတာပဲ အစ်မရေ။ ဇွန့်အတွေ့အကြုံရလည်း အမျိုးသာဘော့စ်က ပိုကောင်းတယ်။

အပိုင်း (၃) ဆက်ပါဦး။

ချိုကျ said...

အစ်မရေ...နောက် post ကိုမျှော်နေမယ်နော်။

ခင်တဲ့(ချိုကျ)

လသာည said...

အစ်မချစ်ရဲ့ အတွေ့အကြုံတွေ ဖတ်မှတ်သွားပါတယ်။ အတုယူမှတ်သွားတာလည်း ရှိသေးတယ် “လုပ်စရာတွေ ခေါင်းစဉ်တပ် ပလပ်စတစ်ဖိုလ်ဒါထဲထည်ပြီး အရေးကြီးတာကို ပထမဦးစားပေး ဒုတိယဦးစားပေး အစဉ်ရွေးထုတ်လုပ်တယ်“ဆိုတာလေ။

ကျေးဇူးအများကြီးပါ အစ်မ။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်