Monday, June 14, 2010

အထက်လူ

လူအတော်များများမှာ ကိုယ့်အထက်လူကို အစာမကြေတတ်တဲ့ စိတ်အခြေခံလေး ရှိတတ်ကြ တယ်။ အထက်လူ ဆိုတာကလည်း ကိုယ်ပိုင်စီးပွားရေး လုပ်လို့ ကိုယ်တိုင်ကမှ ဘော့စ် မဖြစ် နိုင်သေးသ ၍တော့ မလွှဲမရှောင်သာ ပတ်သက်နေရအုံးမဲ့ လူတန်းစားတရပ်ပါပဲ။ ကိုယ့်ရာထူး အပေါ်မူတည်လို့ တယောက်မကတဲ့ အထက်လူတွေ ရှိနေနိုင်ပါတယ်။ ဒီတော့ သူတို့နဲ့ လုပ် ခွင် မှာ လိုက်တသင့် ဆက်အဆံလေး ရှိနေဖို့ဆိုတာ သိတ်လိုအပ်ပါတယ်။ "အ" သုံးလုံး ဆိုပါတော့။ ဒီနေရာမှာ ဖော်လံဖားရမယ်လို့ ဆိုလိုရင်း (လုံးဝ) မဟုတ်ပါ။

ကျမ စလုံးမှာ ပထမဆုံးအလုပ် ဝင်တုန်း (အလုပ်သမားပါးမဝသေးခင်)က ဆိုပါတော့။ အဲဒီတုန်းက ကြုံခဲ့ရတာလေးတွေ ပြောချင်လို့ပါ။ ကျမက စာရင်းဋ္ဌာနမှာ ရရန်ရှိစာရင်း ကိုင်ရပါတယ်။ အရပ်စကားနဲ့ပြောရရင်တော့ ကပ်စတမ်မာဆီက ရဖို့ပိုက်ဆံ အကြွေးတောင်းရတာပါ။ ကုမ္ပဏီမှာ သူုဌေး ၃ယောက် ရှိပါတယ်။ မလေးလူမျိုးတယောက်က Sleeping Partner မို့ Board Meeting ရှိမှ ၃လ တခါလောက်ပဲ သူ့မျက်နှာ မြင်ရပေမဲ့ ကျန်တဲ့ ၂ယောက် ကုလားသူုဌေး နဲ့ တရုတ်သူုဌေး ကိုတော့ နေ့စဉ် တွေ့မြင်ဆက်ဆံနေရပါတယ်။ ပြီးတော့ ကျမအထက်မှာ စာရင်းကိုင် အပျိုကြီး စလုံး တရုတ်မတယောက် ရှိပါသေးတယ်။ သူတို့ ၃ယောက် လက်အောက်မှာ ဘေးကြပ်နံကြပ် လုပ်ခဲ့ရတာ။ ခုပြန်တွေးမိတော့ သူတို့ကို လွမ်းဆွတ်စွာ ကျေးဇူးတင်မိပါတယ်။ နီးနေလို့ မမြင်သာခဲ့ရပေမဲ့ ဝေးသွားတဲ့အခါ သူတို့ ကိုယ့်အပေါ် ကောင်းခဲ့ပုံလေးတွေကို ပြန်စဉ်းစားမိခဲ့လို့ပါပဲ။

ကျမတို့က ကုလား နဲ့ တရုတ်သူုဌေး ၂ယောက်ကို တွန် နဲ့ ဂျယ်ရီ လို့ နာမည်ဝှက်ပေးထားကြတယ်။ မတည့်အတူနေတွေ မို့လို့ပါ။ ဂျယ်ရီလို့ နာမည်တွင်တဲ့ တရုတ်သူုဌေးကို ကျမ တိုက်ရိုက် ရီပေါ့တင်ရပါတယ်။ အဲဒီမှာ သူနဲ့ကျမ ဖြစ်ပုံ အစုံစုံက ဒီနေ့ထိ မမေ့နိုင်အောင်ပါပဲ။ သူုဌေးပီပီ " ရေဗူးပေါက်တာ လာမပြောနဲ့ ရေပါတာပဲလိုချင်တယ်" ဆိုတဲ့ အစားမျိုးပါ။ ကျမ စာရင်းကိုင် အပျိုကြီးကတော့ ကွယ်ရာမှာ "His ego is as big as a sea, you better be careful- "သူ့အတ္တက ပင်လယ်လောက်ကျယ်တယ် နင် သတိထား" လို့ကျမကို သတိပေး သလိုလိုနဲ့ အတင်းတုပ်တတ်ပါတယ်။

သောကြာနေ့မနက် သူနဲ့အတူ ရီပေါ့ (Aging Report) ကို ရီဗြူး (Review) လုပ်တဲ့အခါတိုင်း အနဲနဲ့အများ စိတ်ညစ် ရလို့ သောကြာနေ့ဆို ရုံးမတက်ချင်လောက်အောင် ဖြစ်ခဲ့ဖူးပါတယ်။

"ဘာဖြစ်လို့ ဒီကပ်စတမ်မာက ပိုက်ဆံမပေးသေးတာလဲ"

"ငါတောင်းတယ် သူတို့ ဒီလ ငွေမလည်လို့ (Cash Flow Problem) နောက်လမှ ပေးပါရစေတဲ့"

တကယ်လည်း အဲဒီတုန်းက အလုပ်ဝင်စမှာ ကပ်စတမ်မာကို ပြန်အထွန့်မတက်ရဲသေးဘူး၊ ပြီးတော့ မြန်မာစိတ် နဲ့ ကြွေးအတင်းတောင်းရမှာ အားနာမိတာလည်းပါတယ် ဆိုရမယ်။

"သူတို့ ငွေမလည်တာ ငါ့ကိစ္စမဟုတ်ဘူး ဒီပိုက်ဆံရမှ ဖြစ်မယ် ဒီလအတွင်း ငါ လိုချင်တယ် ခုဆက် ခုချက်ချင်း ငါ့ရှေ့မှာဆက်"

ကျမလည်း ညစ်ညစ်နဲ့ ကပ်စတမ်မာဆီ ချက်ချင်း ဖုန်းခေါ်ပြီး....

"ဆောရီးပဲ ငါ ဒီလမှ အဲဒီ ပိုက်ဆံမရင် ငါ့သူုဌေးက ငါ့ကို ကန်ထုတ်တော့မှာ-He will kick me out" လို့ ခပ်ကျယ်ကျယ်ပဲ ရွဲ့ပြောလိုက်တယ်။

ကိုရွှေသူုဌေး မျက်နှာက ပြုံးချင်နေတာကို အတင်း ရုပ်တည်ထားပုံနဲ့ "အိုခေ ကယ်ရီအွန်" ဆက်ပြောကြရအောင် လို့ဆိုရင်း ဆက်ဗြူးကြပြန်တယ်။

"ဒီတယောက်ကရော"

"အဲဒီ တယောက်က ရှင့်သူငယ်ချင်းတဲ့ သူ့နာမည် ရှင့်ကိုပြောလိုက် သူမပေးနိုင်သေးဘူး ဆိုတာ ရှင်သိတယ်တဲ့"

သူနဲနဲ တွေသွားပါတယ် ပြီးမှ...

"အိုခေ သူ့ဆီဖုန်းဆက် ဆောရီးပဲ ငါ့သူုဌေးကိစ္စ သူနဲ့ပဲရှင်းပါ ရရန်ရှိစာရင်းက ငါကိုင်ရတာမို့ လို့ တခုခုကြောင့် မပေးနိုင်တာဆိုရင် အကြောင်းရင်းကို ငါ့ကို အသိပေးနိုင်မလား လို့မေး၊ ခပ်မာမာပြော"

ကျမရှေ့ သူ့ဖုန်းကို ချပေးရင်း ဒီမှာပဲပြောလို့ ဆိုပါတယ်။

"ကောင်းသော နံနက်ခင်းပါ မစ္စတာရာဝုဖ် ရှင်ပေးရမဲ့ ပိုက်ဆံကို ကျမ ဒီလ မကုန်ခင် ရနိုင်မလားရှင်"


"ငါပြောပြီးပြီပဲ ငါမပေးနိုင်သေးတာ နင့်သူုဌေး သိတယ် သူ့မေးကြည့်လိုက်"

"ဝမ်းနည်းပါတယ် မစ္စတာ ရာဝုဖ် ကျမက အလုပ်သမား၊ ပိုက်ဆံတောင်းဖို့တာဝန် ရှိတဲ့သူ၊ ဘယ်လိုလုပ်ပြီး ကျမက သူုဌေးကို ပြန်မေးရဲမှာလဲ ကျေးဇူးပြုပြီး ရှင်ဘာ့ကြောင့် မပေးနိုင်တဲ့ အကြောင်းလေး ပြောပြပေးပါ"

"တော်တော် ခက်တဲ့မိန်းကလေးပဲ အိန္ဒိယက ငါရစရာရှိတာ ဒီလကုန်မှ ငါ့ဘဏ်ထဲကို ငွေရောက်မှာ၊ အဲဒီတော့မှ ပေးနိုင်မှာပေါ့"

"အိုခေ ကျေးဇူးပါ မစ္စတာ ရာဝုဖ် အဲဒီ ကွန်ဖန်မေးရှင်းလေး လကုန်ပြီးရင် ပေးပါ့မယ်ဆိုတာလေး ကျမကို e-မေးလ် ပို့ပေးရင် အရမ်းကျေးဇူးတင်မိမှာပါ"

"အို ခက်တာပဲ ငါက အခု အပြင်မှာ ကောင်းပြီလေ၊ ညနေ ရုံးရောက်ရင် ပို့လိုက်မယ် ဟုတ်ပြီလား ဒါမှမဟုတ် မနက်ဖြန်ပေါ့"

"ဟုတ်ကဲ့ အတိုင်းထက် အလွန်ပါပဲ ကျေးဇူးတင်ပါတယ်ရှင် ဘိုင်းဘိုင်"

သူက လက်မထောင်ပြပါတယ်။ အိုကေတဲ့ သဘော။ တယ်လီဖုန်းပေါ်က ပိုက်ဆံပေးဖို့ ကတိကို နှုတ်တရာ စာတလုံး ဆိုသလို ကျမက မေးလ်ပို့ခိုင်းပြီး ချည်လိုက်လို့ သူကျေနပ်သွားပုံပါ။

တခါတလေ သူ ကပ်စတမ်မာ ဗစ်ဇစ်သွားရတဲ့အခါ ကျမကို ခေါ်သွားလေ့ရှိပါတယ်။ အဲဒီအခါကျ သူက ဖော်မယ်လ် ဝတ်ခဲ့ဖို့ တရက် ကြိုတင် မှာလေ့ရှိပါတယ်။ အပေါ်က ရှပ်လက်ရှည်နဲ့ ဒူးအတိရှည်တဲ့ တိုက်စကပ်မျိုး ကျမ ဝတ်လေ့ရှိပါတယ်။ အဲဒီမှာ သူနဲ့ကျမက အရပ်တူတူပဲဆိုတော့ ယောင်္ကျားတယောက်အနေနဲ့ ပုတယ် ဆိုရမှာ။ ဒါပေမဲ့ ရုံးတွင်းစီး ဖိနပ်အပါးနဲ့ဆို သူက ပိုမြင့်နေသလို ထင်ရပါတယ်။ ယောင်္ကျားတို့ ဘုန်းကြောင့် ထင်ပါရဲ့။ ဒါကို သူနဲ့ အပြင်ထွက်ရင် ကျမက မညှာမတာနဲ့ ၃လက်မ ဒေါက် စီးချပါတယ်။ အဲဒီအခါကျရင် ကျမကို မသိမသာလေး မော့ပြောပြောနေရတဲ့ သူ့အပေါ် အနိုင်ရနေသလိုလို စိတ်ထဲ အူမြူး နေတတ်ခဲ့တာ။ ဘာမဟုတ်တာလေးနဲ့ပေမဲ့ အဲဒါကိုပဲ ကျေနပ်ခဲ့တာ။ မကောင်းလိုက်တဲ့ စိတ်များနော်...။

သူက သူုဌေးတို့ထုံးစံ ဖိအားပေးသူ ဆိုတော့ ကျမလည်း အဖိနှိပ်ခံတို့ထုံးစံ သူ့အပေါ် မကျေနပ်ချက်တွေ များခဲ့ တာပေါ့။ သောကြာနေ့မနက်တိုင်း သူမေးတတ်တဲ့ ကတ်တီးကတ်ဖဲ့ မေးခွန်းတွေကြောင့် ကျမ စိတ်ညစ်ခဲ့ရပေမဲ့ အဲဒီမေးခွန်းတွေကြောင့်ပဲ ပြဿနာတခုကို ထောင့်စေ့အောင် ကျမ ကြည့်တတ်ခဲ့ရပါတယ်။ အဲဒီနည်းနဲ့ သူ ကျမကို အမြင့်ရောက်အောင် ပို့ခဲ့မှန်း ဝေးမှသိခဲ့ရပါတယ်။ ခက်ခဲတဲ့ ကပ်စတမ်မာကို ဘယ်လို ဆက်ဆံရမယ်၊ ဖုန်းမခေါ်ခင် ဘာတွေ ပြင်ဆင်ရမယ်၊ ရီပေါ့ဘယ်လိုရေးရမယ် ဆိုတာကအစ သင်ပေးခဲ့သူပါ။ စကားမချို ပေမဲ့ သဘောထားပြည့်သူဆိုတာ ကျမ သိခဲ့ရပါတယ်။ အဲဒီတုန်းကတော့ အထက်လူအပေါ် တော်တော်လေး နားမလည်ခဲ့သူပါ။ တခုခုကို မကျေနပ်တိုင်း စိတ်အလှုပ်အရှားကို ရှေ့တန်းတင်ပြီး ခဏခဏ ထွက်မယ် တကဲကဲလည်း လုပ်ခဲ့ပါသေးတယ်။

လုပ်သက်လေး နဲနဲရလာတဲ့အခါမှာတော့ ကိုယ့်အထက်လူနဲ့ ဘယ်လို လိုက်လျောညီထွေအောင် နေရမလဲဆိုတာ အလိုလို သိလာပါတော့တယ်။ မုဆိုးစိုင်သင် ဆိုသလိုပါပဲ။ အထက်လူရဲ့ မျက်နှာ အရိပ်အကဲ၊ သူ့ရဲ့ ပြုမူတတ်ပုံ၊ စကားပြောဆိုလေ့ရှိတာတွေကို နားလည်ထားရင် အကောင်းဆုံးပါပဲ။ ကိုယ့်ဘက်ကလည်း ကိုယ်တိုင်ရဲ့စိတ်ကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ သဘောထား ရှိရပါမယ်။ အထက်လူကို အသားလွတ်ချဉ်ပြီး ကြည့်မရနေတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်တိုင် ဒီအလုပ်မှာ ပါတနာ တယောက်လို သဘောထားပြီး အလုပ်ရှင်နဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် မွေးရပါမယ်။

တယောက်ထက်ပိုတဲ့ သူုဌေးတွေအကြား ပဲလှော်ကြား ဆားညပ်မဖြစ် ရလေအောင် နေတတ်ရပါမယ်။ ဖြစ်နိုင်ရင် အလုပ်ထဲမှာ ဘယ်သူ့ရဲ့ လူအမွေးမှ မခံပါနဲ့။ ဒီအလုပ်က ထွက်လည်း အချိန်မရွေး နောက်အလုပ်ရှိသားပဲဆိုတဲ့စိတ်မျိုး မထားရင် အကောင်းဆုံးပါ။ ဂျပန်လူမျိုးတွေဟာ အလုပ်တခုမှာ ၁၀နှစ်ထက်မနည်း နေလေ့ရှိကြပါတယ်။ ခဏလေးနဲ့ အလုပ်ပြောင်းတာ အရည်အချင်းမရှိ၊ ရှက်စရာလို့ သူတို့က ခံယူကြသူတွေပါ။ သိတ်ဖိနှိပ်လွန်း၊ ဆိုးလွန်းတဲ့ အလုပ်ရှင်ဆိုရင်တော့ ပြောင်းဖို့ စဉ်းစားရမှာပါပဲ။ တတ်နိုင်ရင်တော့ အလုပ်ခဏခဏ ပြောင်းတာ မကောင်းသလို ကိုယ့်ရဲ့ စီဗီကိုလည်း အရုပ်မဆိုးစေချင်ပါဘူး။

ကျမ အဖေဆုံးတယ်လို့ သိရတဲ့နေ့က နှစ်ပတ်စာ ခွင့်စာရေး၊ သူမလာခင် သူ့စားပွဲပေါ် တင်ထားပြီး ဖြတ်ရမဲ့အလုပ်တွေ တွန်းလုပ်နေခဲ့ပါတယ်။ ကျမနာမည် အနားကပ်ခေါ်လိုက်သံကြားမှ သူ ကျမ စားပွဲထောင့်နားရပ်လို့၊ လက်ထဲမှာလည်း ကျမခွင့်စာ ကိုင်ထားလို့။ သူက မတ်တပ်နဲ့ စကားတွေ လာပြောနေတော့ ယဉ်ကျေးမှုအရ ကျမလည်း မနေသာပဲ သူ့ဘေးနား မတ်တပ်ရပ်ရင်း သူမေးသမျှ ဘာဖြစ်တာလဲ၊ အသက် ဘယ်လောက်လဲ၊ ဘာညာ အဲဒါတွေ ပြန်ဖြေလိုက်၊ သူ့ရှေ့ မျက်ရည် မကျအောင် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်နဲ့ပေါ့။ ဘယ်လိုမှ မမျှော်လင့်စွာပဲ ရုပ်ရှင်တွေမှာ ကြည့်ဖူးသလို အားငယ်နေတဲ့ မိန်းကလေးကို သူအားပေးလိုက်ပုံက ဘယ်လက်နဲ့ ရင်ခွင်ထဲ ဆွဲပွေ့၊ ခွင့်စာကိုင်ထားတဲ့ ညာလက်နဲ့ ကျမကျောကို ပုတ်၊ အဲသလို လုပ်လိုက်တာ။ ကျမလည်း အဲသလို အားပေးပုံ တခါမှ မခံခဲ့ရဘူးဆိုတော့ ကြောင်အအနဲ့ မျက်ရည်တွေတောင် သူ့ရင်ဘတ်စိုအောင် ငိုမိခဲ့တော့တယ်။ အဲဒီတော့မှ ကျမရဲ့ ရှေ့ခုံ၊ နောက်ခုံ နဲ့ ဘေးခုံက လုပ်ဖော်ကိုင်ဖက်တွေ အနားရောက်လာကြပြီး နောက်ကနေ ကျော၊ ပုခုံးပုတ်သူပုတ်၊ ကျမ လက်ဖဝါးကို ဆုတ်ကိုင်အားပေးသူ အားပေးနဲ့ ဖြစ်သွားကြပါတယ်။ သူတို့စိတ်ထဲ အိမ်နဲ့ဝေးနေတဲ့ မိန်းကလေးတယောက်ရဲ့ ဖခင်ဆုံးပါးမှုအပေါ် ဂရုဏာသက်မိ ကြတယ် ထင်ပါရဲ့။

ဖြစ်ခဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကတော့ အများကြီးပေါ့လေ။ စိတ်အခန့်မသင့်လို့၊ အလုပ်မှားလုပ်လို့ အဆူခံရ၊ ငိုရ၊ ကိုယ်မှန်တယ် ထင်တာတွေအတွက် ပြန်ငြင်းရခုန်ရနဲ့ အများကြီးပါပဲ။ သတိရရင် ရသလို ရေးပါအုံးမယ်။ အဲဒါ ကျမရဲ့ ပထမဦးဆုံးသော သူုဌေးနဲ့ ပတ်သက်တဲ့အတွေ့အကြုံပါ။ စလုံးမှာ ၁၃နှစ်နေလာတာ ခုလက်ရှိ အလုပ်က ၃ခုမြောက်ပါ။ နောက်အလုပ်တွေမှာ ကြုံရတဲ့ အထက်လူတွေအကြောင်းကိုလည်း ကြုံရင် ကြုံသလို ပြောပြပါအုံးမယ်။


28 comments:

Phyo Maw said...

သူဋ္ဌေး လား သေဋ္ဌေးလား jie jie
သေမှ ဋ္ဌေး အဲလေ ရှုပ် ကုန်ပြီ။
အလုပ်မရသေးတော့ ဘော့နဲ့ကိစ္စတွေ မသိသေးတော့ ဖတ်ရတာ အတွေ့အကြုံရတယ် ပြောရမလား =D ကြုံသလို ဆက်ပါ။

Vista said...

လူကောင်းပါပဲ ..

SHWE ZIN U said...

ဒေါ်ချစ်ကြည်အေး ရေ

ဖတ်ရတာကောင်းတယ် ဆက်ပြီး တခြားသူဌေးတွေ အကြောင်းရောရေးပါအုန်း...

ခင်မင်တဲ့
ရွှေစင်

မောင်မိုး said...

အင်းး အခုတော့ ပဲလှော်ကြားမှာ လေမလည်မိအောင်နေတတ်ခဲ့ပြီပေါ့။

မိုးငွေ့...... said...

အမချစ်ပို့စ်လေးကောင်းတယ် ခုမှအလုပ်သွားလုပ်ခါစလူတွေအတွက်တော့ အတွေ့ကြုံသစ်တစ်ခု သင်ခန်းစာတစ်ခုရစေတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ချစ်ကြည်အေး said...

ဟုတ်တယ် ဖြိုးမော်ရေ သူဌေးပါ သူု+ဌေး ပါ:) ကျေးဇူးပါ အမ ပြင်လိုက်ပါပြီ

သက်ဝေ said...

ကိုယ့်အတွေ့အကြုံလေးတွေကို အဲဒီလို ရေးပြတာ ဖတ်လို့ကောင်းလိုက်တာ... နောက်လဲ ဆက်ရေးပါအုံးနော်...း))

ခိုင်နုငယ် said...

အမရေ..အမစာလေးဖတ်ရတော့
ကိုယ့်အတွေ့အကြုံအဖြစ်အပျက်လေးကွင်းကွင်းကွက်ကွက်မြင်မိတယ်။
ကျနော်တို့သူဌေးများလည်းဟုတ်ပ..ရေဘူးပေါက်တာမလိုချင်ဘူး...ရေပါတာပဲလိုချင်တဲ့လူ..ကျနော့်အလုပ်ကတော့customerဆီကပိုက်ဆံကိုတိုက်ရိုက်
တောင်းရတာမဟုတ် ကြားထဲမှာ Marketing တွေရှိတယ်။
ကမ်စတမ်မာဆီကမရသေးတဲ့ပိုက်ဆံကို marketing ကနေတဆင့်တောင်းရတာ..အဲမာကတ်တင်းကလည်း..သူဌေးသားနဲ့သမီးတွေဆိုတော့...ဆူခံထိရင်..သိမ်ကြုံးကိုယ်ပဲဆူခံထိတယ်။..
အမအတွေ့အကြုံလေးတွေကို..ရသအဖြစ်ရေးမယ်ဆို..စောင့်မျှော်ဖတ်ပါမယ်။

ယွန်း said...

မရေ...နောက်ထပ်အတွေ့ အကြုံလေးတွေစောင့်ဖတ်မယ်နော်..
ဆက်ရေးပါဦးးအားပေးလျှက်..

လသာည said...

အစ်မ့အတွေ့အကြုံတွေ တအားဖတ်လို့ကောင်းတာပဲ။
အလုပ်ထဲက အလုပ်ရှင်တော့ မသိဘူး။ ကျောင်းက ပရော်ဖက်ဆာနဲ့တော့ မကြာခဏ အဆင့်မသင့်ရင် အငေါက်ခံရလိုက်၊ အဆင့်သင့်သွားတဲအခါ ချီးကျူးခံလိုက်နဲ့..။ အစတုန်းကတော့ ဒီပရော်ဖက်ဆာ တပည့်တွေဆူဖို့မွေးဖွားလာသလား အောက်မေ့မိတယ်။ အခုတော့လည်း တပည့်ကို ပိုတော်စေချင်တဲ့ ဆရာတစ်ယောက်ရဲ့ စေတနာကို နားလည်လာမိတယ်။
ဒီပိုစ်လေးအတွက် ကျေးဇူးပါအစ်မ။

ညီမလေး said...

အင်း... အဲ့လိုပါပဲလေနော် .. သူတို့တွေလဲ နှလုံးသားရှိတဲ့ လူသားတွေပဲလေ ။ ဆိုးကွက်လေးတွေ ရှိသလို ကောင်းကွက်လေးတွေလဲ ရှိတတ်ပါတယ်။ တဦးစေတနာ တဦးမေတ္တာ လို့ပဲ ညီမလေးတော့ လက်ကိုင်ထားတယ် အဲ့လိုဆို အဆင်ပြေပါတယ် ။ နောက်ဆက်တွဲတွေလဲ ဖတ်ချင်ပါသေးတယ် မမချစ်ကြည်အေးရေ....

Soe Yu said...

Good post ma chit ...:)

မြစ်ချေသူ said...

အစ်မရေ အစ်မရဲ့ အတွေ့ ကြုံလေးတွေကို ဆက်ဖတ်ချင်ပါသေးတယ်...

ကျေးဇူးတင်ပါတယ်။

mg lay said...

အစ်မရေ....ကျွန်တော့်သူဌေးလည်း ထိုနည်းလည်းကောင်းပါပဲ။
သူတို့လိုချင်တာ၊ဖြစ်ချင်တာပဲသိတာကလား။
ဘာပဲပြောပြော ကိုယ်မသိတာတွေ၊မတတ်တာတွေသင်ပေးခဲ့တာကတော့
ကျေးဇူးတင်စရာကောင်းတာအမှန်...။

ကိုဇော် said...

သူက ဆရာကောင်းပါပဲ...
ဒီလို တစ်ယောက်နဲ့ သေချာ ကြုံရတာနဲ့တင် ဘဝမှာ လုံလောက်ပါတယ်။

ရွှေရတုမှတ်တမ်း said...

မညှာမတာ ၃လက္မ ဒေါက်တောင်စီးရသလား..
ညှာညှာတာတာ ၆လက္မ လောက်စီးပါ့လား

ကလူသစ် said...

အလုပ်ရှင် ခပ်ကောင်းကောင်းက ခပ်နဲနဲရယ်။ ထင်တာပဲ။ ကိုယ်ကိုယ်တိုင်လဲ အချိုးမပြေတာပါမှာပေါ့လေ။

မြတ်မွန် said...

ဖတ်သွားပါတယ် မမရေ..

Anonymous said...

အမချစ်
ကြွေးတောင်းနည်းလေး သင်ပေးစမ်းပါဗျာ......ဟင့်

တင်တဲ့နေကထဲက ဖတ်သွားတယ် မန့်မရလို့ အခုနောက်တစ်ခေါက်လာဖတ်သွားရပါတယ် ဘ၀အတွေ့အကြုံ အစုံစုံပေါ့ အမြဲအားပေးနေမယ် များများရေးပေးပါ..အဟီး

ခင်မင်တဲ့
seesein

Life is for Success said...

i really like it on this post. sometime difficult to say, who is good or bad... but one thing confirm is when you work longer on same company, sooner or later become better than the past...

အင်ကြင်းသန့် said...

မမ....ညီမလေးအတွက်တော့ ဒီပိုစ့်လေးက တော်တော်လေး ဗဟုသုတရစေပါတယ်....ဘာလို့လဲဆိုတော့ ညီမလေးက အထက်လူနဲ့ အဆင်ပြေအောင် သိပ်နေတတ်ခဲ့တဲ့သူမဟုတ်လို့လေ (မမတို့လည်း ညီမလေးရေးထားတဲ့ အဲဒီအကြောင်းတွေကို ဟိုးအရင်တုန်းက ဖတ်ဘူးပါတယ်)။ ဟုတ်ပါတယ်။ မုဆိုးစိုင်သင် ဆိုသလိုပဲ အခုတော့လည်း အဆင်ပြေအောင် နေတတ်သွားပါပြီ။ စိတ်ကိုလည်း ပြင်ရတာပေါ့....မမပြောတာ အမှန်ပါပဲ .... ဆိုးတဲ့ အထက်လူကြီးတွေနဲ့ တွေ့ခဲ့ရပေမယ့် ဒီအချိန်မှာ အလုပ်တစ်ခုခုကို အောင်မြင်စွာ ပြီးဆုံးတိုင်း သူတို့ကို သတိရနေမိတယ်....တချိန်တုန်းက မုန်းခဲ့ပေမယ့် ဒီအချိန်မှာ ကျေးဇူးတင်နေမိတယ်....

အတွေ့အကြုံတွေ ထပ်ရေးပါဦး....

ဂျင်ဂျင်း

Moe Cho Thinn said...

ဖတ်လို့ ကောင်းလိုက်တာ.. ရေးပါအုံး၊ နောက်ထပ် ဆက်ရန်တွေ..။
ချိုသင်းလဲ အခု ထွက်ခဲ့တဲ့အလုပ်မှာ စင်ကာပူကတည်းကနေ အမေရိကားထိ ၁၃ နှစ်ကြာအောင် လုပ်ခဲ့တာပါ။ တခြား ဘယ်အလုပ်ကိုမှ မျက်စောင်းမထိုးဘဲ စွဲစွဲမြဲမြဲ စေတနာထား လုပ်ခဲ့တာ။ ခုတော့ ငြီးငွေ့သွားတာလား မသိ၊ ထွက်ခဲ့ပြီ။
အလုပ်ဆိုတာ second home မို့ ပျော်ပျော်ရွှင်ရွှင်သာ လုပ်ချင်ခဲ့တာ..

zizawa said...

အမကြီးရေ စာလာဖတ်သွားတယ်။ စိတ်ထဲ တမျိုးကြီးပဲ ခံစားရတယ်။ နံမယ်တပ်ဖို့ အချိန်မရဘူး။ ကျွန်တော့် ဘလော့မှာ အပြတ်ဦးနှောက်စားနေတယ်။ ကြုံရင် လာခဲ့ပါအုံး။

ဝတုတ်

ချိုကျ said...

အယ်..ဒို့အစ်မက အကြွေးတောင်းတော်တယ်ဟေ့...မှတ်ထားဦးမှ ရစရာရှိတာတွေ မရတော့ရင် အစ်မကိုပဲ အကူညီတောင်းရမယ် ဟီးဟီး

ခင်တဲ့(ချိုကျ)

ဇွန်မိုးစက် said...

ဇွန်တော့ လေဒီဘော့စ်နဲ့ အမျိုးသားဘော့စ် ကွာခြားပုံကို တော်တော် ဂရုပြုမိတယ်။ ဖြစ်နိုင်ရင် လေဒီဘော့စ်အောက်မှာ မလုပ်ချင်ဘူး။ လစာကောင်းအောင်လည်း ခဏခဏ ခုန်မကူးချင်ဘူး။ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ အလုပ်တစ်ခုတည်းမှာပဲ စွဲစွဲမြဲမြဲလုပ်ချင်တယ်။

လုပ်ငန်းခွင်က ကိုယ်တွေ့အကြောင်းလေးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်။ ဆက်ရေးပါဗျို့။း)

T T Sweet said...

ကိုယ့်မှာလဲ အထက်က ဘော့စ်တွေနဲ့ အဲသလို လေးတွေ ရှိဘူးတယ် ။ အကြည်ရေးသလို ဖတ်ကောင်းမှာ မဟုတ်မှန်းသိနေလို့ ... မရေးတော့ဘူး။ အကြည်ရေးတာပဲ စောင့်ဖတ်နေမယ်နော်။

Rita said...

ဒီ post ကို မနေ့က မနက်ပိုင်း ဖတ်တော့ မမက ဘာဖြစ်လို့ ငွေစာရင်းဘက်ရောက်နေတာလဲ လို့ မျက်စေ့လည်နေတာ။ နောက် ညပိုင်း ttsweet ဆီမှာ comment တွေ့တော့မှ Eco ဆင်းမှန်းသိတာ။ မသက်ဝေ သူငယ်ချင်းလဲ ဖြစ်တယ်ဆိုတော့ အင်ဂျင်နီယာလို့ပဲ တလျှောက်လုံး ထင်နေတာ။

Rita said...

နောက် ဇွန်ပြောသလိုပဲ။ လေဒီနဲ့ မဲန်း နဲ့ ကွာခြားတယ် ဆိုတာ ထောက်ခံမိတယ်။ ဒါပေမဲ့ ခုထိတော့ လေဒီဘော့စ် အောက်မှာ အလုပ် မလုပ်ဖူးသေးဘူး။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်