Friday, June 11, 2010
ကျေးဇူးယဉ်ကျေးမှု နှင့် စေတနာ
ခုတလော ကျေးဇူးဆိုတဲ့ အကြောင်းတွေ ဖတ်နေရတယ်။ ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ်တွေ့တဲ့ ရှူထောင့်က ရေးထားကြတာတွေမို့ ဖတ်လို့ကောင်းပါတယ်။ ကိုယ်လက်ခံကျင့်သုံးနေတာနဲ့ တိုက်ဆိုင်ရင် လက်ခုပ်တီး၊ မတိုက်ဆိုင်တော့လည်း အသာလေး ဘေးထွက်ထိုင်နေရုံပေါ့။ အားလုံး လွတ်လပ်စွာ တွေးခေါ်စဉ်းစား လက်ခံကျင့်သုံးနိုင်ကြပါတယ်။ နို့မဟုတ်ရင် လောကကြီးထဲ နေရတာ ပျင်းစရာရယ်။
ကျမမှာလည်း ကိုယ့်အဘိဓ္ဓာန်နဲ့ကိုယ် ကျေးဇူးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားတာလေး ရှိပါတယ်။ ကျမကတော့ ကျေးဇူးတင်တယ်ဆိုတာဟာ တကယ်တော့ ကျေးဇူးနဲ့ ပီတိတို့ လဲလှယ်ခြင်းပဲ လို့ နားလည်ပါ တယ်။ ဝန်ဆောင်မှု တခုကြောင့်ဖြစ်စေ၊ ကူညီဆောင်မမှု တခုကြောင့်ဖြစ်စေ၊ ဘာမှမပြောပလောက် ဖူးလို့ ထင်ရတဲ့ အပြုအမူ အပြောအဆိုလေးတခု အပေါ်မှာပဲ ဖြစ်စေ ရယူခံစားလိုက်ရတဲ့သူရဲ့ရင်ထဲ စိတ်ကျေနပ်မှုကလေး တခုကို ဖြစ်စေရင် အဲဒီ လှုပ်လှုပ် ခတ်ခတ်လေး ဖြစ်သွားတဲ့ စိတ်ခံစားမှုလေးရဲ့ စေ့ဆော်မှုနဲ့ ကျေးဇူးတင်လိုက်တာ ဆိုတဲ့ စကားလုံးလေး ထွက်ကျလာမယ်။ အဲဒီမှာ ဝန်ဆောင်မှု ပေးသူ၊ ကျေးဇူး အတင်ခံရသူက ပီတိလေးနဲ့ ကျေနပ်နှစ်သိမ့်လို့နေမယ်။ အဲဒီ ဖြစ်စဉ်တခုလုံးဟာ ပြီးပြည့်စုံတဲ့ နွေးထွေးမှု လေးလည်း ဖြစ်တယ်။
ကျေးဇူးတင်တယ် ဆိုတာ စိတ်ထဲက ရင်ထဲက ခံစားထွက်ပေါ်လာတာကို စကားလုံးတင် ပြလိုက်တာပါပဲ။ စင်္ကာပူမှာတော့ အလုပ်ထဲမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးတာပါ။ အလုပ်တခုပြီးတိုင်း၊ စာရွက် လေးတခု၊ စာရင်းဇယားလေးတခု လက်ကမ်းပေးတိုင်း၊ နောက်ဆုံး ကိုယ်လေးနဲနဲယို့လို့ နောက်လူကို လမ်းဖယ်ပေးရင်တောင်မှ ကျေးဇူးလို့ ပြောနေကြတာပါ။ မပြောရင်ပဲ ကိုယ်က ရိုင်းနေသလိုလို အကြည့် ခံရတတ်ပါတယ်။ ဒါကတော့ သူတို့ဆီမှာ ယဉ်ကျေးမှုတခုလို ဖြစ်လို့နေပါတယ်။ ဒီတော့ တခုခုလုပ်ပေးတိုင်း၊ ပြီးမြောက်တိုင်း ကျေးဇူးလို့ ပြောတတ်အောင် ကျင့်ယူရပါတယ်။ ပါးစပ်ဖျားလေးက လာတယ်ပဲ ဆိုဆိုပေါ့။
ကျေးဇူးစကားဆိုတာကို သူစိမ်းဆန်တယ်လို့ ယူဆတတ်ကြတဲ့ ကျမတို့ မြန်မာလူမျိုးအများစုဟာ နှုတ်ကဖွင့်မပြောပေမဲ့ အပြုံးလေးနဲ့၊ မျက်လုံးကလေးနဲ့ ဒါမှမဟုတ် ခေါင်းလေးတချက်လောက် ဆတ်ပြလိုက်ရုံလေး လုပ်ပြတတ်ကြပါတယ်။ အဲဒီနေရာမှာ ကျေးဇူးချင်းတူပေမဲ့ အလေးအပေါ့ချင်း ကွာသွားတာက ကျမတို့ မြန်မာတွေက နေရာတကာ ကျေးဇူးစကား ဖောဖောသီသီ သုံးလေ့မရှိကြတာပါ။
စိတ်မှာခံစားရတာလေးကို ကျေးဇူးစကားအဖြစ် ပုံဖော်ပြသရတာ ဖြစ်လေတော့ သိတ်သိမ်မွေ့ နူးညံ့ပါတယ်။ ဒါ့ကြောင့် ဘယ်သူဘယ်ဝါတွေကို ကျေးဇူးတင်သင့်တယ်၊ ဘယ်သူဘယ်ဝါ တွေကိုဖြင့် ကျေးဇူး တင်စရာမလိုဘူးရယ်လို့ လှေနံဓါးထစ်၊ ဘောင်ခတ်ထားလို့ မရတဲ့ကိစ္စ၊ သင်္ချာပုစ္ဆာ တပုဒ်လိုလည်း ဖော်မြူလာချ တွက်ချက် အဖြေရှာလို့ မရတဲ့ ကိစ္စပါ။ စိတ်ခံစားမှုအတိုင်း သွားကြရမှာပါ
ဘလော့ဂ်ဂါတွေ စာရေးတယ်။ ကျမလည်း ရေးတယ်။ ကိုယ်ရေးချင်တာ ကိုယ်ရေးတယ်။ ရေးချင်လို့ကို ရေးတယ်။ ကိုယ်ဖြတ်သန်းလာရတဲ့ အတွေ့အကြုံ၊ ကိုယ်သိတဲ့ အကြောင်းအရာ၊ ခရီးသွား ဗဟုသုတ၊ ရယ်စရာ ၊မောစရာ၊ ကဗျာ... စုံတကာစိနေအောင် ရေးပါတယ်။ အဲဒါ တွေဟာ ဘယ်သူမှ ဖနောင့်နဲ့ ပေါက်စရာမလိုပဲ ကိုယ်ရေးချင်လို့ရေးနေတာပဲ။ စာချောမချော ပြန်စစ်ရတယ်၊ ကိုယ်ပေးချင်တဲ့ အကြောင်းအရာ ပေါ်လွင်အောင် အားထုတ်ရတယ်၊ ဒါ့ကြောင့် အဲဒီမှာ စေတနာ ပါပါတယ်။
တချို့ စာကောင်းလေးတွေ ပြန်လည်ရိုက်တင်ပေးနေတဲ့ ဘလော့ဂ်ဂါတွေ၊ သူတို့ကြိုက်တဲ့စာမို့ သူတို့ရိုက်တင်ပေးတာ ပဲဆိုဆို၊ ကျေးဇူးတင်စရာ မလိုဘူးပဲပြောပြော၊ ငါကြိုက်တဲ့စာကို စာဖတ်သူလည်း ကြိုက်မှာပဲ၊ ၊ကြိုက်တာ မကြိုက်တာထားပါလေ။ အနည်းဆုံးတော့ ဖတ်စေချင် လိုက်တာ ဆိုတဲ့ စေတနာလေး သူ့ရင်ထဲမှာ ရှိကို ရှိနေတယ်။ ဒါ့ကြောင့် စာရိုက်တင်ပေးသူက ကိုယ့်အတ္တအတွက် ကိုယ်ရိုက်တင်တာလို့ ဘယ်လောက်ပဲအော်နေနေ အဲဒီမှာ အတ္တနဲ့ စေတနာ နှစ်ပင်လိမ်ထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီ စေတနာကို ကျေးဇူးတင်ရမှာ။ အပြန်အလှန်ဆိုသလို အချိန်ပေးပြီး စာလာဖတ်တဲ့ စာဖတ်သူကိုလည်း သူ့အချိန်အတွက် ကျေးဇူးတင်ရမှာပါပဲ။
ဆရာဝန်ဆေးကုတာလည်း ဒီလိုပါပဲ။ သူ့အလုပ်သူလုပ်တယ်ဆိုပေမဲ့ ဝတ်ကျေတန်းကျေဆိုတဲ့ ဘောင်ထဲကထွက်လာပြီး၊ သမားရိုးကျ ကုထုံးတွေအပြင် ဆေးနဲ့ရော၊ စေတနာ မေတ္တာနဲ့ပါ ကုသပေးတယ် ဆိုရင် "ဟဲ့ ဆရာ့ကို ကျေးဇူးတင်တယ် ပြောလိုက်လေ" လို့ ဆိုနေစရာမလိုဘူး။ သူ့အလိုလို "ကျေးဇူးတင်လိုက်တာ ဆရာရယ်" လို့ ပါးစပ်ဖျားက လှိုက်လှိုက်လှဲလှဲ ထွက်ကျလာ မှာပါပဲ။ ဒီနေရာမှာ ဝတ်ကျေတန်းကျေ ကုတဲ့ ဆရာဝန်ဆိုရင်တောင် "ကျေးဇူးပါဆရာ" လို့ ပြောရမှာ။ ကျေးဇူးနှစ်ခွန်းရဲ့ တန်ဖိုးအလေးအပေါ့က အဲဒီမှာ ကွာသွားပါတယ်။ အသေအချာ ထပ်ပြောရရင် တာဝန်အရဆိုတဲ့ ပုံမှန် ဝန်ဆောင်မှုထဲ စေတနာလေး ပေါင်းထည့်လိုက်တဲ့အခါ ကျေးဇူးဟာ ပိုမိုလှိုက်လှဲစွာ အသက်ဝင်လာတော့တာပါ။
စာရေးဆရာတွေလည်း ဒီလိုပါပဲ။ နာမည်ကြီးချင်လို့ပဲရေးရေး၊ ပိုက်ဆံကြောင့်ပဲရေးရေး၊ ဝါသနာပါလို့ပဲရေးရေး၊ သူရေးတဲ့စာဟာ လူတဦးတယောက်ကို ဒါမှမဟုတ် လူများစွာကို လမ်းပြအလင်းပေးနိုင်ခဲ့ရင် သူ့ကို ကျေးဇူးတင်ရမှာပါပဲ။ စာဖတ်သူကိုလည်း စာရေးသူက ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဆိုသလို အပြန်အလှန် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ဆံပင်ညှပ်သူတယောက်ဆီမှာ ပိုက်ဆံပေး ညှပ်တာမို့ ကျေးဇူးတင်စရာ မလိုပါဘူးကွာလို့ မထင်ပါနဲ့။သူဟာ လာညှပ်သူရဲ့ မျက်နှာပေါက်နဲ့ လိုက်ဖက်အောင် ကြည့်ရှုပြီး ကောင်းအောင် ညှပ်ပေးတာမို့ စေတနာပါပြီးသား ဖြစ်ပါတယ်။ တကယ်လို့များ တယောက် ၈ဒေါ်လာနဲ့ အမြန် ၁၀မိနစ် ညှပ်ပေးတဲ့ ဆိုင်ပါကွာ လူဆယ်ယောက်ညှပ်လို့မှ ခေါင်းပုံစံတွေက နောက်ကကြည့် ကြည့်၊ ရှေ့ကကြည့်ကြည့် အကုန်တူတူချည်းပဲမို့ စေတနာမပါပါဘူး လို့လည်းမတွေးပါနဲ့အုံး။ သူဟာ ကိုယ့်နားရွက်ကို ကပ်ကြေးနဲ့ မကိုက်မိအောင် စေတနာနဲ့ ဂရုစိုက်ညှပ်ခဲ့တာလေးအတွက် ကျေးဇူးတင်ရမှာပါပဲ။
ကျမပြောချင်တာ စေတနာ အဓိကပါ။ ဘယ်လိုလူတွေ၊ ဘာပဲလုပ်လုပ်၊ ဘယ်လို အသက်မွေး ဝမ်းကြောင်းနဲ့ပဲ ရပ်တည် ရပ်တည် မိမိလုပ်ရပ်တိုင်းမှာ လုပ်ရိုးလုပ်စဉ်ဆိုတာထက် စေတနာ အမှန်လေး ဖြည့်လုပ်နိုင်မယ်ဆို၊ အပြန် အလှန် ကျေးဇူးသိကြမယ်ဆို မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်ကိုပါ ပျော်ရွှင်ကြည်နူးစေမှာပါ။
စက်ရုပ်တွေကို ကုန်ထုတ်လုပ်မှုပိုင်းမှာ အသုံးချ စေခိုင်းနိုင်တယ်ဆိုရင်တောင်မှ စားသုံးသူ နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရမဲ့ အပိုင်းတွေမှာတော့ လူနေရာမှာ အစားထိုးစေခိုင်းဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ သူတို့တွေကို ကျေးဇူးဆိုတဲ့ စကားဆိုတတ်ဖို့ ပရိုဂရမ် သွင်းပေးထားရင်တောင်မှ သူတို့ဆီက နွေးထွေးမှု မရနိုင်တဲ့အတွက် ရေရှည်မှာ ဘယ်လိုမှ မစွံနိုင်ပါဘူး။ စက်ရုပ်မှာ နှလုံးသား မရှိလို့ပါပဲ။ အဲဒါဟာ လူနဲ့ စက်ရုပ် ကွာခြားချက်ပေါ့။ ဒါကြောင့် နွေးထွေးမှုလေးနဲ့ ကျေးဇူးစကား လေးမှ မဆိုတတ်ရင် လောကကြီး ဘယ်လောက်များ ကြောက်မက်ဖွယ် အေးစက်စိမ်းကား နေလိုက်မလဲ တွေးကြည့်လို့ရပါတယ်။
ဆန်ပေးလို့ ဆီရတာပါ ဆိုပေမဲ့ ဆန်ပေးတဲ့အပိုင်းနဲ့ ဆီရတဲ့အပိုင်းတွေမှာ အပိုဝန်ဆောင်မှု -Value added နဲ့စေတနာလေး ဖြည့်စွက်နိုင်ကြမယ်ဆိုရင် ဘဝဟာ နေလို့ အရမ်းကောင်း သွားမှာပါ။ ဖောင်းပွတဲ့အရာတွေဟာ တန်ဘိုးကျတတ်ပေမဲ့ ကျေးဇူးတရား ကတော့ သူ့တန်ဘိုးနဲ့သူ စေတနာ အတိမ် အနက်ပေါ်မူတည်လို့ ခိုင်ခန့်နေမှာပါပဲ။ ပြီးပြန်တော့ ကျေးဇူးတရား ဖောင်းပွတာဟာ လူသတ်လက်နက်တွေ၊ အမုန်းတရားတွေ ဖောင်းပွတာ ထက်စာရင် အင်မတန်ကောင်းမွန်တဲ့ ဖောင်းပွခြင်းလို့သာ ဆိုချင်ပါတယ်။
ကျေးဇူးကို မြင်သာအောင် ၃ မျိုးခွဲခြားထားချင်ပါတယ်။ သာမန်လုပ်ရိုးလုပ်စဉ် ပေါ့ပေါ့ပါးပါး ပြောဆိုလေ့ရှိတဲ့ ကျေးဇူး၊ ကျေးဇူးယဉ်ကျေးမှုလို့ ဆိုချင်ပါတယ်။ ဒုတိယအမျိုးအစားက အပိုဝန်ဆောင်မှုတွေအတွက် ရင်ထဲကကို ကျေးဇူးတင်ရတဲ့ ကျေးဇူးအမျိုးအစားနဲ့ နောက်ဆုံး တခု ကတော့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေသင်္ဂဟတွေ အကြား စပ်ဆက် ယိုင်းပင်းမှုကြောင့် ဖြစ်လာတဲ့ ကျေးဇူးရယ်လို့ ခွဲထားချင်ပါတယ်။
ပထမ နဲ့ ဒုတိယ အမျိုးအစားတွေကို ကျမပြောခဲ့ပြီးပါပြီ။ အဲဒီအမျိုးအစားတွေက ကျေးဇူးစကား လေးတခွန်း၊ အပြုံးလေးတခု၊ ကဒ်လှလှလေးတခု လောက်နဲ့လည်း ပြီးသွားနိုင်ပါတယ်။ ဒါပေမဲ့ အလျဉ်းသင့်တဲ့ အချိန်တိုင်းမှာ "အဲဒီတုန်းကလေ ကံကောင်းလို့ သူ ကူညီပေလို့ပေါ့" လို့ ပြန်ပြောင်း ပြောရလောက်အောင် ကျေးဇူးတရားကို အောက်မေ့မှုက ရင်ထဲ အမြစ်တွယ်သွား ရလောက် အောင် ဖြစ်တတ်ပါသေးတယ်။
တတိယ အမျိုးအစားကတော့ စေတနာဆိုတာထက် ဝတ္တရားဆိုတဲ့ အပိုင်းက ပိုပါလိမ့်မယ်။ တဦးအခက်အခဲကို တဦးက ကူညီဖြေရှင်းပေးရာက ကျေးဇူးခံ ကျေးဇူးစားရယ်လို့ ရှိလာကြရာမှာ ပြန်ပေးဆပ်မှုဆိုတဲ့ အပိုင်းရှိလာနိုင်ပါတယ်။ ဥပမာ ငွေကြေး ချေးငှားတာတို့၊ ပစ္စည်းချေးငှား တာတို့လို ပြန်ပေးဖို့လိုတာ ရှိသလို အကြံဉာဏ်၊ အခွင့်အရေးတွေနဲ့ ကူညီမှုအတွက် ပစ္စည်း အနေနဲ့ ပြန်ပေးဖို့မလိုပဲ ကျေးဇူးတရား အတင်ခံနေရတဲ့ အခြေအနေမျိုးတွေလည်း ရှိတတ် ပါတယ်။
ပစ္စည်းအနေနဲ့ ပြန်ပေးရမဲ့ အပိုင်းက ရှင်းလင်းပေမဲ့ ကျေးဇူးတရား အတင်ခံထားရတဲ့ အပိုင်း ကတော့ အနည်းငယ် ဇယားရှုပ်ပါတယ်။ ကြားဖူးကြပါလိမ့်မယ်။ ကျေးဇူး အတော်ကန်းတဲ့ ကောင်ကွာ ဆိုတာမျိုး။ သတိထား နားထောင်ကြည့်ရင် အဲဒီအသံထဲမှာကိုက သူပြုခဲ့ဖူးတဲ့ ကျေးဇူးအပေါ်မှာ ကောင်းသောတုံ့ပြန်မှုကို ပြန်လည်မျှော်လင့်နေတဲ့ သဘောပါပြီးသား ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် မချိတင်ကဲ သံထွက်လာရ ခြင်းပါ။
ကိုယ့်ဘက်က စေတနာပါလို့ပဲဖြစ်စေ၊ လုပ်သင့်လို့ လုပ်ပေးသည်ပဲဖြစ်စေ လုပ်ကိုင် ပေးပြီးတဲ့အခါမှာ သူ့ဘက်က သိတတ်မှုကို မျှော်လင့် မနေပါနဲ့၊ ဖြစ်နိုင်ရင် ရင်ဝ ဖွင့်ပေးထား လိုက်ပါ စုံကန်သွားပါစေ။ အဲသလိုသာ အဆုံးထိတွေးထားရင် အင်မတန် စိတ်ချမ်းသာတာကို တွေ့ရမှာပါ။ သူဘယ်လိုပဲ ကျေးဇူးကန်းကန်း ကိုယ့်ဘက်က အနေသာကြီး ဖြစ်သွားပါတယ်။ ကိုယ်တတ်နိုင်တာ လုပ်ပေးတာက တပိုင်း၊ သူ့ဘာသာ သူ့သမိုင်းသူ ရေးပြီး ကျေးဇူးမသိ တတ်တာက တပိုင်း ဖြစ်သွားပါတယ်။
ဒီနေရာမှာ ကျေးဇူးပြုသူဘက်ကလည်း ငါဟာ ကျေးဇူးရှင်ဆိုတဲ့ အပေါ်စီးယူလိုမှုလေး လျှော့ချဖို့ လိုသလို၊ ကျေးဇူးစားဘက်ကလည်း ကျေးဇူးတရားကို တန်ဘိုးထားတတ်ဖို့ လိုပါတယ်။
တင်ဖို့ မတင်ဖို့ အင်မတန် ချီတုံချတုံ ဖြစ်ခဲ့ရတဲ့ ပိုစ့်ပါ။ အရပ်မီးလောင်နေတာ အခွင့်ကောင်းယူပြီး မချစ်ကြည်အေးတယောက် ပြောင်းဖူးတွေ မီးဖုတ်စားနေတယ်လို့လည်း မပြောကြပါနဲ့အုံး။ ပြီးတော့ ဒီပိုစ့်ကို အကြမ်း ရေးထားတာ ၃-၄ရက်လောက် ရှိပါပြီ။ ကိုအန်ဒီ ပိုစ့်တင်တဲ့အချိန်မှာ ကျမ ကော်မန့်တောင် သွားရေးခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ကြည့်တဲ့ရှူထောင့်တူလို့ အမြင်တွေတူနေရင်တောင်မှ ရေးသား တင်ပြပုံ ကွဲပြား နိုင်သေးတာမို့ ဒီပိုစ့်ကို တင်ဖြစ်ခဲ့ပါတယ်။
ကျေးဇူးနဲ့ ပတ်သက်လို့ ကျမ ဖတ်ခဲ့ရတာတွေက ဇီဇဝါ၊ ကိုပေါ နဲ့ ရီတာတို့ရဲ့ ဘလော့ဂ်တွေမှာပါ။ မူရင်းရေး သားသူတွေရဲ့ ပိုစ့်နဲ့ အပြန်အလှန် ပြောဆိုဆွေးနွေးထားတဲ့ ချိတ်ဆက်ပိုစ့်မဟုတ်ပဲ ကျမနားလည်သလို ကျေးဇူးကို ပုံဖော်ထားတာမို့ မူရင်းရေးသူတွေ ဆိုလိုရင်းကနေ သွေဖီကောင်း သွေဖီနေပါလိမ့်မယ်။ မူရင်းရေးသားထားတဲ့ ပိုစ့်တွေ ဖတ်ရင်းနဲ့မှ အဲဒီက စေ့ဆော်မှုနဲ့ ဒီပိုစ့်လေးရေးဖို့ ဖြစ်လာခဲ့တဲ့အတွက် ရေးသားသူတွေ အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း ဒီကနေ ပြောလိုက်ပါရစေ။
35 comments:
  1. အကြောင်းအရာကောင်းလေးကို ဖတ်ရှုခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် မမချစ် (နှုတ်ဖျားက ပြောသွားခြင်း မဟုတ်။ အလေးအနက်ပြောသွားခြင်းပါ :D )
    ~~~ဖြစ်နိုင်ရင် ရင်ဝဖွင့်ပေးထားလိုက်ပါ။ စုံကန်သွားပါစေ~~~ ဆိုတဲ့ စကားကိုတော့ တော်တော်ကြိုက်သွားပြီ။
    ReplyDelete
  2. ကျေးဇူးတရား ဖောင်းပွတာဟာ လူသတ်လက်နက်တွေ၊ အမုန်းတရားတွေ ဖောင်းပွတာ ထက်စာရင် အင်မတန်ကောင်းမွန်တဲ့ ဖောင်းပွခြင်းလို့သာ ဆိုချင်ပါတယ်။ (ချစ်ကြည်အေး)
    :)
    သီချင်းတပုဒ်လောက် ဆိုပါရစေ...
    ( တာဝန်လို အရာရာတွင်..တဦးက တဦးအပေါ်တွင်..ကူညီမူလေး ပေးတဲ့ အခါတွင်..( ကျေးဇူးတင်ပါတယ်ရှင်)၂..... တုံ့ပြန်သော မေတ္တာစကားအလှ.. ..( ကျေးဇူးတင်ပါတယ်ရှင်)၂
    ReplyDelete
  3. အမချစ်ရေ....
    သူစိမ်းဆန်မှာဆိုးလို့ ကျေးဇူးစကားမဆိုသွားတော့ဘူး စာဖတ်ချင်လို့ ကျော်ခွလာရတယ် သိပ်အဆင်မပြေဘူးဟူး........
    ReplyDelete
  4. အမချစ်
    လိုင်းမကောင်းလို့မပေါ်တာလား စနစ်ပြောင်းထားသလား ကွန့်မန့်တွေက ပေါ်ဘူးဗျ ဒါနဲ့ထပ်ခါထပ်ခါမန့်တယ်ဗျာ
    သူစိမ်းတွေ မဟုတ်တော့လို့ ကျေးဇူးစကား မပြောတော့ဘူး
    ခင်တဲ့
    seesein
    ReplyDelete
  5. ရွှေစင်ဦး ကတော့ ဘယ်သူ့ဖြစ်ဖြစ် ကျေးဇူးတင်ရမှာဘဲ တွေ့သမျှ ကျေးဇူးရှင်တွေ ဖြစ်နေလို့ ဟား..ဟား.. ဆိုင်လာသမျှ ရွှေစင်ဦးကို ထမင်းကျွေးတဲ့ ပိုက်ပိုက်ပေးတဲ့ ကျေးဇူးရှင်တွေလေ
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  6. ခုတလော ဘလော့တွေမှာ ကျေးဇူးတွေ သိပ်များနေတယ်နော်။ ဗားရှင်းအမျိုးမျိုး အမြင်အမျိုးမျိုးပေမဲ့ ဖတ်လို့ကောင်းကြတာချည်းပါပဲ။ မချစ်ကြည်အေးကျေးဇူးကို ဖတ်ပြီး ကျေးဇူးယဉ်ကျေးမှုလို့ google မှာရှာကြည့်တော့ ဘလော့ပို့စ်တခု ဖတ်လိုက်ရတယ်။ ဒါလဲ ကျေးဇူးပို့စ်တခုပဲမို့ မျှလိုက်ပါတယ်။
    http://baydaryii.blogspot.com/2008/12/blog-post_20.html
    ReplyDelete
  7. ဇွန်လည်း ကျေးဇူးတင်ခြင်းနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ အကြမ်းရေးထားတာရှိတယ်။ ချမရေး ရသေးတာ။
    ဇွန်ပြောချင်တဲ့ ရှုထောင့်က တစ်မျိုးပါ အစ်မချစ်ရေ။
    ReplyDelete
  8. "တိုက်ဆိုင်ရင် လက်ခုပ်တီး၊ မတိုက်ဆိုင်တော့လည်း အသာလေး ဘေးထွက်ထိုင်နေရုံ"
    သဘောတူပါတယ်၊ quote တောင်လုပ်လိုက်တယ်။ ခုလောက်ဆို ကျေးဇူးအရေးလည်း သူချင်းကိုယ်ချင်း တော်တော်လေးကို အမြင်တွေဖလှယ်ပြီးသလောက် ဖြစ်ကုန်ကြပြီပဲနော် ။
    ခမမ
    ReplyDelete
  9. ကျေးဇူးတင်ပါတယ် အမ။
    တိုက်ဆိုင်နေတော့ လက်ခုပ်တီးလိုက်ပါတယ်။
    ဒါပေမယ့် မတိုက်ဆိုင်တာလေး ရှိနေပေမယ့်လည်း ဘေးထွက်မထိုင်နိုင်ပါဘူး
    "ကျေးဇူးနဲ့ ပီတိတို့ လဲလှယ်ခြင်း" ဆိုတဲ့စကားပါ။ ကျွန်တော့်ကို မကျေနပ်ရင်ပြောပါ ဟိုဟာနဲ့လဲ ဒီဟာနဲ့လဲတော့မလုပ်ပါနဲ့
    :P ဟိ
    ReplyDelete
  10. ဟုတ်ပါတယ်...
    ပီတိကို ဟိုဟာနဲ့လဲ ဒီဟာနဲ့လဲတော့ မလုပ်ပါနဲ့...
    တကယ်တော့ သူက ပဲကြီးလှော်နဲ့ပဲ လဲရမှာပါ...း))
    ဒါကိုမှ သူ မကြိုက်သေးဘူးဆိုရင် တခြားတခုနဲ့ ပြောင်းပြီး လဲပေးဖို့ စဉ်းစားနေပါတယ်...း))
    ReplyDelete
  11. ကျေးဇူးကိုပေးပါ
    ကပီတိကို ယူလိုက်ပါတော့
    ဟိ ပျော်ရွှင်ပါစေ
    ReplyDelete
  12. ပဲကြီးလှော် မကြိုက်ရင် ဂန်ဖလားနဲ့ လဲပေးပါ့မယ်ကွယ်...ဒါနောက်ဆုံး ဖြစ်ပါစေ....:P
    ReplyDelete
  13. ဟိဟိ ဆံပင်ညှပ်တဲ့ ဥပမာလေးပေးထားတာ ကြိုက်သွားတယ် အမ, အော် နားရွက် နားရွက် ဟီးဟီး
    ReplyDelete
  14. ရွှေဖလားကြီးဖြစ်နေဦးမယ်
    တော်ကြာမှ
    ရွှေမန်းချစ်ကြည်ဆိုပြီး
    တဇာတ်ထပ်ထွက်
    အဲ့
    ReplyDelete
  15. တစ်ခွန်းတည်းပဲ ပြောခဲ့တော့မယ်။ ကျေးဇူးပါ။ အချိန်မရလို့ လစ်ပြီ။
    ReplyDelete
  16. ကျေးဇူး . . .
    ပြေးပြေးလွှားလွှားပဲ မန့်ခဲ့လိုက်တယ်။
    ReplyDelete
  17. ကျေးဇူးစကားတစ်ခွန်းလောက်ဆိုပါရစေ
    ဒီပိုစ့်အတွက်..
    ReplyDelete
  18. အဟိ
    ဒီနေ့သိပ်ထူးခြားတယ်
    ကော်မန့်ပေးလို့ရနေတယ်တော့
    ပိုစ့်ကလေးက ထူးခြားနေလို့ဖြစ်လိမ့်မယ်..
    ReplyDelete
  19. တကယ်ကျေးဇူးရှိတာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လူလူချင်းဆက်ဆံရာမှာ ယဉ်ကျေးမှု တခုအနေနဲ့ ကျေးဇူးဆိုရတာ မိမိနဲ့ ပတ်သက်သူကို apprecaiate လည်းရစေပြီး ကိုယ်လည်း အိတ်ထဲကဘာမှ စိုက်စရာလိုတာ မဟုတ်တော့ ကျေးဇူးဆိုဖို့ လုံးဝ နှမြောတွန့်မှု မရှိပါဘူး။ တခါတလေ ကိုယ့်ယဉ်ကျေးမှုမှာ သိပ်မရှိလို့ မမေ့ပြီး မဆိုဖြစ်ခဲ့ရင် ပြန်တွေးပြီး အားတောင် နာနေမိတယ်။ တကယ်ကျေးဇူး ရှိတဲ့သူတွေကိုကျတော့ ဆိုရုံတင်မက ရင်ထဲနှလုံးထဲကနေ လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြုဖို့ လိုတာတော့ အမှန်ပဲ။ မချစ်ကြည်အေးပို့စ်လေး သိပ်ကောင်းပါတယ်။ ကျေးဇူးတင်တယ် တကယ်ပြောတာ။ ကိုယ်မတွေးမိတာတွေ ရှိတယ်၊ တွေးမိပေမဲ့ ဒီလောက် အသေးစိတ်ကျအောင် မတွေးမိတာ ရှိတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။
    ReplyDelete
  20. "ကိုယ့်ဘက်က စေတနာပါလို့ပဲဖြစ်စေ၊ လုပ်သင့်လို့ လုပ်ပေးသည်ပဲဖြစ်စေ လုပ်ကိုင် ပေးပြီးတဲ့အခါမှာ သူ့ဘက်က သိတတ်မှုကို မျှော်လင့် မနေပါနဲ့၊ ဖြစ်နိုင်ရင် ရင်ဝ ဖွင့်ပေးထား လိုက်ပါ စုံကန်သွားပါစေ။ အဲသလိုသာ အဆုံးထိတွေးထားရင် အင်မတန် စိတ်ချမ်းသာတာကို တွေ့ရမှာပါ။ သူဘယ်လိုပဲ ကျေးဇူးကန်းကန်း ကိုယ့်ဘက်က အနေသာကြီး ဖြစ်သွားပါတယ်။ ကိုယ်တတ်နိုင်တာ လုပ်ပေးတာက တပိုင်း၊ သူ့ဘာသာ သူ့သမိုင်းသူ ရေးပြီး ကျေးဇူးမသိ တတ်တာက တပိုင်း ဖြစ်သွားပါတယ်။"
    အပေါ်က ကုတ်ထားတာလေးက ရင်ကိုထိတယ် အကြည်ရေ ... အဖြစ်အပျက်က တိုက်ဆိုင်နေလို့ .... ရင်ဝကို ဖွင့်ထားလိုက်ပါတယ် ... ကျေးဇူး ...
    ReplyDelete
  21. တစ်လမ်းမောင်း စေတနာလို့ခေါ်မှာပေါ့နော်အစ်မ...အဲလိုစိတ်မျိုးပဲထားတာ ကောင်းပါတယ်အစ်မရယ်...ပေးချင်သလောက်ပေး ယူတဲ့သူကလည်း ယူချင်သလောက်ယူသွားလိမ့်မပေါ့ တစ်ခုပေးလို့ တစ်ခုပြန်ရ ရမယ်ဆိုတာက စေတနာကို ရေရောထားသလိုဖြစ်နေတယ်နော် ဟီး ဖွင့်ချခဲ့စမ်းပါ ဆိုလို့ :)
    ခင်တဲ့(ချိုကျ)
    ReplyDelete
  22. ဖတ်ရတာအနုစိပ်တယ်။ ကောင်းပါတယ်။
    ၃ခုအပြင် နောက်ကျေးဇူးတင်စရာတစ်ခုရှိသေးတယ်။ သူ့ဟာသူ ဖြစ်ပျက်လည်ပတ်နေတဲ့ သဘာဝတရားကြီး such as သစ်ပင်တွေ၊ မြေဆီတွေ၊ တိရစ္ဆာန်တွေ....။ သူတို့ကို ကျေးဇူးစကား ဘယ်သူဆိုဖူးသလဲမသိ။
    ReplyDelete
  23. Kay မန့်သွားတဲ့ အတိုင်းပဲ။ ကေ ဆိုသွားတဲ့ သီချင်းလဲ ကြိုက်တယ်...
    ပီတိနဲ့ မမသက်ဝေ မန့်သွားတာလေးကလဲ ချစ်စရာလေး ရီရတယ်။
    @ ဖြစ်နိုင်ရင် ရင်ဝဖွင့်ပေးထားလိုက်ပါ။ စုံကန်သွားပါစေ @ ဒီစာသားလေးလဲ ကြိုက်တာပဲ။
    မမရေးရင် ဘာဖြစ်ဖြစ်ကြိုက်နေတော့တာပဲ။
    မမရေးတာလေးတွေက ရင်ကို လာလာမှန်တယ်။ လောက်စာလုံး မဟုတ်ဘူးနော် ဟိ
    ကျေးဇူးမမ အတွေးအခေါ်ကောင်းလေးတွေ ရတယ်....
    ကိုယ့်ကျေးဇူးကိုမေ့ပစ်ပါ။ သူ့ကျေးဇူးကို မှတ်ထားပါ ဆိုတဲ့ စကားလေးပဲ ပူးတေ ကျင့်သုံးနေတာ ၅ နှစ်နီးပါးရှိပြီ မမ။ :D @ ဖြစ်နိုင်ရင် ရင်ဝဖွင့်ပေးထားလိုက်ပါ။ စုံကန်သွားပါစေ @ ဒါလေးပါ ထပ်မှတ်ထားရဦးမယ်။ ဒီအတွက်တော့ တကယ့် လှိုက်လှိုက်လှဲလှဲ ကျေးဇူး။ ပါးစပ်ဖျားလေးနဲ့ ပြောတာ ဟုတ်ဖူးနော်
    ReplyDelete
  24. ပြောင်းဖူးဖုတ်ပါစားရရင်..ပိုမိုကျေးဇူးတင်ပါသည်။
    ReplyDelete
  25. ကုန်အောင်မဖတ်ရသေးဘူး၊ ကျေးဇူးအရင်တင်လိုက်တယ်၊ မရဘူး၊ တင်မှာပဲကွာ။
    ReplyDelete
  26. ကျေးဇူး အကြောင်း လာဖတ်သွားပါတယ် မ ရေ
    ဒီမှာလဲ ဒီလိုပါပဲ ဘတ်စ်ကားမောင်းတဲ့ ဒရိုင်ဘာကိုတောင်ဆင်းကာနီးကျရင် ကျေးဇူး ဆိုပြီး ပြောလေ့ရှိပါတယ်
    ဘာပဲဖြစ်ဖြစ် မ ရေ ကျေးဇူးပါ
    နှုတ်ဆက်ခဲ့ပါတယ် ဘိုင် တာ့တာနော်
    ReplyDelete
  27. ကျေးဇူးပဲတင်ပါရစေ။ ပီတိကိုတော့ ပြန်ယူသွားပါ။
    :D
    mm
    ReplyDelete
  28. မမ နဲ့ သဘောမျှပါကြောင်း ကျေးဇူးတင်စွာ ပြောပါရစေ။
    ReplyDelete
  29. မမနဲ့သဘောမျှပါကြောင်းကျေးဇူးတင်စွာ ပြောပါရစေ။
    ( မမမိုးချိုသင်း လေသံအတိုင်းပဲ ပြောလိုက်ပါတယ် )
    ReplyDelete
  30. ဖတ်လို့ကောင်းလိုက်တာ..။
    မချစ်ပြောတဲ့ “ကျေးဇူး”ကိုဖတ်ပြီး တအားလေးစားမိပါတယ်။
    ဘလော့အောက်ဆုံးက စကားလေးကိုဖတ်ပြီးတော့လည်း ပိုသဘောကျမိတယ်။
    “အချိန် နှင့် ရင်ခွင်တစုံ ငှားရမ်းခဲ့ခြင်း အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ရှင်... ”ဆိုတာလေ..။
    ဒီပိုစ်ကို ဖတ်ခွင့်ရတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ် အစ်မ..။
    ခင်မင်လေးစားလျှက်
    ReplyDelete
  31. ဖြစ်နိုင်ရင် ရင်ဝဖွင့်ပေးထားလိုက်ပါ။ စုံကန်သွားပါစေ ဆိုတာလေးအရမ်းကြိုက်တယ် မမရေ။ တော်တော်ကောင်းတဲ့ ပိုစ့်လေးပါပဲ။
    ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ကြောင်း နုတ်ဖျားကမဟုတ် ရင်ထဲကပြောခဲ့ပါရစေ ..
    ချစ်ခင်လေးစားစွာဖြင့်
    ReplyDelete
  32. အမရေ..
    ကျေးဇူးတရားနဲ့ ပတ်သတ်ပြီး ဆရာနဲ့ တပည့်ဟာ ဆရာက သူတာဝန်သူလုပ်တာ ကျေးဇူးတင် စရာမလိုဖူး ဆိုတဲ့ စာတကြောင်းကို ပို့စ်တပုဒ် မှာ ဖတ်ရပြီး အတော်လေး ကို စိတ်မကောင်းဖြစ်ခဲ့ ရတာ။ ခုလို အမရဲ့ ကျေးဇူတရား ပို့စ်ကို အကြောင်းအ၇င်းစုံစုံလင်လင်နဲ့ ဖတ်ရတာ အရမ်းကို ကြိုက်မိတယ်.. ကျေးဇူး သိတယ် ဆိုတာ ပါးစပ်က ပြောတာ တခါပဲ ဖြစ်ပြီး ရင်ထဲမှာထာဝရ ရှင်သန်နေ တဲ့ ဓာတ်ကလေးလို့ ကျွန်မကတော့ နားလည် တယ်......
    ReplyDelete
  33. ပို့စ်လေးက ဖတ်လို့ ကောင်းတယ်ဗျ။ နောက် မှ မဖတ်ရသေးတာ တွေ လာ မွှေတော့မယ်။
    တလက်စာထဲ လင့် ယူသွားပါတယ်။
    ခင်တဲ့
    ပေါ့ဆိမ့် (ဆင်တဲကဖေး)
    ReplyDelete
  34. မကြီးအေးရေ.......
    ဒီစာလေးကိုဖတ်ရင်း.......မြန်မာပြညအပြီ်းပြန်သွားတဲ့ အိမ်က ညီလေးတစ်ယောက်ကိုသတိရမိတယ်......။
    အနော်က.....ထမင်းစားတိုင်း.............ဟင်းထည့်မစားတတ်တဲ့သူ့ပန်းကန်ထဲကို.......ဟင်းခပ်ထည့်ပေးတတ်တိုင်း ပြန်ကြည့်တတ်တဲ့ သူ့မျက်လုံးလေးတွေနဲ့ ပြုံးနေတဲ့သူ့နှုတ်ခမ်းလေးတွေကိုလေ.........။
    (ခုထက်ထိ....... အနော့်ကို.....ဖုန်းဆက်........မေးလ်ပို့တုန်း............း))
    ခင်မင်တဲ့
    ဏီလင်းညို
    ReplyDelete
  35. Hi Sister,
    I know your blog a few months ago only and read sometimes...
    But, this post is really really touching to me...and it's totally strike my heart..
    I wanna say thank you for this post, I appreciate you also...and wanna share in my Facebook attached with ur name below. I think you will allow me ...thanks again :))
    ReplyDelete
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်
ကိုယ် ချစ်တဲ့ကဗျာ
နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်
နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...