Friday, November 13, 2009

ည အနက်ရောင်...

အဘိုး မို့ ပုံပြောပြီဆိုလျှင် တူလေးရွှေသွေး၊ တူမလေးမိုးသောက်ပန်း အပါအဝင် တူ တူမတွေရဲ့ ကစားဖော် အိမ်နီးချင်း ကလေးတွေပါ လာနားထောင်လေ့ရှိသည်။

"အဲဒီ သရဲလေး ငညိုဟာ ရွာထဲက လေးခွပစ် သိတ်တော်တဲ့ သံချောင်းကလေးကို မြင်ဖူးချင်ရှာလွန်းလို့ တညမှာတော့ သံချောင်းတို့ အိမ်ရှေ့ သွား၊ အိမ်ရှေ့ သံဇကာကွက်ကလေး တကွက်ထဲကနေ သူ့ရဲ့ တဖက်ထဲရှိတော့တဲ့ မျက်လုံးကလေးနဲ့ ချောင်းကြည့်နေရှာသတဲ့။ သံချောင်းလေးကလဲ တနေ့ကမှ ရွံ့ခူးပြီးလုံး၊ လှမ်းထားလို့ ခြောက်ပြီးသား၊ စကောထဲက လောက်စာလုံးတွေ ကို တလုံးပြီး တလုံး ထောင်ထားတဲ့ နို့ဆီဗူးခွံတွေဆီပစ်ရင်း အစွမ်းတွေပြနေတာပေါ့။ သရဲလေး ငညိုခမျာ သဘောကျလွန်းလို့ လက်ခုပ်လက်ဝါးများတောင် တီးမိရှာတယ်။ အဲဒီလို ပစ်နေရာက ရုတ်တရက် ပစ်မှတ်ပြောင်းသွားပြီး ငညိုလေး ချောင်းကြည့်နေရှာတဲ့ သံဇကာကွက် ထဲကိုမှ တန်းတန်း မတ်မတ် ပစ်လိုက်တာ ငညိုလေး ခမျာ တဖက်ထဲရှိတော့တဲ့ မျက်လုံးလေးပါ ကန်းသွားရှာ ရောလားကွယ်"

"ဟင် ငညိုလေး တနားပါရယ်နော် ဘိုးဘိုး.."

ဟိုဘက်ခြံက သမီးငယ်လေး မျက်နှာကလေးမဲ့၊ မျက်ခုံးကလေး ကွေးလို့ ငိုမလိုပြောရှာတော့ ကျွန်တော်တောင် ဆိုင်ကယ်ကို အဝတ်စ နဲ့ တိုက်နေရာက ပြုံးမိရသည်။ အဘိုးပုံပြင်ထဲမှာ အလွန်ချစ်စရာကောင်းသော၊ လူတွေကို ကူညီတတ်သော၊ အစအနောက်သန်သော၊ မျောက်ရှုံးအောင် ဆော့တတ်သော သရဲကလေးများစွာ ရှိလေသည်။ ထို သရဲကလေးတွေနှင့် ကလေးတွေက ရင်းနှီးပြီးသား ဖြစ်သလို၊ အဘိုးကလဲ သရဲဆိုတာ ကြောက်စရာ မဟုတ်၊ သူတို့တွေထက် လူတွေက အင်အားပိုရှိတဲ့အကြောင်း၊ ကလေးတွေ ရင်ထဲ ရဲရင့်စိတ် ကလေးများ သွင်းပေးလေ့ရှိသည်။

ကျွန်တော် အိမ်ထဲ ဝင်တာနဲ့ မေမေက သူ့ လက်ထဲက လင်ပန်းကို ကျွန်တော့် လက်ထဲထည့်ရင်း "သား ဟိုမယ် မင်းအဘိုးနဲ့ ကလေးတွေကို သာကူယို သွားတိုက် ချည်၊ မေမေ မီးပူတိုက်လေး တိုက်လိုက်ချင်လို့" ဟု ဆိုသည်။ ဒါက မေမေ အမြဲ လုပ်နေကျ။ ကလေးတွေလာတိုင်း တခု မဟုတ် တခု လုပ်ကျွေးမြဲ။

* * * * * * * * * *

ကျွန်တော် လမ်းမပေါ်ရောက်တော့ အတော်ကို မှောင်နေပြီ ။ လကွယ်ရက်တွေမို့ ဖြစ်မည် လက်ရှိ အချိန်ထက် ပိုမှောင်နေသလိုပင်။ မေမေသည် ကျွန်တော်ဆိုင်ကယ်စီးတာ ဘယ်တုန်းကမှ မကြိုက်ခဲ့ပါ။ ဆိုင်ကယ်ဝယ်ပြီး တရက်မှာ မေမေ့ ကို အတင်းပွေ့ချီ ဆိုင်ကယ်ပေါ်တင်ကာ တပတ်မောင်းပြဖူးသည်။ မေမေ့ခမျာ နောက်ကနေ ကျွန်တော့်ခါးကို တင်းတင်းဖက်ခါ "ဖြေးဖြေးနော် သား..." ဟု တချိန်လုံး ပြောနေခဲ့တာ။ ကျွန်တော် ခပ်ဖြေးဖြေးလေး နဲ့ ဂရုတစိုက်စီးပြတော့မှ စိတ်ချသွားသလို ခွင့်ပြုလိုက် ရတော့တာ။ ကျွန်တော်က အဖေ့သားပီပီ ခေါင်းမာသည်လေ။

ကျွန်တော် အိမ်ပြန်ရောက်တော့ အခါများစွာကလိုပဲ မေမေ မအိပ်သေးပါ။ "မေမေရာ ဒီကောင်ဗညား ကလဲ သားနဲ့ အဖော်လိုက်မယ် ဆိုလို့ ရထား လက်မှတ်တောင် ဝယ်ပြီးနေမှ ဒီညနေပဲ အူအတက်ပေါက်လို့ ချက်ချင်းခွဲ၊ ဆေးရုံတင်ထားခဲ့ရတော့ သား တယောက်ထဲ သွားရတော့မှာ..." မေမေကဖြင့် အဖော်မက်တဲ့ သားကို ကလေးတယောက်လို ပြုံးကြည့်ရင်း "ကဲ အဲဒါဆို သားလဲအိပ်တော့၊ မနက်ကျရင်လဲ ဘူတာရုံ စောစော ဆင်းရအုံးမှာလေ..." တယောက်ထဲမို့ စိတ်မချသော်လည်း ကျွန်တော့် အကြောင်းသိလို့ မေမေက တားမနေတော့ပါ။

* * * * * * * * * *

ကျွန်တော် မြို့လယ်ရွာလေးကိုရောက်တော့ ညနေ ၆ နာရီ ထိုးလုပြီ ။ ရထားအဝင်နောက်ကျတော့ တွဲထိုးတာ၊ ကုန်တင်ကုန်ချတာနဲ့ ပဲ ရထားထွက်ချိန်လဲ ၂နာရီနီးပါး နောက်ကျခဲ့ရသည် ။ ကျွန်တော် အချိန် ဆွဲမနေပဲ ရွာဦးကျောင်း ဆရာတော်ဆီ ချက်ချင်းဝင်ဖူး၊ ရေမိုးချိုး၊ စက်ဘီးတစီးငှား၊ လိုအပ် သောပစ္စည်းများ တခေါက်ပြန် စစ်ဆေးကာ ခပ်သွက်သွက်လေး တောင်ခြေဆီ ထွက်လာခဲ့တော့သည်။

နောက်ကျလှပြီ ။ ဒီညတော့ တောင်ခြေမှာပဲ အိပ်ရတော့မည်။ ကျွန်တော့် မျက်နှာကို လေအေးအေးလေးတွေ လာရောက် တိုးဝှေ့ လို့ ၊ ကျွန်တော့် ဆံပင်တွေလဲ ဖရိုဖရဲ ၊ အဲဒီအရသာကို ကြိုက်လှသည်။ ကျွန်တော် စက်ဘီး ကို အရှိန်မြှင့်နင်းလိုက်မိသည် ။ ဖောင်းခနဲ ဖြစ်ကာ စက်ဘီးက ဆက်နင်းလို့ မရတော့၊ စက်ဘီး ဘီးပေါက်သွားခြင်းပါ။ ကျွန်တော် မြေကြီးပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိသည် ။ ဘာမှမတတ်နိုင်၊ ကျွန်တော် တောင်ခြေအထိ လမ်းလျှောက်ရတော့မည်။ စိတ်ထဲက ဗညားကို မဆီမဆိုင် ကျိန်ဆဲလိုက်မိသေး၏ ။ နှစ်ယောက် ဆိုရင် ဘာပဲ ဖြစ်ဖြစ် အဖော်ရှိတော့ အနဲဆုံး စကားပြောဖော်လေးရအုံးမည်။ မိုးပေါ်မော့ကြည့်ပြန်တော့ ကြယ်ကလေးတွေတောင် အဖော် မစုံ ဟိုတလုံး ဒီတလုံးနှင့်။ ကျော၌ လွယ်ပိုး ထားသော ကျောပိုး
အိတ်ကြီးကလဲ ခုမှ ပိုလို့ လေးလံလာသလို ခံစားရသည်။ အိတ်ကြီးထဲမှာ သံလိုက်အိမ်မြှောင်၊ မြေပုံတခု၊ လေမှုတ်မွေ့ယာ၊ အိပ်ရာလိပ်၊ ကင်မရာ ၊ လက်နှိပ်ဓါတ်မီး၊ ဂတ်စ်မီးခြစ် ၊ အမ်ပီဖိုးပလေယာ ၊ ရေဗူး ၊ တောစီးဖိနပ်တရံ ၊ပေါင်မုန့် ၊ ငါးသေတ္တာ၊ အဝတ်ပို တစုံ နှင့် ဘူမိဗေဒသုံး တူတချောင်း။ ပြီးတော့ မှတ်တမ်းရေးရန် စာအုပ် ဘောလ်ပန် နှင့် စင်န်ပယ်လ် ကျောက်တုံးကလေးများ ထည့်ရန် ဖိနှိပ်ပိတ်လို့ရသော လိုင်းကလေးများ ပါတဲ့ အရွယ်စုံ ပလတ်စ်စတိတ် အိတ်လေးများ။

တောင်ခြေနားမရောက်ခင် ရွာကလေး တရွာတွေ့လျှင်ပဲ ကျွန်တော်အားတက်ရသည်။ ခဏလေးတော့ ဝင်နားရမည်။ ကျွန်တော် ပင်ပန်းလှပြီလေ။ အို....ရုတ်တရက် ကျွန်တော်အံ့ဩ မင်သက်သွားခဲ့သည် ။ လမင်းကလေး ထွက်လာသလိုပါ ။ ကျွန်တော်တို့ မြို့ ကြီးတွေမှာ တွေ့ရခဲတဲ့ အလှမျိုး၊ အသားအရေက ဝင်းပတယ် ဆိုတာထက် ဖြူဖွေးတဲ့ဖက် လုတယ်၊ ဂွမ်းဖတ်ကလေးလိုပဲ ။ မျက်လုံးနက်နက်၊ နူတ်ခမ်းပန်းသွေးလွလွနဲ့ ချစ်စရာ ။ အထူးခြားဆုံးကတော့ တကောက်ကွေးထိ ရှည်တဲ့ သူကလေးရဲ့ ဆံပင်တွေ၊ ခုလို လမိုက် ညမှာတောင် တလက်လက်နဲ့ ပိုးသားမျှင်ကလေးတွေလိုပဲ ၊ အိမ်ရှေ့ ကွပ်ပစ်လေးမှာထိုင်လို့ ၊ ကျောက်စိမ်းသွေးဆင် လက်ရှည်ကလေးနဲ့ ဆင်တူရောင် အချိတ်လေး ဝတ်လို့ ။ ခုတော့ ဗညား မလိုက်လာဖြစ်တာပဲ ခပ်ကောင်းကောင်း ။

ကျွန်တော့် ရေဗူးက အိတ်ထဲမှာ ၊ ဒါပေမဲ့ ကျွန်တော် ရေတောင်းသောက်လိုက်တယ်။ သူက "ရေချို ရဲ့လား မောင်ကြီး..." တဲ့ အခေါ်အဝေါ်ဆန်းပုံကြောင့် အံ့ဩရသည် ။ ကျွန်တော့် အရင်ရည်းစားတွေ တယောက်မှ အဲလိုမခေါ်ဖူးပါ ။ သူ့ကိုရော နှမကလေး
လို့ ပြန်ခေါ်ရင်ကောင်းမလား ၊ ခပ်ကြောင်ကြောင် အတွေးပါ ။ "ခွင့်ပြုပါအုံး ခင်ဗျာ..." လို့ ပဲ ပြောရင်း ရှေ့ဆက် ထွက်ခဲ့သည် ။ နောက်ထပ် နာရီဝက်လောက် တော့ တောင်ခြေရောက်အောင် ခရီးဆက်ရအုံးမည် ။ ဒီကို နောက်တကြိမ် ထပ်လာနိုင်
သေးသည် မဟုတ်လား ။ အလုပ်ကိစ္စတွေ မပါပဲနဲ့လေ ။

တောင်ခြေရောက်တော့ ည ၁၂ နာရီခွဲပြီ ။ လေမှုတ်မွေ့ရာကိုလေမှုတ်သွင်း ၊ မြေညီညီမှာ သံကိုင်းလေးများထိုးမြုတ်ကာ တယောက်အိပ် ကန့်ပ်တဲကလေး ဆောက်ပြီး သွားတော့ အိပ်ရာလိပ်ထဲ ပိုးတုံးလုံးတကောင်လို အတောင့်လိုက်လေးဝင်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့တော့သည် ။ အိပ်မပျော်ခင် သူကလေး ကျွန်တော့် မျက်ဝန်းထဲထိ ရောက်လာခဲ့သေးသည် ။

* * * * * * * * * *

မနက် ၆ နာရီ မှာ ကျွန်တော် လန်းဆန်းစွာ နိုးထလာခဲ့သည် ။ တောင်ခြေမှာ ပထမဦးဆုံးတွေ့သော အောက်ခရော့ (outcrop - ကျောက်လွှာပေါ်ထွက်ပိုင်း) ကို တူနှင့် ဂရုတစိုက် ခွဲဖဲ့ ထုတ်ရင်း ပလတ်စတစ်အိတ်ကလေးထဲထည့် ၊ ကျောက်လွှာတည်နေပုံ အနေအထားတွေ ဓါတ်ပုံရိုက်၊ စတစ်ကာပေါ် မှတ်ချက်ရေးကပ် (တောင်ခြေမှ ဖာလုံ ၂၀ ခန့်အသွင်ပြောင်းကျောက်) ပြီး ဆက်တက်၊ ခြားနားသော ကျောက်အမျိုးအစားများ တွေ့တိုင်း ယခင်အတိုင်း စင်န်ပယ်ယူ ၊ တောင်ဆက်တက်နဲ့ပဲ ကျွန်တော် ညနေမစောင်းခင် တောင်ပေါ် ရောက်ခဲ့သည် ။

တောင်ပေါ်မှာ ၂ ရက်နေပြီး တောင်ကြောကို အရပ် ၄ မျက်နှာခွဲ ကာ ကျောက် စင်န်ပါယ်တွေယူ ဓါတ်ပုံရိုက် မှတ်စုတွေရေး ၊ ယူဆောင်သွားသော စည်သွပ်ဗူး ၊ ငါးသေတ္တာ နှင့် ပေါင်မုန့် တွေစားရင်းကပဲ သူကလေးကို လွမ်းနေမိသည် ။ ဘာဖြစ်
မှန်းမသိပါ အရင်ကတွေနှင့် မတူတာတော့ ရင်ထဲက သိနေသည် ။ ပင်ပန်းလိုက်တာတော့ မပြောပါနှင့်တော့ ။ အမှန်က ကျွန်တော် ဗညား ကို စောင့်ခဲ့ဖို့ ကောင်းသည် ။ ပြောခဲ့ပြီးပါပကော ကျွန်တော်က ခေါင်းမာသည်လေ ။ စီစဉ်ထားပြီးပြီဆို လုပ်ရမှ ။ ဒီတော့ ရှေ့ပြေးအနေနှင့်ပဲ လာဖြစ်အောင် လာကြည့်ခြင်းပါ ။ ဟိုကောင် ဗညား ဆေးရုံက ဆင်းတော့မှ တခေါက်ထပ်လာရအုံးမည် ။

တောင်အောက်ပြန်ဆင်းတော့လဲ အတော့်ကို နောက်ကျ နေပြီ ။ သူကလေး အတွက် ရှားပါးသစ်ခွ ကလေးများ တွေ့သည်နှင့် တက်အခူး၊ နိမ့်သော်လည်း နှင်းစိုထားသောကြောင့် ချော်ကျကာ ခြေထောက်နာနေ၍ ခရီးက မတွင် ။

တွေ့ပါပြီ ၊ ကျွန်တော် သတိရနေခဲ့ သူလေး ၊ တနေ့က အဆင်အသွေးလေးအတိုင်း ဝတ်ထားတာပါ။ သူက ရေတခွက်တိုက်ရင်း "ဝမ်းမဟာဘူးလား မောင်ကြီး နန်းနွယ် ချက်ထားတာလေး သုံးဆောင် သွားပါအုံးရှင်" ဆိုတော့ လွန်ခဲ့တဲ့ ၂ ရက်က ပေါင်မုန့် နဲ့ပဲ ပြီးခဲ့ရတဲ့ ကျွန်တော် ၊ ခုမှပဲ တခုခု စားချင်လာသလိုလို ဖြစ်လာတော့သည် ။ ထရံကလေး တချပ်သာကာထားတဲ့ နောက်ဖေး မီးဖိုခန်း ထဲဝင်သွားတဲ့အခါ သူကလေး နောက်ကနေ တိတ်တိတ်လေး လိုက်ကြည့် နေမိသည် ။ အချိန်ကလဲ ည ၁၂ နာရီ ခုမှပဲ ဗိုက်က ဟာတာတာ။

ဘာလုပ်ဖို့ပါလိမ့် ၊ အိမ်ခေါင်မိုးထားသော သက်ကယ်ရွက်တွေချိုးကာ ဟင်းဇလုံလေးထဲထည့်၊ ရေထည့်နေတာလဲ တွေ့လိုက်မိသည် ။ ကျွန်တော် သူကလေး မမြင်ခင် အသာလေး ခေါင်းရင်း ခန်းဘက်ပြန်လာထိုင်နေလိုက်တော့သည် ။ ဇလုံလေးကိုင်ကာ ထွက်လာသောသူမက "သုံးဆောင်ပါ မောင်ကြီးရှင့်..." လို့ပြောလာတော့မှ သတိထားမိရသည်။ အဲဒါ ခုနက ဇလုံ မဟုတ်ဘူးလား ။ အင်း.. တလုံးထဲရှိတာထင်ပါရဲ့လေ ။

ကျွန်တော် ခုမှ သတိရသည် ။ သစ်ခွပန်းလေးတွေ သူမကိုပေးရအုံးမည် ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ ကျောပိုးအိတ်ဘေးချထားသော သစ်ခွပန်းခက်တွေ ယူပြီးပြန်အလာ...ကျုံ့ကျုံ့လေးထိုင်နေသော သူမလေးရဲ့နောက်ပိုင်းအလှကို ငေးကနဲ ဖြစ်ရသည် ။ ဆံဖျားကစလို့ ခြေဖဝါးအဆုံး လှနိုင်လွန်းသူကလေး ။ အမှတ်တမဲ့ သူ့ခြေဖဝါးတွေကို ကျွန်တော် နောက်တခေါက် ထပ်ကြည့်မိပြန်သည် ။
ဘာတွေလဲဟ...ဆေးမင်ကြောင်လိုလို ၊ အင်းကွက်တွေလိုလိုနဲ့၊ ဟင်...ဘီလူးကြီးတကောင်ရဲ့ ဦးခေါင်းပုံလိုလို ၊ ချက်ချင်းပဲ တမျိုးတမြည်သော ခံစားမှုတွေ ကြောင့် ကျွန်တော့် တကိုယ်လုံး ရှိန်းခနဲ ဖြစ်ကာ ဦးခေါင်းကြီးလာသလို ၊ ကြက်သီးတွေ ဖြန်းကနဲ ၊ ဆံပင်တွေ ထောင်ကနဲ ဖြစ်သွားသည် ။ ဒါကိုသူမက ခံစားသိနှင့် သိလိုက်သလို ဆတ်ကနဲ ကျွန်တော့်ဘက် မျက်နှာအလှည့်...။ ဘုရား ဘုရား... ။ ဒါ ...ဒါ နန်းနွယ်မှ မဟုတ်တာ ။ မျက်ထောင့်နီကြီးတွေနဲ့ ခွက်ဝင်နေသော ပါးအစုံ၊ နှာခေါင်းပဲ့ကြီးနဲ့ ဖြူဖွေး ပါးလျားလှတဲ့ ဆံပင် ၊ အို...တကယ့်ကို ကြောက်မက်ဖွယ်။ သူမက လွတ်သွားမှာ စိုးတဲ့ အလား ကျွန်တော့်ဆီကို ဝုန်းကနဲ ခုန်ပျံပြီး ကျွန်တော့် နှလုံးသား အစုံကို ချွန်မြနေတဲ့ သူ့ လက်သည်းကြီးတွေ နဲ့ ခြစ်ယူ ဆွဲထုတ်...။ ကျွန်တော့်ခြေထောက်တွေ ရုတ်တရက် ရွှေ့မရတော့ , နန်းနွယ် နန်းနွယ် ဒါ...ဒါ...... နန်းနွယ် မဟုတ်ဘူး...။ သည့်နောက်တော့ ကျွန်တော်ဟာ ပိန်းနေအောင်မှောင်တဲ့ အမှောင်ထုကြီးထဲမှာ....

* * * * * * * * * *

"တောင်ခြေနားကရွာ... ဟုတ်ကဲ့လားမောင်ရာ... ဘကြီး မြို့လယ်ရွာနေလာတာ ၊ မောင်းဆစ်တောင်တက်လာတာဖြင့် ဒီတသက်ရှိရော့မယ် ရွာရှိတယ်ဖြင့် မကြားမိပေါင် မောင်ရာ...။ ကဲ ကဲ ဘကြီးလဲ ခွင့်ပြုအုံး ဆရာတော် စိတ်ပူနေရော့မယ်..."
ကျွန်တော် ရထားဘူတာ ဆင်းရမဲ့ မနက်ထိ ပြန်မရောက်တာနဲ့ ဆရာတော်က စိတ်ပူပြီး ရွာကလူတွေလွှတ် အရှာခိုင်း တော့မှ တောင်ခြေနဲ့ ၅ ကီလိုမီတာ အကွာလောက်မှာ လူတခြား အိတ်တခြား လဲနေတာ တွေ့ရသတဲ့ ။ ဆေးရုံမှာ ၂ရက် လုံး
လုံး အဖျားတွေတက် ၊ ကျွန်တော်ပြောသမျှ ကိုလဲ ဘယ်သူကမှ ယုံပုံ မရ ။ ကျွန်တော် စိတ်ညစ်လှပါပြီ ။ ကျွန်တော့် အပေါ် အရူးတယောက်လို၊ ဖွင့်မပြောပေမဲ့ အားလုံးရဲ့ မျက်လုံးတွေထဲက အကြည့်တွေ...။ ကျွန်တော် ဘယ်လိုမှ မခံစားနိုင်ပါ ။
အိမ်ပြန်ရောက်တော့လဲ အားလုံးက အရိပ်တကြည့်ကြည့် ၊ မေမေကတော့ ထုံးစံ အတိုင်း ကလေးတွေနဲ့ ဘိုးဘိုး စားဖို့ မီးဖိုထဲမှာ နွားနို့ဆန်ပြုတ် ပြုတ်နေလေရဲ့ ။ မေမေ သူ့ အပေါ် အာရုံလွဲနေတုန်း ဆိုင်ကယ် တပတ်လောက် စီးရရင် ကောင်းမယ်...။

"တောကစားထွက်ရာက လမ်းပျောက်လာတဲ့ အိမ်ရှေ့မင်းသားလေးဟာ ညဥ့်နက်တဲ့ အထိ နန်းတော်ကို ပြန်တဲ့လမ်းမတွေ့နိုင်ပဲ တောကြီးမျက်မည်းထဲ တလည်လည် ဖြစ်နေသတဲ့ ၊အဲ တနေရာလဲရောက်ရော ရွာကြီးတရွာကိုတွေ့တော့ မင်းသားလေး
ဟာ အင်မတန်ပျော်ရွှင်သွားသတဲ့..."

ကျွန်တော် ဆိုင်ကယ်ကို စက်မနှိုးပဲ အသာလေး ခြံဝထိ တွန်းလာလိုက်တော့သည် ။ အဘိုး ကဖြင့် ကျောပေးရက်မို့ မမြင်နိုင်ပါ ။

"တကယ်တော့ အဲဒီရွာဟာ ကြပ်တွေ လူယောင်ဖန်ဆင်းလို့ တည်ထားတဲ့ ရွာကြီးကွဲ့ မင်းသားလေးကို မြင်မြင်ချင်း ချစ်ခင်စုံမက် မိတဲ့ ကြပ်မ ကလေး ဟာ .......... "

ဘိုးဘိုး ပုံပြင်ကို ကျွန်တော် ဆက်မကြားလိုတော့ပါ ။ ဆိုင်ကယ်ကို တအားကုန် လီဗာနင်းပြီး ထွက်လာခဲ့ တော့သည် ။ ဒါတောင် အဘိုးရဲ့ စကားသံတွေကတော့ ကျွန်တော့် နားထဲလိုက်ပါနေတုန်းပါ။

မိုးရွာပြီးစမို့ ဖြစ်မည် ၊ မိုးရနံ့လေးတွေ ရှိနေသေးသော လေမှုန်လေးတွေက ကျွန်တော့် မျက်နှာပေါ် တိုးဝှေ့လို့ ၊ ကျွန်တော့် ဆံနွယ်တွေ ခပ်ပြင်းပြင်း ဝေ့ဝဲလို့ ၊ ကျွန်တော် အဲဒီ အရသာ ကိုကြိုက်သည် ။

ကျွန်တော့်နားထဲမှာ အဘိုးရဲ့ စကားသံတွေ..."အဲဒီကြပ်ရွာဟာ..........."

ပြီးတော့ နန်းနွယ်ရဲ့ စကားသံတွေ.... "မောင်ကြီးရေ........."

တဖန်တလဲလဲ လည်လို့ , ဘာကိုမှ မကြားချင် မသိချင်ပါ၊ ကျွန်တော့်ကို အရူး တယောက်လို အားလုံးရဲ့အမြင်တွေ အောက်က ပြေးထွက်ချင်လှပါပြီ ။ ကျွန်တော့် ခန္ဓာကိုယ်ထဲ သွေးတွေ တဖျင်းဖျင်းနဲ့၊ ခေါင်းတွေလဲ တဆစ်ဆစ် ကိုက်လာနေပြန်ပြီ ။ ရုတ်တရက်...ကျွန်တော့် မျက်နှာချင်းဆိုင်က ကားကြီးတစီး ထွက်အလာ၊ ကျွန်တော် တကိုယ်လုံးမြောက်တက်အသွား....။ ခဏကလေးပါပဲ..သေချာတာတခုက ကျွန်တော် နန်းနွယ်နဲ့ တွေ့ရ တော့မည်လေ...။

ဘဝ အမောတွေ ပြေကြပါစေ...။

8 comments:

သက်ဝေ said...

ဖတ်နေရင်းနဲ့ ဆံပင်တွေ ထောင်ကနဲ ဖြစ်သွားတယ်...
ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ကိုယ် ထင်မထားဘူးလေ...
ပုံမှန်ဇာတ်လမ်းလေးပဲလို့ တွေးထားတာ...
ဝတ္ထုလေးတွေ အများကြီး ဆက်ရေးအုံးနော်...

nu-san said...

ဟုတ်ပါ့ အမရယ်.. မမသက်ဝေပြောသလို နန်းနွယ်ကို ဥစ္စာစောင့်လား ဘာလားလို့ ထင်နေတာ.. ဖတ်ရင်းနဲ့ ကြောက်လာတယ်... အဟီး.. သတ္တိကောင်းတာလေ.. အခု အိမ်မှာလည်း တစ်ယောက်တည်းရယ.်. :D ရေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ် အမ.. :)

pandora said...

ရသမြောက်တဲ့ ကြောက်စရာလေးကို ဖတ်သွားပါတယ်

shwezinu said...

ကြည်အေးရေ ပုံပြင်ထဲက ပုံပြင်လေးတပုဒ်ပေါ့နော်

အင်ကြင်းသန့် said...

အမရေး.....ကြောက်စရာဂျီး....... အဲဒီလူကသက်ကယ်တွေရေထဲချိုးထည့်နေတာမြင်ကတည်းက
သာတိတ်တိတ်လေးထွက်ပြေးရင်လွတ်လောက်တယ်.....
အဟီး :P

yawnetthan said...

စွဲဆောင်မူရှိတဲ့ဝတ္ထုလေး ဖတ်သွားပါတယ်။

ဝေလင်း said...

အစ်မက ဘက်စုံရတာသေချာသွားပြီ။ ကျွန်တော်ကတော့ စကားပြေရေးညံ့တယ် အစ်မရဲ့။ စကားပြေကောင်းကောင်း ရေးတတ်ချင်တယ်။ ဖြတ်သန်းလာတဲ့ အတွေ့အကြုံချင်းကလည်း ကွာတာကိုး.. ကျွန်တော်က ခုမှ ဘ၀ဆိုတာ ဘာမှန်းမသိသေးတဲ့ ကလေးသာသာပဲ ရှိသေးတာ။ ၁၉ နှစ်သာ ပြည့်တော့မယ်။ ကိုယ့် ကိုယ်ကို ဘာမှ မရင့်ကျက်သလို ခံစားရတုန်းပဲ။ ကိုယ့် ထက်အတွေ့ အကြုံ အတွေးအခေါ်ပြည့်စုံတဲ့ လူတွေရေးတဲ့ စာနဲ့ ယှဉ်လိုက်တော့ ကိုယ့်စာတွေက အနှစ်သာရမရှိတာ ပိုခံစားရတယ်။

Ko Boyz said...

နေ့ခံညစံတွေ
နေ့စံညခံတွေပေါ့နော်။

ဟိုတစ်ယောက်က မမှတ်သေးပဲ ဆက်သွားနေတယ်။
တော်ကြာ ဆေးဆရာက စီးလာတဲ့ မြင်းကို မသင်္ကာလို့ သိမ်ဝင်အပ်နဲ့ ထိုးလိုက်တာ ခေါင်းတလားကြီး ဖြစ်နေတယ်ဆိုတဲ့ မင်းသိင်္ခဝတ္ထုလို ဖြစ်နေဦးမယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်