ခုချိန်မှာ ကပ်ရောဂါဆိုးကြီးဟာ ချစ်ခင်ရသူတွေ မိသားစုဝင်တွေ အနီးအပါးကို တဖြည်းဖြည်းရောက်လာခဲ့ပြီ။
သိသူ မသိသူတွေရဲ့ နာရေးသတင်းတွေကို လူမှှုကွန်ယက်ပေါ်မှာ နေ့တိုင်းတွေ့နေရ...၊
ကျန်ရစ်ခဲ့သူတွေရဲ့ နာကျင်မှှုကို နေ့တိုင်းဖတ်နေရတဲ့အဖြစ်က အတော်ခံရခက်ပါတယ်။
အသက်ကြီးသူတွေရော အလယ်အလတ်တွေရော လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး အောက်စီဂျင်ကျပြီး ကိုယ့်မျက်စိရှေ့တင် ဆုံးပါးသွားခဲ့ကြရတာ ဘယ်လောက် ရင်နာဖို့ကောင်းသလဲ။
ကိုယ်တိုင်လည်း ၁၃နှစ်သားတူအငယ်ကလေးကလွဲလို့ ကိုယ့်မိသားစုဝင်တွေအားလုံး တအိမ်လုံးဖျားကြတဲ့အဖြစ်ကို ကြုံရတော့ ပူလောင်လိုက်တာလေ။ ဆွေနီးမျိုးစပ်တွေရဲ့ ဆုံးပါးသွားမှှုတွေ ကြားရတာဟာလည်း အတော်လေး စိတ်တွေနာကျင်ရတဲ့အချိန်တွေပါပဲ။
မိသားစုနီးပါး အိမ်၁ဝဝမှာ ၉ဝကျော်လောက် တမိသားစုလုံး ဖျားကြ၊ အောက်စီဂျင်ကျကြတဲ့အဖြစ်ဟာ ဘယ်လောက်စိတ်ပူစရာအခြေအနေမျိုးပါလိမ့်။
ဖေဖော်ဝါရီ ၁ရက်နေ့က စလိုက်တဲ့ အဆိုးတွေဟာ ခုထိ တတိုင်းပြည်လုံး ဗြောင်းသတ်နေတော့တာပဲ။ ဆုံးရှုံးခဲ့ကြရတဲ့အသက်တွေ၊ မတရားအဖမ်းဆီးခံထားရတဲ့ တယောက်ချင်းစီတိုင်းတွေအတွက် ကိုယ်တို့ တတ်နိူင်တဲ့ဘက်က ပါဝင် ရှေ့ဆက်မှ ဖြစ်မယ်။
တနေ့က အကျဉ်းထောင်ထဲက တော်လှန်ရေးတပ်လှန့်သံတွေဟာ ကိုယ်တို့အားလုံးကို ကိုင်လှှုပ်လိုက်သလို ခံစားရတယ်။ ကိုယ်တို့ သွေးမအေးပါဘူး။ ကပ်ဆိုးကြီးနဲ့ ရင်ဆိုင်တိုက်နေကြရလို့ တော်လှန်ရေးအရှိန်လျော့သယောင် ဖြစ်သွားပေမယ့် ဘယ်တော့မှ သွေးအေးမသွားဘူး။ သွေးအေးစရာအကြောင်းလည်း မရွိဘူး။
ပြီးတော့ အဲဒီနေ့က လပြည့်နေ့တဲ့၊ ဝါဆိုလပြည့်နေ့တဲ့။ ကုသိုလ်ရေးလည်း မလုပ်နိူင်ဘဲ ဖြစ်နေရတယ်။
ကိုယ့်ကိုယ်ကိုလည်း မနည်း ထူမတ်နေရလို့ပါ။ ဘယ်ဘက်ရင်ညွန့်အောင့်တဲ့ရက်တွေ စိပ်လာပြီ။ ကိုယ်လည်း အသက်ကို မျှင်းပြီးရှူနေရတာပါပဲ။ ရှင်သန်လိုစိတ်နဲ့တော့ သွားနေပါတယ်။ ကိုယ်တိုင် ရှင်သန်မှလည်း ကိုယ့်ပတ်ဝန်းကျင်ကို ကူနိူင်လိမ့်မယ်ဟုတ်လား။ ဒီတော့ ရှင်သန်လိုစိတ်နဲ့သာ တရက်တာချင်း ဖြတ်သန်းနေရတာပါပဲ။
ကိုယ့်တိုင်းကိုယ့်ပြည်မှာ လူတွေ အသက်တွေ အိုးအိမ်တွေ ဆုံးရှုံးနေရတဲ့အဖြစ်ဆိုးကြီးကို လေသံကလေးမှ မထွက်နိူင်တဲ့ တချို့သော မြန်မာပြည်သူပြည်သားဆိုသူတွေကိုလည်း ဆက်ပြီး အံ့သြမနေတော့ဘူး၊ မနေချင်တော့ဘူး၊ ရှိစေတော့။
ကိုယ်တိုင်ကတော့ ရှေ့နှစ်တွေမှာ တဖြည်းဖြည်း မာကြောထုံပေလာရာက ခုအခြေအနေတွေအရောက်မှာ မျက်ရည်ကျမိရပြန်တယ်။ ဒီတခါ မျက်ရည်ကျရတာကတော့ သွေးသားမတော်စပ် တစိမ်းတွေအတွက် အမှန်တရားဘက်တော်သား သူရဲကောင်းတွေအတွက်၊ ကျသင့်တဲ့မျက်ရည်မို့ နာနာကျင်ကျင် ကျဖြစ်ပါတယ်။
ခုတလော အမြဲလိုလို တွေးဖြစ်နေတာက ရှင်သန်ခြင်းပဲ။ ကြွေလွယ်လွန်းတဲ့ ရှင်သန်ခြင်းအကြောင်း၊
ကိုယ်နဲ့နီးစပ်သူတွေထဲကလည်း တဖြုတ်ဖြုတ်၊ ကြီးသူတွေရော ငယ်သူတွေပါ၊ တယောက်ပြီးတယောက် ထွက်သွားနေကြတာ။ အဲသလောက်ထိ မြန်ရလားကွယ်၊ သေခြင်းတရားရဲ့ အစိုးမရခြင်းဟာ ကြေကွဲစရာကောင်းလောက်အောင် ကိုယ့်ကျောနောက်ကပ်လျက် ရှိနေသလို ထင်ရတယ်။
တဆက်ထဲမှာ ချစ်သူ ခင်သူတွေကို သတိရစိတ် ဖြစ်မိတယ်။
ရှင်သန်နေစဉ်မှာ မပြောဖြစ်ခဲ့တဲ့စကားတွေအတွက်၊
မပြဖြစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက်၊
ဂရုစိုက်ခွင့် မရခဲ့ခြင်းတွေအတွက်၊
အားပေးပြုံးပြခွင့် မရခဲ့တဲ့အတွက်၊
အရာရာအတွက် တင်ကြိုတွေးနေမိတာနဲ့တင် နာကျင်ရတယ်။
ချစ်တယ်နော်ဆိုတဲ့ စကားလေးတခွန်း၊
ဂရုစိုက်ပါကွယ်ဆိုတဲ့ စကားလေးတခွန်း၊
တနေ့ ပြန်ဆုံမယ် အားတင်းထားဆိုတဲ့ စကားလေးတခွန်း၊
ကိုယ်တို့နိူင်မှာဆိုတဲ့ စကားလေးတခွန်း...။
အချိန်ရခိုက် ပြောကြရအောင်လေ.....
ခကအ
No comments:
Post a Comment
ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်