၂ဝ၁၈ရေ…
အေးချမ်းစွာလည်ပတ်နေတဲ့ ငါ့ကမ္ဘာထဲကဝင်ရိုးတွေကို တစစီဖြုတ်ပစ်ခဲ့ပြီးမှ
ငါ့ဗရမ်းဗတာဟန်ချက်မဲ့မှုတွေကို စိမ်ပြေနပြေထိုင်ရယ်နေခဲ့သူ
ချစ်ခြင်းမှာ တရားသဖြင့်ဆိုတာ မရှိဘူး
မတရားသဖြင့်ပြုလုပ်ခဲ့မှုတွေမှာ နင် ပျော်နေပါ...
လမ်းတဘက်ကိုဖြတ်ကူးတိုင်း ငါ့လက်ဖဝါးတွေကို ဆုတ်ကိုင်ထားတတ်ခဲ့သူ
နင့်လက်ဖဝါးကတဆင့် ငါ့တကိုယ်စာထဲ နွေးထွေးလင်းမြမှုတွေ ချိတ်ဆက်ပေးခဲ့သူ
ငါ့ကိုယ်ပေါ်က ရေမွှေးရနံ့ တပါးသူဆီသင်းပျံ့မှာကိုတောင် ဝန်တို(ပြ)နေတတ်ခဲ့သူ
ဒါဟာ ချစ်ခြင်းတရားဆိုတဲ့လမ်းမကြီးပဲလို့ ယုံကြည်စေခဲ့သူ
စိတ်ကျရောဂါလို့ ငါ့ခန္ဓာအနှံ့မှာချရေးပြီး ငါ့သွေးသားထဲ တစိမ့်စိမ့်စီးဝင်နေခဲ့ရတာ
ပျော်ပါရဲ့လား…
၂ဝ၁၈ရေ…
နင်ဟာ တကယ်တော့...
ငါ့ဘက်မှာ မှောင်ပိန်းသလောက် အခြားတဘက်မှာ လင်းပနေတဲ့ ကြယ်…
ချစ်ကြည်အေး
၂၂၁၂၂ဝ၁၈
ကဗျာလေး အရမ်းမိုက်တယ်...း) ကြိုက်စ်စ်....
ReplyDeleteမိုးငွေ့