Friday, January 30, 2015

လိပ်ပြာအနူတ်



(၁)
အဆင်းကျကာမှ လေယာဉ်ကခါချင်နေသည်။ သိမ့်ကနဲ သိမ့်ကနဲ လှုပ်အယမ်းကြောင့် ကျွန်မမျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်။ လေယာဉ်မယ်လေးတွေတောင် ရောက်ရာနေရာမှာ ငြိမ်ဝပ်စွာထိုင်လျှက်နေကြ ရသည်။ ကျွန်မထိုင်ခုံနောက်ကျောကို အနောက်မှ တစ်ချိန်လုံးကန်ကျောက်နေသော ကလေးငယ်သည်ပင် မိခင်ရင်ခွင်ထဲ၌ ငြိမ်သက်စွာ။ ကျွန်မဘေးမှ အန်တီကြီးကတော့ နှုတ်မှ တရွရွရွတ်ဆိုနေဟန်၊ ဘုရားစာတစ်ခုခုဖြစ်မည်။ စိတ်တွေကို အဆုံးထိလျှော့ချထားသူပီပီ သေရင်တောင်မှ ကျွန်မ တုန်လှုပ်မည်မဟုတ်တော့။ သုံးလေးရက်ခန့်ဆက်တိုက် အိပ်ရေးမ၀ခဲ့သောကြောင့် ကြောင်တောင် မူးရီနေသော မျက်ဝန်းများက အသက်မဲ့ကာ ဘာကိုမှ အာရုံခံစားမနေချင်တော့။ ထို့ကြောင့် မျက်ဝန်းများကို ပြန်လည်မှေးစင်းလိုက်ပြန်သည်။

မကြာမီမှာပင် လေယာဉ်က ရန်ကုန်လေဆိပ်သို့ ချောမောစွာဆိုက်ရောက်ခဲ့သည်။ ကျွန်မနောက်ခုံမှ ကလေးအမေက ကျွန်မကို အားနာစကားဆိုရှာသည်။ သူမသားကလေး တစ်ချိန်လုံး ကျွန်မခုံနောက်ကျောကို ခြေနှင့်ကန်ကျောက်နေသည်ကို စိတ်မရှိပါရန် ဆိုလာသည်။  သူမစကားသံမှာ အနည်းငယ်ဝဲကာ ခပ်သော့သော့နှင့်မို့ ဥရောပနိုင်ငံတစ်ခုခုကပဲဟုသေချာကာ ရပါတယ် ကိစ္စမရှိပါဘူး ကလေးပဲဟု ပြန်ပြောလိုက်တော့ သူမကပြုံးကာ အိပ်ထဲမှ ပါတ်ကားဘောပန်န်လေးတစ်ချောင်း (အသစ်တော့မဟုတ် သုံးလက်စဖြစ်မည်)လက်ဆောင်ဟုဆိုကာ ထုတ်ပေး လာတော့သည်။ ငြင်းနေသည့်
ကြားမှပင် ကျွန်မလက်ထဲရောက်လာတာမို့ ဆက်မငြင်းဖြစ်ဘဲ အားနာနာနှင့်ယူခဲ့ရတော့သည်။ ငွေရောင် ပါတ်ကားဘောလ်ပန်န်လေး….။ 

လက်ထဲက ဘောပန်န်လေးကိုကြည့်ကာ မျက်ဝန်းတို့ေ၀၀ါးလာခဲ့ရပြန်သည်။ ဒီဘောလ်ပန်န်မျိုးလေး။

ဖေဖေသုံးနေကျ။ ကျွန်မမျက်ဝန်းတို့ ချက်ချင်းစိုစွတ်လာသည်မို့ မျက်တောင်များကို ပုတ်ခတ်လိုက်ကာ မျက်နှာကို တစ်ဆက်တည်း အပေါ်မော့ပစ်လိုက်မိသည်။ ဖေဖေ…..။  ဖေဖေ့ကို သတိရလိုက်တာ…။ စိတ်ထဲမှာပင် ကြေကွဲစွာပွင့်အန်ထွက်လာသော အသံတိတ်စကားများမို့ မည်သူမျှကြားနိုင်မည်မထင်။
လေဆိပ်အထွက်မှာ လာကြိုနေသော အဒေါ်နှစ်ယောက်က ကျွန်မကို ဆီးပွေ့ကာ မျက်ရည်ကျကြသည်။

“သမီးရယ် သမီးဖေကြီး မရှိတော့ဘူး သမီးရဲ့…အီး…ဟီး…”

ဟုတ်ရဲ့လား  သေချာပြီတဲ့လား…၊ ရင်ထဲမှာ ဆို့တက်လျှက် နှုတ်ကမူ ဘာစကားမျှ ထွက်မလာ။ ကျွန်မတစ်ခုခုတော့ ပြန်ပြောလိုက်ချင်ပါသည်။ သို့သော် အသံတို့ပျောက်ဆုံးလျှက် လူက ထုံပေပေနှင့် ငေးကြောင်နေကာ ခြေထောက်နှင့်မြေ မထိဘဲ ဆွဲခေါ်ရာနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့မိသည်။ 

ဖေဖေ…သမီး အိမ်ပြန်လာပြီလေ….

ဖေဖေ ကြားနိုင်ပါလိမ့်မည်ဟု ကျွန်မထင်သည်။ ကျွန်မမျက်နှာမှာ အပြုံးတစ်ခုခု ပေါ်လာကာ ကြေနပ်မိ သလိုလို။ စိတ်ထဲကတော့ ဖေဖေ ကျွန်မကို တစ်နေရာရာမှစောင့်လျှက် ကြည့်ရှု့နေလိမ့်မည်ဟုပဲ စိတ်ချပိုင်နိုင်စွာတွေးမိပြန်သည်။ ကျွန်မတို့အိမ်အ၀င် ညာဘက် သရက်ပင် ပင်စည်ပတ်လည်မှာ ရိုက်ထားသော ခုံတန်းကလေးမှာများ ဖေဖေ ကျွန်မကို စောင့်နေလေမလား။ အိမ်ရှေ့ဧည့်ခန်းထဲက ဝါးပက်လက်ကုလားထိုင်လေးပေါ်မှာများ ဖေဖေ အပြုံးနှင့် ကြိုနေလေမလား။ ဒါမှမဟုတ် မေမေဟင်းချက်ရာ မီးဖိုချောင်ထဲမှာများ ဟင်းမြည်းပေးနေလေမလား။ တစ်နေရာရာမှာတော့ ဖေဖေ ရှိနေပါလိမ့်မည်။

အိမ်ရှေ့အရောက် ကားပေါ်မှဆင်းသည့်တိုင် စိတ်တို့က ဒုံးဒုံးမချလိုက်ချင်။ လူတွေ လူတွေအများကြီးပဲ အိမ်ရှေ့မှာ ကလဖျင်းထိုးထားကာ ၀ိုင်းဖွဲ့လုပ်ကိုင်နေကြသည်။ ကျွန်မကိုမြင်တော့ အားလုံး၏ အကြည့်တွေက ကျွန်မဆီ ရောက်လာကြသည်။ “သမီးကြီးရောက်လာပြီ” နားမှ အသံတစ်သံ ကြားလိုက်ရသည်။ 

“သမီးကြီး သမီးဖေကြီး ဆုံးရှာပြီ သမီးရဲ့” 

 မေမေ…ဒါ မေမေ့အသံ။ သေချာလိုက်ရတော့မှာလား။ ဒါ တကယ်ပဲတဲ့လား။ ကျွန်မ စိတ်နှင့်သာ တွင်တွင် ခေါင်းခါနေမိသည်။ အများအမြင်မှာတော့  ကျွန်မက ကျောက်ဆစ်ရုပ်တစ်ရုပ်နှယ် ငြိမ်သက်အေးစက်စွာ။  

“မေမေ မငိုပါနဲ့တော့နော်၊ ဖေဖေက အဝေးမှာသေဖို့ ကံပါလာပြီပဲ။ ငါသေရင် အနားက မိန်းမနဲ့ သားသမီးတွေကို ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး၊ အားလုံးနဲ့ အဝေးမှာပဲ သေချင်တယ်ကွာ လို့ ဖေဖေ ပြောခဲ့ဖူးတယ်လေ မေမေ၊ မှတ်မိလား”

တကယ်တမ်း ထိုစကားတို့က ကျွန်မနှုတ်မှ ထွက်ကျမလာပါ။ စိတ်ထဲမှ တဖွဖွ ထွက်ကျ ရွတ်ဆိုနေမိတာသာဖြစ်လေသည်။ အို…ကျွန်မ မယုံနိုင်ပါ။ ကျွန်မက သည်လိုမှ မဟုတ်တာ၊ ခါတိုင်းဆို အိမ်ရောက်သည်နှင့် မေမေ့ကိုမြင်သည်နှင့် စကားတွေ တရစပ်သွန်ချပြောဆိုတတ်သော ကျွန်မလေ။ ဒါ ကျွန်မလား ကျွန်မအစစ်လား…။ ကျန်ရစ်သူ အားကိုးရာမဲ့မေမေ၊ ပြီးတော့ ပညာတစ်ပိုင်းတစ်စနှင့် မောင်လေး ညီမလေးတွေမျက်နှာ။ သူတို့ ဘယ်သူ့ကို အားကိုးကြရတော့မလဲ။ သမီးအကြီးဆုံး….။ ကျွန်မက သမီးအကြီးဆုံးလေ….။ အစ်မကြီး အမိအရာဆိုရင် ခု ကျွန်မက မိခင်နေရာတောင် မဟုတ်ဘူး အဖေ့အစား ဖခင်နေရာမှာ ကျွန်မရောက်နေရပြီ။ ကျွန်မအတွက် လက်ရှိရောက်နေသောနေရာက ဖေဖေ့နေရာမှာ။ တာဝန်ကြီးလှချည်ရဲ့။

 ဖေဖေ တကယ် ကျွန်မကို စိတ်ချတယ်ပေါ့… ဟင် ဖေဖေ။ တိုင်တည်နေမိသော စကားလုံးများက နှုတ်မှ ထွက်မလာပြန်။ ကျွန်မတစ်ယောက်တည်း ဖေဖေနှင့် စိတ်ချင်းဆက်သွယ်ကာ စကားတွေ ပြောနေမိခြင်းရယ်သာ။

“ဖေဖေ မဖြစ်နိုင်ပါဘူးဖေဖေရယ် သမီးမှာ အားအင်တွေ မပြည့်ဝသေးပါဘူး၊ ဖေဖေ့လို မိသားစုအပေါ် လုပ်ကျွေးသမှုပြုဖို့ဆိုတာ သမီးတစ်ယောက်ထဲ မနိုင်သေးဘူးထင်ပါရဲ့။ ဖေဖေ စိတ်ချလက်ချ မထားခဲ့သင့်ဘူးနော်”

အပြင်မှာ မပြုံးမရယ် ငိုလည်း ငိုမချ၊ မျက်ရည်ရယ်လို့လည်း တစ်စက်မှ ထွက်မလာ၊ နှုတ်ဆိတ် ဆွံ့အနေသော မျက်လုံးအကြောင်သားနှင့်ကျွန်မကို မေမေက ခပ်တွေတွေ ကြည့်သည်။ ဘေးတစ်ဘက်တစ်ချက်က မောင်နှမတွေက “မမကြီး ဖေကြီး မရှိတော့ဘူး” ဟု အထပ်ထပ်ပြောကာ ရှိုက်ငင်ငိုယိုကြလျှက်ရှိသည်။ “မငိုပါနဲ့တော့ မငိုကြပါနဲ့တော့ မောင်လေးတို့ ညီမလေးတို့ရယ် မကြီးတစ်ယောက်လုံးရှိပါသေးတယ်၊ အဖေ့ကိုယ်စား မကြီး တာဝန်ယူမှာပေါ့” စိတ်ထဲ စကားတွင်တွင်ရွတ်ဆိုရင်းက သူတို့လေးတွေကို ရင်ခွင်ထဲဆွဲသွင်းကာ ကျောလေးတွေသပ်ရင်း နှစ်သိမ့်လိုက်မိသည်။ တစ်ဆယ့်နှစ်နှစ်သာရှိသေးသော မောင်အငယ်လေးက အထက်က အစ်မတွေအစ်ကိုတွေကြောင့် သူပါ ရောယောင်ငိုရှာလေသည်။

(၂)                                                                   

မေမေပြသော စာရွက်စာတမ်းများကိုကြည့်ရင်း ကျွန်မ ဘာဆက်လုပ်ရကောင်းမလဲ စဉ်းစားရသည်။ သင်္ဘောမှ အီးမေးလ်နှင့်ပို့လိုက်သောစာများကို ကုမ္ပဏီက ဘာသာပြန်ကာ မေမေ့ဆီလာပို့ထားသော အကြောင်းကြားစာများ၊ ဖေဖေသေဆုံးကြောင်း ဆရာဝန် အတည်ပြုချက်များ၊ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတစ်ပါးပင့်ဆောင်ကာ ဖေဖေ့အား ဗုဒ္ဓဘာသာဝင်ထုံးတမ်းအစဉ်အလာ အတိုင်းဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်သဂြိ င်္ုလ် ပေးပါမည့်အကြောင်း၊  စတာတွေပဲ ဖြစ်သည်။

ကျွန်မရောက်ရောက်ချင်းနေ့က ဖေဖေ့အလောင်းကို ပြန်သယ်ချင်ပါသလားဟု ကုမ္ပဏီမှ မိသားစုဆန္ဒကို မေးမြန်းခဲ့သေးသည်။ မေမေက “သမီးကြီးဘယ်လိုသဘောရသလဲ”ဆိုသည့်သဘောနှင့် ကျွန်မမျက်နှာကိုကြည့်ကာ အားကိုးတကြီးဆိုရှာပါသည်။ ပြန်မယူချင်ပါ။ ဖေဖေက ဟိုမှာ ဆုံးပါးခဲ့ ပြီပဲ။ နေပါစေတော့။ ကျန်ရစ်သောရုပ်အကြွင်းအကျန်က ဖေဖေမှ မဟုတ်တာဘဲဟု ကျွန်မဆိုတော့ မေမေကပါ သဘောတူခဲ့ပါသည်။ သို့နှင့် ဖေဖေနှင့်ပါတ်သက်တာဆိုလို့ ကျွန်မတို့ဘာမှ ပြန်ယူဖို့ မတောင်းဆိုခဲ့ပါ။

မိတ်ဆွေများက လျော်ကြေးတောင်းဖို့ အကြံပေးကြတော့ ကျွန်မ စဉ်းစားရပြန်သည်။ မေမေက ဘာမှ မဆုံးဖြတ်တတ်။ တစ်ခုခုဆို “ဘာလုပ်ရင်ကောင်းမလဲ သမီးကြီး”ဆိုကာ ကျွန်မကိုသာ အားကိုးတကြီး ရှိရှာပါသည်။ မေမေ့အနေနှင့်တော့ ချစ်ခင်အားကိုးရသော ခင်ပွန်းသည်တစ်ယောက်လုံး ဆုံးပါးခဲ့ပြီးမှတော့ ဘာကိုမှ ရယူလိုစိတ်နှင့် တမက်တမောရှိမနေတော့။ ကျွန်မမှာသာ မိသားတစ်စုလုံးစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အကူအညီရလည်း မဆိုးဟုတွေးမိကာ မိတ်ဆွေများ၏ အကြံပေးချက်အတိုင်း လျော်ကြေးတောင်းကြည့်ရကောင်းမလား စဉ်းစားရသည်။

သင်္ဘောသားဆိုတာ သဘောင်္ပေါ်ရောက်တာနဲ့ နှစ်ဆယ့်လေးနာရီအွန်ဂျူတီပဲမို့ ကုမ္ပဏီမှာ တာဝန်ရှိသည်၊ ကုမ္ပဏီမှာ ဖေဖေတို့လစာတွေထဲက လစဉ်ဖြတ်တောက်နေကျ အသက်အာမခံကြေးများလည်း ရှိသည့်အတွက် နောက်ဆုံးမှာ လျော်ကြေးတောင်းကြည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ သို့သော် ဖေဖေဆုံးပါးခဲ့ချိန်သည် သူ့အလုပ်ချိန်တွင်းမှာ မဟုတ်ပါ။ အလုပ်ချိန်ပြီး၍ ခါတိုင်းလို ရေမိုးချိုး၊ ပါတီခဏသွား (အဲသည့်ညက သင်္ဘောပေါ်မှာ ပါတီပေးသောညဟု ဆိုကြသည်)၊ မနက်ဂျူတီ စောစောဝင်ရမှာမို့ စောစောပဲ အခန်းပြန်ကာ ဘုရားဝတ်ပြုပြီးမှ အိပ်ယာဝင်ခဲ့သည်ဟု ဖေဖေနှင့် ရင်းနှီးသူများ၏ ပြောပြချက်အရ ပြန်သိရပါသည်။ ထိုအချိန်က ဖေဖေအရက်ပြတ်ပြီးဖြစ်သောကြောင့် အချိုရည်ပဲ သောက်ခဲ့သည်ဟုလည်း သိရသည်။

အင်မတန် အလုပ်ချိန်တိကျသောဖေဖေက နောက်တစ်နေ့မနက် ဖေဖေ့ဂျူတီချိန်မှာ လာရောက် သတင်းမပို့ဘဲပျောက်နေရာ သဘောင်္တစ်စီးလုံးပေါ်ရှိ တွေ့သမျှလူတွေဆီ ဆက်သွယ်ရှာဖွေမေးမြန်းကြနှင့် အချိန်အတော်ကြာသည်ထိ ဘယ်မှာမှ ရှာမရခဲ့ကြပါ။ သို့နှင့် ဖေဖေ့အခန်းတံခါးသော့အပိုနှင့်ဖွင့်ပြီး ၀င်ကြည့်ကြမှ ဖေဖေဆုံးနေကြောင်း သိလိုက်ကြရသည်။ ဖေဖေသေဆုံးရခြင်းအကြောင်းရင်းကို ဆရာဝန်က coronary diseaseဟု မှတ်ချက်ရေးသည်။  အဲဒီအချိန်မှာ ဖေဖေတို့သင်္ဘောက အမေရိကားက St.John Island ဆိုသော ကျွန်းကလေးတစ်ကျွန်းအနီးမှာ ကျောက်ချထားချိန်ဖြစ်သည်။

“အန်တီတို့ ဘာလျော်ကြေးမှ မပေးနိုင်ဘူး၊ တကယ်ဆို သူ့တာဝန်ချိန်လည်း မဟုတ်ဘူး။ ဒါတောင် အန်တီတို့ကုမ္ပဏီက သေသေချာချာ မီးသဂြို င်္လ်ပေးခဲ့သေးတာပဲ။ တစ်ချို့ သဘောင်္တွေဆို သဘောင်္သားတွေ ရေလယ်မှာဆုံးသွားရင် ဒီအတိုင်းရေထဲပစ်ချထားခဲ့တာ”

အသံမာမာအပြင် စကားလုံးရွေးချယ်မှုများက မကြာသေးခင်ကမှ ဖခင်တစ်ယောက်လုံး ဆုံးပါးထားသူ ကျွန်မအတွက် နားအဝင်ဆိုးလွန်းလှသည်။

“ရှင်… ကျွန်မအဖေကိုများ အဲဒီလို ရေထဲပစ်ချထားခဲ့လို့ကတော့ ဖြစ်ချင်တာဖြစ်ပါစေ၊ ကုမ္ပဏီကို တရားပြန်စွဲမှာပဲ အန်တီ။ ကျွန်မမှာလည်း ရှေ့နေအသိမိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မ ဖြစ်အောင် လုပ်လို့ရပါတယ် အန်တီရဲ့”

ဖြစ်နိုင်တာ မဖြစ်နိုင်တာ ထား၊ ကျွန်မလို သာမန်မိန်းကလေးတစ်ယောက်က သူတို့လို သင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်ကြီးတစ်ခုအပေါ် ဖက်ပြိုင်အံတုမည်ဆိုခြင်းက တကယ်တော့ လှောင်ရယ်လိုက်ချင်ဖွယ်။ အမေက ကျွန်မလက်ကို အသာကုတ်ကာ ဆက်မပြောဖို့တားရှာပါသည်။ သို့သော် ကျွန်မ မရတော့ပါ။ အဖေတစ်ယောက်လုံး သေဆုံးထားသောဆုံးရှုံးမှုအပြင် သူမ၏ ရိုင်းပျသောစကားတို့က ကျွန်မဒေါသစိတ်ကို ထောင်မတ်ရုံးကြွလာစေသည်။

“ခုနေများ အန်တီတို့ကုမ္ပဏီက လျော်ကြေးဒေါ်လာတစ်သိန်းယူမလား၊ ကျွန်မအဖေ အသက်ပြန်ရှင်လာတာ ယူမလား မေးလာရင် ကျွန်မက အဖေ့အသက်ကိုပဲ ရွေးမှာပါ အန်တီရဲ့။ ကျွန်မတို့ ငွေ မမက်ပါဘူး။ ခုဟာက လုပ်ရိုးလုပ်စဉ်အရ ကျွန်မက တောင်းဆိုနိုင်ခွင့်ရှိတယ်ထင်လို့ လာခဲ့တာပါ။ အန်တီ စကားပြောဆင်ခြင်ဖို့ ကောင်းတယ်။ ခုဟာက လူတစ်ယောက်လုံးသေတာ။ ခွေးတစ်ကောင်သေသလို ရေထဲ ပစ်ချခဲ့မယ်ဆိုတာကတော့ တရားလွန် လွန်းပါတယ်။ အန်တီ့အဖေသာဆိုရင် အန်တီပြောသလို ရေထဲ ပစ်ချထားခဲ့နိုင်မလား”

“အင်းလေ ဘာဖြစ်ဖြစ်ပါ။ အန်တီတို့က ဧဂျင့်အဆင့်ပဲရှိတာ။ သဘောင်္ကုမ္ပဏီရုံးကို ဆက်သွယ်ပြီး မိသားစုတောင်းဆိုတာတွေကို ပြောပြပေးပါမယ်။ သူတို့ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရမှာပေါ့”

အမျိုးသမီးမျက်နှာက ညိုမဲကာ လေသံက အနည်းငယ်ပျော့ပြောင်းလာသည်။ အနည်းဆုံးတော့ ကျွန်မထက် ဆယ့်လေး-ငါးနှစ်ခန့်ကြီးမည်ဟုခန့်မှန်းရသော ထိုအမျိုးသမီးအပေါ် ကျွန်မ နှုတ်လှန်မထိုးချင်ခဲ့ပါ။ သို့သော်….။ အစကတည်းက သည်လိုကြေလည်အောင် ပြောဆိုသင့်သည်ပဲလေ။

(၃)
သဘောင်္ကုမ္ပဏီက လျော်ကြေးမပေးနိုင်၊ ကျန်ရစ်သူမိသားစုအတွက် ဂရုဏာကြေးအဖြစ် ဒေါ်လာ ငါးထောင်ပေးမည်ဟု ဆိုလာသည်။ ကျွန်မတို့သားအမိမှာ ဧဂျင့်က ပြန်လာသောနေ့ကတည်းက ဘာမှမရလည်းနေပါစေဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တာမို့ စိတ်ထဲ ဘယ်လိုမှ ခံစားမနေတော့ပါ။ ပြည့်စုံကြသူများ မဟုတ်သော်လည်း ထိုဒေါ်လာငါးထောင်ကို အဖေ့အတွက် ရည်စူးပြီး အကုန်လှူပစ်မည်ဟု မေမေနှင့်ကျွန်မ တိုင်ပင်သဘောတူခဲ့ကြလေသည်။

ရက်လည်ပြီးလို့ နှစ်ပတ်ထဲရောက်လာတော့ ကျွန်မလည်း ခွင့်ရက်စေ့ပြီမို့ ပြန်ရတော့မည်။ မိသားစု မောင်နှမများကို အားမငယ်ဖို့၊ အငယ်တွေကို ကျောင်းဆက်ထားပေးဖို့ ကျွန်မ တာဝန်ယူပါမည့်အကြောင်း၊ အိမ်စားရိတ်လည်း ကျွန်မပဲ ထောက်ပါမည့်အကြောင်း တဖွဖွဆိုကာ ပြန်ဖို့ အထုတ်အပိုးပြင်ရသည်။ ထိုအချိန်အထိ ကျွန်မ မျက်ရည်တစ်စက်မကျဘဲ အားလုံးရှေ့မှာ ရဲရင့်ဦးဆောင်နေနိုင်တာကို ကျွန်မဖြင့် အံ့သြရသည်။ တာဝန်၊  ဦးဆောင်မှု၊ နေရာဆိုသော အနေအထားတွေထဲ ကျွန်မ အလိုလိုရောက်နေခဲ့ရပြီ။ ခုလို တခဏအတွင်းမှာပင် မိသားစုအတွက် ဦးဆောင်သူအဖြစ် အံဝင်ခွင်ကျ မားမားရပ်လျှက်ရှိနိုင်သည်ကို ဝမ်းနည်းလျှက်က ကျွန်မ ကြေနပ်ရသည်။ အကြောင်းတိုက်ဆိုင်လာလျှင် လူတိုင်း သူရဲကောင်းဖြစ်နိုင်ကြသည်ဆိုတာကို ကျွန်မ သတိရမိသေးတော့သည်။

ရိုးရာယုံကြည်မှုအရ သေဆုံးသူ၏ဓါတ်ပုံမှန်ဘောင်ရှေ့မှာ ၇-ရက်မလည်မချင်း နေ့စဉ် ထမင်းကျွေး၊ ရေတိုက်၊ ဖယောင်းတိုင်လေးထွန်းညှိခဲ့ဖူးသော ဖေဖေ့ဓါတ်ပုံကလေးကို ကျွန်မအပြန်မှာ မေမေ့ဆီမှ ခွင့်တောင်းကာ ယူလာဖြစ်ခဲ့ပါသည်။ 

ထိုဓါတ်ပုံကလေးနှင့် မနီးမဝေး ပြတင်းပေါင်ကလေးပေါ်မှာ လိပ်ပြာကလေးတစ်ကောင်နားခိုနေခဲ့ဖူးသည်။ တစ်ကိုယ်လုံးမှာ အဝါရောင်ဆွတ်ဆွတ် ဘာအစက်အပျောက်မှမပါသော လိပ်ပြာငယ်ကလေးက ခွန်နှစ်ရက်တိုင်တိုင် ဖေဖေ့ဓါတ်ပုံအနီးအပါးမှာ ဝဲလွင့်လို့နေခဲ့သည်။ ခုရော လိပ်ပြာကလေး ဘယ်ရောက်သွားပါလိမ့်။ ကျွန်မ မသိနိုင်။ သေတ္တာထဲထည့်ရင် ကွဲမှာစိုးတာမို့ သတင်းစာစက္ကူနှင့် သေချာစွာထုတ်ပိုးကာ တစ်လမ်းလုံး လက်ကပဲ ကိုင်ဆွဲလာရသော ဖေဖေ့ ဓါတ်ပုံကလေးက ခုတော့ ကျွန်မ အပြန်ခရီးစဉ်တစ်လျှောက် ငြိမ်သက်စွာ။

(၄)

လေယာဉ်ပေါ်မှာကျွေးသမျှ ဘာကိုမှ စားချင်စိတ်မရှိဘဲ တစ်ချိန်လုံး မျက်စေ့မှိတ်ကာသာ လိုက်ပါလာခဲ့သည်။ သုံးနာရီမျှသာ စီးရသော လေယာဉ်ခရီးက ပိုကြာလွန်းနေသည် ထင်မိကာ ကျွန်မမှာ ဖေဖေ့ဓါတ်ပုံကို ထုတ်ပိုးထားရာမှ ဖြေလျှော့ပေးချင်နေမိပြီ။ ဖေဖေ မွန်းကြပ်လှရော့မည်။ ကျွန်မအခန်းထဲ ရောက်ရင် အရင်ဆုံးလုပ်ရမည့်အလုပ်အဖြစ် သတ်မှတ်ကာ ဖေဖေ့ဓါတ်ပုံမှန်ဘောင်ကို ဘယ်မှာ ချိတ်ရပါ့ဟု အတွေးနှင့် နေရာရွေးလျှက်ရှိသည်။

သည်နေ့က အလုပ်ဆင်းရက်မို့ အိမ်မှာ အိမ်ရှင်မကလွဲလို့ ဘယ်သူမှ ရှိမနေကြ။ သော့ဖွင့်သံကြားသောကြောင့် မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်သောအိမ်ရှင်မမှာ ကျွန်မပြန်လာမှန်းသိသော် အားပေးပြုံးကလေး ခပ်ယဲ့ယဲ့ပြုံးကာ အကျိုးအကြောင်း မေးမြန်းလာပါသည်။ ကျွန်မလည်း အတတ်နိုင်ဆုံး အကျဉ်းချုံးကာ အလိုက်သင့်ပြန်အဖြေပေးရင်း အားမနာနိုင်တော့ဘဲ နားချင်ကြောင်းပြောကာ ကိုယ့်အခန်းလေးထဲတန်းဝင်လာခဲ့တော့ သူမက ဧည့်ခန်းတွင်ပင် နားလည်စွာ ကျန်ရစ်ရှာပါသည်။

ဖေဖေ။ ဖေဖေ့ဓါတ်ပုံမှန်ဘောင်….။ ထုတ်ပိုးစည်းနှောင်ထားသော သတင်းစာစက္ကူတို့ကို ခပ်မြန်မြန် ဆွဲခွာကာ ဓါတ်ပုံထဲမှ ဖေဖေ့မျက်နှာကို ကြည့်မိပြန်သည်။ သည်ပုံက ဖေဖေ အသက် လေးဆယ်လောက်က ရိုက်ထားသောလိုင်စင်ပုံကလေးကို ဖေဖေ့ဈာပနအတွက် ပုံကြီးချဲ့ ထားခြင်းသာ။ ဓါတ်ပုံထဲမှဖေဖေက တည်တည်တံ့တံ့နှင့် ကြည့်ကောင်းလှသည်။ ပိရိသောနှုတ်ခမ်း၊ ပေါ်လွင်သောနှာတံနှင့်၊ ကျွန်မနှင့်တူသည်ဟု ပြောကြသော မျက်ခွံမို့မို့အစ်အစ်တွေနှင့်။ ရှိရင်းစွဲအသက်ထက်ပင် ပိုမိုငယ်နုနေသယောင်ထင်ကြရသော ဖေဖေ့ပုံ။
  
တကယ်ဆို ဘုရားစင်ထက် အတန်ငယ်နိမ့်သောအဆင့်ကလေးမျိုးမှာ ချိတ်သင့်သည်မှန်သော်လည်း ကျွန်မက တရုတ်မိသားစုအိမ်ရှင်ထံမှာ အိပ်ခန်းတစ်ခန်းတည်းသာ ငှားပြီးနေထိုင်သူမို့ ဘုရားစင်ရယ်လို့ ကျွန်မမှာ သတ်သတ်မှတ်မှတ်မရှိပါ။ ကျွန်မအိပ်ယာခေါင်းရင်းက စားပွဲခုံအသေးလေးပေါ်မှာ မြတ်စွာဘုရား ပုံတော်၊  သောက်တော်ရေခွက်နှင့် တရားစာအုပ်တစ်ချို့သာရှိပါသည်။ ဖေဖေ့ဓါတ်ပုံ မှန်ဘောင်တင်ရန် ဘယ်လိုမှ နေရာမလောက်နိုင်။ မတတ်နိုင်ပါ၊ ကျွန်မခုတင်ဘေးတွင် အဝတ်ဘီရိုရှိပါသည်။ ထိုဘီရို၏ဘေး၌ ပြူတင်းပေါက်၊ ပြူတင်းပေါက်၏ဘေးတွင်မူ နံရံအလွတ်ရှိနေပါသည်။ ထိုနံရံလွတ်တွင် ချိတ်ဆွဲမည်ဟု ဆုံးဖြတ်ကာ အိမ်ရှင်အား နံရံတွင် သံတစ်ချောင်းရိုက်သွင်းခွင့်တောင်းကာ  သေသေသပ်သပ် ချိတ်ဆွဲထားလိုက်တော့သည်။

ထိုနေရာသည် ကျွန်မခုတင်ပေါ်မှ ညာဘက်စောင်းအိပ်လိုက်လျှင် မျက်နှာချင်းဆိုင်တိုင်း မြင်နေနိုင်
သည့် နေရာလည်းဖြစ်သည်။ အဝတ်သေတ္တာကို နေရာတွင်ပင်ချထားကာ ခုတင်ပေါ် တစောင်းလှဲ အိပ်ရင်း ဖေဖေ့မျက်နှာကို လှမ်းကြည့်နေမိသည်။ စိတ်ထဲတွင်တော့ အသုဘလာသူတစ်ချို့၏ အကြည့်များ၊ အထူးသဖြင့် သူတို့နှုတ်မှ ပြောချင်သည်များကို ပြန်မြင်ယောင်ကာ ခုမှပင် ဘာသာပြန်ကြည့်မိရသည်။

“သမီးအကြီးတဲ့၊ နိုင်ငံခြားမှာ အလုပ် သွားလုပ်နေတာလေ၊ ခု မနက်ကမှ ပြန်ရောက်တာ”
“ငိုတာလည်း မတွေ့ဘူးနော်”

သည်လိုပြောချင်ပုံရသည့် မျက်ဝန်းစကားများ…..။ ကျွန်မ ရင်ဆိုင်ခဲ့ရသည် အမှန်ပင်။

ဖေဖေ…..။  ဖေဖေရယ်….။ ဖေဖေကတော့ သိနေမှာပါ နော်။ သမီးရင်ထဲက စကားတွေ ဖေဖေ သေချာပေါက် ကြားသိနေမှာပါ။ စိတ်ချပါ။ စိတ်ချလက်ချသာ သွားပါနော် ဖေဖေ…..ဖေဖေယုံကြည်လို့ သမီးပုခုံးပေါ်တင်ပေးခဲ့တဲ့ မိသားစုတာဝန်ကို ကြေအောင်ကြိုးစား သွားမှာပါ။ တကယ်တော့လေ သမီး မစွမ်းသေးဘူး ဖေဖေရယ်။ အသက်နှစ်ဆယ့်ရှစ်ကျော်ရုံသာရှိသေးတဲ့၊ ခုမှ သူစိမ်းတွေရဲ့အလယ် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်အခြေကျကာစရှိသေးတဲ့ ဖေဖေ့သမီးအတွက် တာဝန်တွေက ကြီးလေးလွန်းလှပါရဲ့။

ဖေဖေ….။ ဖေဖေ့မျက်ဝန်းထောင့်မှာ မျက်ရည်တွေ….မျက်ရည်စတွေ….မဟုတ်လားဖေဖေရဲ့။ သမီး တွေ့လိုက်ပါတယ်။ မငိုနဲ့  မငိုပါနဲ့ မငိုလိုက်ပါနဲ့  ဖေဖေရယ်။

ဖေဖေ့ကို အသံထွက်စကားတွေပြောနေရင်းမှာပင် ခေါင်းအုံးစွပ်တို့စိုရွှဲနေတာကို  ကျွန်မပါးအောက်က ညာလက်ဖဝါးမှတစ်ဆင့် သိလိုက်ရလေသည်။ ရုတ်တရက် အိပ်ယာပေါ်မှထကာ ဖေဖေ့ဓါတ်ပုံရှေ့ သွားရပ်မိလိုက်တော့ ဖေဖေက “ဟင့်အင်း ဖေဖေက…ဖေဖေက…မငိုပါဘူး သမီးရယ်၊ ငါ့သမီးလည်း မငိုရဘူးနော်” တဲ့။ ကျွန်မမှာ လတ်ဆတ်စိုစွတ်နေတဲ့ပါးပြင်ကို ကျွန်မဖာသာ ထိတွေ့ကြည့်မိရင်း ခေါင်းတွင်တွင်ခါကာ နှလုံးကွဲကြေလျှက်ရှိရသည်။

ထိုခဏမှာ လိပ်ပြာငယ်ကလေးတစ်ကောင် ဖေဖေ့ဓါတ်ပုံမှန်ပေါင်ထက်မှာ နားလျက်တွေ့လိုက်ရသည်။ အဝါရောင်ဆွတ်ဆွတ်လိပ်ပြာကလေး.....။ အို.....ကျွန်မတစ်ကိုယ်လုံး ကြက်သီးများထလျက် ဆတ်ကနဲတောင့်တင်းသွားရသည်။

 ဖေဖေ.....ရှိနေလား....။ ဖေဖေ ရှိနေလားဟင်....။ ကျွန်မအနားမှာ...။  ကျွန်မ မသေချာပါ။ သို့သော် ကျွန်မတွေ့ခဲ့ဖူးသော လိပ်ပြာအဝါရောင်ကလေးက တောင်ပံလေးတဖျတ်ဖျတ်နှင့် နားခိုလို့နေသည်ပဲ။

ဖေဖေ...အို...မဟုတ်ဘူး။ မဟုတ်ပါဘူး....နော်။ မဟုတ်ပါဘူး။ ကျွန်မကို စိတ်ချပါ… ကျွန်မကို စိတ်ချပါ ဖေဖေရဲ့…

ကျွန်မ မငိုဘူး၊ ကျွန်မ မငိုပါဘူးနော်၊ စိတ်နှလုံးကွဲကြေရာက မျက်ရည်တို့လျှံကျအလာ ကျွန်မပါးပြင်ကို စိုရုံလေး စွတ်စိုစေခဲ့တာ။

 ဖေဖေ သိစေချင်ပါသည်။

3 comments:

  1. မချစ်ရေ... ဇွန်လည်း မိဘတွေကွယ်လွန်သွားရင် မျက်ရည်မကျဘူးလို့ စိတ်ကိုပြင်ဆင်ထားတာပဲ၊ တကယ်တမ်းရင်ဆိုင်ရချိန်ရောက်ရင်တော့ ဘယ်လိုနေမယ် မပြောတတ်ဘူး။
    မချစ်ဖေဖေဆုံးတာ နှစ်ပတ်လည်လားဟင်? စိတ်ထဲမှာ ဖတ်ဖူးသလိုပဲ။ အဆုံးသတ်ကိုဖတ်ရင်း တကယ်ပဲ ကြက်သီးထမိတယ်။
    မချစ်ဖေဖေ ကောင်းရာသုဂတိဘုံမှာ ရောက်ရှိနေမယ်လို့ ဇွန်ယုံကြည်နေတယ်။း)

    ReplyDelete
  2. တင်လိုက်တဲ့ကွန်မန့်ပျောက်သွားလို့ ထပ်ရေးလိုက်တယ် မချစ်။ တကယ်လို့ နှစ်ထပ်ဖြစ်နေရင် တစ်ခုကို Delete လုပ်လိုက်နော်။
    ပြတ်သားစွာ ထင်ရှားမြင်သာအောင်ရေးထားတဲ့အတွက် ခံစားရတယ်မချစ်ရေ။ ဖတ်ပြီးအဆုံးမှာ အတိတ်ဟာ အရိပ်လိုထင်ဟပ်လာပြန်တယ်။ တီတင့်အသက် ၇-နှစ်မှာ မေမေဆုံးတာ မျက်ရည်တစ်ပေါက် မကျခဲ့ပေမယ့် နှလုံးသားမှာဒဏ်ရာကျန်ခဲ့တယ်။

    ReplyDelete
  3. နှစ်ပေါင်း ၂ဝ နီးပါး မိသားစုကို ဦးဆောင်ခဲ့တာတွေ၊ ဆက်ပြီးတော့လည်း စောင့်ရှောက်သွားမယ်ဆိုတာတွေ ဖေဖေ သိမှာပါ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...