Wednesday, September 10, 2014

စိတ်အလွင့် စိတ်အလေ



အရှေ့ဘက်ကမ်းခြေ….။ 

ဆယ့်ငါးကီလိုမီတာမျှရှည်လျားတဲ့ လူလုပ်ကျွန်းကလေးတစ်ခုမှာ ကြွေ…လေနေတယ်၊ အတိအကျပြောရရင် ကြွေ  လွင့်နေတယ်။ ပေါ့ပေါ့ကလေးပါပဲ။ ညနေ ငါးနာရီအလင်းအရောင်က ထင်လင်းဆဲ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ကူးလူးနေရတဲ့နေ့စဉ်ဘဝထဲက ခဏတာမျှ ထွက်ပေါက်ပေးရာ နေရာလေးတစ်ခုအဖြစ် ဒီနေရာလေးကို ကြွေသဘောကျတယ်။

လူအများနဲ့ဝေးရာဘက်ကိုလျှောက်လာရင်း စထွက်လာရာနေရာနဲ့အတော်လေး ဝေးလံခဲ့ပြီ။ ဒါပေမယ့် ဘယ်ရောက်နေပြီလဲဆိုတာ ကြွေသိဖို့ရန် မလို။ အချိန်တန်ရင် ကြွေ့ဖုန်းက အသံထမြည်လိမ့်မယ်။ အဲဒီအခါကျရင် ကြိုးတစ်ချောင်းနဲ့တင်းတင်းချည်ထားခံရတဲ့ဘဝကြီးဟာ တုန့်ကနဲ။

ဟိုးအဝေးကြီးမှာ…

မြင်သာပေမယ့် ဝေးလံမှန်းသိနိုင်တဲ့အကွာအဝေးမှာ…။  ကုန်တင်သင်္ဘောကြီးတွေ၊ ကလေးကစားစရာ အရုပ်ကလေးတွေလိုပဲ စီရီကျောက်ချရပ်နားလို့။ အရောင်တွေကလည်း စုံနိုင်လွန်း၊ ပုံသဏ္ဍာန်တွေကလည်း ကွဲနိုင်လွန်း။ အဲဒီအနောက်ဘက် ဟိုး…အဝေးကြီးမှာ၊ အဲဒီမှာတော့ မိုးကောင်းကင်ကြီးရဲ့အောက်ခြေနဲ့ ပင်လယ်ရဲ့အနားသတ်လိုင်းတို့ ထိတွေ့နေကြ။ အဲ့ဒါ  အဲ့ဒါ တကယ်မှ မဟုတ်တာ…။ 

ထိစပ်နေသယောင်ယောင်သာ ရှိတာ၊ အမြင်အာရုံမှာ နီးနေလည်းပဲ…။

ကမ်းခြေဘက် ရေတွေနဲ့အနီးဆုံးနားကို ကြွေလျှောက်သွားလိုက်တယ်။ ရေနစ်ပြီးသား သဲသောင်ဟာ ခြေရာတွေနဲ့ အိကနဲ။ ကြွေ့အရှေ့မှာ ခြေရာတွေတစ်တန်းကြီး ဘယ်ညာတန်းစီလို့ရယ်။ တစ်ယောက်ထဲ မဟုတ်လောက်ဘူး။ ယှဉ်လျှက်ခြေရာတွေက နှစ်စုံ။ တစ်စုံက အသေး၊ တစ်စုံက အကြီးလို့ ကြွေကတော့ ထင်တာပဲ။ ချစ်သူမောင်နှံလို့ ထင်ပစ်လိုက်တယ်။

ရေရဲ့အနံ့…။ ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာရပေမယ့် လတ်ဆတ်မနေဘဲ အနံ့တစ်မျိုးစွက်နေတယ်။ စိမ်းရွှေရွှေအနံ့လို….။  ဆားနံ့တော့ မဟုတ်တာသေချာတယ်။ ရေထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေ ပုပ်သိုးနံ့လား။ အဲသလောက် အဆိုးကြီးတော့လည်း မဟုတ်ပြန်ဘူး။

ရှေ့နားမှာ ကျောက်တုံးတွေနဲ့လုပ်ထားတဲ့ ကျွန်းမြင့်မြင့်ကလေးတွေ….။ တစ်ချို့ကျွန်းတွေပေါ်မှာ လူတွေရှိပြီးသား။  ဘယ်သူမှ ရှိမနေသေးတဲ့ ကျွန်းကလေးပေါ်  ကြွေတက်ကြည့်ရရင် ကောင်းမလား။ အတွေးမှမဆုံးခင် ကြွေ့ခြေထောက်မှာစီးထားတဲ့ ဖိနပ်ကလေးကိုချွတ်ပြီး လက်ကကိုင်လိုက်တယ်။ ကျောက်တုံးကျွန်းကလေးပေါ်တက်လိုက်တော့ ကျောက်တုံးတွေရဲ့ ကြမ်းရှရှခက်မာမှုကို ကြွေ့ခြေဖဝါးတွေက သိတယ်၊ ခံစားလိုက်ရတယ်။
အပေါ်ကိုရောက်သွားတော့ ရေပြင်ကြီးနဲ့ ပိုနီးသွားသလို ကောင်းကင်ကြီးနဲ့ ကျောက်တုံးကျွန်းတစ်ကျွန်းစာ ပိုနီးသွားတယ်။ ရေသံတစ်ဝုန်းဝုန်းကိုလည်း ကြားရသေးတယ်။

လူတွေဟာ ဒီနေရာကို အပန်းဖြေဖို့ လာကြတာတဲ့။ ကြွေကရော…။ ကြွေကတော့ ကြွေ့စိတ်တွေကို ခဏတာ ခင်းကျင်းဖြန့်ကြဲချင်လို့။ ရေပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေ…
သူ့အရှေ့မှာ ကြွေ့စိတ်တစ်ချို့ကို ဖြန့်ခင်းလိုက်တော့ ကြွေ့စိတ်တွေဟာ ယိမ်းထိုးလွင့်ပါးလို့...
ကျောက်တုန်းကျွန်းကလေးအပေါ်ကြဲချလိုက်ပြန်တော့ ဟိုဒီတစ်စစီ ကြမ်းရှ အခြေကျလို့။ 
ကမ်းခြေက အပင်ကြီးတွေရဲ့ သစ်ရွက်သစ်ခက်တွေပေါ် ချိတ်တွဲကြည့်မလား...
ကောင်းကင်ကြီးထဲ တရှိန်ထိုးပျံတက်နေတဲ့ စွန်ကလေးတစ်ကောင်နဲ့အတူ ဝဲလွင့်ကြည့်မလား... ဒါမှမဟုတ် ရေတွေစိုအိနေတဲ့ သဲသောင်ပြင်ပေါ်မှာ ကပ်ငြိဝပ်တွားနေဦးမလား…။
ပျော်စရာချည့်…။

လွတ်လပ်လိုက်ရတာ…။  ဒီတစ်ညနေစာ…။

နေလုံးကြီးက လိမ္မော်သွေးခြယ်လို့ ရေထဲကို တဖြည်းဖြည်းထိုးကျလာနေတာကို ကြည့်ရင်း ကြွှေ ဝမ်းနည်းရကောင်းမလား တွေးမိသေးတယ်။ ကြွှေတစ်ယောက်ထဲဆိုတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ နေဝင်ဝင် နေထွက်ထွက်….။ တကယ်တော့ နောက်တစ်နေ့လည်း နေကထွက်ဦးမှာ၊ ဝင်ဦးမှာ။ ဘာမှ မထူးဆန်းတဲ့ကိစ္စ။

ကမ်းခြေဘက်ကခွာလို့ ကွန်ကရစ်လျှောက်လမ်းလေးတွေဘက် ပြန်လျှောက်လာတဲ့အခါ လေအဝေ့မှာ အသားမီးကင်နံ့တစ်ချို့ကို ရတယ်။ မြက်ခင်းပြင်ပေါ်မှာ ယာယီတဲကလေးတွေ ဟိုတစ်စု၊ ဒီတစ်စု။ စက်ဘီးစီးနေကြသူတွေ၊ စကိတ်ဘုတ်စီးနေကြသူတွေ၊ ကျန်းမာရေးအတွက် ပြေးနေကြသူတွေလည်းရှိရဲ့။
အပမ်းဖြေလာကြသူတွေ။ ဘဝအမောဖြေလာကြသူတွေ ဒီနေရာလေးမှာ။ တကယ်ပဲ ကြွေတို့နေထိုင်ရှင်သန်နေရတဲ့ ဘဝကြီးက အပူအမောတွေနဲ့ စီရင်ထားတာ များလား။ ကြွေလည်း မောတယ်။ တစ်နေ့တစ်နေ့ ဒီလိုပဲ ခေါက်ရိုးကျနေတဲ့ နေ့ရက်တွေထဲမှာ။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာကို ကြွေ သိသလိုလိုနဲ့ ဝေးဝေးနေပြန်တယ်။

အနာနဲ့ဆေးတွေ့တာလို ဆိတ်ငြိမ်နေခိုက် ရောက်ရောက်လာတတ်တဲ့ မြုံနေတဲ့အနာတရတွေအပေါ် ကြွေ ထူးပြီး နာမနေချင်တော့။ သံသရာကြီးက ရှည်သလောက် ချည်တိုင်တစ်ခုလို ရုန်းမထွက်နိုင်တဲ့ ဘဝတွေ၊ ဘဝတွေထဲ ဘယ်လောက်များ စုတ်ပြတ်နာကျင်နေရဦးမှာလဲ။ တစ်ယောက်ထဲဖြစ်စေ၊ တစ်ခြမ်းထဲ တစ်စိတ်ထဲဖြစ်စေ လေကလေးရှူနေရတာကမှ ငြိမ်းချမ်းဦးမှာ။ ဘဝရဲ့ သာမည၊ အဓိကတွေထဲ ဘယ်အရာတွေကို ကြွေဆုပ်ကိုင်လို့ ဘယ်လိုအရာတွေကို ကြွေလွှတ်ချထားခဲ့ချင်ပြီလဲ….။

မျှော်လင့်တတ်ခဲ့တဲ့အရာတွေထဲ ဆုတ်ကိုင်ပြလို့ရတဲ့ အပေးအယူ အကြွေးအမြီကိစ္စတွေ မပါတာ ကြွေသာ အသိဆုံး။ စိတ်နဲ့သာ ဆိုင်တာ၊ ရင်ဘတ်ထဲက ခံစားမှုနဲ့သာ ဆိုင်တာရယ်။ သတိတရတွေကိုတော့ဖြင့်  ပြန်လှန်မျှော်လင့်မိချင်သေးရဲ့။ 

ဒါပေမယ့်လေ….။  ခက်တယ်။  ခံစားမှုနဲ့ စိတ်နဲ့ဆက်နွယ်သမျှတွေဟာ  သူ့အလိုလိုသာ
ဖြစ်တည်ကောင်းတာ။

တကယ်တော့ ကြွေဟာ အနှောင်အတွယ်မဲ့ချင်တာ။

ခုပဲကြည့်၊ ကြွေဟာ ကြွေ့စိတ်နဲ့ ငြိနေပြန်။ အတွေးတွေထဲ ကပြောင်းကပြန် စုန်ဆန်လို့။
နည်းနည်းတောင် မှောင်လာပြီ။ ဘာဘီကျူးဖိုလေးတွေနားကလူတွေ သူ့အုပ်စုနဲ့သူ စကားစမြည်ပြောကြ ဆိုကြ၊ ဂစ်တာတီးကြ၊ ဆော့ကြ။ အပမ်းဖြေနေကြ။

ကြွေ့ကို မြင်တော့ သူက လှမ်းခေါ်တယ်။ ခုပဲ ဖုန်းခေါ်တော့မလို့...ဘယ်တွေလျှောက်သွားနေတာလဲ တဲ့။ ကြွေက လက်ထဲက ကင်မရာကို ပြရင်း ဓါတ်ပုံလျှောက်ရိုက်တာဆိုတော့ သူက အသားကင်တစ်ချို့ထည့်ထားတဲ့ ပန်းကန်ပြားကို ကြွေ့ဆီလှမ်းပေးရင်း စားလိုက်ဦး တဲ့။

ကြွေ စားလိုက်တယ်။ အသားကင်လား၊ ဘာသားလဲဆိုတာတော့ ကြွေ မသိ။ ကြွေသိတာက လွှတ်ချပစ်လိုက်ချင်တဲ့ ကြွေ့စိတ်တွေ၊ ဟိုမှာ ဒီမှာ….။ ကစဥ့်ကလျား ပုံပျက်ပန်းပျက်။ ခုထိ လေထဲလွင့်ချင်နေဆဲ၊ ခုထိ သစ်ရွက်တွေကြား ခိုတွယ်နေချင်ဆဲ၊ ခုထိ သဲသောင်ခုံထဲ ခေါင်းဝှက်ချင်နေဆဲ၊

ကြွေ့စိတ်တွေ….။

“စားကောင်းလိုက်တာ ကိုကိုရာ၊  သိပ်ကျေးဇူးတင်တာပဲ၊ လမ်းလျှောက်လိုက်ခဲ့တော့ ကြွေက မောပြီး ဆာနေတာ”

လျှာပေါ်ကတစ်ဆင့် လည်ချောင်းထဲကနေ ဘိုက်ထဲရောက်သွားတဲ့ အသားကင်တွေ။ ဘာအရသာဆိုတာ ကြွေ မသိ၊ မခံစားမိလည်းဘဲ၊ ဒီလိုပါပဲ….။ နားဝင်ကောင်းအောင် ဆိုတတ်ခဲ့ပြီ။ နှုတ်ချိုတတ်ခဲ့ပြီ...။

ကြွေ ခံစားချက်တွေကို လွှတ်ချတတ်ခဲ့ပြီလေ…..



 

တီတင့်နဲ့ သူကြီးမင်းတို့ရဲ့ ဘီပီပီချဲလင့်ခ်ျအတွက် ရေးပါတယ်။
ကျွန်မကို လာစိမ်ခေါ်ထားသူတွေက သက်ဝေ၊ ညီမမိုးငွေ့နဲ့ ညီမ ဒေါင်းတို့ပါ။ 
ကျွန်မလည်း နောက်ထပ် ဆယ်ယောက်ကို ပြန်ပြီး စိမ်ခေါ်ရမှာပါ။ ခဏလေး၊ ဘယ်သူတွေ စာမရေးဘဲ ချောင်ကပ်ဇိမ်ကျနေလဲဆိုတာ ကျွန်မ ရှာကြည့်ပါရစေဦး။  နောက်တစ်နေ့မှပဲ စိမ်ခေါ်လိုက်ပါ့မယ်။ ခုတော့ အိပ်ပါပြီ၊  မိတ်ဆွေများအားလုံးပဲ ကောင်းသောညပါ :)

7 comments:

  1. မကြွေ... အဲ... မချစ်၊ ချဲလင့်ပို့စ်လေး လာဖတ်သွားတယ်။
    စကားမစပ်.... မချစ်... ဇွန့်ဆီအလည်မလာတာတောင် ကြာပြီနော်။ (၀မ်းနည်းသံစွက်၍ ပြောသွား)

    ReplyDelete
  2. အသားကင်အကြောင်းလေးသေချာမပြောသွားတာတော့
    စိတ်ဆိုးချင်သလိုလို ဖြစ်မိတယ် ကြွေ...

    မကြီးချစ်..ပစ်ခေါက်ဆွဲစားရင်းလာဖတ်သွားတယ်...

    ReplyDelete
  3. စိန်ခေါ်ပွဲလေးရဲ့ အနက်ကိုသိရင် မချစ် စိတ်ဝင်စားမယ်ဆိုတာ တွက်ပြီးသား ... ကျေးဇူးပါ မချစ်ရေ..
    မချစ်ရဲ့ ပို့စ်လေးတွေဖတ်ရင် ဥပမာ.... "ရေပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေ…
    သူ့အရှေ့မှာ ကြွေ့စိတ်တစ်ချို့ကို ဖြန့်ခင်းလိုက်တော့ ကြွေ့ စိတ်တွေဟာ ယိမ်းထိုးလွင့်ပါးလို့" အဲ့ဒီလို စာသားလေးတွေကို သဘောကျတယ်... ♥♥♥

    ReplyDelete
  4. ဖတ်ရင် ကြွေကြွေလွှင့်လွှင့်လေးခံစားလိုက်ရတယ်...ဘာပဲဖြစ်ဖြစ် ပို့စ်လေးရေးပေးတာ ကျေးဇူးအကြီးကြီးပါ ချစ်မ...း) love you.. မွမွ

    ReplyDelete
  5. အမစာကို ဖတ်ရင်း ကျနော်တောင် ကြွေတေတေ ဝေလေလေ ဖြစ်သွားသလား အောက်မေ့ရတယ်။ တခါတခါ ကျနော်လဲ ကောင်းကင်ပြင်ကြီးကို ငေးကြည့်ပြီး ဝေတေတေတွေ စဉ်းစားပြီး ရူးချင်သလိုလို ဖြစ်နေကျရယ်။

    ReplyDelete
  6. မီး ကို ချောက်ချတဲ့ကြွေ အဲလေ ကြွေကိုဖတ်ပြီး မီး ပါ လွင့်ချင်သွားတယ်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...