Friday, December 23, 2011

ခရစ်စမတ်က လာတော့မယ်


အားလုံးရဲ့ မျက်နှာမှာ ပွဲတော်ညအတွက် ကြိုတင်ပြင်ဆင်မှူတွေနဲ့ အပျော်တွေ ကိုယ်စီတပ်ဆင်လို့ပေါ့ ။ ရုံးမှာ ကျွန်မအထက်လူကြီးက ခရစ်ယာန်ဘာသာဝင်မို့ သူ့အိမ်မှာ နှစ်စဉ် ဆင်နွှဲလေ့ရှိတာရယ်။ ခု သူ အလုပ်ရှုပ်နေပြီ၊ အလုပ်မှာ အာရုံဝင်စားမှူနည်းနေပြီဆိုတော့ ကျွန်မတို့ ပျော်ရွှင်ကြရတယ်။ ရုံးတက်ရတာ ပျော်စရာ။ ဟိုစာရင်းလေး  ပေးပါဦး၊ ဒီစာရင်းလေး မပြီးသေးဘူးလား၊ ဒီလအတွက် တားဂက်ပိုက်ဆံ မပြည့်သေးဘူးလား...။ သူ ပြောလေ့ မေးလေ့ ရှိတာတွေ။ ကျွန်မတို့ မေ့ထားလို့ ရပြီ။ ပျော်လိုက်တာ....ဆိုတာ။

ဒီနှစ် ကျန်းမာရေး သိတ်မကောင်းဘူး။ ခဏခဏ နေမကောင်းချင်ဘူး။ ဖျားတာလည်း မဟုတ်ဘဲနဲ့လေ...။ ညဆို ဘယ်လောက် ညဥ့်နက်အောင် နေနိုင်ပေမဲ့ မနက်ဆို ရှစ်နာရီလောက်အထိတော့ အိပ်ချင်သေးတာ။ မနက် ၇နာရီ ထရတာ ကျွန်မအတွက်တော့ စိတ်ပျက်စရာပဲ။ ည ညဆို တော်တော်နဲ့ အိပ်မပျော်တတ်တော့ အခက်ပေါ့ရှင်။ မနက်မနက် ကိုယ့်ကိုယ်ကို တွန်းထိုးဆွဲထူပြီး ရုံးသွားဖို့ ပြင်ရတာ ဘယ်လောက် စိတ်ညစ် ဖို့ ကောင်းလိုက်သလဲနော်။ ဒီလိုပါပဲ၊ လကုန်ရက်လေးမှာ ၀င်လာတတ်တဲ့ ပိုက်ဆံမျက်နှာလေး ကြည့်ကြည့်ပြီး ဆက်သွားနေရတော့တာ။ ခု ကျွန်မ ပျော်နေတယ်။ ခရစ်စမတ်က လာတော့မယ်။ ပိတ်ရက်တွေ ရှိတယ်။ စာတွေဖတ်၊ စာတွေရေး၊ အပေါင်းအသင်းတွေအတွက်လည်း အချိန်တွေ ပေးရဦးမယ်။ မနက် ရှစ်နာရီထိ အိပ်မယ်။ ကျွန်မ ပျော်လိုက်တာရှင်...။

ရုံးမှာလေ ဟိုက ဒီက ပို့ထားကြတဲ့ ခရစ်စမတ်ကဒ်တွေက အပုံအပင်။ အွန်လိုင်းကနေ ပို့လိုက်တဲ့ e-card လှလှလေးတွေ။ ဒီနေရာကို ကလစ်ပါတဲ့...။ ကလစ်ကြည့်လိုက်တော့ ဖယောင်းတိုင်လေး လင်းကနဲ ထွန်းညှိပေးလိုက်တာ။ ဆက် ကလစ်ပါဦးတဲ့။ အို...နှင်းဖွေးဖွေးကြားထဲမှာ အိမ်ကလေး တစ်လုံး၊ နှင်းရည်လူးနေတဲ့ ခရစ်စမတ်ပင်တွေအနား ဘွားကနဲပေါ်လာပြန်ရော။ ဆက် ကလစ်ပြန်တော့ စန်တာကလော့စ်...မုတ်ဆိတ်မွှေးဖြူကြီးနဲ့ ဟိုး ဟိုးဟိုးဆိုတာ...သူပေါ့တဲ့။ The End ဆိုတာ ရောက်တဲ့အထိ ကလစ်နေမိတော့တယ်။ ပြီးသွားတော့ နောက်တစ်ခေါက်...။ နောက်တစ်ခေါက်...နဲ့။ မျက်နှာပေါ် အပြုံးတစ်ခု တင်ထားရင်း ဆက်တိုက် ကလစ်နေမိတော့တာ။ ကျွန်မ ပျော်နေတယ် သိလား။

ဒီနှစ်တော့ ရုံးမှာ နှင်းအတုစပရေး မဖျန်းဘူးရှင့်။ ကျွန်မက ဖျန်းစေချင်တာ။ နှင်းဖြူဖြူတွေကို နဖူးတွေ့ ဒူးတွေ့ မမြင်ဖူးသူမို့ ခုလို နှင်းအတုကလေးတွေနဲ့သာ ကြည်မွေ့နှစ်သိမ့်နေချင်မိတာ။ ကျွန်မက ရောင့်ရဲလွယ်သူရယ်လေ။ သို့ပေမဲ့ နှင်းတွေကို နေ့စဉ်ရက်ဆက် ကြုံနေကြရတဲ့ သူတွေကဖြင့် မော်တော်ကားတွေ ထွက်မရလို့ နှင်းခွဲနေရတာနဲ့၊ လမ်းတွေ ဆီးနှင်းဖုံးလို့ သွားလာရေး ဒုက္ခရောက်ရတာနဲ့၊ နှူတ်ခမ်းတွေကွဲအက် သွေ့ခြောက်ကုန်တာနဲ့ တဲ့ရှင်။ ကျွန်မက ခပ်ညစ်ညစ်ပြုံးရင်း "ဟင့်အင်း ကိုယ်က နှင်းတွေကို ချစ်တုန်းပဲ" ဆိုတော့ သူတို့ ခပ်ကျယ်ကျယ် ဆဲရေးကြလေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်တယ်။ ခရစ်စမတ်က လာတော့မယ်။

ဒီလိုအချိန်ဆို ရုံးမှာ တစ်နှစ်ပတ်လုံး စတိုထဲမှာနေရရှာတဲ့ ခရစ်စမတ်အပင်ကြီးကို ဆွဲထုတ်လာကြပြီ။ ပင်စည်၊ အကိုင်း၊ အခက်၊ အရွက်အလက်တွေ သူ့နေရာနဲ့သူ နေသားတကျ ချိတ်ဆက်။ အကိုင်းလေးတွေပေါ် သကြားလုံးကလေးတွေ၊ ခြေအိတ်ပိစိ ကလေးတွေ၊ ထီးကောက် သေးသေးလေး
တွေ၊ ရွှေရောင် ဘော်ငွေရောင် ပုလဲရောင် ဘော်လုံး ရောင်စုံလေးတွေကို ပဒေသာပင်လေးဖြစ်အောင် ချိတ်ဆွဲ။ နှင်းပွင့်တွေလိုလို ၀ါဂွမ်းမွမွကြီးတွေကို အကိုင်းပေါ် လိုက်ကပ်သေးရဲ့။  ဟော...အရမ်းလှသွားပြီ။ ရုံးကကောင်မလေးတွေ ဓါတ်ပုံတွေများတောင် ရိုက်ကြလို့။ လူက အလိုလို မြူးနေခဲ့ပြီ။ ပွဲတော်ညသန်းခေါင် မှာ တီးခတ်မဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံတောင် ကြားလာမိပြန်သလိုလိုရယ်။ အားလုံး တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်လို့ "မဲရီးခရစ်စမတ်" နားနားကပ်ပြီး ပြောလိုက်ရင်ကိုပဲ...။ အို... ကျွန်မ ပျော်လိုက်တာ...။ ခရစ်စမတ်က လာတော့မတဲ့ရှင်။

ကျွန်မငယ်ငယ်က အိမ်မှာ ခရစ်စမတ်အကြိုည ဓမ္မတေးတွေ လာဆိုကြရင်များ သိတ်ပျော်တာပဲ။ "ဤအိမ်ပေါ်သို့ ကောင်းချီး မင်္ဂလာ ရောက်စေသော်  ရောက်စေသော်" အဲလို သီချင်း စာသားတွေနဲ့ ကောင်းချီးပေး သီဆိုကြတာရယ်။ အမေက ရှိသမျှမုန့်တွေ ချကျွေးတာပဲ။ ပိုက်ဆံလည်း အလှူထည့်လိုက်သေးတာ။ ကျွန်မကတော့ ဘာရယ်မသိဘူး၊ ကိုယ့်အိမ်ပေါ်မှာ ဂစ်တာတွေတီးကြ၊ သီချင်းတွေ ဆိုကြနဲ့ လူစုစုတွေ့ရင် ပျော်နေခဲ့တာပဲ။

ကလေးတုန်းကတော့ စန်တာဖိုးဖိုးကြီးဟာ တစ်ကယ်ပဲ ဖဲကြိုးလှလှလေးနဲ့ စည်းနှောင်ထားတဲ့ လက်ဆောင်ထုတ်တွေများ အိပ်ရာဘေးမှာ လာချထားမလား။ လက်ဆောင်တွေ ထည့်ထားတဲ့ ခြေအိတ်ကလေးများ ခုတင်ခြေရင်းမှာ လာ ချိတ်တွယ်ထားမလား။ အဲဒါတွေဟာ တစ်ကယ် ပဲလားလို့ ခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတွေကို မေးကြည့်ရတာ အမော။ 

ဒီနှစ်တော့ သူနဲ့အတူ ၀ိုင်အနီတစ်ခွက်လောက်ဖြစ်ဖြစ် သောက်ကြရရင် ကောင်းမှာပဲ။ ကျွန်မ အယ်လ်ကိုဟောသောက်တာကို သူက မနှစ်သက်လေတော့ တားမြစ်နေဦးမှာလား မသိဘူးနော်။ ဟင့်အင်း နည်းနည်းကလေးရယ်။ ခွင့်ပြုပါနော်။ ကျွန်မ ပျော်ချင်ရုံ သက်သက်ရယ်ပါ။

ဒီဇင်ဘာ၊ နှင်း၊ ခရစ်စမတ်...။ သက်ဆိုင်သူတွေ ပျော်ကြ၊ ရွှင်ကြ၊ ဝေးနေသူတွေလည်း လွမ်းကြ ဆွေးကြနဲ့။ ကျွန်မအတွက်တော့ အမှတ်ရစရာ တယ်မရှိလှဘူး။ အောချတ်လမ်းမကြီးပေါ် လျှောက်မယ်။  လူပင်လယ်ကြီးထဲ အလိုက်တသင့် ပါဝင်စီးမျောမယ်။ လမ်းမကြီးတစ်လျှောက် အလှ ဆင်ထားတဲ့ ရောင်စုံမီးတွေ၊ နှင်းသစ်ပင်ဖြူလွ၊ ရွှေသမင်လှလှလေးတွေရယ်၊ စန်တာ ရယ်  ငေးမောကြည့်ရင်း လမ်း လျှောက်မယ်။ ပြီးရင် လမ်းမှာ တွေ့သမျှလူတွေကိုလည်း မဲရီးခရစ်စမတ်လို့ ဦးအောင်နှူတ်ဆက်ဦးမယ်။ စိတ်ကူးနဲ့တင် ကျွန်မ ပျော်လှပြီ။

တကယ်...၊ ခရစ်စမတ်ကဖြင့် လာတော့မယ်။


တက်ဂ်ရေးပေးဖို့ ပြောလာတဲ့ ညီမငယ် ရိုစ့် ကျေနပ်လိမ့်မယ် ထင်ပါရဲ့ရှင်...



18 comments:

  1. ဟေးးးးးးးးးးးးးး....ခရစ်စမတ်က လာတော့မယ်။ :)))))

    ReplyDelete
  2. မဲရီးခရစ် အမရေ..
    ဘုရားသခင် ကောင်းချီးပေးပါစေ..

    ReplyDelete
  3. တက်ဂ်ပို့စ်လေးကို ရေးပေးတာ ကျေးဇူးပါ မမချစ်ကြည်။ သိပ်ကို ကျေနပ်ပါတယ်ရှင်။ မမရေးထားတဲ့ ပုံစံလေး ဖတ်ပြီး လူက အလိုလို တက်ကြွပြီး ပျော်ရွှင်သွားတယ်။ "ခရစ်စမတ်က လာတော့မယ်..."

    မနက်စောစော အိပ်ရာထရတာ မနှစ်သက်တာချင်းလည်း တူတယ်။ ကျန်းမာရေးဂရုစိုက်ပါရှင်။ ပျော်ရွှင်စရာ နှစ်သစ်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ။

    ReplyDelete
  4. ပို့စ်ရေးတဲ့ လူက အတော်ပျော်နေပုံပါပဲ..၊ ကြည်ရွှင်တဲ့ စိတ်အခံနဲ့ ရေးလို့ထင်ပါရဲ့..၊ ဖတ်ရတဲ့သူတောင် အပျော်တွေ ကူးလို့၊ ခုချက်ချင်းပဲ အောချတ်လမ်းမကြီး ပေါ်မှာ ဝေါကနဲ ဆူညံနေတဲ့ လူအုပ်ကြီးထဲ ရောက်သွား သလိုလို...၊း)

    ဟုတ်တာပေါ့၊ ဒီလို အချိန်မှာ ဝိုင်နီကလေး တခွက်လောက်ဖြစ်ဖြစ် သိပ်ကို သောက်သင့်တာပေါ့၊ ရုပ် ပျက်ဆင်းပျက် သောက်တာမျိုး မဟုတ်ဘဲ ရာသီ၊ နရီနဲ့ စပ်ဟပ်နေတဲ့ လိုက်လျောညီထွေ ရှိမှုမျိုးတွေ နဲ့လေ...၊ 12.5% alcohol ပါတဲ့ ဝိုင်နီကို 1.3 dL တစ်ခွက် သောက်ရင်တောင် ပုံမှန် ခန္ဓာကိုယ် အလေးချိန်၊ အရွယ် အစား ရှိတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်မှာ ကောင်းကောင်းခြေဖျက် နိုင်တဲ့ အင်ဇိုင်းတွေ ရှိပြီးသားပါ၊ ဆိုတော့ မချစ်ကြည်အေးရေ.... အဟမ်း...းD

    ReplyDelete
  5. ငယ်ငယ်တုန်းကအော်ခဲ့တဲ့ ဤအိမ်ပေါ်ကို ဗုံးသီးများ ကျစေသော်လို့ ဆိုခဲ့တာလေးပြန်သတိရမိပါရဲ့ ဟဲဟဲ

    ပျော်ရွှင်သောခရစ္စမတ်လေးပါ မမရေ ..(ဒိုးကန်စပရေးလာဖျန်းပေးမယ်လေ ဟိဟိ )
    အနော့်ဘောစ့်ခရီးသွားနေလို့ ဒိတစ်ပတ်အင်မတန်ပျော်နေကြောင်း

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  6. Marry Christmas နဲ့ Happy New Year ပါမကြီး....။ အမှန်ဆို ဒီလတွေ့ဆုံကြရမှာ...။

    ReplyDelete
  7. အမချစ်ရဲ့ပိုစ့်လေးဖတ်ပြီး လိုက်ပျော်မိတယ်။
    ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်လေးက ပျော်ရွှင်ဖွယ်
    နေ့ရက်လေးတွေ ဖြစ်ပါစေ။
    ချစ်တဲ့
    သဒ္ဓါ

    ReplyDelete
  8. Merry Christmas to you.
    Merry Christmas to you.
    Merry Christmas to you all.
    Merry Christmas to you.
    (အသံထွက်ပြီး ဆိုပါရန်)

    သများဆီမှာ ပုလင်းအသစ်စက်စက်ကြီးရှိတယ် ဟေးဟေး မဖောက်ရသေးဘူး လာမလား။။ လူစုံရင် ဖောက်မယ်လေ.. :P
    ခရစ္စမတ်က ကိုယ်နဲ့ သိပ်မဆိုင်လှပေမဲ့ သူများတွေပျော်တာကြည့်ပြီးပျော်
    သူများဖိတ်တာ လိုက်စားနဲ့
    ဘာဘဲဖြစ်ဖြစ် ပျော်တယ်. :P
    Happy Holiday ပါ ချစ်သော အစ်မနဲ့ အစ်ကိုကြီးတို့ရှင့်။

    ReplyDelete
  9. Merry X-Mas ပါ အမရေ... ပျော်ရွှင်ပါစေဗျာ.. :)

    ချစ်ခင်လျက်
    Junemoe

    ReplyDelete
  10. စန်တာကလော့ကြီး ကျနော့ဆီ လာသွားတယ်ဗျ။ ဘလူး လေဘယ်လ် တစ်လုံးပေးသွားလို့  ၀မ်းသာအားရ ပွေ့ ဖက် နှုတ်ဆက်လိုက်ပါ့ :P

    ReplyDelete
  11. မချစ်ရဲ့တဂ်ပို့စ်လေးဖတ်ရတာ ကြည်နူးစရာအပြည့်ပဲ။
    Merry Christmas & Happy New Year !!!
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  12. မချစ်ကြည်ရဲ့ ရင်ထဲက အပျော်တွေကို ကူးစက်ခံစားလို့ ရနေတယ်။ နှစ်သစ်မှာလည်း ပြုံးပျော်နိုင်ပါစေဗျာ..။
    happy new year to youး)

    ReplyDelete
  13. အစ်မချစ်တို့ ခရစ်စမတ်မှာပျော်ခဲ့မှာ အသေအချာပါ... :)
    Post လေးဖတ်ပြီး ပျော်နေမိတုန်း...
    ခရစ်စမတ်က ပြီးသွားပြီ...။
    ခရစ်စမတ်ရက် အွန်လိုင်း မတက်နိုင်လို့ အခုမှ ရောက်ရတော့တာ ခွင့်လွှတ်...:)

    ReplyDelete
  14. ခရစ်စမတ်လွန်မှပဲရောက်တယ်အစ်မရေ....ခွင့်လွှတ်ပါ...:)
    ကျွန်တော်တို့ဘောစိကတော့ ဘာမှလုပ်ဘူး...၊ခရစ်စမတ်
    ပင်လည်းမရှိ...၊ဘယ်သူမှလည်း မဲကြီးခရစ်စမတ်မလုပ်၊
    ဟူး ပျင်းစရာ ခရစ်စမတ်ဗျာ....။

    ReplyDelete
  15. မေရီကလွန်သွားပြီ အခုမှရောက်တယ်အစ်မရေ....
    နှစ်သစ်မှာပျော်ရွှင်ပါစေဗျာာာ

    ReplyDelete
  16. Merry Christmas belated မမချစ်

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...