၂၀၀၈တုန်းက တရားစခန်း တခုအပြီးမှာ စီစဉ်သူ KZMS နဲ့ ကျမ စကား ပြောဖြစ်ခဲ့ပါ တယ်။ မြစိမ်းတောင်တောရ ဆရာတော် ဘုရားကြီး ရဲ့ တရားတွေ အလွန်ကြိုက်ကြောင်း ပါ။ အဲဒီမှာ သူက သူလည်း အလွန် ကြိုက်ကြောင်း၊ ဆရာတော်ကြီးကို ပင့်လျောက်ပြီး တရားစခန်း တခု စီစဉ်ချင်တဲ့အကြောင်းတွေ ပြောလာပါတယ်။ ဒါနဲ့ ကျမလည်း ဝမ်းသာအားရနဲ့ ဖြစ်အောင် စီစဉ်ဖို့ နဲ့ ဖြစ်ခဲ့ရင် ကျမ ဝင်ဖြစ်အောင် ဝင်ပါမယ့် အကြောင်း ပြောခဲ့ပါတယ်။ ခုတော့ စီစဉ်သူ ကလည်း ဖြစ်အောင်စီစဉ်ခဲ့သလို အားထုတ်ချင်သူက လည်း ဖြစ်အောင် အားထုတ် ခဲ့ပါပြီ။ အဲဒါကတော့ မလေးရှားနိုင်ငံ ကိုတာတင်ဂီမြို့မှာ 13Feb ကနေ 21Feb အထိ ကျင်းပစီစဉ် ခဲ့တဲ့ ၉ရက်တာ တရားစခန်းကြီးပါပဲ။
စပ်မိလို့ ပြောပြပါအုံးမယ်။ တကယ်တော့ ကျမ အမျိုးသားက ကျမ I.C ကြိုက်မှန်း သိလို့ လက်မှတ် ၂စောင် ဝယ်ထားခဲ့တာပါ။ မနှစ်ကလည်း I.C လာချိန်မှာ ကျမက သီလရှင်ဝတ်ကြီး နဲ့ အိန္ဒိယ ဗုဒ္ဓဂါယာကို ရောက်နေခဲ့တာပါ။ ဒါ့ကြောင့် ဒီနှစ်တော့ I.C Show ကြည့်ဖြစ်ဖို့ အားခဲ ထားခဲ့တာပါ။ နောက် သူငယ်ချင်းတွေအိမ်မှာ နှစ်ကူး ပိတ်ရက် ဆုံကြဖို့လည်း စီစဉ်ခဲ့သေး တာပါ။ ဒါပေမဲ့ ကျမက ရွှတ်နောက်နောက် ကျမ အကျင့်အတိုင်း " I.C ဂရုလိုက်ဖ်ရှိုး (Group Live Show)က နှစ်တိုင်း လာပါတယ်ဟာ ဆရာတော်ကြီးက နှစ်တိုင်း လာဖို့မလွယ်တဲ့ ဝမ်းမန်းရှိုး (One Man Show) မို့လို့ ငါတော့ တရားစခန်းပဲ ဝင်တော့မယ်" လို့ သူငယ်ချင်း တွေကို စ နောက် ခဲ့သေးတာပါ။
ကျမ နဲ့ အတူ တိုင်ပင်မထားပဲ ကျမရဲ့ သူငယ်ချင်း တယောက်လည်း ဝင်ဖြစ်ခဲ့ပါတယ်။ သူက တရားအားထုတ်ဖို့ အလွန်လိုလားသူ ပီပီ စခန်းမဝင်ခင် ကျမ နာဖို့ တရားခွေကို အိမ်တိုင်ရာ ရောက် ပို့ပေး ခဲ့ပါသေးတယ်။ ပြီးတော့ မထင်မှတ်ပဲ သူနဲ့ကျမ ရဲ့ ယောဂီနံပါတ် စဉ်က အစဉ်လိုက် ဖြစ်နေခဲ့လေတော့ အိပ်ရာ ဘေးချင်း ကပ်လျက်သား ဖြစ်နေခဲ့ပြန်ပါတယ်။ ဒါကြောင့် တယောက် နဲ့ တယောက် စကား မပြောကြကြေး ကတိထားခဲ့ကြပါတယ်။
ရိပ်သာ ရဲ့ အချိန် ဇယားအရ မနက် ၄ နာရီ ၁၅ မှာ ဘုရားရှိခိုး၊ တရားစထိုင်ရမှာ ဖြစ်ပြီး အိပ်ရာထချိန် မနက် ၄နာရီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အမျိုးသမီးယောဂီတွေ များတာမို့ တချို့ က ၃နာရီ ထ ရေချိုးမှာ ကျမတို့ အရင် အတွေ့အကြုံ အရ သိနေလေတော့ ကျမ က မနက်ဆို ၂နာရီခွဲမှာ အိပ်ရာထပါတယ်။ ကျမတို့ နှစ်ယောက်လုံးက အအိပ်ဆတ် သူတွေမို့ သူ ဖျတ်ကနဲထရင် ကျမလည်း နိုးရ ပါ တယ်။ ရေချိုးခန်းက ရေပူမရှိတာမို့ ရေအေးနဲ့ပဲ အေးတယ် အေးတယ် မှတ်ပြီး ချိုးခဲ့ရပါတယ်။ သီလရှိနေတဲ့ အချိန်မို့လို့ ထင်ပါရဲ့ အိပ်ချိန် ၄နာရီ ကျော်ကျော် ပဲရှိပေမဲ့ မနက်နိုးတိုင်း လန်းဆန်းနေပြီး ရေအေးနဲ့ချိုးပေမဲ့ နှာတောင် မစေးခဲ့ ပါဘူး။
ကျမ အထင်မှားသွားတာက ဆရာတော်ကြီးက တပါးတည်း မဟုတ်ပါဘူး လက်ထောက် တရားပို့ ဆရာတော် နှစ်ပါး နဲ့ ကြွလာခဲ့တာပါ။ အဲဒီ တရားပို့ ဆရာတော် နှစ်ပါးရဲ့ အခန်းကဏ္ဍက တကယ် အရေး ကြီးလှပါတယ်။ ကျမတို့ နိဗ္ဗာန်ခရီးသွား ယောဂီတွေကို မဂ်ဖိုလ်ခရီး မှာ လမ်းညွှန်ဖို့ ဆိုတာ လမ်းပြတဲ့ ဆရာကိုယ်တိုင် ရောက်ဖူးပြီးသား ဖြစ်မှသာ လမ်းပြနိုင်တော့မှာပါ။ အဲဒီ ဆရာတော် နှစ်ပါးရဲ့ ပြောဆို လမ်းညွှန် တရားပို့ပုံ အိနြေ္ဒ အနုအရင့်ကို ကြည့်တာနဲ့ ဆရာတော် နှစ်ပါးဟာ သံသရာမှာ ထောက်တည်ရာ ရထားပြီး သူတွေ ဆိုတာ ကျမ သေချာပြောနိုင်ပါတယ်။
ကျမရဲ့ ဘာကိုဖြစ်ဖြစ် ပျော်စရာဘက်က လှည့်တွေးတတ်တဲ့ အကျင့်ဟာ အစ တရက်၊ နှစ်ရက်မှာ ကျမကို ဒုက္ခ ကောင်းကောင်းပေးခဲ့ ပါတယ်။ ဒုတိယရက်မှာပေါ့ သမာဓိ ထူထောင်စဉ်မှာ ကျမရဲ့ မျက်နှာ တခုလုံးပေါ် ပုရွက်ဆိတ်တွေ တက်လာသလို တရွရွနဲ့ ခံစားနေ ရတာ အူထဲကကို ယားတက်လာပြီး သမာဓိ တည်ငြိမ်အောင် ကြိုးစားပြီး မှတ်နေတုန်းမှာ တရားပို့ ဆရာတော်က "တခါတလေ မိမိတို့ ကိုယ်ပေါ်ကို အကောင်လေးတွေ တက်လာသလို ရွရွ ရွရွ နဲ့ ဖြစ်လာလိမ့်မယ် ၊ ရွရင် ရွတယ် ရွတယ် လို့ မှတ်ပါ" တဲ့...။ "ဘုရား ဘုရား ဆရာတော် ငါတရွရွ ဖြစ်နေတာ ဘယ်လိုလုပ် သိသွားပါလိမ့် ဟိဟိ" ဆိုပြီး မျက်နှာကြီးက ပြုံးပြုံး ပြုံးပြုံးနဲ့ ဖြစ်လာပါတော့တယ်။ ဘယ်လောက်များ ဆိုးလိုက်ပါလိမ့်နော်၊ မသိရင်ဖြင့် ဒီယောဂီနှယ် သုခ ဝေဒနာတွေ ခံစားပြီး ပီတိ ဂွမ်းဆီထိသလို ဖြစ်နေတယ် ထင်စရာ....
၅ရက်မြောက်နေ့ တရားစစ်တဲ့ အခါ ယောဂီတွေအားလုံး ဝေဒနာပြပွဲတွေ လုပ်ကြပါတော့ တယ်။ ဒုက္ခဝေဒနာရဲ့ နှိပ်စက်ပုံတွေကို ဆရာ တော်ထံ သူ့ထက်ငါ ပြောကြ လျောက်ကြပါ တော့တယ်။ အဲဒီ အချိန်မှာ ယောဂီအားလုံးရဲ့ ကိုယ်လုံးတွေဟာ ကိုင်ရိုက်ထားသလို နာကျင် နေတော့တာကိုး။ တပည့်တော် ခြေသလုံးကြီးဖြင့် ကွဲထွက်တော့မလို၊ တပည့်တော် ပေါင်ထဲ ကို သံဆူးခွေနဲ့ လှိမ့်သလို ဘာညာ ပေါ့လေ၊ သက်သာတဲ့သူများ တယောက်မှ မရှိပါဘူး။ ဒါနဲ့ ဆရာတော်က ရုပ်နာမ်တွေရဲ့ မပြတ်မလပ် နှိပ်စက်ပုံကို ဟောပြပြီး ကိလေသာ ကြီးမား လေ၊ ပို နှိပ်စက်နာကျင်ရလေ ဆိုတော့ကာ ကျမတို့ ယောဂီတွေ အားလုံးခမျာ ကိလေသာတုံးကြီး တွေ ဖြစ်သွားပါတော့တယ်။
နေ့ဆွမ်းစားတဲ့ အခါမှာလည်း ကျမတို့ သူငယ်ချင်း ၂ယောက်က တစားပွဲထဲ ဘေးချင်းကပ် ဖြစ်ပြီး အမှတ်စိပ်သူတွေမို့ အမြဲ နောက်ဆုံးမှ စားပြီးပါတယ်။ ဇယားအရ ဆွမ်းစားပြီးရင် စင်္ကြန်လျောက်ရမှာမို့ မလျောက်ခင် ကျမ အိပ်ဆောင်ပေါ် တခေါက်ပြန်တက်ပြီး သွားတိုက် လေ့ရှိပါတယ်။ အဲဒီမှာ တချို့ ယောဂီ ညီမငယ်လေးများက လျောင်းပြီး မှတ်နေတာလေးတွေ တွေ့ရပါတယ်။ ကြိုးစားကြ ရှာပါတယ် တခေါခေါ နဲ့ ပေါ့လေ။ တချို့ ယောဂီ ညီမငယ်လေးများ ကတော့ စာကလေးတွေလို ပကျိ ပကျိနဲ့ စကားခိုးပြော နေကြပါတယ်။ ဪ သူတို့ခမျာ ဒီအရွယ်လေးတွေနဲ့ တရားစခန်း ဝင်ဖို့ အသိရှိတာကို ကပဲ ချီးကျူးစရာ မဟုတ်ပါလား။ ကျမတို့တုန်းက ဒီအရွယ် ကဲကောင်း တုန်း ၊ ဆိုးကောင်းတုန်းလေ။
နောက်ရက်တွေ မှာတော့ အရှိန် နှေးချစရာ မလိုတော့အောင်ကို ခြေထောက်တွေ၊ ဒူးတွေက နာလာပြီး ယောဂီအားလုံး လမ်းလျောက် တိုင်း ဂျွတ်ဂျက် နဲ့ မြည်သူကမြည်၊ တကျွတ်ကျွတ်နဲ့ အိမ်မြှောင်ဘဝ ရောက်သူတွေ ရောက်ကုန်ကြပါတော့တယ်။ ၆ ရက်မြောက်နေ့မှာ ဆရာတော် ကြီး မနက်ပိုင်း အလုပ်ပေးတရား နာနေစဉ် ကျမ ရင်ဘတ်အောင့်ပြီး အသက်ရှုမဝ၊ ပါးစပ်က လည်း ဆရာတော်ကြီး တရားချ ပေးတာ လိုက်မဆိုနိုင်တော့အောင် မောလာတာနဲ့ အသာလေး ငြိမ်ပြီး ခံစားရသမျှကို မှတ်နေလိုက်ပါတော့တယ်။
ပြီးမှ ဆရာဝန်ဆိုတဲ့ အန်ကယ်ကြီးကို ကျမ နေလို့ သိတ်မကောင်းကြောင်း ပြောခဲ့တာနဲ့ သူက ဆေးခန်းလေးထဲ ခေါ်သွားပြီး စစ်မေး ပါတယ်။ ဟိုဒီ စမ်းသပ်ပြီး အိပ်လို့ရရဲ့လား၊ စားရော စားနိုင်လား မေးပါတယ်။ ဒါနဲ့ ကျမလည်း အိပ်လို့ရကြောင်း၊ စားတာ ကတော့ မစားနိုင်ပဲ ပန်းကန် တဝက်ပဲကုန်ကြောင်း ပြောပြလိုက်ပါတယ်။ အဲဒီနေ့ နေ့ဆွမ်းစားတော့ အံ့ဩဖွယ် တပန်းကန်လုံး တက်တက်ပြောင် စားလိုက်နိုင်ပါတယ်။ ဆရာဝန် အန်ကယ်ကြီးက စားပြီးလို့ ထမင်းစားဆောင်က အထွက်၊ ကျမဘေးက အဖြတ်မှာ လူနာတယောက် ဖြစ်တဲ့ ကျမဘက် မျက်လုံးဝေ့ အကြည့်၊ ကျမဖြင့် တက်တက်ပြောင် နေတဲ့ ပန်းကန်ကြီး ဘယ်နား ဖွက်ထားရ မှန်းမသိ ဖြစ်ခဲ့ရပါသေး တယ်။ အဲဒီနေ့ကျမှ တိုက်ဆိုင်လိုက်တာများ...ပြောပါတယ်...။
ဆရာတော် ဘုရားကြီး ဟောကြားတော်မူ ခဲ့တာတွေကလည်း တကယ့်ကို အနှစ်တွေ ချည်းပါပဲ။ ကျမတို့ ယောဂီတွေ ကြိုးစားချင်အောင်၊ အားတက်လာအောင် တကယ်ကို ခန္ဓာ ဥာဏ်ရောက် သစ္စာဆိုက် အောင် ဟောကြားတော် မူပါတယ် ။ တရားပို့ ဆရာတော် နှစ်ပါးရဲ့ စေတနာ၊ မေတ္တာတွေကလည်း အားထုတ်သူတွေ အပေါ် အလွန် ကြီးမားလှပါတယ်။ အင်မတန် တိုတောင်းတဲ့ ၉ရက် ပါပဲလို့ ကျမ ခံစား ခဲ့ရပါတယ်။ ဆရာတော် ၃ပါးရဲ့ကျေးဇူး တွေကို ကန်တော့ရင်း၊ စီစဉ်သူရဲ့ အားထုတ်မှုတွေကိုလည်း ကျမ ဒီနေရာကနေ အသိအမှတ် ပြုရင်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။
နိဗ္ဗာန် ဆိုတာ ပါဋ္ဌိလို နိ ဆိုတဲ့ မရှိခြင်း နဲ့ ဝါန ဆိုတဲ့ တဏှာ ပေါင်းစပ်ထားခြင်းဖြစ် ပါတယ်။ လောကီလူသား ပုထုဇဉ်တွေကို မီးထွန်းထား တဲ့ ဖယောင်းတိုင် နဲ့ တင်စားရမယ် ဆိုရင် နိဗ္ဗာန် ဆိုက်ရောက်သူ သူတော် ကောင်းတွေဟာ မီးငြိမ်းသွားတဲ့ ဖယောင်းတိုင်ပါပဲ။ အငြိမ်း ဓါတ်ကလေး နဲ့ ရှိနေတဲ့ သဘောလေးပါ။ ပြီးတော့ နိဗ္ဗာန် ဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ချည်းပဲ မဟုတ်ပါဘူး။ ရုပ် နာမ် ခန္ဓာ ရှိတဲ့ ပု ထုစဉ်တွေ အားလုံး နဲ့ သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်ဘာသာဝင်မဆို ယုံကြည်စွာ အားထုတ်ရင် သံသရာမှ လွတ်မြောက်ရာ ချမ်းသာ အမှန်ကို ရစေ ရောက်စေ နိုင်တာမို့ မလွဲမသွေ အားထုတ် သင့်လှပါတယ်။
ကျမ ၉ ရက်တာ တင်းတင်းရင်းရင်း ကြိုးစား အားထုတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျမ ပြုခဲ့သမျှ ဒါနကုသိုလ်၊ သီလကုသိုလ် နဲ့ ပွားများ အားထုတ်ခဲ့တဲ့ ဘာဝနာကုသိုလ်တွေ အားလုံးကို လှိုက်လှဲ လိုလားစွာ အမျှပေးဝေချင်ပါတယ်။ အားလုံးပဲ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူ ကြပါ....
မဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိုင်ကြပါစေရှင်...
*** ချစ်စရာကောင်းပြီး မျက်လုံးလေးတွေ နဲ့ ရယ်တတ်တဲ့ တိုင်းရင်းသူ ညီမငယ်လေး ဇွန်မိုးစက် နဲ့ ခင်မင်ခွင့် ရခဲ့တဲ့ အတွက်လည်း အမှတ်ရစရာ ဖြစ်ခဲ့ရပါတယ်ရှင်...

အမချစ်ကြည်ရေ
ReplyDeleteဝမ်းမြောက်ဝမ်းသာ သာဓု ၃ကြိမ် ခေါ်သွားပါတယ်
သာဓု..သာဓု...သာဓု..ပါ အမရေ...။
ReplyDeleteကုသိုလ် မျှယူလိုက်ပါတယ်။
ရေးချက်တွေကတော့ ကောင်းတယ်ဗျာ.။
ရှင်းခနဲပါပဲ။
အမချစ် ရေ သာဓု..သာဓု...သာဓု..ုပါရှင်
ReplyDeleteမဟာစည်နည်းလားအမ တရားထိုင်ရင် ၉ရက် ၁၀ရက်မှ ထိုင်လို့ကောင်းစ ရှိသေးတယ် အရှိန်လေးလည်းရရော ထွက်ရရောဆိုတော့ နည်းလမ်းဘဲရမယ်လို့ထင်မိတယ် မန်းကိုလာခဲ့ ကြိုက်သလောက်ဝင်ပါဗျာ စားစရိတ်ငြိမ်းကုသိုလ်ပြုမယ်နော် ၃လအထိ တရားဝင်လို့ရပါတယ် အလှူငွေ တပြားမှ မလှူလည်းရပါ၏။ လာသမျှ ဧည့်ပရိတ်သတ်ကို ကျွေးမွေးပါ၏။
ရိပ်သာ အမည်က မိုးထိအောင်စည်ပါ မည်သူမဆို မည်သည့်အချိန်အခါမှာဘဲဖြစ်ဖြစ် တရားဝင်၍ ရပါသည်။ အနည်းဆုံး ၇ရက် အများဆုံး ၃လ အထိ နေလို့ရပါကြောင်း။
အမြဲထာဝရ ကြိုဆိုလျက်
seesein
အစ်မရေးတာကို စောင့်နေတာ။ အစ်မရေးပြီးပြီဆိုတော့ ညီမနောက်နေ့ရေးပြီး reference လုပ်လိုက်မယ်နော်။
ReplyDeleteအမြဲအမှတ်စိပ်ပြီး သတိနဲ့မပြတ်သွားလာအားထုတ်ခဲ့တဲ့အစ်မကို လေးစားအားကျခဲ့ရကြောင်းပါ။
သာဓု သာဓု သာဓုလို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုလိုက်ပါတယ်နော်။
အမယ်လေး သူတော်ကောင်းသူငယ်ချင်းမကြီး ပါလား
ReplyDeleteရှက်မိပါတယ် သူငယ်ချင်းေ၇
ခင်တဲ့ ရွှေစင်
လှိုက်လှဲစွာနဲ့ သာဓု ၃ ခါ ခေါ်သွားပါတယ်။
ReplyDeleteသာဓု သာဓု သာဓုပါ မချစ်ကြည်အေး..
ReplyDeleteဟိုလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က Vippassana Meditation Center - VMC Bedok မှာ စပြီး ခင်မင်ခွင့်ရခဲ့တဲ့ ချစ်ကြည်ကို သတိရမိပါတယ်။ ချစ်ကြည်တို့ (ပို့စ်ထဲက သူငယ်ချင်းတွေကိုပါသိနေတော့) မဂ္ဂင်ဖောင်ကြီး စီးပြီး ခရီးတော်တော်ရောက်နေကြပြီ... ဒီမှာတော့ ၀ဲဂယက်မှာ ချာချာလည်...
ReplyDeleteမကြီးအေးရေ....
ReplyDeleteကျွန်တော်ကတော့ အမှန်အတိုင်းပြောမယ်နော်...။
ဖတ်ရင်းနဲ့ ယောဂီလေးတွေ အိပ်တဲ့နေရာ...၊ နောက် မကြီးအေးမျက်နှာရွစိစိဖြစ်တဲ့နေရာ...၊ နောက်ပြီး... ထမင်းတစ်ပန်းကန်ပြောင်သွားတဲ့နေရာတွေမှာပေါ့...။
ပို့စ်လေးအဆုံးမှာတော့ မကြီးအေးဝေတဲ့ အမျှကို...လေးနက်စွာနဲ့ သာဓုခေါ်သွားပါတယ်ဗျာ....။
သာဓု... သာဓု... သာဓုပါခင်ဗျာ....။
နောင်လည်း ရေးမယ့် အတွေ့အကြုံလေးတွေမျှော်နေမယ် မကြီးအေး...။
ခင်မင်တဲ့
ဏီလင်းညို
မကြီးအေးရေ...
ReplyDeleteရယ်မိတာ အပေါ်သုံးနေရာနော်...
ကော်မန့်ထဲမှာရေးဖို့မေ့ကျန်ခဲ့တာများလေ....ဟီးဟီး...
(သာဓု ခေါ်ချင်ဇော ဘယ်လောက်ကြီးသလဲဆိုတာ အဲ့ဒါသာ ကြည့်တော့ဗျ...း))
ခင်မင်တဲ့
ဏီလင်းညို
မဂ္ဂင်ဖောင်ကြီး စီးပြီးတော့ အတူတော့လိုက်ချင်ပါတယ်။ ဒါပေမဲ့ ဂျီးဒေါ်ရဲ့ အိုဗာဝိတ်ကြောင့် ဖောင်နစ်သွားရင်။။။အဟင့်။။ ဘယ်လိုလုပ်ကြမလဲ။
ReplyDeleteသာဓု သာဓု သာဓု ပါ မမရေ..
ReplyDeleteမဂ္ဂင်ဖောင်စီး၍ နိဗ္ဗာန် တဖက်ကမ်း သို့ အရောက်လှမ်းနိုင်ပါစေလို့လဲ ပြန်ဆုတောင်းပါတယ်နော်။
ပန်းကန်ကြီးဘယ်ဖွက်ရမှန်း မသိတာကိုတော့ ရီမိပါတယ် မမရေ..
သာဓု သာဓု သာဓု ပါ၊
ReplyDeleteဒုတိယ အကြိမ် သာဓုခေါ်ခြင်းပါ
ကိုယ်မလုပ်နိုင်သေးတာတွေကို လုပ်နိုင်တဲ့ လုပ်နေတဲ့ အကြည့်ကို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်သွားပါတယ်။
ReplyDeleteသာဓု ... သာဓု ... သာဓု
ဒီကိုလဲ တရားရေအေးလေးများ တိုက်ကျွေးစမ်းပါဦး ...အကြည်ရေ ...
ဖေါင်တော့မစီးတော့ဘူး..cruise ပဲစီးတော့မယ်၊ သက်တောင့်သက်သာရောက်အောင်လို့..ဖေါင်စီးတဲ့သူတွေ ဒူးနာတယ်ဖင်နာတယ်..အော်နေကြသံကြားလို့..မစီးတော့ဘူး
ReplyDeleteတရားစခန်းဝင်တဲ့အကြောင်းပေမယ့် တချို့နေရာတွေမှာ သဘောကျလွန်းလို့ ရယ်မိသေးတယ်။ ပန်းကန် ဖွက်ဖို့နေရာရှာတာ မြင်မိလို့လေ။
ReplyDeleteသူများတွေတရားစခန်းဝင်တိုင်း အားပေးဖြစ်တယ်၊။
ဒီတခါပြန်ရင်တော့ ဝင်ဖြစ်အောင် ဝင်မယ်အမရေ။
ကျင်လည်ခဲ့တဲ့ဘဝမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို မထိန်းချုပ်နိင်ဘဲ အာရုံမှာ ယောက်ယက်ခတ် နေမှာတော့ စိုးမိတယ်။
သာဓု ခေါ်ပါတယ်။ သာဓု သာဓု သာဓု။
ReplyDeleteရိပ်သာမှာ စားမကောင်းဘူးဆိုတော့ အရေးတော်ပုံ အောင်မြင်ခါနီးပြီလား။:)
မအယ်
မမရေ...သာဓု သာဓု သာဓုနော်...မမရွှေစင်ပြောသလိုပဲ ရှက်မိပါရဲ့...
ReplyDeleteမမချစ်ရေ
ReplyDelete၀မ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု။
ချစ်ခင်လေးစားစွာဖြင့်
သန္တာ (ရသအလင်း ညီမ)
ဝေဒနာပြပွဲနဲ့  အံ့ဩဖွယ် တပန်းကန်လုံး တက်တက်ပြောင် တဲ့အထိပဲလား သဘောတရားတို့  အချိန်နှင့်နေရာမှလွန်မြောက်ခြင်ခြင်းတို့ ထိ ရောက်ခဲ့ရင် မျှတော်မူပါဦးနော်....သာဓုသာဓုသာဓုပါ
ReplyDelete