Tuesday, December 21, 2010

IC ည


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက တီးဝိုင်း သွားကြည့်ဖြစ်တယ်။  တီးဝိုင်းနာမည်က One Tea မဟုတ်ပါဘူး။  One Tea က one of the sponsors ပါ။   တကယ်တီးမဲ့ တီးဝိုင်းနာမည်က IC လို့ ချစ်စနိုး ခေါ်ကြတဲ့ Iron Cross ပါ။ အဲဒီ One Tea ဆိုတဲ့ စာလုံး အကြီးကြီးအပေါ်နားလေးမှာ Iron cross ဆိုတာလေး ခပ်မှိန်မှိန် ရေးထိုးထားပါတယ်။ သေချာကြည့်ပါ။ မြင်ရပါလိမ့်မယ်။

လက်မှတ်အရတော့ ပွဲချိန် ညနေ ၆နာရီက ၁၀နာရီပါ။ တကယ်စတော့ ၆ခွဲနေပါပြီ။ တပုဒ် ၅ မိနစ်နှုန်းနဲ့ ဆိုရင်တောင် သီချင်း အပုဒ်ပေါင်း ၆ပုဒ်စာ ကြီးများတောင် အချိန်လွန်သွားပါပြီ။ ပွဲစစချင်း IC ရဲ့ အဖွင့်တီးလုံးတွေဟာ ကျမအတွက်တော့ ဘယ်တော့မှ နားထောင်လို့ မရိုးနိုင်အောင်ပါပဲ။ IC ရဲ့ ထုံးစံအတိုင်း တဦးချင်းစီရဲ့ သူတို့တီးခတ်တဲ့ တူရိယာအပေါ် ကျွမ်းကျင်မှုနဲ့ ဆန်းသစ်တီထွင်နိုင်မှုတွေကြောင့် သူတို့ရဲ့ မြူးဇစ်တွေဟာ အမြဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ 

အစီအစဉ်အရ ပထမဦးဆုံး လင်းလင်း၊ ပြီးတော့ အာဇာနည် တယောက် ၃ပုဒ်စီ ဆိုသွားကြပါတယ်။ လင်းလင်းကိုတော့ တေးရေးဆရာအဖြစ် သိထားရာက ကိုလေးဖြူရဲ့ ဘီအိုဘီမှာ သီချင်း ဝင်ကြောင်းပေးတာလေး နားထောင်ခဲ့ဖူးတယ်။ ကိုလေးဖြူရဲ့ "ခဏလေးများ"ဟာ သူ့လက်ရာ ဆိုတာ မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်။ သီချင်းအချိုလေးတွေနဲ့ ပိုလိုက်ဖက်မယ် လို့ မြင်မိတယ်။ အာဇာနည်ကတော့ စည်းတဖက်ခြားနဲ့ စဖွင့်ပြီး ထုံးစံအတိုင်း အဆိုအားကောင်းကောင်းနဲ့ သီဆိုသွားခဲ့တယ်။

ဝိုင်ဝိုင်း စဆိုလို့ ၃ပုဒ်မြောက်ကျမှ ထင်ပါရဲ့ ဘေစ့်သမား ကိုခင်မောင်သန့် စင်ရှေ့ထွက်တီးပါတယ်။ ဘေစ့်ဂစ်တာ တခုခု loose ဖြစ်နေတာ ပြင်ဆင်ရင်း စင်ဘေးထွက်ပြီး ထိန်းတီးနေခဲ့တာပါ။ ကျမအမြင် ပြောရရင်  ဝိုင်ဝိုင်းဆိုတာကို အရင်ပွဲတွေလောက် အားမရခဲ့တာ အမှန်ပါ။ သူ့အလှည့် ၅ပုဒ်ကို ပရိသတ်တွေ အတော် သည်းခံ နားထောင်ခဲ့ကြရပုံပေါ်ပါတယ်။


လာပါပြီ။ မျိုးကြီး အလှည့်ပါ။ နောက်ကလူတွေ အကုန်နီးပါး မတ်တတ်ရပ် ခုန်ပေါက်ကုန်ကြတယ်။ အင်္ကျီတွေ လေထဲ ပစ်မြှောက် ကုန်ကြတယ်။ ခုမှပဲ စင်ပေါ် စင်အောက် တသားတည်း ဖြစ်သွားခဲ့တော့တာ။ ဆေးပါ ဆေးပါ...နဲ့ အသားကုန် လွှတ်အော်ကြ၊ လက်တွေ အပေါ်မြှောက်ကြ၊ ခုန်ကြ ကကြနဲ့ မျိုးကြီးရဲ့ စန်းဟာ လူငယ်ထုအကြား ကြောက်ခမန်းလိလိပါပဲ။ နောက်တော့ ကိုအငဲ...။ နောက်...ကိုလေးဖြူ...။ ဆက်တိုက်ပါပဲ... လူငယ်တွေရဲ့ အာရုံဟာ သူတို့ရဲ့ ဖန်တီးမှုတွေထဲ အင်နဲ့ အားနဲ့ အရှိန်အဟုန်နဲ့ စီးမျော လိုက်ပါလို့...။ ရော့ခ်တစ္ဆေတွေရဲ့ ဖမ်းစားမှုအောက် ကောက်ကောက်လိုက်ပါလို့...။

နောက်ဆုံးတန်းက ကြည့်ရတဲ့ အရသာကို ကျမ သိတ်ကြိုက်ပါတယ်။ ဘောလုံးပွဲ ပွဲကြည့်စင်လို လှေကားထစ်တွေပေါ်ကမို့လို့ စတိတ်ခ်ျ တခုလုံးကို စီးမိုး မြင်နေရတာရယ်၊ ရှေ့ကလူတွေရဲ့ စည်းချက်အလိုက် ခုန် ခုန် ခုန်နေတဲ့ ခေါင်းလေးတွေဟာ လှိုင်းလုံးကလေးတွေ အတက်အကျလို မြင်နိုင်တာရယ်၊ နောက်ကမို့လို့ မတ်တတ်ရပ်ချင်လည်းရပ်၊ ကချင်ရင်လည်းက အပီကဲလို့ ရတာတွေရယ်ကြောင့် ပွဲတခုလုံးရဲ့ အငွေ့အသက်ကို အပြည့်အဝ ခံစားရနိုင်တာမို့ပါ။

ကိုလေးဖြူရဲ့ ပထမဆုံးသီချင်း အမဲလိုက်အကမှာတော့ အားလုံး စိတ်တွေ လွှတ်ပေးလိုက်ကြတယ် ထင်ရဲ့။ မတ်တတ်ရပ် ခုန်ကြ၊ ကကြပြန်ပါရော။  ပထမပိုင်းအပြီးမှာ ဒုတိယပိုင်းအစ လင်းလင်းရဲ့ အလှည့် ပြန်ရောက်ပါတယ်။ အားနာလိုက်တာ လင်းလင်းရေ... ဒါပေမဲ့ ဗိုက်ဆာလှပြီ။ ညစာစားခွင့်ပြုဦးလို့ စိတ်ထဲက ပြော၊ အပြေးအလွှား အမြန်သွားစား။ စားပြီး ပြန်ရောက်တော့ ဝိုင်ဝိုင်း အလှည့် တဝက်ကျိုးနေပြီ။ နောက်တခါ မျိုးကြီး...ဓါတ်ပြားဟောင်း၊ ကိုအငဲ...နွံ၊ ကိုလေးဖြူ...ခရီးဆုံးထိ...။ အကြိုက်ဆုံး သီချင်းတွေ အတွက် ကျေးဇူးတင်တယ်။


ပွဲသိမ်းတော့ ည ၁၀နာရီခွဲပြီ။ ကျမအပါအဝင် ပရိသတ်က အိမ်မပြန်ချင်ကြသေးဘူး။ ဆိုတဲ့သူတွေလည်း ဆိုလို့ မဝကြသေးဘူး။ တကယ်ဆို သူတို့အတွက် သွေးပူလေ့ကျင့်ခန်းလောက်ပဲ ရှိသေးတာ။ ဒီကြားထဲ ခန်းမရဲ့ တာဝန် ရှိသူတွေက ၁၀နာရီကျော်တာနဲ့ ပွဲသိမ်းဖို့ လာလာပြောနေကြတော့ ကြည့်ရတာ အရသာ ပျက်သွားတယ်။ သူတို့ကလည်း တာဝန်အရ လုပ်ကြရတာလေ။ စီစဉ်သူက ညနေ၆နာရီကနေ ည ၁၀နာရီထိပဲ ငှားခပေးထားတာကိုး။ ဒါနဲ့ပဲ အီလည်လည်နဲ့ အိမ်ပြန်ခဲ့ကြရတော့တယ်။ 

ဖြစ်နိုင်ရင် ညနေ ၅နာရီ စပြီး အလယ်မှာ နားချိန် နာရီဝက်လောက် ရှိသင့်တယ်။ ဒါမှမဟုတ် နေ့လည် ၁နာရီက ညနေ ၆နာရီ လုပ်ရင်လည်း အဆင်ပြေနိုင်တယ်။ ဒုတိယပိုင်းမှာ ဆိုချင်တဲ့ သီချင်းတွေ ဝအောင် ဆိုနိုင်ဖို့ သီချင်းပုဒ်ရေနဲ့ ကြာမြင့်ချိန် မိနစ် တွက်ချက်ထားသင့်တယ်။ အခက်အခဲတွေကတော့ ရှိမှာပါပဲ။ စီစဉ်သူအနေနဲ့ ဒါလေးတွေကအစ ကြိုတင် တွက်ဆ စီစဉ်ထားမယ်ဆိုရင် ကြည့်ရတာ ပိုအဆင်ပြေတဲ့ ပွဲလေးတပွဲ ဖြစ်လာနိုင်မှာပါ။



19 comments:

ဇွန်မိုးစက် said...

ပွဲမကြည့်ဖြစ်လို့ အစ်မချစ်ရေးထားလေးဖတ်ပြီး မြင်ယောင်ခံစားသွားပါတယ်။

Sunny said...

ရှိုးပွဲကြည့်ချင်တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မနှစ်က ညီမတို့လည်း IC နဲ့ လိုက်ပါစီးမျှောကြသေးတယ်.. ပျော်လိုက်တာ မမေ့နိုင်တဲ့ အပျော်လေးတွေပါဘဲ
သူတို့ရှိုးကြည့်ရတာကိုက ဘယ်ရှိုးနဲ့မှ မတူဘူးလို့ ခံစားမိတယ်...
ငြိမ်ငြိမ်နေတတ်တဲ့ ကိုယ်ပါ ခန္ဓာကိုယ်က ငြိမ်ငြိမ်မနေနိုင်တော့ဘူးဖြစ်လာတယ်..
ပါးစပ်ကတော့ တစ်ချက်လေးမှ မပိတ်နိုင်တော့ဘူးး)

အင်ကြင်းသန့် said...

ဟုတ်တယ်....တကယ်တော့ သွေးပူလေ့ကျင့်ခန်းလောက်ပဲရှိသေးတယ်။ ပွဲကပြီးသွားရော....တကယ်သာဆိုကြမယ်ဆိုရင် ညလုံးပေါက်သာကြည့်လိုက်ချင်တော့တယ်.... :P :P

ဂျင်းကတော့ အမဲလိုက်အကရောက်မှစိတ်ကိုလွှတ်တာမဟုတ်ဘူး။ နွံမှာကတည်းက စိတ်က လွတ်သွားပြီ။ :)))

ဒီကိုရောက်ပြီးကတည်းက လုပ်သမျှ IC ပွဲ တစ်ပွဲမှ မလွတ်သေးဘူး။ ဒီတစ်ခါပွဲကို အားမရဆုံးပဲ။ စီစဉ်သူတွေမှာ တာဝန်ရှိတယ်လို့ထင်မိတယ်။ ဒီပွဲရဲ့လိုအပ်ချက်မျိုးတွေကို နောက်တစ်ပွဲမှာ ထပ်မတွေ့ဖို့မျှော်လင့်မိတယ်။

blackroze said...

မကြီးချစ်ရာ..ညီမတို့စီကို IC မလာတာတော်တော်ဆိုးတယ်

An Asian Tour Operator said...

ဘြာလီ မှာ အိုင်စီ တပွဲလောက်စီစဉ် ဦးမှပါလေ..။ :)

ခနွဲ said...

ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ အရမ်းကပ်လွန်းတယ်ဗျ။ အောက်ကလူတွေ ပင်ပန်းတာပေါ့။ လာဖတ်သွားပါတယ်။

မိုးငွေ့...... said...

မီးမီးတို့ဆီမှာ ၂၄ရက်နေ့ ကန်တော်ကြီးမှာIC ပွဲရှိတယ်...။ လူများတော့ သွားကြည့်ဖြစ်မယ်မထင်ဘူး ...။

တလနွန် said...

အိုင်စီညကို ပြန်လည်ခံစားသွားပါတယ်..လေးဖြူ အနည်းဆုံးပဲဆိုသွားတယ် :(

ကလူသစ် said...

စတိတ်ရှိုးမှာ သွားကဲနေတယ်ပေါ့လေ။ ဒါနဲ့ လင်းလင်းဆိုတဲ့ငနဲက ဘာတွေ အော်နေမှန်းမသိဘူးနော်။

~ဏီလင်းညို~ said...

အနော်ကတော့ ရှိုးပွဲထက်......အိမ်မှာနားထောင်ရတာပိုကြိုက်တယ်ရယ်......။
လူများလို့..........:P

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

ရွှေရတုမှတ်တမ်း said...

ဟုတ်ပါ့ကိုဏီးရာ..
ကိုယ်က အေးအေးဆေးဆေး သီချင်းနားထောင်တဲ့သူ..showတွေမှာက ဆူပူသောင်းကျန်းပြီး သီချင်းအရသာလဲမတွေ့..ဆိုတဲ့သူကလဲ ဘာတွေဆိုမှန်းမသိ..ပွက်ပွက်ညံနေလို့ နားထောင်ရတဲ့သူကလဲ ဘာနားထောင်ရမှန်းမသိ..
အင်း...show ပွဲလာသူတွေက အကြမ်းဖက်ဆူပူချင်သူတွေ များတယ်..ဂီတကို တကယ်ခံစားချင်လို့ မဟုတ်ဘူးလို့ တောင် ထင်မိတော့တာပဲ

Rita said...

အန်ကယ်ကျောက် ကွန်မန့် =D

ပေါက်ကွဲအော်ဟစ်ချင်တဲ့သူတွေလောက်တော့ လုပ်လိုက်ပါလေ။ ရှိုးမှာ အဆိုတော်တွေ မုဒ်ကောင်းရင်၊ ပရိသတ်နဲ့ အပေးအယူတည့်ရင်တော့ အရသာတမျိုးရှိပါတယ်။ အဲဒီနေ့ပွဲကတော့ ဘာလိုနေမှန်းမသိဘူးလို့ ခံစားရတယ်။ (အသက်ပြန်ငယ်ဖို့ လိုနေတာများလား)

sosegado said...

ဒီနှစ်မရောက်ဖြစ်ဘူး၊ မိန်းကလေး အဆိုတော်ပါရင်ပိုကောင်းမယ်။
ခပ်လှုပ်လှုပ်လေး ဆိုတတ်တဲ့သူတစ်ယောက်

အဖြူရောင်နတ်သမီး said...

အမှန်ပြောရရင်...
အပြင်က ရှိုးပွဲတွေကို ၅ခါထက်ပိုပြီး မကြည့်ဖူးဘူး...
အိမ်ပြန်နောက်ကျတာရယ်၊ အဖော်မရှိတာရယ်၊ အိမ်ပြန်ကား အခက်အခဲရှိတာရယ်တွေကြောင့် လည်းပါ ပါတယ်။
ပြီးတော့ ပွဲအစမှာ ကြည့်ရတာ အဆင်ပြေပေမဲ့ နောက်ပိုင်းမှာ ပွဲကြည့်သူတွေက မတ်တတ်ရပ်ပြီး သီချင်းတွေလိုက်ဆိုကြ၊ ကကြနဲ့ဆိုတော့ ငြိမ်ငြိမ်ထိုင်ကြည့်ချင်တဲ့ ညီမတို့လို လူမျိုးတွေနဲ့မကိုက်ဘူး..

ညီမလေး said...

ပွဲတွေကိုတော့ မကြိုက်တတ်ဘူး ။ ရှားရှားပါးပါး ရှိုးဆိုလို့ မြရိပ်ညိုမှာလုပ်တဲ့ အိုင်စီပွဲပဲ တခါသွားဖူးပါတယ် ။
လူတွေကများ အော်ကြ ဟစ်ကြ တိုလို့ပြတ်လို့ ဝတ်ကြစားကြတာ ကမ္ဘာပျက်နေသလိုပဲ ခေါင်းတွေကိုက် အာရုံတွေနောက် .....း(
အဲ့ကြောင့် သီချင်းဆိုရင်တော့ အိမ်မှာပဲ အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေးပဲ နားထောင်ချင်တယ် ။

Anonymous said...

တခြားပွဲတွေတော့ သိပ်မကြိုက်ဘူး။ IC တော့ ကြိုက်တယ်။
တခါတလေတော့လည်း တနည်းနည်းနဲ့ စိတ်လွှတ်လိုက်ရတာ အပန်းဖြေနည်း တမျိုးပါပဲ။
(လင်းလင်းက အခွေထွက်ထားတာ ရှိတယ်။ ကျနော်တော့ အဲဒီထဲက သီချင်းတွေ သဘောကျတယ်)

မြစ်ကျိုးအင်း

T T Sweet said...

တစ်ခါမှ ရှိုးပွဲမကြည့်ဖူးဘူး။ ၀ါသနာတော့ပါတယ်။ ပိုက်ပိုက်နှမြောလို့ဖြစ်မယ်။ တစ်ခါလောက်တော့ ကြည့်ဖူးချင်သား။ ကြည့်နိုင်သူတွေ အားကျပါ၏။

linlin said...

လေးဖြူဆိုတဲ့ကောင်ကလဲထွက်ပေါက်နဲ့အမဲလိုက်အက ဒီသီချင်းတွေနဲ့ဘဲလုပ်စားနေတာ တော်တော်များနေပြီ

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်