Wednesday, September 1, 2010

စည်းကလေးများ အကြောင်း

စည်း လို့ပြောလိုက်တာနဲ့ ပထမဦးဆုံး မြင်မိကြမှာက တားဆီးထားတဲ့ မျဉ်းတကြောင်းကိုပါ။ လူမှာလည်း လူ့စည်း ဘီလူးမှာလည်း ဘီလူးစည်း၊ ကိုယ့် စည်းနဲ့ကိုယ်နေ ဆိုတာမျိုး၊ စည်းမကျော်နဲ့ ဆိုတာမျိုး၊ စည်းကမ်းသည် လူ၏တန်ဘိုး ဆိုတာမျိုး...အိမ်မှာလည်း အိမ်စည်းကမ်း၊ ကျောင်းမှာလည်း ကျောင်းစည်းကမ်း၊ လမ်းတွေ၊ ကားတွေမှာလည်း သူ့စည်းနဲ့သူ...အများကြီးပါပဲ။

နားလည်မိကြတဲ့ အဓိက ဆိုလိုရင်းကတော့ စည်း ဆိုတာ လူ့ဘောင် အသိုင်းအဝန်းက အများသဘောတူ သတ်မှတ်ထားတဲ့ ဘောင်ခတ်မှု တခုသာ ဖြစ်ပါတယ်။ လုံခြုံမှုအတွက်၊ ဘေးကင်းလိုမှု အတွက်၊ သိက္ခာတရားတွေ အတွက် ဘောင်ခတ်ထားရတဲ့ စည်းကလေးတွေ...အဲဒီ စည်းကလေးတွေဟာ တကယ်ပဲ လိုအပ်ပါတယ်။ ရှိသင့်၊ တားသင့်တဲ့ စည်းကလေးများပါပဲ။

ကျမ ပြောချင်တာလည်း စည်းကလေးများ အကြောင်းပါပဲ။ ဒါပေမဲ့ မရှိသင့်၊ မတားသင့်တဲ့ စည်းကလေး အကြောင်းပါ...

ကျမတို့အားလုံး သိတတ်နားလည်စ အရွယ်မှာ ကိုယ့်ကိုယ်ကို ငါ လို့ သိမှတ်ခဲ့ကြတယ်။ ငါ ကလွဲလို့ တခြားသော သူတွေကို မင်း၊ နင်၊ သူ စသဖြင့် ခေါ်ဝေါ်ညွှန်းဆိုစရာ နာမ်စားတွေအဖြစ်နဲ့ သုံးစွဲခဲ့ကြတယ်။ အဲဒီကနေ တဖြေးဖြေး ငါ့အမေ၊ ငါ့အဖေ၊ ငါ့ညီမ၊ ငါ့အကို၊ ငါ့ပစ္စည်းရယ်လို့ ငါ နဲ့ ပတ်သက်တဲ့ ပိုင်ဆိုင်မှုနာမ်စားတွေကို မှတ်သားရင်းနှီး ခဲ့ရပြန်တယ်။ သတိထားကြည့်ရင် အဲသလို တဆင့်တက်ပြီး သက်ရှိ သက်မဲ့ ပိုင်ဆိုင်မှု နာမ်စားတွေ သိမှတ် များပြားလာတာနဲ့ အမျှ မိမိ အတွင်းစိတ်မှာ အတ္တ၊ မာန်၊ မာနတွေ မသိမသာရော သိသိသာသာကြီးပါ စွဲကပ်ခံခဲ့ကြရတော့တာ။

အသေအချာ တွေးကြည့်မိပြန်တော့ မိမိကိုယ်ကို ငါ လို့ သတ်မှတ်ပြီး သူတပါးကို သူ လို့ မှတ်ယူတာ၊ ငါ့မိသားစု သူ့မိသားစုရယ်လို့ ခွဲခြားလိုက်တာ...အဲဒါတွေဟာ သူ နဲ့ ငါ အကြား စည်းကလေး ခြားလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီကနေမှ သူ့ပိုင်ဆိုင်မှု ငါ့ပိုင်ဆိုင်မှု ရယ်လို့ ပိုင်ဆိုင်မှုတွေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ထပ်ဆင့်ခဲ့တော့တာ။ ကြည့်ပါဦး...ငါ ကနေ စလိုက်တဲ့ အတ္တလေးတခုဟာ မာန် မာနတွေ ပါလာကြပြီး နောက်ဆုံးမှာ လောဘ ဒေါသ မောဟ ဆိုတဲ့ ကိလေသာ မီးတောက်ကြီးတွေကို မသိဘဲ ကိုယ်တိုင် မီးထိုးပေးမိနေတဲ့ ဘဝတွေ ဖြစ်လာကြတော့တယ်။

လူ ဆိုတာ ရုပ်နာမ် အစုအဝေးလို့ အားလုံး သိကြပါတယ်။ သို့သော် မမြ ကို ဟဲ့ရုပ်နာမ်မ လို့ ခေါ်ဖို့မှ မဖြစ်နိုင်တာ။ သမုတိသစ္စာအရ မှန်ကန်နေတဲ့အတွက် လူ့ဘောင်လောကထဲမှာ ညွှန်းဆို လွယ်ကူအောင် နာမ်တွေ၊ နာမ်စားတွေ အနေနဲ့ ခွဲခြား ခေါ်ဝေါ် သတ်မှတ် နေကြရဦးမှာပါပဲ။ သူပဲဖြစ်ဖြစ်၊ ငါပဲဖြစ်ဖြစ်၊ သက်မဲ့ ရုပ်ဝတ္ထုတွေပဲ ဖြစ်ဖြစ် နာမ်စားတွေသုံးပြီး ခေါ်ဝေါ်နေကြရပေမဲ့ ဒါတွေဟာ ပညတ်မျှသာ ဖြစ်တယ်ဆိုတာ၊ သမုတိသစ္စာ အနေနဲ့သာ မှန်တယ်ဆိုတာ သိကြစေချင်ပါတယ်။

အခေါ်အဝေါ် မတူပဲ ပိုင်းခြား သတ်မှတ်ထားကြလို့သာ အပေါ်ယံ ကွဲပြားနေကြတာ။ ပရမတ္ထသစ္စာအရ တကယ်အမှန် ရှိနေတဲ့ ဖြစ်တည်မှုကဖြင့် အတူတူရယ်ပါ။ အားလုံးဟာ ဒုက္ခသစ္စာကို ပိုင်ပိုင်ကြီး ရရှိထားကြတဲ့ သံသရာ ခရီးသွားချင်း အတူတူ သူငါ ပိုင်းခြား စည်းတားထားကြလို့သာ ရုပ်-နာမ်ချင်းတူတူ တမူးပိုရှုနေကြတော့တာ။

အနမတဂ္ဂသုတ်မှာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် မိမိနှင့် အမျိုးအဆွေ မတော်စပ်ခဲ့ဘူးသောသူ ဟူ၍ မရှိ ဆိုတဲ့အတိုင်းပါပဲ။ သူ ငါ ပိုင်းခြားထားတဲ့ စည်းကလေးတွေကို ဉာဏ်နဲ့ ဖျက်လို့ အားလုံး အတူတူရယ်လို့ တသားတည်း မြင်ကြည့်ကြစေချင်ပါတယ်။ ဒီလိုသာ လူလူချင်း စာနာနားလည်ကြပြီး အရှိအတိုင်း မြင်တတ်ကြမယ်ဆိုရင် သာယာလှပတဲ့ လူ့ဘောင်၊ စစ်ပွဲတွေကင်းဝေး ငြိမ်းအေးတဲ့ ကမ္ဘာ ဖြစ်လာနိုင်မှာ သိတ်ကို သေချာနေတာပါပဲ...



22 comments:

မေဓာဝီ said...

အလွန်ကောင်းတဲ့ စာတပုဒ်ပါပဲ မချစ်ကြည်ရေ ...
လူတိုင်း အားလုံးတူတူပဲလို့ သဘောထားကြည့်ရင် အနည်းဆုံးတော့ ခွဲခြားဆက်ဆံမှုတွေလဲ ကင်းမယ်၊ မနာလို ၀န်တိုခြင်းတွေလဲ ပျောက်မယ် ... အထင်သေး ရှုံ့ချခြင်းတွေလဲ ဝေးမယ်လို့ ထင်ပါတယ်။

ညီမလေး said...

မမချစ်ပြောတာ မှန်တယ် .. လူလူချင်း စာနာနားလည်ကြပြီး အရှိအတိုင်း မမြင်တတ်ကြလို့ခက်နေရတယ် ။ ဖြစ်လိုက်တဲ့ စစ်တွေ ..... ဘာမှကို အဓိပ္ပါယ်မရှိဘူး ။ ကမ္ဘာကြီးငြိမ်းချမ်းစေချင်တယ် မမချစ်ရယ် ... ကြီးကြီးကျယ်ကျယ် ပြောလိုက်မိတာ ဖြစ်ကောင်းဖြစ်မယ် ဒါပေမဲ့ ရင်ထဲက ဆန္ဒအမှန်ပါ ။

ရွှေရတုမှတ်တမ်း said...

မှန်လိုက်လေ...မယ်ချစ်ရေ...
ကိုကြီးကျောက်ကတော့ အင်မတန်ရှည်လျားလှတဲ့ သံသရာကြီးမှာ ဆွေမျိုး မိဘ တော်စပ်ခဲ့ကြလို့ ခုဘဝမှာ ပြန်ဆုံ ရင်းနှီးရတယ်လို့ပဲ အောက်မေ့မိတယ်..
ကမ္ဘာမှာ လူသားသန်းပေါင်း ၆၀၀၀ မှာ ကိုကြီးကျောက် သိကျွမ်းရင်းနှီးသူဆိုတာ ၆၀၀၀ မပြည့်ပါဘူးလေ..

SHWE ZIN U said...

ချစ်ကြည်အေး ရေ

ရှည်လျားလှသော ဤသံသရာတွင် သတ္တဝါတို့သည် မိမိနှင့် အမျိုးအဆွေ မတော်စပ်ခဲ့ဘူးသောသူ ဟူ၍ မရှိ တဲ့ မှန်လိုက်လေ ဒါကြောင့် အလိုလိုချစ် နေတယ် ကိုယ့် ဘလော့ဂါ များကိုလေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

rose of sharon said...

စည်းကလေးတွေအကြောင်း လာဖတ်သွားတယ် သူငယ်ချင်းရေ...

Anonymous said...

အမချစ်
သံသရာမှာ မတော်စပ်ခဲ့ဘူးသောသူမရှိ ဟုတ်ပါတယ်ဗျာ ဒါပေသိ အမျိုးတွေနှိပ်စက်သမျှ မခံနိုင်လို့ တောထွက်မယ်ဆိုရင် တောရ ရိပ်သာ ပို့ပေးမယ် စည်းစိမ်ကတော့ စိတ်ပုတီးနဲ့ ရိပ်ကြီးကို မခိုနိုင်သေးလို့ ဘလော့လည်အုံးမယ် သံသရာတွေလည်အုံးမယ်း)

စည်းကလေးတွေကို ဉာဏ်နဲ့ ဖျက်လို့ အားလုံး အတူတူရယ်လို့ တသားတည်း မြင်ကြည့်ကြစေချင်ပါတယ်။ ဒီလိုသာ လူလူချင်း စာနာနားလည်ကြပြီး အရှိအတိုင်း မြင်တတ်ကြမယ်ဆိုရင် သာယာလှပတဲ့ လူ့ဘောင်၊ စစ်ပွဲတွေကင်းဝေး ငြိမ်းအေးတဲ့ ကမ္ဘာ
အခုထိတော့ စည်းတွေကို ခုန်နေကြ ကျော်နေကြတုန်းထင်တာပါဘဲ

ခင်မင်စွာဖြင့်
အမျိုးထဲက အမျိုးတစ်ယောက်
seesein

ဝက်ဝံလေး said...

စည်းလေး အကြောင်း လာဖတ်သွားတယ် မချစ်ရေ
အစက ခေါင်းစဉ်ကြည့်ပြီး ဘယ်လိုသဘောရလဲ ဆိုတော့ စည်း ကလေးးများ အကြောင်း အော် ကလေးတွေနဲ့ စည်းကမ်းကို ပြောမယ်ထင်တာပေါ့ ဟိ
ဝက်နော် ပိန်တယ် အဲလေ ပိန်းတယ် ဟိဟိ

Vista said...

မှန်လိုက်တာမှ ..

အဖြူရောင်နတ်သမီး said...

စည်းကလေးများ အကြောင်း လာဖတ်သွားပါတယ်..အမရေ..။
တန်ဖိုးမဖြတ်နိုင်တဲ့ စာသားတွေနဲ့ အမှန်တရားတွေပါပဲရှင်...

Anonymous said...

အစ်မတစ်ယောက်ရဲ့ ဆုံးမစကားကို နားထောင်ရသလို မအသေချာကို ခံစားဖတ်သွားတယ် အစ်မရေ ကျေးဇူးပါ

မောင်မျိုး

Moe Cho Thinn said...

မမက တရားသဘောနဲ့ ယှဉ်ပြီး ရေးပြသွားတာ ကောင်းပါ့။
ချိုသင်းကတော့ ခေါင်းစဉ်ကို ဖတ်ပြီး သူငယ်ချင်းတယောက်က သူ့ချစ်သူကို ရည်းစားစကား ပြောပုံလေးကို ချက်ချင်း သတိရသွားမိတာ..။

"မင်းနဲ့ ငါကြားမှာ ရှိနေတဲ့ သူငယ်ချင်းဆိုတဲ့ စည်းလေးကို ငါ့ဖက်ကတော့ ဖျက်ပစ်လိုက်ပြီ တဲ့။ မင်းကရော ဘယ်လိုလဲ" တဲ့။

စည်းလေးတွေအကြောင်း အများကြီး စဉ်းစားသွားတယ်။
(မမက အတည်ရေးတာ ချိုသင်းက တောက်တလွဲ တွေးသွားတာကိုလဲ ခွင့်လွှတ်ပါအုံး..) :)

နွေဆူးလင်္ကာ said...

စည်းကျော်သူရှိလား ကစားနည်းလေး ကစားကြရအောင် ...

ချိုကျ said...

ဗဟုသုတတွေရယ် စဉ်းစားတွေးခေါ်မှုတွေရယ် ယူသွားပါတယ် အစ်မချစ်.... အရမ်းကောင်းတဲ့ post လေးပါပဲ။

ခင်တဲ့(ချိုကျ)

ကလူသစ် said...

ကြပ်ပြေးနေပြည်တော်ကို တရားဟောဖို့ လွှတ်အုန်းမှပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ်
စည်းဆိုတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ခြားထားတဲ့စည်းကို အရင်ဆုံး မြင်လိုက်မိတယ်..
အစ်မချစ်ပြောမှ
မထားသင့်တဲ့ စည်းအကြောင်း သေချာ ပြန်စဉ်းစားမိတော့တယ်. ကမ္ဘာလောကကြီး သာယာလှပဖို့ မထားသင့်တဲ့ စည်းဘောင်တွေကို ပယ်ဖျက်သင့်ကြပါတယ်နော်...

blackroze said...

ဟုတ်တယ်မကြီးချစ်ရေ
စည်းဆိုတာနေရာတိုင်းမှာရှိသင့်တယ်..

Z said...

အသက်လေးနည်းနည်းရလာတော့လည်း တရားအကြောင်း တွေပြောနေတယ်ပေါ့

ခင်တဲ့

Z

သိင်္ဂါကျော် said...

ဘုရားဟောကတော့ သူဆိုတာလည်း မရှိ၊ ငါ ဆိုတာလည်း မရှိ..
အားလုံးဟာ အနတ္တသဘောတွေပါ။

မောင်ဘကြိုင် said...

စည်း စည်း စည်း
လာဖတ်သွားတယ်အစ်မ
လူတိုင်းနားလည်နိုင်ပြီး စစ်ပွဲရန်ပွဲကင်းတဲ့ ကမ္ဘာကြီးဖြစ်လာနိုင်ပါစေ....

မြစ်ကျိုးအင်း said...

စစ်ပွဲတွေအတွက်သာ ငွေမသုံးရရင် အငတ်ဘေး ကျရောက်နေတဲ့ သန်းပေါင်းများစွာကို ကယ်တင်နိင်မှာပါပဲ။
အင်ပါယာ အကျယ်ကြီး ပိုင်လည်း နောက်ဆုံးတော့ ၆ ပေ မြေတွင်းထဲ ရောက်တာပါပဲ။ ဒါတောင် ကျန်ခဲ့သူတွေက ရေထဲမျောရင်လည်း ဘာမှ မတတ်နိင်ပါဘူး။

အင်ကြင်းသန့် said...

အင်း...အရင်ဘ၀တုန်းက ဒီအစ်မချစ်နဲ့ ဂျင်းစုတ်နဲ့ဘာတော်ခဲ့ပါလိမ့်....စဉ်းစားစရာ ရသွားပြီ။ :))

ဇွန်မိုးစက် said...

အင်း...ဒီလိုပို့စ်လေးတွေ များများရေးပါလား အစ်မ။ အစ်မက စကားပြောသုံးပြီး နားလည်လွယ်အောင် ရေးနိုင်တယ်။

ညီမခေါင်းထဲကို ၀င်သွားတာ ဒီစာစုကလေးပါ.. “အားလုံးဟာ ဒုက္ခသစ္စာကို ပိုင်ပိုင်ကြီး ရရှိထားကြတဲ့ သံသရာ ခရီးသွားချင်း အတူတူ သူငါ ပိုင်းခြား စည်းတားထားကြလို့သာ ရုပ်-နာမ်ချင်းတူတူ တမူးပိုရှုနေကြတော့တာ။” သိပ်မှန်တာပဲ။

ဒါနဲ့ အစ်မချိုသင်းရဲ့ ကော်မန့်ကို သဘောကျသွားသေးတယ်။ အဟိ...

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်