Monday, August 2, 2010

Cebu မြို့(ဖိလစ်ပိုင်) သို့ တခေါက်-၎

ဒုတိယနေ့အပြန်မှာတော့ ရှော့ပင်းမော တခုမှာ ညစာ ဝင်စားကြတယ်။


သတင်းစာ စက္ကူတွေနဲ့ ဒီဇိုင်းလုပ်ထားတဲ့ မျက်နှာကျက်မီး....






တယောက်တမျိုးစီ မှာကြတာ လူ ၇ယောက်ကို ၉ပွဲ လာချတယ်။ ၂ပွဲက ဘယ်သူမှ မမှာပဲ လာချတာ အသိသာကြီးပဲ။ သဘောကောင်းလွန်းတဲ့ အန်တီ စူဇန်က "Ok, leave it , we will eat" အဲသလိုဆိုတော့ ပွဲကြီးတွေကြည့်ပြီး မျက်လုံးပြူးသွားတယ်။ ဒီကြားထဲ အချိုပွဲက ထပ်မှာသေးတယ်။ သေချာပေါက် မကုန်နိုင်ဘူး။ အန်တီစူဇန်က ဘာပြောတယ်မှတ်လဲ... စိတ်မပူနဲ့ ကုန်သလောက်ပဲစား...ကျန်တာတွေ ထုတ်သွားမယ် Google က ဒါမျိုးတွေ သိတ်ကြိုက်တာလို့ ဆိုရှာတယ်။ ဘုရား ဘုရား ကိုယ်တွေမှ ကုန်အောင် မစားနိုင်ရင် ခွေးကျွေးရတော့မဲ့ အဖြစ်...:) ဒီလိုတော့ ဘယ်အဖြစ်ခံမလဲ...အသားကုန် ဆွဲကြတော့တာ။ သို့သော်လည်းပေါ့လေ... ဗိုက်တလုံး အပိုမပါတော့ကာ Google ခမျာ ကံကောင်းသွားရှာ ပါတယ်...:)

ညစာစားပြီး လူစုခွဲ၊ မနက်ဖြန်သွားမဲ့ ဘိုဟိုးလ်ကျွန်းကို ဖယ်ရီစီးရမှာမို့ ဖယ်ရီလက်မှတ်ဝယ်ဖို့ အန်ကယ်ဘီလီနဲ့ အတူ ကျမတို့ အုပ်စု ထွက်ခဲ့ကြပါတယ်။ ဖယ်ရီက မနက် ၇ နာရီ ၄၅ ထွက်မယ်။ ဖယ်ရီစီးချိန် ၁နာရီ ၁၅မိနစ်၊ အထက်တန်းလက်မှတ် တစောင်ကို ပက်ဆို ၂၈၀(S$1.00=Peso $32.0)ကျပါတယ်။ ကျမတို့ လက်မှတ်ဝယ်နေတုန်း အပြင်ဘက်က ဆူဆူညံညံ အသံတွေ ကြားတာမို့ အန်ကယ်ဘီလီတို့ အပြင်ထွက် သွားကြည့်ကြပါတယ်။ ခေါင်းတရမ်းရမ်းနဲ့ ပြန်ဝင်လာတဲ့ အန်ကယ်ဘီလီက ပါးစပ်ကလည်း အတော်ဆိုးတယ် အတော်ဆိုးတယ်လို့ ပြောရင်းနဲ့ပါ။

ဘာဖြစ်တာလဲ ဆိုတော့ လူတယောက် သေနပ်နဲ့ အပစ် ခံရတာပါ။ ကားပေါ်ကနေ ပစ်ပြေး သွားတာလို့ ဆိုပါတယ်။ ဆီဘူးမှာက လိုင်စင်နဲ့ တရားဝင် သေနပ်ကိုင်ခွင့် ရှိပါတယ်။ အဲဒီမှာ ထုံးစံအတိုင်း တဘက်ကလည်း လိုင်စင်မဲ့ သေနပ် ထုတ်တာတွေ၊ ကိုင်တာတွေ ရှိလာပြန် ပါတယ်။ ဈေးကွာတဲ့အပြင် ကွာလတီလည်း မတူပေမဲ့ လူတွေကို သေစေနိုင်တာချင်းတော့ တူကြပါတယ်။ လူကို ပစ်ပြီး သေနပ်ကိုပါ လွှင့်ပစ်ခဲ့တာမျိုးပါ။ လိုင်စင်မဲ့ သေနပ်ခိုးထုတ်နေတာ တွေကို တာဝန်ရှိသူတွေက မျက်စိမှိတ်ပြီး ကြည့်ကြပါတယ်။ မျက်စိကိုတော့ ပိုက်ဆံနဲ့ ပိတ်ရ ပါတယ်:) တာဝန်ရှိသူတွေဟာ အဆိပ်ပင် ရေလောင်းနေမှန်းလည်း သိကြမယ် ထင်ပါရဲ့။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရက ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက် နှိမ်နင်းနေတဲ့ ကွန်မြူနစ် သူပုန် တွေဟာ အဲဒီ တရားမဝင် ရောင်းချနေတဲ့ လက်နက်တွေနဲ့ အသက်ဆက်နေတာ ဖြစ်လို့ပါပဲ။ (အဲ...သတင်းထုတ်ပြန်နေသလိုပဲနော်....:))

တရားဝင် သေနပ်ထုတ်ခွင့်ရတဲ့ စက်ရုံ အနည်းအကျဉ်းပဲ ရှိပေမဲ့ ဆီဘူးရဲ့ အဓိက နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးရာဖြစ်ပြီး အလုပ် လက်မဲ့ပြဿနာကိုလည်း အတန်အသင့် ပြေလည်စေတဲ့ ထုတ်ကုန်ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လူသတ်လက်နက် ဖြစ်နေတာ အတော်ဆိုး ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ တာဝန်ရှိသူတွေကသာ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ပြီး ထုတ်လုပ်မှု အားလုံးကို တရားဝင် ဖြစ်စေနိုင်မယ်ဆိုရင် အရုပ်ဆိုး အကျည့်တန်တဲ့ သွေးထွက် သံယိုမှုတွေ လျော့ပါး...ပပျောက်သွားမှာ အမှန်ပါပဲ။

နောက်တနေ့ မနက် ၅း၁၅မှာ ဖယ်ရီဆိပ်ကို ဆင်းခဲ့ကြပြီး ဂျိုလီဘီး- Jolliebee မှာ မနက်စာ ဝင်စားကြတယ်။ ဆီဘူးတမြို့လုံးမှာ ဆိုင်ခွဲပေါင်း ၆၀ကျော်ရှိပြီး ၂၄နာရီဖွင့်တဲ့ ဆိုင်တချို့လည်း ရှိတာမို့ အချိန်မရွေး သွားစားလို့ရတဲ့ ဆိုင်တဆိုင်ပါ။ ကေအက်ဖ်စီတို့ မက်ဒေါ်နယ်တို့ထက် ဈေးချိုပြီး အဲဒီဆိုင် နှစ်ဆိုင်ပေါင်းထားတဲ့ အစား အသောက်မျိုးတွေမို့ စားပျော်တယ်လို့ ဆိုချင်ပါတယ်။ ပိုင်ရှင်က တရုတ်သူဋ္ဌေး Tony Tan Caktiong ပါ။





ကျမတို့ ဖယ်ရီဆိပ်ရောက်တော့ ၆ခွဲ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကင်မရာတလုံးနဲ့ ကျမအတွက်တော့ မြင်မြင်သမျှ ရိုက်ချင်စရာတွေချည်းပါပဲ။ ၇ နာရီမထိုးခင် နဲနဲလေးလင်းစ ပြုလာပြီး နေထွက်ခါနီး အချိန်လေးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ တင်လိုက်ပါတယ်။




ဖယ်ရီမစီးရသေးပါဘူး...။ ဘိုဟိုးလ်ကျွန်းအသွား ၁နာရီ ၁၅မိနစ်ကြာတဲ့ တလမ်းလုံး သိတ်လှတဲ့ ရှူခင်းတွေနဲ့ ကျမရဲ့ ကင်မရာကြီး တကားကား ရိုက်မယ် ဆိုတာချည်းပဲ ဖြစ်နေပုံကို မှန်းပြီးသာ ကြည့်လိုက်ကြပါတော့...။




P.S :ထမင်းလေး စားလိုက်ပါအုံးမယ်, စားကြပါအုံးလားဟင်...ဟင်းပုံတွေတော့ မတင်တော့ပါဘူးလေ...
ဟင်း ဟင်း ဟင်း...:P

20 comments:

Shinlay said...

google တော့ပျော်သွားမှာပဲ။
သေနက်ပစ်ပွဲကကြောက်စရာ။ လူမှားပြီးများလာပစ်ရင်...ဒုက္ခပဲ။
ပုံတွေကြည့်သွားပါတယ်။

Anonymous said...

အမရေ ပျော်စရာကြီးဗျို့ သေနပ်တော့ကြောက်ဗျနော နောက်ဆက်တွဲမျှော်နေပါတယ် ပုံတွေကလည်း အရမ်းကောင်းတယ်ဗျို့

ခင်မင်စွာဖြင့်

ဇွန်မိုးစက် said...

လိုင်စင်နဲ့ သေနတ်ကိုင်ခွင့်ရှိတယ်ဆိုလို့ ဖိလစ်ပင်းကို အလည်သွားရမှာတောင် ကြောက်သွားပြီ အစ်မရဲ့။ :(

မြင်ယောင်ပါတယ်... ကင်မလာကြီးတကားကားနဲ့ အစ်မချစ် ဘယ်လောက်အလုပ်ရှုပ်ခဲ့မလဲဆိုတာ။ :D

ဟင်း...ဟင်း... ဘလော့ဂါများ ထမင်းစားတာတောင် ကြွားသွားသေးတယ်။ :P

မောင်မောင် said...

ဟုတ်ပါ့။ ကျွန်တော့် ဆိုက်မန်နေဂျာ က ဆီဗူးသားဗျ။ သူပြောတယ်။
ထစ်ကနဲ ဆို သေနတ် နဲ့ ပစ်ကြခတ်ကြတာချည်းပဲတဲ့။ သူ့ အကိုတောင်
မှ ရည်းစား နဲ့ ကွဲလို့ သေနတ်နဲ့ သူ့ ကိုယ်သူ အဆုံးစီရင်လိုက်တယ်ဆိုပဲ
မချစ်ကြည်အေး ရေ။
အင်း ဓါတ်ပုံ ဆရာက ဒီတခါတော့  လက်ရာမြောက်လာပြီ။
ခရီးစဉ် ၄ ခု အတူလိုက်ပါခဲ့ ပြီးပါပြီခင်ဂျ

blackroze said...

မကြီးချစ်ရေ...လာသွားတယ်နော်..
ဆီဘူးမြို့ကိုတူတူလိုက်လည်လိုက်တယ်သိလား..
ပြန်ခါနီးထမင်းပါဝင်စားသွားတယ်..ဟီးး

ချော(အစိမ်းရောင်လွင်ပြင်) said...

ချားချင်ချရာလေးတွေကြီးဘဲ..
google လောက်တောင် ကံမကောင်းနိုင်ရှာပါလားး)
စီဘူး မသွားတော့ဘူး သေနတ်လို့ကြားတာနဲ့ လန့်သွားပြီ
ဟီး...
အောက်ဆုံးပုံကလေးက လွမ်းချင်စရာ

SHWE ZIN U said...

ချစ်ကြည်အေး ရေ

ဆီဘူး ကိုလာရဲတော့ဘူး ကြောက်သွားပြီ.. သေနပ် ဆိုရင် အားကြီးကြောက်

စားစရာတွေကလည်း များလိုက်တာနော် google ကိုတောင် အားကျ ရမလို ဖြစ်နေပြီ

ခင်မင်တဲ့
ရွှေစင်ဦး

Anonymous said...

Wow ! nice shots sis :)
good work :))

rose of sharon said...

ပျော်စရာကြီးနော်... အစားအသောက်တွေက စားချင်စရာဘဲ... ရှုခင်းတွေလဲ အရမ်းလှတယ်

အဖြူရောင်နတ်သမီး said...

မကြီးတို့ကတော့...
လျှောက်လည်ရင်း မုန့်တွေစားနေလိုက်တာ...
ဒီမှာ နတ်သမီးကတော့ အလုပ်တွေပိလို့ ဖျားနေရပြီ..ဟီးးးးး(ငိုသွားတာ)
ပုံလေးတွေကြည့်ပြီး သွားရည်ယိုသွားတယ်..။

ချိုကျ said...

အမငှီး.......သေနပ်တဲ့လား သားသားကြောက်ကြောက် တော်ပြီ အစ်မပဲသွားတော့ ကျနော်လိုက်တော့ဘူး ပြန်ပြီ :)

ခင်တဲ့(ချိုကျ)

ချစ်ကြည်အေး said...

သူငယ်ချင်း ရှင်လေး>> ဟုတ်တယ် Google ဗိုက်ခွေးနမ်း ဖြစ်သွားတယ် ဟ ဟ....:)

အမည်မသိ>> မကြောက်ပါနဲ့ကွယ်...အမ ဘော်ဒီနဲ့ ကာထားပေးပါ့မယ်... ဟိ...:)

ညီမဇွန်>> မကြောက်ပါနဲ့ ညီမရဲ့ သူတို့ အချင်းချင်း ရန်ညှိုးနဲ့ ဆော်ကြတာပါ..ဧည့်သည်တွေ လွတ်ပါတယ်...:)

ကိုမောင်>>ဟုတ်တယ်ဗျ...သဘောကောင်းသလောက် သွေးဆူလွယ်ကြမဲ့ပုံပဲ...လက်ရာတွေ မြင်ပြီမို့လား ဟက်ဟက်....:)

blackrozeလေး>> အေးပါ အတူတူလိုက်ခဲ့စမ်းဘာ...ထမင်းက အဆစ်ကျွေးတာ...စား စား...:)

ချစ်ကြည်အေး said...

ချော>> ဟယ် Google ထက်ကံကောင်းပါတယ်အေ...Google ဆို ချောလို ဘလော့ဂ်ဖွင့်ပြီး စာမရေးနိုင်ဘူး...ကဲ...:P

မမရွှေစင်>> လာပြန်ပြီ Google ကို အားကျတဲ့သူတယောက်.... မကြောက်ပါနဲ့မမရယ် မိုးပေါ်ထောင်ပစ်ဖို့ မှာထားပါ့မယ်...:)

အမည်မသိ>>Thank U, Thank U, Thank U ပါရှင်...:)

ရို့စ်>>တွေ့ရတာ ဝမ်းသာတယ် တို့လိုပဲ မအားဘူးနေမှာ....:)

နတ်သမီး>>အင်း ဘလော့ဂ်တနှစ်ပြည့်ထဲက ဖျားတာမှုတ်လား ကြာပြီပဲ...လာ လာ...ကိုးပါးဆေးသောက် ပျောက်...:)

မောင်လေးချိုကျ လိုက်ခဲ့ပါဆိုမှ သူ့ခြေထောက်တွေက ဆင်တဲဘက် ကျန်ခဲ့သကိုး...:)

မအားလပ်လို့ ဘလောဂ့်မလည်နိုင်ချိန်မှာ သတိတရ လာလည် ဖတ်မန့်သွားကြသူများ အားလုံးပဲ ကျေးဇူးပါ...:)

ကျမလိုပဲ မအားလို့ မလာနိုင်ကြတဲ့၊ ဒါမှမဟုတ် ကျမကို မေ့ထားလိုက်ကြတဲ့ သူငယ်ချင်းများ ကိုလည်း စာနာစွာ နားလည်မိပါတယ်။
ကျမ အားလပ်ပါပြီ...အားလုံးရဲ့ ဘလောဂ့်တွေဆီ စာလာဖတ်ပါတော့မဲ့ အကြောင်း ပြောလိုက်ပါရစေရှင်....:)

အင်ကြင်းသန့် said...

ပိတ်များသွားပြီလားလို့ လာပြေးကြည့်တာ တော်ပါသေးရဲ့ ပိတ်သေးဘူး မှီသေးတယ်....း)))
ခုလေးတင်ပဲ ထမင်းစားပြီးတာမို့လို့ အစားအသောက်တွေကို စားမသွားနိုင်တော့ဘူး။ ငေးရုံပဲငေးသွားတော့တယ်။

ဂျင်ဂျင်း

ညီမလေး said...

သွားချင်စရာ စားချင်စရာပဲ ။

An Asian Tour Operator said...

Google ကံကောင်းသွားတယ် ပေါ့ ;-)

မိုးငွေ့...... said...

နေသိပ်မကောင်းတာနဲ့ ခုမှရောက်ဖြစ်တယ် အမချစ်....အစားအသောက်တွေကို ငမ်းသွားတယ်အမ...။ မုန့်တွေကို ပိုပြီးစားချင်စရာကောင်းအောင် ရိုက်တတ်တဲ့ငါ့မ တော်ချက်...။
ဆီဘူး5 ကိုမျှော်နေမယ်....။ ညီမဆီလာလည်တဲ့အတွက် ကျေးဇူးပါ..။

ခင်မင်စွာဖြင့်
မိုးငွေ့

လသာည said...

ဖိလစ်ပင်းကို ရောက်ဖူးချင်တာ.. အဲဒီအစားအစာတွေ ပါတယ်..။ အစ်မ ပြန်လာတော့ ဘလော့လာဧည့်သည်ညီမလေးတွေအတွက် အဲလိုမုန့်ပါသေးလားဟင် google စားမယ့် မုန့်ကို ပြောတာဟုတ်ဖူးနော်း))

သေနတ်ပစ်တာကတော့ ကြောက်စရာကြီး..။

ကိုကိုမောင် (ပန်းရနံ့) said...

အဲဒီမှာ သေနတ်တွေ တရားဝင်ကိုင်ခွင့်ရှိတယ်ဆိုတော့ ကြောက်စရာကြီးနေမှာနော်။ အာရှသားအများစုက တစ်ဆိတ်ဆို သတ်မယ်ဖြတ်မယ်ချည်းဆိုတော့ မလွယ်ပါလား။ မြန်မာမှာသာ အဲဒီလို ခွင့်ပြုထားရင် မတွေးရဲစရာကြီး။။။။

ခရီးသွားမှတ်လေးက ဖတ်ရတာကြည်နူးဖို့ကောင်းပါတယ်။ ဖိလစ်ပိုင်သွား တောလားဆိုပြီး ပျို့ ကဗျာတွေ ရေးဖို့ကောင်းပါ့။

ကျနော်လဲ လင့်ခ်ပြန်ယူသွားလိုက်ပါတယ်။

ခင်မင်လေးစားလျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေပြည်သူ said...

ဓာတ်ပုံလေးတွေ လှလိုက်တာ မမ... သိပ်ပျော်စရာကောင်းတဲ့ ခရီးဖြစ်မှာ အသေအချာပါပဲး))

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်