Thursday, April 15, 2010

Blog Silent Day-16 Apr 2010

ခုလောက်ဆို အားလုံး သိပြီးကြလောက်ပါပြီ။ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာ ၃ခု မှာ ဗုံးပေါက်တဲ့ ကိစ္စပါ။ Channel Newsasia ရဲ့ ၇နာရီ သတင်းမှာတော့ ၉ ယောက် အသေ အပျောက်ရှိပြီး ဒဏ်ရာရသူ ၆၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ ကြီးငယ်ရွယ်လတ်၊ ဆင်းရဲချမ်း သာ၊ လူတန်းစားပေါင်းစုံ ပျော်နိုင်ကြတဲ့ ဒီသင်္ကြန်၊ စားဝတ်နေရေး ဒုက္ခတွေကို ခဏမေ့လို့ တနှစ်စာ အတိုးချပျော်ကြတဲ့ ဒီသင်္ကြန်မှာမှ ခုလို ဖြစ်ရတာ အင်မတန် ဝမ်းနည်းစရာ ကောင်း လှပါတယ်။ သေဆုံးကြသူတွေရဲ့ မိသားစု မပြောနဲ့ ကျမတို့ ကြားရသူတိုင်းရဲ့ ရင်ထဲမှာ တောင် ဘယ်လိုမှ မကောင်းနိုင်တာပါ။

ကျမတို့အားလုံးဟာ အကြောင်း အမျိုးမျိုးကြောင့် အဝေးမှာ ရှိနေကြရပေမဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ တစိတ်တဝမ်းတည်း၊ တသွေး တသားတည်းပါ။ သူတို့ ပျော်ရင် ကျမတို့ ပျော်ကြသလို၊ သူတို့ ဆင်းရဲ ဒုက္ခရောက်ကြရတဲ့ အခါမှာ ကျမတို့လည်း နှလုံးကြေကွဲကြရတာ နာဂစ် အဖြစ်အပျက်က သက်သေပါပဲ။

မြန်မာပြည်သူ ပြည်သားတွေကို ကျမ ချစ်တယ်။ တမျိုးမတွေးကြပါနဲ့ ကျမ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ဖို့ မဲဆွယ်နေတာ မဟုတ်ရပါဘူး။ ကျမ နိုင်ငံရေး မလုပ်ပါဘူး။ နိုင်ငံရေးဆိုတဲ့ ဝေါဟာရရဲ့ အတိမ်အနက်ကိုလည်း ကျမ နားမလည်ပါဘူး။ မြန်မာနိုင်ငံ အတွက်၊ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက် ကျမ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကောင်းတာ ဆောင်ရွက်မပေးနိုင်ခဲ့သလို အကျိုးမဲ့ စေတဲ့ လုပ်ရပ်မျိုးလည်း ကျမ တသက် မလုပ်ခဲ့ဘူးဆိုတာ သေချာပေါက် ပြောရဲပါတယ်။

သူတို့အတွက် ကျမရဲ့ ဝမ်းနည်းမှု၊ လူလူချင်း ကိုယ်ချင်းစာမှုလေးတွေကို ပြသဖို့ အခွင့်အရေးလေး တခုတော့ ကျမမှာ ရှိနေပါတယ်။ မနက်ဖြန် ကျမရဲ့ ဘလော့ဂ်ကို Blog Silent Day အဖြစ် ကျမ သတ်မှတ်ပါတယ်။ အဲဒါကြောင့် မနက်ဖြန်မှာ ကျမ ဘလော့ဂ်မလည်၊ ဘလော့ဂ်မရေး၊ ဘလော့ဂ်ပေါ်မှာ ရေမပက်၊ သံချပ်မထိုးပဲ တိတ်ဆိတ်စွာနဲ့ ဝမ်းနည်းကြေကွဲမှုကို ပြပါရစေ။

နှလုံးသားတူသူတွေကိုလည်း ကျမနဲ့အတူ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျမတို့ မြန်မာ နှစ်ဆန်း တရက်နေ့ ၁၇ ဧပြီမှ ပြန်ဆုံကြရအောင်ပါ...။


29 comments:

  1. ကျန်ရစ်သူမိသားစုများနဲ့ ထပ်တူမကျတောင် မလျော့သောကြေကွဲမှုဖြစ်လို့ တီတီကြည်ပြောသော Blog Silent Day ကို သားငယ်လည်း သဘောတူထောက်ခံစွာ ဝမ်းနည်းကြောင်းပြသပါမည်။

    ReplyDelete
  2. ဒီအဖြစ်အပျက်အတွက် စိတ်မကောင်းပါဘူး၊ မနက်ဖြန်အတွက် ကျနော့်လည်း ထည့်တွက်ပါ။

    ReplyDelete
  3. နှစ်ကူးမှာ အဖြစ်ပျက်က ထူးခြားလှပါပပေ့ဗျာ.....

    ReplyDelete
  4. မမရေ...စိတ်ချ....တစ်စိတ်တစ်ဝမ်းတည်းပဲနော်...ညီမလေးလည်း သဘောတူတယ်...

    ဂျင်ဂျင်း

    ReplyDelete
  5. မကြီးအေးရယ်........
    ဘယ်လိုဖြစ်ရတာလဲဗျာ.........း((
    အနော်......လုံးဝစိတ်မကောင်းဖြစ်ရတယ်........။
    တစ်ကယ်ပါပဲဗျာ.........။
    အနော်လည်းပါမယ်ဗျာနော့်မကြီးအေး.........။
    (ဒီနေ့ည ရသေးတယ်ထင်လို့ရေပက်သွားသေးတယ်........။ အိုးမည်းပေနေတဲ့ မျက်ခွက်ကြီးနဲ့လေ.....။ ကဲ....လာလေ့......ဗွမ်းးးးးးးးးးးးးးးး)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  6. ကြယ်ပြာThu Apr 15, 09:56:00 PM GMT+8

    အစ်မရေ ... သတင်းကြားကတည်းက စိတ်မကောင်းတာ ... ကြယ်ပြာက ဆိုင်းလင့်ဖြစ်တာကြာနေပေမယ့်လည်း အစ်မအစီအစဉ်လေးမှာပါဝင်မယ်နော် ...

    ReplyDelete
  7. လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က မန္တလေးအိမ် မျက်စောင်းထိုးက “ပုလဲစန္ဒာ”သင်္ကြန်မဏ္ဍပ်ရှေ့မှာလည်း ဗုန်းပေါက်ခဲ့ဖူးတယ်။ အပြစ်မရှိတဲ့ ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ အပြုအမူမျိုးတွေက မဖြစ်သင့်တဲ့ ကိစ္စပါ။

    ဧရာ

    ReplyDelete
  8. ရင်နာလို့ 

    nn

    ReplyDelete
  9. စိတ်တူကိုယ်တူပါပဲ အမရေ။

    ဒီဖြစ်ရပ်ကိုလည်း ရှုံ့ချပါတယ်။
    သေဆုံး၊ ထိခိုက်ဒဏ်ရာ ရတဲ့ ပြည်သူတွေအတွက် သိပ်စိတ်မကောင်း ဖြစ်ရပါတယ်။ လူမဆန်တာထက် ထိရောက်တဲ့ စကားလုံး ရှိသေးရင် သုံးစွဲချင်ပါတယ်။

    ReplyDelete
  10. ဖြစ်သင့်ပါတယ် အမရေ
    ကျနော်တို့ ဒီလိုပဲ နေကြတာပေါ့
    အမှီလေး ရေးတင်လိုက်ဦးမယ်။

    နောက်နေ့ကျရင်တော့ ဒီလို လုပ်တဲ့ သူတွေ ဖတ်ဖို့ စာတစ်ပုဒ် ခေါင်းရင်းပြီး ရေးဦးမယ်။

    ReplyDelete
  11. ပြောစရာစကား ရှာမရလောက်အောင်ကို စိတ်မကောင်းဖြစ်မိပါတယ်... ဘယ်လောက်ကြီးဘဲ ဘာကြီးဘဲဖြစ်နေနေ ဒီလိုပွဲတော်မျိုးမှာ ဒီလိုမျိုး အပြစ်မဲ့တဲ့ ပြည်သူတွေကြားထဲမှာတော့ လုံးဝကို မလုပ်သင့်တဲ့ ကိစ္စရပ် တစ်ခုပါဘဲ။ ရှုံ့ချတယ်ဆိုတာထက်ကို ပြင်းထန်လေးနက်တဲ့စကားလုံး ရှိရင်သုံးချင်ပါတယ် စက်ဆုပ် ရွံရှာ ရက်စက် ယုတ်မာ ကမ်းကုန်အောင် မိုက်ရိုင်း လူစိတ်မရှိ .. အင်းဘယ်လိုပြောရမှန်းတောင် မသိတော့အောင်ပါဘဲ စိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်ကို ဘယ်လိုဖေါ်ပြရမှန်း မသိလောက်အောင်ကို ဖြစ်ရပါတယ်...
    စာဖတ်ပရိသတ်တစ်ဦး

    ReplyDelete
  12. ဒီနေ့ facebook ကိုဖွင့်ထားရင်းနဲ့ ကိုညီလင်းဆက် သတင်းတင်လာတာတွေ့လိုက်ရကတည်းက ကြက်သိန်းတွေထပြီးစိတ်တွေပူသွားတယ်၊ အိမ်ကလူတွေက သင်္ကြန်မှာလည်လေ့မရှိပါဘူး၊ ဒါပေမဲ့ စိတ်မကောင်းဘူး၊ အိမ်ကိုချက်ချင်းဖုန်းဆက်တော့ အမက မှော်ဘီမှာ camp ၀င်နေပါတယ်၊ သူ သိတောင် မသိသေးဘူး၊ သတင်းကအရမ်းမြန်လို့ သူက အံ့သြနေသေးတယ်၊ ပျဉ်းမနားက အမေဆီလည်းလှမ်းဆက်ရတယ်၊ ဒါတောင် တူလေးက နက်ဖြန်လည်ဦးမယ် လုပ်နေလို့ ပျဉ်းမနားမှာ၊ မလည်ဖို့ပြောတာပြောမရဘူး၊ နေပြည်တော်မှာ လုံခြုံရေးအရမ်းကောင်းတယ်တဲ့၊ စိတ်မကောင်းလိုက်တာ၊ ဘယ်နေရာမှာမှ ဘယ်သူ့ကိုမှ မဖြစ်စေချင်ဘူး၊ ဒဏ်ရာသေးသေးလေး ရရင်တောင် တော်တော်နာတာ၊ အသက်တစ်ချောင်းသေဖို့ဆိုတာ၊
    မြန်မာနိုင်ငံလေးက ဒီလို လုပ်ရပ်တွေနဲ့ပဲ ပြီးနေတော့မှာလား၊
    သေဆုံးခဲ့ရတဲ့သူတွေအတွက် အရမ်းဝမ်းနည်းမိပါတယ်၊ နှစ်ကူးပြီးမှ ဘလော့ဂါ မောင်နှမတွေနဲ့ပြန်တွေ့ပါ့မယ်၊ အားလုံးအတွက် ဆုတောင်းပေးပါတယ်၊

    ReplyDelete
  13. မမစီဘောက်မှာ ကေကေအမ်တို့လာပြောကတည်းက လန့်သွားတယ်..
    စိတ်မကောင်းစရာ...


    ပေါက်

    ReplyDelete
  14. စိတ်ထိခိုက်ရပါတယ်။ ချိုသင်းလဲ ပါပါရစေ။
    မလုပ်သင့် မလုပ်ထိုက်တဲ့ အကျည်းတန်လုပ်ရပ်ပါ။
    တရားခံအစစ်ကို ရှာဖွေနိုင်ပါစေ။ သူထင် ကိုယ်ထင် မထင်သင့်ပါဘူး။ တရားဥပဒေ မစိုးမိုးတဲ့ နိုင်ငံမှာ တရားသဖြင့် အမှုမှန်ပေါ်ပါစေ လို့ ဆုတောင်းပါတယ်။

    ReplyDelete
  15. ကျနော်လည်း မချစ်ကြည်ပိုစ်ဖတ်ပြီး တိတ်တိတ်ဆိပ်ဆိပ်ပြန်သွားပါပြီ စိတ်မကောင်းစရာပါ ဘယ်သူတွေဖေါက်တယ်ဆိုတာတော့ ဖေါက်တဲ့သူတွေ ကိုယ်တိုင်သိမှာပါ ဘာကြောင့်ဖေါက်ခွဲရတယ်ဆိုတာမျိုးတော့ လုပ်တာမကြားရတာ ပိုရင်နာစရာဗျာ..ဘယ်သူပဲဖေါက်ဖေါက် အပြစ်မဲ့အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံချပါတယ်.

    ReplyDelete
  16. အားလုံးဆန္ဒထပ်တူထပ်မျှပါ...မယ်ချစ်ရေ...

    ReplyDelete
  17. မနေ့ကနေ့ခင်းမှာ မဇွန်ပြောလို့ ဒီသတင်းကို စိတ်မကောင်းကြီးစွာနဲ့ သိခဲ့ရပါတယ်။ မမရဲ့ ဘလော့ကို ဒီနေ့မှ အလည်လာမိလို့... ဒီကနေ တိတ်ဆိတ်စွာပြန်ထွက်သွားပါပြီ။ ဘယ်ဘလော့မှ မလည်၊ ဘာမှလဲမရေးတော့ပါဘူး။ မမရဲ့ post link လေးကို custom message မှာတင်ပြီး တိတ်တိတ်လေးနေပါ့မယ်။ ပြီးတော့... မမနဲ့ အပေါ်က blogger အားလုံးရဲ့ အသံတိတ်ပြောနေကြမယ့် ရင်ထဲကစကားများစွာကို ရင်ဘတ်နဲ့နားစွင့်နေပါ့မယ်။

    ReplyDelete
  18. Miserably act at Yangon.
    Can they smile behind the seen?
    Can they declare it is victory for them?
    Can they proud that they did for their people?
    Can they happy that there has no stability?
    Can they say that they are hero?
    Can they hide forever?
    The thing they did is not right.
    Indisputably they are not human being.

    ReplyDelete
  19. မနေ့ညက ဒီသတင်းကြားရချင်း ထူပူပြီး စိုးရိမ်မိသွားတယ်။ လုပ်တဲ့ကောင်တွေ ဘယ်ဘက်ကပဲဖြစ်ဖြစ် ရှုံ့ချတယ်ဗျာ။ ခွေးရူးနှစ်ကောင်ကိုက်တဲ့ကြားက အပြစ်မရှိတဲ့လူတွေခံရတာ စိတ်မကောင်းဘူး။

    ReplyDelete
  20. သတင်းတွေကြည့်၊ ဓါတ်ပုံတွေ မြင်ရပြီး မိသားစုတွေနဲ့ ထပ်တူ ၀မ်းနည်းရပါတယ် မမရယ်..။
    မြန်မာပြည်သူတွေ ဘေးဘရာ ကင်းကွာစေဖို့ အမြဲဆုတောင်းပေးနေပါတယ်။
    တူတူပါဝင်တယ်နော် မမ.

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  21. နှလုံးသားတူပါတယ်... ထပ်တူထပ်မျှခံစားရပါတယ်...

    ReplyDelete
  22. ဒီသတင်း ကြားရတော့ အရမ်း ကြောက်သွားတယ် မချစ်ကြည်အေးရယ်။ သေသွားတဲ့ သူတွေရော ကျန်ခဲ့တဲ့ မိသားစုတွေအတွက်ရော အရမ်း စိတ်မကောင်းဘူး။

    မအယ်တို့ ငယ်ငယ်တုန်းကတော့ ပြည်နယ်မှာ ခဏခဏ ဗုံး ထပေါက်လိုက် မိုင်း ထပေါက်လိုက်နဲ့ကို ပြန်သတိရပြီး အရမ်းကြောက်မိတယ် ။

    တခါတခါ ဖြစ်ပြီဆို အဖေသေတဲ့သူ အမေ သေတဲ့သူ၊ သားသမီးတွေ သေတဲ့သူ ခြေပြတ် လက်ပြတ် မျက်လုံး ထွက်သွားတဲ့သူနဲ့ အရမ်း ကြောက်စရာ ကောင်းတယ်။ နွားတွေ ကျွဲတွေက စ မိုင်းထိပြီး အကောင်လိုက် မီးသွေး ဖြစ်ဖြစ်သွားတာ။

    မြစ်ကြီးနာ မန်းလေး ရထားဆို နမ္မားတို့ မိုးကောင်း မိုးညှင်းတို့ မိုင်းထိတာ ခဏခဏလေ။ အညိုရောင် နယ်မြေ အမည်းရောင် နယ်မြေ အဲ့လို တွေ ခေါ်ကြတယ်။

    ပြည်နယ်မှာနေရတာ မလုံခြုံဘူး၊ တချိန်လုံး ကျီးလန့်စာ စားရသလိုပဲ ပြည်မပဲ အေးချမ်းတယ်ဆိုပြီး ပြည်မ ပြောင်းနိုင်ဖို့ ကြိုးစားကြရတာ မအယ် မိဘတွေ တအား ပင်ပမ်းခဲ့ကြတယ်။

    အဲ့လို နေရာမှာ နေခဲ့ဘူးလို့ ဗုံးဒဏ် မိုင်းဒဏ်ဆိုတာကို တကယ်ပဲ ကြောက်တယ်။ ကိုယ်ချင်းလည်း စာတယ်။

    ခုတော့ ရန်ကုန် မြို့လည်ခေါင်တောင် ဗုံး ထပေါက်နေပြီ။ ရန်ကုန်လည်း မလုံခြုံတော့ ဘူး။ တော်တော် ကြောက်စရာ ကောင်းလာပြီ။

    လုပ်တဲ့သူတွေကို အမှန် အကန် ဖော်ထုတ်နိုင်ပါစေ။ နောင် ဒါမျိုး မကြားပါရစေနဲ့ ဆုတောင်းတယ်။

    မအယ်

    ReplyDelete
  23. ဝမ်းနည်းမိတယ်...မမရေ..

    ReplyDelete
  24. ကျမနဲ့ အတူ နှလုံးသား တူသူများ၊ တိတ်ဆိတ်စွာ ဘလော့ဂ်အိမ်လေး မီးပိတ်လို့ အလံတဝက်ချထားခဲ့သူများ၊ စိတ်ဒဏ်ရာတွေကို အတူတကွ ညည်းတွားခဲ့ကြသူများ အားလုံး အားလုံးကို ရင်ထဲကနေ ကျေးဇူး တင်လိုက်ပါရစေ...:)

    ReplyDelete
  25. သံချပ်တွေအကြောင်းအရင်ဖတ်၊ နောက်ရက်မှ ကော်မန့်မယ်လို့ လာတော့ ဘလော့ဂ်ဆိုင်လင့်နဲ့တိုး၊ မုန့်လုံးရေပေါ်မစားချင်လို့ ဒီမှာလာမန့်......

    ReplyDelete
  26. အားဟားဟား ကလူသစ်...ဘယ်မှာ မန့်မန့် ရပါတယ်ဗျ...ဒီမိုကရေစီ အပြည့်ရှိသော ဘလော့ဂ်ပါ ဟက် ဟက်...:)

    ReplyDelete
  27. မချစ်ရေ..
    မြသွေးရထားတဲ့ ကဗျာလေး တစ်ပုဒ်မျှဝေလိုက်ပါတယ်။

    =====================
    " ပိတောက်ရိုင်းတဲ့နေ့ "

    နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်........

    ရိုးရာသမိုင်းမှာ ပိတောက်ရိုင်းတဲ့ နေ့
    ခေတ်ပေါ် ဂီတ သံတွေဆိတ်သုန်း
    ဗုန်း ဗုန်းလဲကြ ၊ ဗုန်း ဗုန်း လဲ လိုက်ကြ
    စိတ်ကုန်တယ် အဝါရောင် နတ်ဆိုးရယ်
    ကံကြမ္မာကို လာဘ်ထိုး မရခဲ့တဲ့ နေ့
    နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......


    မိစ္ဆာတွေ အုန်းအုန်းကြွ၊ တစ်တောလုံး တစ်တောင်လုံး
    ပြီးတော့ တစ်လောကလုံး
    ဘယ်သူရှုံးပြီး ဘယ်သူ အနိုင်ရခဲ့လဲ
    ပိတောက်အဘိဓါန် နေ့စွဲ မှာ သွေးသံရဲရဲ
    စတေးလိုက်ကြ၊ စတေးခံလိုက်ရ
    လုပ်ရက်တယ် အဝါရောင်နတ်ဆိုးရယ်
    ညည်းညူသံတွေ ဖူးဖူးဝေခဲ့တဲ့ နေ့
    နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......

    မလိမ်မိုး မလိမ္မာ ကောင်းကင်မှာ အကုသိုလ်တိမ်မဲ တစ်အုပ်
    ဆွဲထုတ် မြေမြုပ်ပစ်လိုက်ချင်တယ်
    ဒါ အပြစ်မဲ့တဲ့ ခရေတွေလေ....
    ဒါ ဖြူစင်တဲ့ ရယ် သံတွေလေ.......
    ဒါ ရိုးရာ ရင်ခုန်သံ သက်သက်.......
    ဒါ အနာဂါတ်ရဲ့ မျိုးဆက်......
    ဒါ အားလုံးအတွက် ခါးသက်ခဲ့ရပါတယ်......

    ဖြစ်နိုင်ရင် ဖြစ်နိုင်မယ်ဆိုရင်လေ
    ဝမ်းနည်းစွာ ပူဆွေးခဲ့ရတဲ့နေ့
    နာရီသေ တစ်လုံးလိုမျိုး ထာဝရ ရပ်ဆိုင်းပစ်လိုက်ချင်တော့တယ်.......

    ဗေဒါဇော်

    =============================

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...