Monday, April 26, 2010

ဘာလီ ခရီးစဉ်-၈

ဘာလီ ခရီးစဉ်လေး ဆက်လိုက်ကြရအောင်....

ဒါက ပြန်မဲ့နေ့ မနက် လေဆိပ်အသွား လမ်းဆုံမှာတွေ့ရတဲ့ နတ်မြင်း ၆ ကောင်ကတဲ့ စစ်ချီရထားပါ။ ရထားပေါ်က စစ်သည်တော်ရဲ့ လေးတော်ချိန်ရွယ် ဟန် နဲ့ နတ်မြင်းတွေရဲ့ ကဆုန်ပေါက်နေဟန်တွေဟာ လက်ရာမြောက်လွန်းတာ မို့ ဟိုးမိုးယံအမြင့် ပျံတက်တော့ မလားတောင် ထင်မှတ်စရာပါ။ သဘောကျလွန်းလို့ ကားပေါ်ကနေ မိအောင်လှမ်းရိုက်ခဲ့တယ်...


ဒုတိယပုံက အချစ် ရိုက်ပေးတဲ့ပုံပါ၊ ကားပေါ်ကနေ ရိုက်ရတာမို့ ပထမပုံ ရိုက်ပြီးပြီးချင်း သေချာချင်တာကြောင့် သူ့လက်ထဲ ကင်မရာ ထည့်ပြီး နောက်တပုံ နောက်တပုံ လို့ ပြောရင်း ရိုက်ခိုင်းခဲ့တာပါ ဓါတ်ပုံမှာ ရိုက်ချိန် တူနေတာကို တွေ့ကြပါလိမ့်မယ် သူ့မလည်း ကျမ ဘေးကနေ အမြဲ အဆင်သင့် ရှိနေရရှာပါတယ်။ ဘလော့ဂ်ဂါ့ ယောင်္ကျားဆိုတော့လည်း ဒီလောက်တော့ လက်သွက်ရမယ်ပေါ့လေ...


လမ်းဘေးတလျှောက် တွေ့ရတဲ့ အုတ်ကြွပ်မိုး နီနီ အိမ်ပြားပြားလေးတွေ....ကျမရောက်ခဲ့ဖူးတဲ့ တောင်ပေါ်မြို့လေးတမြို့နဲ့ ခပ်ဆင်ဆင် ရယ်....


ဒါကတော့ ဘာလီရဲ့ ယဉ်ကျေးမှု အနုအလှ လက်ရာတွေနဲ့ ခင်းကျင်းပြသ ထားတဲ့ အူဘွတ် ခရိုင် Ubud District ရဲ့ လမ်းသွယ်ထဲက လမ်းဘေး ဆိုင်လေးတွေ သူ့ကို Island's Cultural Centre လို့တောင် အမြတ်တနိုးထားလို့ တင်စား ခေါ်ဝေါ်ကြလေရဲ့၊ လမ်းတလျှောက် ပန်းချီ ကားဆိုင်တွေ၊ သစ်သား ပုံထွင်း (Woods Carving) ဆိုင်တွေ၊ ကျောက်တုံး ပုံထွင်း (Stone Carving) ဆိုင်တွေ၊ ပရိဘောဂဆိုင် တွေဟာ ဘာလီနီးစ်တွေရဲ့ လက်ရာအဆင့်အတန်း နဲ့ ဖန်တီး နိုင်စွမ်းတွေကို ဖော်ပြနေကြတယ်....



ကလေးတွေအတွက်လည်း ဒီလို လှပတဲ့ စွန်ရောင်စုံ ဆိုင်လေးတွေ ရှိတယ်၊ လေကြောင်းကို လိုက်လို့ ရစ်လုံးကိုင်လက်ရဲ့ အတိုးအလျှော့ ပါးနပ်စွာ ကိုင်တွယ်တတ်မှုနဲ့ဆို သူဟာ ကိုယ်ပိုင် သိန်းစွန်ရဲ တကောင်လို တိမ်ယံထက်မှာ မြူးမြူးကြွားကြွား ပျံသန်းနိုင်လိမ့်ဦးမှာ....


ဘာလီနီးစ်အိမ်တွေရဲ့ တံခါးဘောင်ခွေပုံဟာ ပန်းနွယ်ကနုတ်တွေနဲ့ ခမ်းနားလွန်း နေသလို တကယ့် သစ်မာသားတွေနဲ့ ပြုလုပ်လေ့ ရှိတာမို့ လေးလည်း အတော်ကို လေးမှာပါ။ ဒါက ခုခေတ် အိမ်တွေမှာသာ တပ်လေ့ရှိပါ တယ်။ ဘာလီလူမျိုးရင်းတွေရဲ့ အိမ်ကတော့ဖြင့် တံခါးတပ်လေ့ မရှိကြပါဘူး၊ ကိုယ့်ရပ်ရွာထဲက လူကုန်ဟာ ကိုယ့်ဆွေမျိုး ရပ်ဆွေရပ်မျိုး အစုတွေပါ ပဲ၊ ပစ္စည်းလည်း ပျောက်လေ့ မရှိ၊ လူစိမ်းလည်း မရှိ၊ ရှိခဲ့ရင်တောင် ယုံကြည် စိတ်ချလေ့ ရှိကြပါသတဲ့။ ခုထက်ထိ တချို့အိမ်တွေမှာ တံခါးတပ်ထား တာ မတွေ့ခဲ့ရပါဘူး...

ဘာလီလူမျိုးရင်း (Typical Balinese)တွေရဲ့ ရွာကို အချိန်မရလို့ မသွားခဲ့ရတာ ကြောင့် ဒီပုံကို အင်တာနက်ကနေပဲ ရှာပြီးတင်ပေးလိုက်ပါတယ်...

တံခါးတွေ အထပ်ထပ် သော့ခတ်ပိတ်နှောင်ထားရင်းနဲ့ပဲ အရာရာကို စိတ်မချ လက်မချ မယုံမရဲ ရှိနေကြရတဲ့ မြို့နေလူတန်းစားတွေရဲ့ ရင်အပူနဲ့တော့ ကွာခြားလွန်းလှပါရဲ့....။ နည်းပညာတွေတိုးတက်၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားလို့ လိုချင် မက်မောစရာတွေ၊ ရုပ် ဝတ္ထု အသစ်အဆန်းတွေ များပြား လာမှုဟာ လူတွေရဲ့ စာရိတ္တကို ချစားပါးလျ စေခဲ့တာလား...ဒါမှမဟုတ် လူတွေ ကပဲ ရောင့်ရဲတင်းတိမ် မှုတွေ ဆင်းရဲလာတာလား....ကျမ စဉ်းစားမိခဲ့ ပါရဲ့....

လမ်းဘေးက တံခါးဘောင် ရောင်းတဲ့ ဆိုင်လေး တဆိုင်...


ဟိန္ဒူ နတ်ဘုရား ကျောက်ရုပ်တုတွေကို ကွဲပြားတဲ့ ထုလုပ်ပုံ ပုံစံအမျိုးမျိုးနဲ့ လမ်းလေးခွဆုံ တွေမှာ တွေ့ရတတ်တယ်...မကောင်းဆိုးဝါး တွေကို အဝေးဆီ မောင်းနှင်ပေးတယ်လို့ ယုံကြည်ကြတယ်...တကယ်လို့များ မကောင်းဆိုးဝါးတွေ လမ်းလေးခွဆုံက မလာပဲ လမ်းကြို လမ်းကြားကလာခဲ့ရင် ဘယ့်နှယ့်လုပ်ပါ့...


ဘာလီမှာ မိသားစု ဘုရားကျောင်းငယ်တွေ အပါအဝင် ဘုရားကျောင်း စုစုပေါင်း ၂၀,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်...မိသားစုဘုရား ကျောင်းဆိုတာက မိသားစုပိုင် ခြံဝိုင်းထဲမှာ နေ့စဉ်ပူဇော်ပသမှု လုပ်နိုင်ဖို့ တည်ဆောက်ထားတဲ့ ဘုရားကျောင်း အသေးစားလေးတွေကို ဆိုလိုပါတယ်။ တနှစ်မှာ ၂ကြိမ် ဘုရားကျောင်းကြီးတွေ ပွဲလုပ်တဲ့အခါ ဆိုရင်တော့ မဖြစ်မနေ ကျောင်းကြီးတွေ ဆီ မိသားစုလိုက် သွား ရောက် ပူဇော်လေ့ရှိကြပါသတဲ့၊

မိသားစု ဘုရားကျောင်းကိုတော့ ခြံဝိုင်းရဲ့ အရှေ့မြောက်ဖက်မှာ ဆောက်လေ့ ရှိကြပါတယ်။ အရှေ့အရပ်က နေထွက်တဲ့ဘက်ကို ကိုယ်စားပြု ပြီး မြောက်အ ရပ်ကတော့ သားကြီး ဩရသတွေရဲ့ နေအိမ် ရှိရာဘက်ကို ကိုယ်စားပြု တယ်လို့ ဆိုပါတယ်။

ဘာလီနီးစ်တွေဟာ မိသားစုတွေအကုန် ခြံဝိုင်းကျယ်ကြီးထဲ နေလေ့ရှိကြ ပါတယ်။ သားသမီး တွေ အိမ်ထောင်ကျသွားပြီဆိုရင် သူတို့ရဲ့ အိမ်နေရာ ချထားပေးမှုက စိတ်ဝင်စားစရာပါ။ မိဘတွေအိမ်က ခြံဝိုင်းအလယ်မှာ၊ သားအကြီးဆုံးအိမ်က မြောက်ဘက်မှာ၊ သားအလတ် က အနောက်ဖက်မှာ ဖြစ်ပြီး အငယ်ဆုံးသားက တောင်ဘက်...မီးဖိုဆောင်နဲ့ အနီးမှာ နေရာချ ပေးလေ့ရှိပါတယ်။ သမီးတွေကတော့ မိဘနဲ့ အတူနေပြီး အိမ်ထောင်ကျတော့မှ ခင်ပွန်းဖြစ်သူ အိမ်လိုက်လို့ ရှေ့မှာ ပြောခဲ့သလို ခင်ပွန်းရဲ့မွေးချင်းနံပါတ်စဉ် အတိုင်း နေရာချ ပေးတဲ့ နေရာမှာ လိုက်နေကြရပါတယ်။ သားသမီးတွေရဲ့ အိမ်တွေကို မိဘအိမ်ဘက် မျက်နှာပြုလို့ ဝန်းရံပြီးဆောက်လေ့ ရှိပါတယ်။

အဲဒီမှာ ကျမ တွေးမိတာက သားတွေ အများကြီး မွေးထားရင် ဘယ်လိုများ နေရာချမှာပါလိမ့် ဆိုတာပါ...၊ နောက်တခါ သွားဖြစ်ရင် ကျမ မေးခဲ့ပါ့မယ်....:)

ဘာလီမှာလည်း Silent Day (Nyepi) ဆိုတာရှိပါတယ်။ နှစ်စဉ် မတ်လထဲမှာ ကျင်းပလေ့ရှိပြီး အဲဒီနေ့ကျရင် လေဆိပ်ကအစ ပိတ်ပါ တယ်။ ဒီနှစ်တော့ မတ်လ ၁၆ ရက်နေ့ကို Silent Day အဖြစ် သတ်မှတ်ခဲ့ပြီး Travel Agent တွေကတဆင့် တလ ကြိုတင်ကြေငြာတာမို့ အဲဒီနေ့မှာ ဘာလီ ရောက်နေတဲ့ နိုင်ငံခြားသားတွေလည်း ဟိုတယ်မှာပဲ နေကြရတဲ့နေ့တနေ့ပါ။ Silent Day မတိုင်ခင်ညဟာ နှစ်သစ်ကူး အကြိုည ဖြစ်ပြီး Silent Day မှာတော့ ဘာသာရေး ဆိုင်ရာ Holy day အဖြစ် ဥပုသ် ဆောက်တည်ကြတဲ့နေ့ ၊ အင်မတန် တိတ်ဆိတ် မှောင်မိုက်တဲ့နေ့လည်း ဖြစ်ပါတယ်။

အဲဒီနေ့ မရောက်ခင် ရက်သတ္တ နှစ်ပတ်လောက်ကတည်းက ရပ်ကွက် တခုနဲ့ တခု အရုပ်ကြီးတွေ အပြိုင်အဆိုင် လုပ်ကြပြီး ရပ်ကွက်ထိပ် မှာ ခုလို ထားတတ် ကြပါတယ်။ ရပ်ကွက်ပေါင်းစုံက အရုပ်မျိုးစုံတွေကို နှစ်သစ်ကူး အကြိုည မှာ Parade လုပ်ပြီးလမ်းတလျှောက် သယ်ပိုး လှည့်လည် ပြသလေ့ ရှိကြပါတယ်။ ပြီးရင်တော့ မကောင်းဆိုးဝါးတွေရဲ့ ဝိဥာဉ်အဖြစ် မီးရှို့ ဖျက်စီး ပစ်တတ်ကြပေမဲ့ တချို့ရပ်ကွက်တွေကတော့ တပင်တပန်းလုပ်ထား ရတဲ့ အရုပ်မို့ မဖျက်စီးသေး ပဲ အတန်ကြာအောင် ခုလို ထားတတ်ကြပါတယ်။ တွေ့တဲ့အရုပ် ကို မိအောင် ကားပေါ်ကပဲ အမြန် ရိုက်ခဲ့ရပါတယ်။


အောက်ကပုံတွေကတော့ ထိုင်ခုံတွေ၊ မျက်နှာကျက်တွေမှာ သဘာဝ ထွက်ကုန်ဖြစ်တဲ့ ဝါး၊ သစ်သား၊ နှီးတွေနဲ့ လုပ်ထားတာလေးတွေကို ရိုက်ခဲ့တာပါ။


လူကို သဘာဝအတိုင်း အေးစေတဲ့ မျက်နှာကျက် လေးတွေမို့ သဘောကျမိပါတယ်...။





ဘာလီ ခရီးစဉ်ကို အပိုင်း ၁၀ မှာ အဆုံးသတ်ပါမယ်...:)


13 comments:

မြသွေးနီ said...

ဝေး...ဒီနေ့တော့ မြသွေးနီ ပထမပေါ့..။
အပိုင်း ၉ ကလည်း စိတ်ဝင်စားစရာ ဘာလီနီးစ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ကိုတွေ့လိုက်ရပါတယ်။ အပိုင်း ၁၀မှာ ပြီးတော့မယ်ဆိုတော့ စိတ်တောင်မကောင်းဘူး။ မချစ်တို့က သံယောဇဉ်တွယ် အောင်
်တကယ်လုပ်တတ်တယ်။
ဇာတ်သိမ်းပိုင်းလေး အမြန်ဗျို့..။

ဒဏ္ဍာရီ said...

ဘာလီခရီးစဉ်မှာ သူတို့လူမျိုးတွေရဲ့ သက်ဝင်ယုံကြည်မှု ကိုးကွယ်မှုတွေနဲ့အတူ အနုပညာ မြောက်တဲ့ လက်ရာတွေကို သိခွင့် မြင်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် မမ...။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အင်ကြင်းသန့် said...

စွန်ရောင်စုံလေးတွေကို သဘောကျသွားတယ်...စွန်လွှတ်ချင်စိတ်တောင် ပေါက်လာပြီ... စောစောကသာသိရင် မှာလိုက်ပါတယ်... (လေယဉ်မစီးပဲ စွန်တစ်ယောက်တစ်ခုနဲ့ပျံခဲ့တာမဟုတ်ဘူး ငါ့အစ်မရယ် :D

ဂျင်ဂျင်း

♥ကိုဇော်♥ said...

ဒီလို ယဉ်ကျေးမှု လေးတွေ စိတ်ဝင်စားတယ်ဗျာ. . .
အခုတော့ အမ ကျေးဇူးနဲ့ တကယ်ရောက်နေရသလိုပါပဲလား..
ဂွတ်ထ..ဂွတ်ထ..

ဇွန်မိုးစက် said...

ဘာလီနီးစ်တွေရဲ့ ကွဲပြားတဲ့ အရှေ့တိုင်းယဉ်ကျေးမှုဓလေ့တွေ စိတ်ဝင်စားစရာပါပဲ။ ခုလိုပုံနဲ့စာနဲ့တွဲပြီး ရေးသားတင်ပြပေးသွားတဲ့ အစ်မချစ်ကို ကျေးဇူးစ်။း)

TZA said...

ဘာလီ.. သွားချင်ပါသည်။

Phyo Maw aka pm ^_^ said...

တို့များလည်းအားကျပါရဲ့ ဘာလီ လည်လည်ထွက်ချင်ပါသည်။

မောင်မိုး said...

အော်...ဘာလီ..ဘာလီ နာမည်ကြီးမယ်ဆိုလည်း ကြီးလောက်ပါရဲ့။ ရေခံမြေခံကလည်း ဘူမိနက်သန်ဖြစ်နေတာကိုး။

သက်ဝေ said...

သွားချင်တယ်...
သွားချင်တယ်...
သွားချင်ပါတယ်ကွယ်...

(မမ ခင်ဦးမေ လေသံဖြင့် ပြောသွား...)

Nge Naing said...

အင်တာနက်က ကူးယူဖေါ်ပြပါတယ်ဆိုတဲ့ ဘာလီ မူရင်းလူမျိုးတွေနေတဲ့ အိမ်ပုံစံက မြန်မာပြည်က ကျွန်မတို့နယ်က အိမ်အတော်များများနဲ့ သိပ်ဆင်တယ်။ ဓါတ်ပုံတွေ ရိုက်လာတာလည်း တော်တော်စုံတာပဲ ဘယ်လောက်တောင် ကြာခဲ့လဲ။

SHWE ZIN U said...

ဒေါ်ချစ်ကြည်အေး ရေ

သူများ သွားချင်အောင် တကယ်လုပ်တယ်..
တော်ပြီ ခေါ်တော့ဘူး


ခင်တဲ့
ရွှေစင်

Anonymous said...

အိမ်ဝိုင်းထဲမှာ နေရာချပေးတာ သဘောကျသွားပါတယ်..
ဥမကွဲ သိုက်မပျက် ပေါ့နော်..


ပေါက်

~ဏီလင်းညို~ said...

မကြီးအေး.......
အနော်ကတော့.......စွန်လေးတွေပဲ.......လိုချင်တာ......
ဝယ်ပေးဗျာ.........ဒါဘဲ........
(မသိတာတွေသိရလို့ ကျေးဇူးဗျ........)


ခင်မင်တဲ့
ဏီလင်းညို

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်