Saturday, April 24, 2010

ကျောင်းပုံပြင်


ကျောင်းအကြောင်း....တွေးမိတိုင်း လွမ်းရ၊ ငယ်ပေါင်းသူငယ်ချင်းတွေကို တမ်းတရ၊ ချစ်သော ဆရာ ဆရာမတွေကို သတိရ၊ အထူး သဖြင့် ကျမတို့ရဲ့ မြို့မကျောင်းကြီးကို သိတ်လွမ်းရပါ တယ်။ အဲဒီတုန်းက အသားညိုညို၊ မျက်လုံးအစ်အစ်၊ ပါးဖောင်းဖောင်း၊ နှုတ်ခမ်းထူ ပြည့်ပြည့်၊ လူလေးက ပိန်ပိန်နဲ့ ကောင်မလေးတယောက်ဟာ ကျမပေါ့။

ကျောင်းတော်ကြီးဟာ ကျမတို့လို အသက်ရွယ်တူ ကလေးတွေအကြားမှာ ရှိနေခဲ့တဲ့ မိဘတွေရဲ့ အဆင့် အတန်း၊ အိမ်ရဲ့ စီးပွားရေး၊ ဆင်းရဲချမ်းသာ စတဲ့ ကွဲပြားမှုတွေကို တန်းညှိလို့ ပေးခဲ့တယ်။ အားလုံးဟာ အတူတူ တသားတည်း ဖြစ်ခဲ့ကြတယ်။ တကယ်ဆို ပြန်မတွေး ချင်တော့ဘူး...လက်တွေ့ကျကျ ပြောရရင် အဟောင်းတွေက အစုတ်သာ ဖြစ်မှာပဲ ဘယ်နည်းနဲ့မှ အသစ် ဖြစ်လာစရာ အကြောင်းမရှိဘူး။ ဒါ့ကြောင့် နောက်ကြောင်း ပြန်မတွေးချင်ဘူး။ ကျမက လူငယ်ပီပီ ရှေ့သို့သာ ချီတက်လိုက်ချင်တာ (အဟမ်း...! ) ဒါပေမဲ့ပေါ့လေ...သူငယ်ချင်း သက်ဝေရဲ့ မတက်ဂ် တတက်ဂ်ပိုစ့်ကြောင့် စဉ်းစားမိသမျှ ရေးချလိုက်ရပါတယ်။

ကျမတို့ သက်ဝေတို့ တက်ခဲ့ကြတဲ့ ကျောင်းတော်ကြီးဟာဖြင့် အစဉ်အလာကြီးမားခဲ့တဲ့ ကျောင်းကြီး။ ကျမ အဖေက မြို့မကျောင်းသား ဟောင်း အဲဒီလိုပဲ ကျန်တဲ့ တခြားကလေးတွေ အားလုံးဟာလည်း မြို့မကျောင်းကြီးရဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ကြလေ တယ်၊ ကျမညီမ အငယ်မ နဲ့ အတန်းတူတဲ့ ညီမငယ် မွန် (သုနှင်းဆီ) ဟာလည်း မြို့မကျောင်းထွက် တယောက် ပါပဲ။

ကျောင်းတက် ခေါင်းလောင်း ထိုးလို့ နေရာတကျ ရှိပြီ ဆိုတာနဲ့ အားလုံး လက်အုပ်လေးတွေချီလို့ ဩကာသ ဘုရားရှိခိုးနဲ့ နံနက် စာသင်ချိန်ကို ကျက်သရေရှိစွာ စတင်ခဲ့ရတဲ့ ကျောင်းတော်ကြီးပါ...မြို့မကျောင်းထွက် တွေရဲ့ တူညီတဲ့ အချက်က ကျောင်းလို့ ဆိုလိုက်တာနဲ့ သွေးတွေက ဖျဉ်းကနဲ၊ ပူကနဲ၊ ရင်ခုန်သံတွေ မြန်လာမြဲ၊ မျက်လုံးတွေ အရောင် တောက်လာမြဲ၊ ကျောင်းကြီး အတွက် ဘာများ လုပ်ပေးနိုင်မလဲ တွေးမိ ကြမြဲပါပဲ။


ကျမတို့ ပေါင်းမိတဲ့ သူငယ်ချင်းတွေ အားလုံး စာတော်ကြသူတွေ ။ ၄တန်းမှာ မြို့နယ်ဆု ရလို့ အဖေက ဆုယူဖို့ အင်္ကျီအသစ်လိုက် ဝယ်ပေးတော့ ကျမ ရွေးခဲ့တာက ကိုရီယားအင်္ကျီပုံ ဂါဝန် အဖြူအစိမ်း ၂ရောင်စပ် ချုပ်ထားပြီး ရင်ဘတ်မှာ ဖဲပြား အကြီးကြီးနဲ့။ ကလေးတုန်းက သိတ် ကြိုက်ခဲ့တဲ့ အင်္ကျီ တထည်ပေါ့။ ကိုရီးကားတွေဆိုတာ ဘာမှန်းညာမှန်း မသိခင်တည်းက အဲသလို ကံစပ်ခဲ့တာ ပြောရမှာပေါ့...။ အတင်းကြီးကို ဆက်စပ်လိုက်ပါတယ်။

လေးတန်းမှာ အတန်းပိုင် ဆရာမကြီး စာအသင် ကောင်းလွန်းလို့ ကျမတို့ ကျောင်းလုံးကျွတ် အောင်ခဲ့ကြပါတယ်။ အောင်ဆို ဆရာမကြီး ရဲ့ စာမရတဲ့ ကျောင်းသားတွေကို ဒဏ်ပေးပုံက ကဒ်ထူပြားကြီးကြီး မှာ "ကျနော် / ကျမ စာမရပါ" ဆိုပြီးရေး၊ ကြိုးနဲ့ လည်ပင်းမှာဆွဲပြီး အတန်း စဉ်တိုင်း ကို ပတ်ပြတာပါ။ မတ်တတ်မဟုတ်ပါဘူး လေးဘက် ထောက်သွားကြရ တာပါ။ ဘယ်လောက် ရှက်စရာကောင်းလည်း မှန်းသာ ကြည့်ကြပါတော့။ အဲဒီထဲမှာ ကျမတို့ သက်ဝေတို့ လုံးဝ လုံးဝ မပါခဲ့ဘူးဆိုတာ ရဲရဲကြီး ခေါင်းမော့ ရင်ကော့လို့ ပြောလိုက်ပါရစေ။

မှတ်မိသလောက် ဆရာမတွေရဲ့ ဒဏ်ပေးပုံကို ပြောရရင် ထိုင်ခုံကို ခေါင်းပေါ်ရွက်ပြီး လျှောက်ခိုင်းတယ်၊ ကော်ရစ်ဒါမှာ ဒူးထောက်ခိုင်းပြီး ဖြတ်သွား သမျှတွေကို "အဲဒီမှာ ကြည့်ကြဟေ့ စာမရတဲ့ဟာတွေ၊ အရှက်မရှိတဲ့ဟာတွေ" လို့ အတန်းထဲကနေ ဆရာမက လှမ်းအော် ပြောသေးတာမျိုးပါ။

ကျမ အကြိုက်ဆုံး ဒဏ်ပေးနည်းကတော့ နားရွက်ဆွဲ လိမ်ရတဲ့ ဒဏ်ပေးနည်းပါပဲ။ အတန်း ထဲက စာတော်သူတွေကို ဆရာမက စာအရင် မေးပြီးမှ အတန်းကို အုပ်စုခွဲ ပေးပြီး စာလိုက်မေးခိုင်းတာပါ။ မိန်းကလေး အချင်းချင်းမို့ စာမရရင် ဆရာမ မမြင်အောင် စာထောက်ပေး တတ်ပေမဲ့ ခပ်ဆိုးဆိုး ကျောင်းသားတွေကိုတော့ ကျမက ၃၆၀ ဒီဂရီ လည်သွားအောင် နားရွက်ကို တအား ဆွဲလှည့်ခဲ့မိတာ။ ခုပြန်တွေး မိတော့ ပြုံးချင်စရာ....။

တခြားကျောင်းသူတွေက သူ့အုပ်စုလေးနဲ့သူ နေလေ့ရှိကြပေမဲ့ ကျမက ဘယ်အုပ်စုနဲ့မဆို ပေါင်းတယ်။ ကျမလွယ်အိတ်ထဲမှာ ကျောင်း စာအုပ်တွေ အပြင် အချိန်မရွေး ရှိတတ်တာ က သီချင်းစာအုပ် နဲ့ သားရေပင်ကြိုး အရှည်ပါ။ အဆော့သန်တဲ့ကျောင်းသူတွေ ထဲမှာ ကျမ က နံပတ်ဝမ်းဆိုတော့ သူများတွေ အပျိုလုပ်နေတဲ့ ၉တန်း-၁၀တန်း ထိကို လက်လက်လန်အောင် ဆော့ပါတယ်။

ထမီအစိမ်းကို ယောင်္ကျား လေးတွေ ခါးတောင်း ကျိုက်သလို ဒါပေမဲ့ ထမီအစကို နောက်ထဲမ ညှပ်ထည့်ပဲ ရှေ့မှာ လက်တဖက်နဲ့ စုကိုင်၊ ပြီးမှ သားရေပင်ခုန်တမ်း ဆော့ပါထယ်။ ဒူးအမြင့် ကနေ စခုန်လိုက်တာ ပခုံး၊ ခေါင်း၊ တလံကျော် အမြင့်ထိပါပဲ။ ကစားရင်လည်း အသင်း ခေါင်းဆောင်မို့ သေတဲ့လူတွေ အတွက်လည်း ကလူရသေးတာ။ အင်မတန် တက်ကြွပါ တယ်။ သက်ဝေကကျတော့ အငြိမ်ပါ၊ ကျောင်းတုန်းထဲက သူက သိတ်မဆော့တတ်တဲ့သူ။ အပျိုလေးဂိုက် ဖမ်းနေတတ်သူပေါ့...။

မှတ်မှတ်ရရ ၈တန်းနှစ်မှာ သူငယ်ချင်းမ တယောက်က အပြားကြီး တပြားတည်းပေါ် ခြေထောက်နှစ်ဘက်လုံး တင်စီးရတဲ့ စကိတ် ဆိုတာ ယူလာပါတယ်။ စီးမဲ့နေရာကိုတော့ ဆရာကြီး ရုံးခန်းနဲ့ ဟောပြောခန်းအကြားက ကွန်ကရစ်ခင်းထားတဲ့ ဗံဒါပင်လမ်းကို ရွေးချယ်ပြီး ကျောင်းလွှတ် တာနဲ့ စီးလိုက်ကြတာ ထမီချုပ်ရိုးကွဲသူကွဲ၊ ဒူးပြဲသူပြဲ၊ ကျမကိုယ်တိုင်လည်း တံတောင်ဆစ် ပွန်းပဲ့သွားရတဲ့ အထိ ဆော့ခဲ့ကြတာပါ ။

ဆော့နည်းကတော့ ပေါင်းစုံနေအောင်ကို ဆော့ပါတယ်။ ထုပ်ဆီးတိုး၊ ကုလားမစည်းနင်း၊ ကြက်တောင်ရိုက် ( ကြက်တောင်ကို ကျောင်း နောက်ဖက် ကြက်တောင်ကွင်းက သွားကောက်ကြတာပါ) ခုန်းပိုးစီးပြီး စက်ဝိုင်းပုံရပ်လို့ ဘောလုံးပစ်တမ်း၊ တိုင်ဦးတမ်း တွေပါ။ ဗံဒါသီး ကောက် အုတ်ခဲနဲ့ထုပြီး ဗံဒါစေ့ထုတ် စားတတ်ကြပါသေးတယ်။

အဲဒီတုန်းက ကျောင်းဝတ်စုံက အင်္ကျီဖြူ လက်စက၊ လက်ရှည်၊ ရင်စေ့၊ ရင်ဖုံးတွေပဲ ဝတ်၊ ပါးမှာ သနပ်ခါးပါးကွက်နဲ့ ဆံပင်ရှေ့ ကို ဆာမူရိုင်းပုံ အတိချ၊ အနောက်ကို ခပ်မြင့်မြင့် ပိုနီတေး စီးလို့ အပျိုကြီးဂိုက်ဖမ်းပြီး လူကဖြင့် မျောက်ရှုံးအောင် ဆော့နေပုံက မျက်စိထဲ တော်တော်ကို အစပ်အဟပ် မတည့်ချင်စရာ။ စာတော်လို့ တော်ပါသေး...:)

၈တန်းနှစ်မှာ နောက်ထပ် အမှတ်ရစရာ တခုက မုန့်စားလွှတ်ချိန်ဆို အတန်းပိုင်ဆရာမနဲ့ အတူ ကျောင်းနောက်ဖက် သွားပြီး ဆေးလိပ်ခိုး သောက်တဲ့ ကျောင်းသားတွေ ကို ဖမ်းကြရတာပါ။ ကျမနဲ့ ဆရာမကို တွေ့လို့ ကျောင်းသားတွေ ထွက်ပြေးပြီဆို ဆရာမက သူတွေ့သမျှ ကျောင်းသား နာမည်တွေ အော်ပြော၊ ကျမက ရေးမှတ်ရပါတယ်။ ပြီးတော့မှ နာမည်စာရင်း ကြည့်ပြီး ကျောင်းပြန်တက်ချိန်မှာ ဆော် ပလော် တီးတော့တာပါ။

ကျောင်းမှာ စကားမပီတဲ့ ဆရာမ တယောက်ရှိပါတယ်။ "အဲရာဆိုရို့စိရင်" လို့ ပြောတတ်တယ် အမှန်က "အဲဒါဆိုလို့ရှိရင်" လို့ပြောချင်တာ ပါ။ သူပြောသလို လိုက်တုရင်း ဆရာမကွယ်ရာမှာ ကျမတို့ တိုးတိုး နောက်လေ့ရှိကြပါတယ်။ အတော်ကို မကောင်းစားတဲ့ ချစ်စရာတပည့် တွေပါပဲ...။ တခါ ဆရာ လူပျိုကြီးနဲ့ ဆရာမ အပျိုကြီးကို ဖြစ်စေချင်လွန်းလို့ တွန်းပို့ခဲ့တာတွေ၊ ဆရာ့မြင်ရင် "ဆရာ တီချယ့် တွေ့မိလား ဟင်" လို့ မေးတတ် သလို ဆရာမနဲ့ တွေ့ပြန်ရင် လည်း "ဆရာ့ကို ဘယ်နားမှာ တွေ့မိလဲဟင် ဆရာမ" လို့ မသိသလို မေးတတ်ကြပြန် တယ်။ သူတို့ချင်းချင်း လမ်းမှာတွေ့လို့ စကားစမြည် ပြောနေတာ တွေ့မိရင်ဖြင့် "ဟယ် ဆရာ နဲ့ ဆရာမ စကားတွေ ပြောနေကြတယ် တော့" လို့ ကျမတို့ အချင်းချင်း တီးတိုးရင်း အူမြူးမဆုံး ရှိခဲ့ကြပြန်ရဲ့။ နောက်ဆုံးမတော့ သူတို့ ကျမတို့ ဖြစ်စေချင်သလို ဖူးစာ မဆုံခဲ့ ကြပါဘူး။


ကျမနဲ့ ပေါင်းတဲ့ ယောင်္ကျားလေး သူငယ်ချင်း ခပ်ဆိုးဆိုး တကောင် ရှိပါတယ်။ သူက ကျောင်းပြေး တော့မယ်ဆို ကျမဆီ သူ့လွယ်အိတ် အပ်လေ့ရှိတော့ တနေ့ ကျမ စာရေးခုံထဲ သူ့လွယ်အိတ် မိသွားလို့ ကြံရာပါ အဖြစ်နဲ့ ကြိမ်လုံးစာမိဖူးသေးတာ။ ဒါလည်းပဲ မမှတ်ပါဘူး၊ သူကျောင်းပြေးရင် လွယ်အိတ်ဖွက်ပေးတုန်းပါပဲ။ ခေါင်းမာတတ်တဲ့ ဥာဉ်ဆိုးက အဲဒီတုန်းကတည်းက ရှိနေခဲ့တာ...ခုတော့ အဲဒီ သူငယ်ချင်းက ဌာနတခုမှာ ပါဝါတော်တော် ရှိတဲ့ကောင် ဖြစ်နေပါပြီ။

နောက်တယောက်ကျပြန်တော့ အတော်ကို ပြောင်စပ်စပ်နိုင်သူပါ။ ဆရာမက အစ တတန်းလုံး သူ့ဟာသတွေနဲ့ ရယ်နေခဲ့ရအောင် ပြောင် လွန်း နောက် လွန်းသူ။ သူက ကျမခုံနောက်မှာ ထိုင်ပြီး ကျမ ဆံပင်တွေ ခိုးညှပ်၊ ကျမ ဖိနပ်ဖွက်၊ ဗလာစာရွက်ကို ဆုတ်ပြီး အလုံး သေး သေးလေးတွေ လုံးလို့ နောက်ကနေ ပေါက်လိုပေါက် လုပ်တတ်သူပါ။ သူက ချစ်စရာကောင်းအောင် ဆိုးတတ်သူ သူငယ်ချင်းလေး...

တနေ့ သူဖျားပြီး ကျောင်းပြန်တက်တော့ ကျမဆီက မှတ်စု စာအုပ် ငှား၊ ပြန်အပေးမှာ စာအုပ်ကြားထဲ စာညှပ်ပေးပါတယ်။ ကျမက ဆရာမလက် သွားအပ်လိုက်လို့ အဆူခံရတော့ သူစိတ်ဆိုးပြီး ကျမကို ၃-၄ ရက်လောက် စကားမပြောတော့ပါဘူး။ ကျမမှာဖြင့် စာအပေး ခံရတာ စိတ်မဆိုးနိုင်ပဲ သူ့ပြန်ချော့ခဲ့ရပါတယ်။ သူငယ်ချင်း အချစ်လောက် ဖြူစင်တာ မြဲတာ ရှိပါအုံးမလား သူငယ်ချင်းလေးရယ်လို့ ရင်ထဲကနေ ပြောမိခဲ့သလိုပါ...။

အဲဒီတုန်းက ကျမစိတ်ထဲမှာ စာကျက်၊ ကစား၊ အစား ဒါပဲ ရှိခဲ့တာလေ။ (တကယ် တကယ် ယုံပေးကြပါ...:)) အစားဆိုလို့ ကျမတို့ ကျောင်းမှာ ကျောင်းတွင်း မုန့်ဈေးတန်း နဲ့ ကျောင်းပြင် မုန့်ဈေးတန်း ၂ခု ရှိပါတယ်။ မနက်ဆို နို့ထမင်းသောက်၊ နေ့လည် အသုတ်စား လေ့ ရှိပါတယ်။ များသောအားဖြင့်တော့ အိမ်က ထမင်းဘူး ထုတ်ပေးပါတယ်။ ထမင်းစားချိန်ဆို ကျောင်းအဝင်ဝ တဖက်တချက်က ပန်းခြံထဲ ထမင်း သွားစားတတ်ကြသေး တယ်။ကျမနှစ်ခြိုက်စွာ စားလေ့ရှိခဲ့တဲ့ မုန့် နောက်တမျိုးက ခေါက်မုန့်ကြားထဲ ကပ်စေးနှဲ ညှပ်ထည့်ပြီး တဂျွမ်းဂျွမ်း ကိုက်စားရတဲ့ မုန့်ပါ။ လွမ်းမိတဲ့အထဲမှာ အဲဒီ အစားတွေလည်း ပါပါတယ်။

ကျမတို့ကျောင်းမှာ ကျောင်းကား အစိမ်းကြီးတွေရှိတယ်။ အဲဒီကားကြီးတွေက ကျမတို့ ကျောင်းအပြင် ဒဂုံ၃ မိန်းကလေးကျောင်းနဲ့ပါ ပေါင်း ကြိုပေးတာပါ။ မနက် မနက်ဆို ကျောင်းကားအတူ စောင့်ကြရတဲ့အထဲမှာ ကျမတို့နဲ့အတူ မကော်နီလည်း ပါ ပါတယ်။ သူက ဒဂုံ၃က ကျမတို့ထက် အတန်းကြီးပါတယ်။ သူအဆိုတော် မဖြစ်သေးခင်ကပေါ့။

တခါတလေ နောက်ကျလို့၊ ကျောင်းကား လွတ်သွားရင် ရွှေတိဂုံခြေရင်း တောင်ဖက်မုခ်ထိ လမ်းလျှောက်ပြီး ၁၀ပြားပေးရတဲ့ နံပါတ် ၁၀ ဘတ်စ်ကြီးတွေ စီးချင်စီး၊ ဒါမှမဟုတ် အဖော်ရှိရင် ကန်တိုမင် ပန်းခြံကနေ ဖြတ်ပြီး ကျောင်းအထိ လမ်းလျှောက်လေ့ရှိကြပါတယ်။ လွယ်အိတ် စလွယ်သိုင်းလို့ စရင်း နောက်ရင်း လမ်းလျှောက်ကြရတာ ပျော်စရာကောင်းလွန်းလို့ တကယ့်ကို မမေ့နိုင်စရာပါပဲ။

တခါတခါ ညနေ ကျောင်းကားပျက်လို့များ နောက်တစီး အစားထိုးပို့ပေးတဲ့နေ့ဆို ကျမတို့မှာ ပျော်လိုက်ရတာ။ နောက်တစီးက သူပို့နေကျ အခေါက်ပြီးမှ ဒုတိယခေါက်အနေနဲ့ ပို့ပေးတာ ကိုး။ ဒီတော့ ကျမတို့ ကျောင်းကား တစီးလုံးက သူငယ်ချင်းတွေနဲ့ အတူ ကျမအကြိုက် လွယ်အိတ်ထဲက သားရေပင်ကြိုး ထုပ်၊ အခွင့်အရေးရတုန်း မိုးပျံမတတ် ဆော့ပါတော့တယ်။

တကယ်ဆို အဲဒီတုန်းက အချစ်အကြောင်း နားကိုမလည်တဲ့အပြင် ရည်းစားစာပေးခံရရင် ဘရုတ်ကျဖို့လောက်ပဲ တွေးမိတာ။ စာပြန်နော် ဆိုရင် ဘေးနားမှာ ကွင်းစ ကွင်းပိတ်နဲ့ စာပျံနိုင်ဘူး မိုးရွာနေလို့...တို့ ။ သူ့အကြောင်းတွေးရင်း အိပ်မပျော်ဘူး ဆိုရင် အိပ်မပျော်ဘူးလား ရွှေပုပ္ပါး သွေးဆေးကိုစား...တို့ ရေးပြီး ပြန်စာအနေနဲ့ ပြန်ပေး...အဲသလို ပြန်နောက်ခဲ့တာ။ သူများတွေရဲ့ ခံစားချက်ကို နားလည်ပေးရ ကောင်းမှန်းလည်း မသိသူ ဆိုပါတော့...။ ဒါပေမဲ့ ကျမ အထင်တော့ အဲဒီအချိန်မှာ စိတ်ကစားခဲ့ကြတာ နေမှာပါနော် တကယ့် အချစ်စစ် ကြီးတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့...။


ခုတော့ သူငယ်ချင်းတွေအားလုံး အသက်အရွယ်လေးတွေရ၊ အလုပ်အကိုင် အတည်တကျ နဲ့ အိမ်ထောင်ရက်သားတွေလည်း ကျလို့ ကိုယ်ပိုင် ဘဝတွေထဲ လျှောက်လှမ်းလို့။ တချို့ အချိန်မတိုင်ခင် ကြွေလင့်သွားခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိပေါ့။ အင်းလေ သေခြင်း တရားရဲ့ အချိန် အပိုင်းအဆကို ဘယ်သူက သိနိုင်မလဲနော်။ ဘာပဲဖြစ်ဖြစ် ရှိနေကြသေးတဲ့ သူငယ်ချင်းတွေ ကတော့ ကျောင်းသံယော ဇဉ်ရဲ့ တုပ်နှောင်မှုအောက်မှာ ကျောင်းတော်ကြီးအတွက် အမြဲ အသင့် ရှိနေတတ်ကြတာ ကြည်နူးစရာပါလေ...။

မျက်လုံးမှိတ်လို့ စိတ်အစဉ်ကို အတိတ်ဆီ စေကြည့်တဲ့အခါ ပုံရိပ် ထင်လာသမျှဟာ ပုံပြင် တပုဒ်လို ဝေဝါးဝါး...။ ဒါပေမဲ့ ပုံပြင် မဟုတ်ခဲ့ ဘူးနော်...တကယ် ဖြတ်သန်းခဲ့ကြဖူးတာ။ တခါတလေတော့လည်း ပေါ့ပါးစေချင်တဲ့ စိတ်နှလုံးက ပုံပြင်တပုဒ်သာ ဖြစ်လိုက်ပါစေတော့ ဆိုတဲ့ အတွေးနဲ့ တိတ်တိတ်လေး ပင့်သက် ချမိပြန်လေတယ်....




သူငယ်ချင်း သက်ဝေရေ...အတွေးများဟာ ဗူးစင်လိုပဲ တစဆွဲရင် တစင်လုံး ပါလာတတ်တော့တာ...ဒါတောင် အရမ်းရှည်သွားမစိုးလို့ တချို့ ချန်ထားခဲ့သေး...

23 comments:

Vista said...

း( ကောင်းလိုက်တာ ...အနော့်မှာရေးစရာအဲလိုကိုမရှိဘူး ကျောင်းတစ်ကျောင်းမှာ ၂ နှစ်ထက်ပို မနေခဲ့ ရဘူး ..နောက်ဆုံးတက်ခဲ့ဖူးတဲ့ကျောင်းဆိုရင်တော့
ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း(တီတီစီ)ပဲ..ငိုချင်သွားတယ်။

မြသွေးနီ said...

မချစ်ရေ...
ဒီပို့စ်ဖတ်ပြီး ငယ်ငယ်က ကျောင်းတက်ခဲ့ရတဲ့
ဘ၀လေး ပြန်လွမ်းသွားတယ်။
တကယ်...။
အတိတ်ဆိုတာ ဘယ်လိုမှပြန်ဝယ်လို့မရနိုင်တာမျိုးနော်..။

သဒ္ဓါလှိုင်း said...

ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းကတော့ဘယ်တော့မဆိုသတိရနေဆဲ၊
လွမ်းနေရဆဲပဲနော်.။ပိုစ့်လေးဖတ်ပြီးပိုလွမ်းသွားပြီမကြီးချစ်ရေ..။
နှစ်သစ်မှာကျန်းမာပျော်ရွှင်ပါစေနော်။။
ခင်တဲ့
ညီမသဒ္ဓါ

sosegado said...

ကျောင်းတွေပြောင်းရလို့ နေခဲ့တဲ့ကျောင်းအားလုံးကိုတော့၊ သူဟာနှင့်သူ တစ်ချို့ပဲ မှတ်မိတော့တယ်၊ ဘာရယ်လို့မဟုတ် ကျောင်းမှာ ဆေးလိပ်ခိုး သောက်ဖူးတယ်၊ မမိဘူး။

ဇွန်မိုးစက် said...

ဇွန်လည်း ကပ်စေးနှဲညှပ်ထားတဲ့မုန့် သိပ်ကြိုက်တာ။ သိပ်ကိုပျော်စရာကောင်းခဲ့တဲ့ ရွှေရောင်နေ့ရက်များပေါ့။း)

rose of sharon said...

စောစောမသိခဲ့ရတာနာတယ်ကွာ... ကိုးတန်းဆယ်တန်းနှစ်မှာ သူငယ်ချင်းတွေကို ဆော့ဖို့အဖော်စပ်တာ တစ်ယောက်မှ မဆော့ချင်ကြတော့လို့ စိတ်ညစ်ခဲ့ရဖူးတယ်...

မောင်မိုး said...

ကျောင်းသားဘ၀ကတော့ ဘယ်တော့မှ မမေ့နိုင်စရာ ပုံရိပ်တွေအဖြစ် ထင်ကျန်နေရစ်မှာပါဗျာ။

SHWE ZIN U said...

ပြန်မရနိုင်တဲ့ ဘဝတွေကို တမ်းတရတာ လည်း လွမ်းမောစရာ တွေပါဘဲနော်

ရွှေစင်

♥ကိုဇော်♥ said...

ဒီလို ခပ်ကဲကဲတွေမို့ ဘလော့ဂါ မောင်နှမ လာဖြစ်တော့သကိုး. . . ဟိုး. .ဟိုး . .ဟိုး . . ။
အမစာဖတ်နေရင်းကို အတိတ်တွေက တဖျတ်ဖျတ်နဲ့ နောက်ကနေ စလိုက်ထိုးပြနေလား အောက်မေ့ရတယ်။
လွမ်းစရာတွေပါပဲဗျာ။

အင်ကြင်းသန့် said...

ယုံပါတယ်...ကျောင်းတက်ကတည်းက လက်လက်လန်နေတယ် ဆိုတာ... ခုထိကို မနိုင်နိုင်ဘူး :P

ဂျင်ဂျင်း

သက်ဝေ said...

ပျော်ရွှင်ကြည်နူးစရာ... မေ့မရချင်စရာ... လွမ်းစရာကောင်းလှတဲ့ ကျောင်းတော်ကြီးရဲ့ အရိပ်အောက်မှာ အတူတူ နေခဲ့ကြရတဲ့ အချိန်တွေပါ... စာရေးကောင်းလွန်းတဲ့ သူငယ်ချင်းရဲ့ လက်ရာက ပထမတခေါက် ဖတ်နေရင်းမှာ ပျော်စရာ ပြုံးစရာကောင်းပေမယ့် နောက် တခေါက် နှစ်ခေါက် ထပ်ဖတ်လိုက်တော့ လွမ်းစရာအတိ ဖြစ်သွားတယ်...

ကျောင်းအကြောင်း ပြောရ ရေးရမယ်ဆိုရင်ဖြင့် အမှတ်ရစရာ လွမ်းဆွတ်တသစရာတွေ အများကြီးနော်... အခုလို စုံစုံလင်လင် ရေးပေးတာ ကျေးဇူး အကြီးကြီး တင်ပါတယ်...

ဒီနေ့ တနေ့လုံး ရွာတွေလည်နေတာ အခုမှ အိမ်ပြန်ရောက်ပါတယ်...
စာလာဖတ်တာ နောက်ကျ၊ ကော်မန့်ရေးတာ နောက်ကျနေတာ စိတ်မရှိပါနဲ့နော်...

ကိုလူထွေး said...

လက်စသတ်တော့ မြို့မကျောင်းမှာ ဘူးစင်တွေလည်း ရှိသကိုး...

းဝ)

ဝေလင်း said...

တယ်လည်းဆော့သကိုး..ကျုပ်အစ်မက
တော်သေးပေါ့ ဒီလိုကျောင်းသူမျိုး ကျွန်တော်တို့နှစ်မှာပါမလာလို့..
နို့မဟုတ်စာပေးလည်း ပေါက်ကရလုပ်ခံရ.. ဆေးလိပ်ခိုးသောက်တော့ လိုက်ဖမ်း....
ဝေလင်းတို့ ကံကောင်းပါ့

ရွှေရတုမှတ်တမ်း said...

ှဆရာတော်ဦးတိလောက ကျောင်းကိုအချောင်ဝင်လွမ်းမိပါကြောင်း

~ဏီလင်းညို~ said...

မကြီးအေးရယ်...
ကျွန်တော်လည်း... စာလေးဖတ်ရင်း... ကိုယ်တက်ခဲ့တဲ့ အထက်တန်းကျောင်းကိုပြန်လွမ်းသွားတယ်....။
သူငယ်ချင်းတွေကိုရော....။
အခုတော့ တစ်ယောက် တစ်နေရာ....

ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

မမရေးတဲ့ ပိုစ့်လေးဖတ်ပြီး ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းတွေကို ပြန်လွမ်းသွားတယ်။ မြို့မ ကျောင်းကိုတော့ ဘယ်တော့မှ မမေ့ဘူး။ ဖိုးဖိုးက မြို့မ ကျောင်းကနေ တနိုင်ငံလုံးမှာ တစ်ယောက်တည်း မြန်မာစာ ဂုဏ်ထူးနဲ့ အောင်ခဲ့လို့ ကြံဖန် ဂုဏ်ယူနေတာ။း)

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မန်းကိုကို said...

"ရင်ကို...ဖွင့်ချခဲ့စမ်းပါ....” ဆိုပါလား၊ ဘာတွေရေးရရင် ကောင်းမလဲ ... ငယ်ငယ်က အကြောင်းတွေတွေးရင် ပျော်တာထက် ဦးဏှောက်စားတာက များတယ်မို့လား..... အဲ ..အဲ... ခလေးငိုနေပြီ၊ စိတ်ကူးယဉ်လို့ မအားတော့ဘူး၊ သွားပြီ ...

မြစ်ကျိုးအင်း said...

အစ်မကတော့ အစ်မတက်ခဲ့တဲ့ ကျောင်းကို လွမ်းတဲ့ အကြောင်းရေးတာပဲ။ ဖတ်ရင်းနဲ့ ကျောင်းပြေးလို့ လွယ်အိတ်ဖွက်တဲ့နေရာရောက်ရင်လည်း အုတ်တံတိုင်းကို ကျော်ပြီး လွယ်အိတ်ပစ်ချဖူးတာ သတိရသွားပြန်ရော။
ဆေးလိပ်သောက်တဲ့သူ သွားဖမ်းတော့လည်း သောက်တတ်တဲ့သူငယ်ချင်းတွေနဲ့ အဖော်လိုက်ပေးဖူးတာ သတိရသွားပြန်ရော။

တစ်ရက်လောက်ဖြစ်ဖြစ်ငယ်ဘဝကအတိုင်း ကျောင်းပြန်တက်ခွင့် ရချင်တယ်။ ဖြစ်မှမဖြစ်နိင်တာပါပဲ။

ရဲနိုင်ဝင်း said...

အရမ်းဖတ်လို့ကောင်းတာပဲ ကျတော်လည်းရွာကကျောင်းတော်ကြီးကိုအရမ်း သတိရမိပါတယ် ဒဏ်ပေးခံရတဲ့ ကျောင်းသားတွေထဲမှာ ခဏခဏပါဖူးပါတယ် စာကျက်ပျင်းလို့လေ

★Craton said...

ကျောင်းသားဘဝက ဖြူစင်မှုလေးတွေအကြောင်း စာဖွဲ့ရရင်ဖြင့် ဆုံးတော့မယ်မထင်ပါဘူး တီတီကြည်ရယ်
ဖတ်လို့အရမ်းကောင်းတယ် ပြုံးလည်းပြုံးမိတယ် သြော်.. ငါငယ်ငယ်ကလည်း ဒီလိုလေးပါလားဆိုပြီး တွေးမိလိုက်ပြုံးစိစိလုပ်လိုက်နဲ့ တီတီကြည့်ပုံစံကို မျက်စိထဲဖမ်းမြင်လိုက်တာပဲ :P

Anonymous said...

ကျွန်တော်ကတော့ ရှေ့က မိုင်ဒါကွင်းနဲ့ ကျောင်းဝင်းထဲက ခရေတောထဲမှာ ဘောလုံးကန်ခဲ့တာ ဘယ်တော့မှမမေ့ဘူး..မောမောနဲ့ ဆရာကြီးဦးဘလွင်အိမ်ရှေ့က ရေဘုံဘိုင်မှာရေသောက်ခဲ့တာတွေ.....တွေ...သတိရသွားတယ်..။

Anonymous said...

မချစ်ရဲ့ဘလော့ဒ်မှာ ကျောင်းအမှတ်တရ မတ်ခွက်လေးနဲ့ စာအုပ်လေးကို တွေ့တော့ ပိုလွမ်းတဲ့ စိတ်တွေ ဖြစ်လာတယ်။
ကျောင်း အာစရိယပူဇော်ပွဲတွေနဲ့လွဲတာ ကျောင်းကထွက်ကတည်းက အခုဆို ၁၃နှစ်လောက်ရှိတော့မယ်။ ဒီနှစ်တော့ သွားဖြစ်အောင် သွားအုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အစ်မပိုစ့်လေးတွေမှာ ပိုခိုင်မာသွားတာမို့ ကျေးဇူး...အစ်မတော်။
အရမ်းကို လွမ်းတယ် .......အမိကျောင်းတော်ကြီးရယ်။
ဖြစ်နိုင်ရင်..အထက်တန်းကျောင်းသူဘဝကို ပြန်ရချင်ပါတယ်။
အဖြူအစိမ်းလေးနဲ့ အဖြူရောင်လေးတွေ.. ဘဝ

tin min htet said...

ကျွန်တော်လည်း မြို့မထွက်ပါပဲ။ ၈၇ က ဆယ်တန်းအောင်၊ ဒေါ်ခင်ခင်သိန်း အတန်းကပေါ့။ ငါးတန်းကနေ စတက်တာဆိုတော့ မူလတန်းက သစ်သားဆောင်ကြီးမှာတော့ မတက်ဖူးဘူး။ ဆရာကြီး ဦးငြိမ်းမောင် လက်ထက်ပေါ့။ ခရေပင်တန်းကို သတိရသေးတယ်။

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်