Saturday, April 17, 2010

ဟောဒီက မုန့်လုံးရေပေါ်....

မြန်မာ နှစ်ဆန်းတရက်နေ့မှာ အားလုံးပဲ မင်္ဂလာပါ။ နှစ်သစ်တနှစ်ရဲ့ ပထမဆုံးနေ့ကို ကျက်သရေ ရှိစွာ မုန့်လုံးရေပေါ် စတုဒီသာလေးနဲ့ စဖွင့်ချင်ပါတယ်။ မုန့်လုံးရေပေါ် ဆိုတာက ကျမတို့ မြန်မာတွေ အားလုံးနဲ့ မစိမ်းလှတဲ့ မြန်မာ့ရိုးရာမုန့်ဖြစ်တာမို့ မုန့်လုပ်နည်းကို ရေးပြမ နေတော့ပါဘူး နော်။ သိချင်သူတွေ အတွက် အချိုးလေးပဲ ပြောပြပါမယ်။ ဆန် ၁ : ကောက်ညှင်း ၂ ပါ။ ဆိုလိုတာက ဆန်မှုန့် ၁ဆ နဲ့ ကောက်ညှင်းမှုန့် ၂ဆ ရောရမှာပါ။ မုန့်နှယ်ပြီး တည လောက် အိပ်ခိုင်းထားရင် ပိုကောင်းပါတယ်။ မုန့်နှစ်ထဲ ဆားလေးနဲနဲလည်း ထည့် လိုက်ပါနော်။

ကျမတို့ ငယ်ငယ်ကလို အဖွားမို့ အိမ်မှာ မုန့်လုံးတော့မယ်ဆို မတိုင်ခင် ညနေထဲက ဆန်မှုန့် သွားကြိတ်ပါအုံးဟဲ့၊ ကောက်ညှင်းမှုန့် သွား ကြိတ်ပါအုံးဟဲ့ လုပ်နေစရာမလို၊ ဒီမှာက စူပါမားကက်မှာ ကြိုက်ရာ အမှုန့် ရွေးဝယ်လိုက်ရုံပါပဲ။ ကျမတို့ မောင်နှမတတွေကဖြင့် သင်္ကြန် တွင်းမို့ လူကြီးတွေက တောက် တိုမယ်ရ ဝယ်ခိုင်းပြီဆို သိတ်ပျော်တာ၊ လမ်းထိပ်ကို လူလုံးလည်းထွက်ပြရ၊ ရေပက်လည်း ခံရသေးတာ ကိုး...။ သူလိုကိုယ်လို ကလေးတွေက လမ်းတလျှောက်လာသမျှ တွေ့သမျှ မလွတ်တမ်း ပက်ကြတော့တာ...မဟုတ်လား။

မုန့်လုံး လုံးမဲ့ဆီ ပြန်သွားကြရအောင်ပါ...ထန်းလျက်ကလေးတွေကိုလည်း အနေတော် စိပ်ထားရပါမယ်။ အပေါ်မှာ ဖြူးဖို့ အုန်းသီးဖတ် လေးတွေ ကို တော့ သူငယ်ချင်းက ကူခြစ်...ကူညှပ်ပေးပါတယ်။ အပျိုကြီးဆိုတော့ အခြစ်မကျွမ်းဘူး လေ...:) အမှန်က အုန်းသီးအရင့် ဝယ်မရတာနဲ့ ရှိတဲ့ အနုကိုပဲ ဇွန်းခြစ်၊ ကပ်ကျေးကိုက် လုပ်လိုက်ရတာပါ။ အနုလေးနဲ့ စားတော့လည်း တမျိုးလေး ချိုနေတာပါပဲ။

မုန့်လုံးရေပေါ်ရဲ့ အလှ ပိုပြီးစွဲမက်စရာ ကြွတက်လာအောင် မြန်မာဆန်ဆန် ငှက်ပျောဖက်လေးပေါ် တင်ပြထားပါတယ်။


အဲဒီ မုန့်လုံးရေပေါ် ပရောစက်ကြီး တခုလုံးမှာ ပညာအပါဆုံးက မုန့်လုံးတဲ့ နေရာမှာပါ။ ထန်းလျက်များလွန်းရင် အိုးထဲထည့်တဲ့ အခါကျ ထန်းလျက်တွေ မုန့်နှစ်သားထဲက ပေါက်ထွက်လာကုန်ပြီး လူလုံးမလှ အဲ...မုန့်လုံးမလှ ဖြစ်တတ်ပါတယ်။ ထန်းလျက်နဲလွန်းပြန်ရင်လည်း မချိုပဲ မုန့်နှစ်သားပျော့စိစိကြီး ဝါးနေရသလို အရသာမရှိ ဖြစ်တတ်ပြန်ပါတယ်။ အလုံးလေးညီညီ လက်ညီဖို့ လည်း လိုပါသေးတယ်...။



ဒါ့ကြောင့် မုန့်နှစ်အချိုးအစားကစလို့ အပျော့အမာ အနေတော်၊ အလုံးအရွယ် အစား မကြီးလွန်း မသေးလွန်း၊ ထန်းလျက် အချို အလေး အပေါ့ စားကောင်းရုံ...အဲသလို အချိုးအစား ကျကျ အရသာ ရှိလှတဲ့ မုန့်လုံးရေပေါ်....

ကျမ ချစ်ကြည်အေး ကိုယ်တိုင် ဝိရီယ လုံ့လ စိုက်ထုတ်လို့ RAP သီချင်းလေး ဆိုရင်း လုံးထားတဲ့ မုန့်လုံးရေပေါ်....

သူတကာ မုန့်လုံးတွေနဲ့ လားလားမှ မတူ အလုံးတိုင်း၊ အလုံးတိုင်းမှာ မုန့်နှစ် နဲ့ ထန်းလျက် အပြင် စေတနာ၊ မေတ္တာ၊ သစ္စာ၊ ချစ်ခင်ခြင်း နဲ့ သံယောဇဉ် တွေကိုပါ ၂၀ ရာခိုင်နှုန်းစီ အချိုးကျကျ ထည့်လုံးထားတဲ့ မုန့်လုံးရေပေါ်....

ဤ အနှီ မုန့်လုံးရေပေါ်ကို အများသူငါ ဘလော့ဂ်လာသူအပေါင်း သွားရေကျနိုင်စေရေး အလို့ငှာ ယခုကဲ့သို့ ဘလော့ဂ်ပေါ်တင် ဝေမျှလိုက်ရ ပါတယ်...

အားလုံးပဲ မျှော်သွား...အဲ စားသွားလိုက်ကြပါအုံးနော်...:)




အားလုံးပဲ နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒ တလုံးတဝတည်း ပြည့်ကြပါစေ....

19 comments:

  1. ချစ်စရာမုန့်လုံးရေပေါ်လေးတွေ...စားရမှာတောင်နှမြောတယ်...ပါဆယ်ယူသွားမယ်နော် ။
    နှစ်သစ်မှာ ပျော်ရွှင်ပါစေ..... :)

    ReplyDelete
  2. ဏီလင်းညိုSat Apr 17, 11:33:00 AM GMT+8

    မကြီးအေးရေ....
    နည်းနည်းတော့ နှိုက်စားသွားတယ်.....။
    မုန့်လုံးရေပေါ်ကို အနော်က ကြိုက်ဘူးရယ်ဗျ....း))
    (မနေ့က လာချောင်းကြည့်သေးတယ်...သိလား....း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  3. အနော်လည်းမနက်က ဘုရားကို မုန့် လုံးရေပေါ်ကပ်တယ် ...သီလယူတယ် ၊မုန့်လုံးရေပေါ် ကိုယ်တိုင်တစ်ခါမှတော့မလုပ်ဖူးဘူး ဟိုဖတ်ဒီဖတ်နဲ့ လုံးရတာ ဟိဟိ

    ReplyDelete
  4. ပန်းကန်လိုက် လာမသွားပါသည်... :)))


    ဂျင်ဂျင်း

    ReplyDelete
  5. တကယ်ကို သွားရည်ယိုပြီး ပြန်သွားတယ်။ အမှန်ပဲ။

    ReplyDelete
  6. အဟမ်းးးးအခုပဲ ဘုန်းကြီးကျောင်းက ၀ါးတီး..အဲလေ..သီလယူပြီးပြန်လာတယ်။ မှန်းစမ်း...မွန်းလွဲနေပြီ..မစားတော့ဘူး။

    ReplyDelete
  7. အမချစ်ကြည်အေး... မင်္ဂလာနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ...

    ReplyDelete
  8. ထမင်းစားပြီးမှ ရောက်လာတာမို့ ပန်းကန်လိုက်ပဲ အချိုပွဲတည်သွားတယ်။း)

ှနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မမရေ။

    ReplyDelete
  9. မုန့်လုံးလေးတွေက စားချင်စရာ သူငယ်ချင်းရေ

    အဝစားသွားမယ်နော်..
    မင်္ဂလာနှစ်သစ်ပါ

    ရွှေစင်

    ReplyDelete
  10. ပေါတာကြီး

    ReplyDelete
  11. သန့် ညီမ စားသွား၊ ထုပ်သွားနော်...:)
    ဏီလင်း မကြိုက်လဲ စား၊ ကြိုက်လဲစား...ဒါဗြဲ...:)
    Vis အမ လည်းဘုရားကပ်ပါတယ်ကွ...ထည့်မရေးဖြစ်တာပါ...
    ဂျင်း ပန်းကန်တော့ ပြန်ပေး နော်...ငှက်ပျောဖက် ယူချင်ယူ...:)
    မငယ်ရေ သွားရည်ယိုတယ်ဆိုလို့ ဝမ်းသာ...အဲ အပြင်မှာ တကယ့်ကို ကျွေးချင်တာပါ...:)
    မောင်မိုး သာဓုပါတော်...:)
    ညီမ စုချစ်ရေ...ထပ်တူ ဆုတောင်းပေးပါတယ် ညီမရေ....:)
    ညီမ ဇွန်...ပန်းကန်ကျန်ရင် တော်ပါပြီ ညီမရယ်...:)
    ရွှေစင် :စားသွားသူငယ်ချင်း အဝသာစား...:)
    အမည်မသိ: ကော်မန့် ၃လုံး အားထုတ်ရေးခဲ့တဲ့အတွက် ကျေးဇူးပါ...ဘလော့ဂ်နောက်တခု အသစ် ဖွင့်ဖြစ်ရင် ဒီနာမည်နဲ့ ဖွင့်ဖို့ စဉ်းစားပါမယ်...

    ReplyDelete
  12. မင်္ဂလာနှစ်သစ်ပါ အမရေ၊
    မုန့်လုံးထဲ ကုလားအော်သီးရော မထည့်ဘူးလား၊
    ဘာ ရက်ပ်သီချင်းများဆိုပါလိမ့်၊

    ReplyDelete
  13. အန်တီး.. မုန့်လုံးရေပေါ်တွေ စားချင်စရာကြီး။

    ReplyDelete
  14. ညီမ ပြုံးပန်း ကုလားအော်သီး ထည့်ပါဘူး ညီမ ရယ် မေတ္တာတွေ ထည့်ထားပါတယ်...မြနန္ဒာကို ရက်ပ်ဗားရှင်းလေးနဲ့ ဆိုပါတယ် ညီမရေ...ရှူး တိုးတိုး....စိုင်းစိုင်းတို့ ကြက်ဖတို့ ကြားသွားမှ...:)

    TZA ချားချင်ရင် ချားပါ တားတားရေ...:)

    ReplyDelete
  15. အမရေ.. ကောင်းသော နှစ်သစ်၊ မင်္ဂလာရှိသော နှစ်သစ်ပါ ... မုန့်လုံးရေပေါ် မစားရတာ ၅ နှစ်လောက်ရှိတော့မယ်... ဒီမှာက အုန်းသီးအစိမ်း ၀ယ်မရဘူး.. အဲဒီလိုဆိုတော့ မလုပ်စားဖြစ်ဘူး.. သင်္ကြန်အချိန်ရောက်ရင် သူများ တကာ blog မှာတင်တဲ့ မုန့်လုံးရေပေါ်ပဲ မျှော်ပြီး ပြန်သွားရတယ်.. ရေးရင်းနဲ့ ကိုယ့်ကိုကိုယ်တောင် သနားလာသလိုလိုပဲ.. အဟိ.. :D

    ReplyDelete
  16. စားချင်စရာ..
    ငှက်ပျောဖတ်ကအစ သန့်ရှင်းနေတာ။
    (ငှက်ပျော်ဖတ်ပါ စားချင်တယ် လို့ မယူဆရ)

    ReplyDelete
  17. မုန့်လုံးလှလိုက်တာ :)
    လုံးနေရောပဲ
    စားသွားတယ်နော်၊
    နှစ်သစ်မှာ ပိုပြီးတိုးတက်ကြီးပွားအောင်မြင်ပါစေ
    စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ
    ပျော်ရွှင်ချမ်းမြေ့ပါစေ
    လေးစားလျှက်

    ReplyDelete
  18. You can buy a ready made "grated coconut" packet in NTUC.

    ReplyDelete
  19. ညီညာလုံးဝိုင်းနေတဲ့ မုန့်လုံးရေပေါ်လေးတွေကြည့်ပြီး
    ဘယ်လောက် စေတနာ၊ မေတ္တာ၊ သစ္စာ၊ ချစ်ခင်ခြင်း နဲ့ သံယောဇဉ်တွေ အချိုးကျထည်ံပြီး အားစိုက်လုံးထားတယ်ဆိုတာ သိနိုင်ပါတယ်။
    အခုမှ လာစားနိုင်တာ ခွင့်လွှတ်ပါ မချစ်ရေ..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...