Saturday, April 3, 2010

ဘာလီ ခရီးစဉ်-၎

ဒီနေ့တော့ တရက်ခရီးလေး စလိုက်ကြစို့...အဲ...အဲဒါလေး မစခင်မှာ ကျမသမီးလေး အကြောင်း နဲနဲလောက်ပြောပါရစေနော်...

သူ့ဆီ ကျမ မသွားတာကြာပြီ။ ခမျာမှာ အရပ်ကပဲ ဝိုင်းထိန်းရင်း ကြီးပျင်းနေရရှာတာ၊ ဒီနေ့တော့ စိတ်ထဲ သတိတရ ဖြစ်လာတာနဲ့ သွား ကြည့်မိတော့ အို...သနားစရာ သူ့ခမျာ ယင်တလောင်းလောင်းနဲ့ အစားလည်း မစားရလို့ ချိနဲ့နဲ့ ဖြစ်နေရှာတာ။ ကျမကို တွေ့တော့ သူ့မှာ ပျော်ရှာလွန်းလို့ လက်ခုပ်လက်ဝါးများတောင် ခုန်ပေါက်ရင်း တီးရှာတယ်။ ဒါနဲ့ သူ့ကို ရေမိုးချိုး၊ မန်မန်းခွံ့၊ မြို့ထဲလေး ဘာလေး ခေါ်ထုတ် သွားခဲ့တယ်။ စတိုးဆိုင်မှာ အင်္ကျီ ဒီဇိုင်း အသစ်တွေ တွေ့တာနဲ့ သူနဲ့လိုက်ဖက်မဲ့ အထည်လေး ၂ထည်၊ ဖိနပ်တရံ၊ ခေါင်းစည်းကြိုးလေး တခု ဝယ်ပေးခဲ့တယ်။


အိမ်ပြန်ရောက်တော့ ခြံထဲဆင်းပြီး သူဝါသနာပါတဲ့ ဂီတာလေးတီး၊ သီချင်းလေးလည်း ဆိုခိုင်းခဲ့သေးတယ်။ ပြီးတော့ ခြံထဲက အပင်တွေ ခူးပြီးရောင်းခဲ့တယ်။ သူငယ်ချင်းတွေ အိမ်ကိုတောင် လိုက်မပို့နိုင်ခဲ့ပါဘူး ကျမသူ့ကို နှုတ်ဆက်ရင်း ပြန်ခဲ့တော့တယ်။ ဟင့်အင်း ကြာကြာ နေရင် ကျမ သံယောဇဉ် ပြန်တွယ်သွားမှာ...။ လက်ပြနှုတ်ဆက်နေတဲ့ သူကလေးကို ထားခဲ့ရင်း ဇွတ်ထွက်ခဲ့မိတယ်...။ ဪ...သံယောဇဉ်...သံယောဇဉ်...အတော်လည်း ကြောက်စရာ ကောင်းပါလား...။


ကဲ...မျက်ရည်လေး ဘာလေး သုတ်ပြီး ဘာလီခရီးလေး ပြန်ဆက်လိုက်ကြ ရအောင်...။ ဘာလီကျွန်းက စလုံးထက် ၇ဆ ပိုကျယ်တော့ ကာ သူ့မှာ တူးရစ်တွေ သွားသင့်တဲ့ နေရာတွေ အများကြီး ရှိနေပါတယ်။ Not just a beach ပါ ။ Sight seeing tour လား၊ Adventure tour လား၊ Harmony tour လား အများကြီးပါပဲ။ Sight Seeing တနေ့လုံးမှ တယောက်ကို အစိမ်း ၃၅-၄၀၊ Adventure ဆိုရင်တော့ တယောက်ကို အစိမ်း ၇၀-၈၀ လောက်ထိ ပေးရတတ်ပါ တယ်။ အချိန်မရသူတွေအတွက် နေ့ဝက်ခရီးတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် တန်ကိုတန် ပါတယ်။

ဘာလီလေဆိပ်ရောက်လို့ လာ့ဂိတ်ခ်ျ ရွေးတဲ့နားမှာ ပန်ဖလက်လေးတွေ အများကြီးရှိပါတယ်။ ယူနိုင်သလောက်ယူပြီး ဈေး နဲ့ လိုက်ပို့မဲ့ နေရာတွေ ယှဉ်ကြည့်၊ ပြီးမှ ဆုံးဖြတ်၊ ရွေးချယ်လို့ ရပါတယ်။



ဈေးသိတ်ကွာလှတယ်ရယ် မဟုတ်ပါဘူး။ ကျမတို့ကတော့ ရွေးမနေတော့ပဲ လေဆိပ်ကနေ ဟိုတယ် ထရန်စဖာ လာကြိုတဲ့ကားသမား လက်ပဲအပ် လိုက်ပါတယ်။

ကျမပြောပြီးပါရော...အိမ်ကလူကြီးက Mr. Nice Guy ပါလို့ဆို...သူ့သဘောနဲ့ ရွေးလိုက်တာမို့ ကျမ ကြေးများချိန်၊ ရွေးချိန်မရလိုက် တာပါ...။ ကားမောင်းသမားက အရမ်းကို ချိုနေတော့ ဟိုလူကြီး အကြိုက်တွေ့သွားပုံပါပဲ...။ ဟုတ်တယ် ကျမ အသည်းမာသလောက် သူက အဲသလို အယုံလွယ်တယ်။

အဲဒီနေ့က သွားခဲ့တဲ့ နေရာတွေထဲကမှ အစီအစဉ်အလိုက်မဟုတ်ပဲ တခုချင်းစီ ဆွဲထုတ်ပြီး ပြောသွားချင်ပါတယ်။ ပထမဆုံး ကော်ဖီခြံ အကြောင်းကနေ စပါမယ်။ စိတ်ဝင်စားစရာ ကော်ဖီ လူဝလေးအကြောင်း သဘောကျမိလို့ပါ။

အဲဒီခြံထဲမှာ တွေ့သမျှ အပင်တွေ လျှောက်ရိုက်ခဲ့ပါတယ်။ ဒီအပင်က ကျမ အချစ်ကို ချွဲနွဲ့ချင်တဲ့အခါ ခေါ်လေ့ရှိတဲ့ အပင်ပေါ့...။ နာမည်က ကိုကိုး...တဲ့...




ဟိုးတုန်းက လူကြီးတချို့အခေါ် ကာဖီရည်...တချို့ ကော်ဖီ...တချို့ ကော်ကော် အဲ...တချို့ကတော့ မလေးလို ကိုပီ၊ တရုတ်လို ကားဖေး...လို့ ခေါ်ကြတဲ့ အသီးပေါ့...ကျမ အခေါ်တော့ ရင်ခုန်ရည် ပေါ့...တကယ် ကျမက ကော်ဖီသောက်ရင် ရင်ခုန်တယ်...



အဲဒီ ကော်ဖီသီးက မှည့်လာရင် အခုလို အနီရောင်လေး ဖြစ်သွားတယ်။ ကားသမားက ခူးပြီးတော့ အသီးတလုံးစီ စားကြည့်ဖို့ ပေးတယ်။ အိုး...ဆေးကြောမနေပါဘူး ဒီအတိုင်း ပါးစပ်ထဲပစ်ဝါးလိုက်တယ်။ ဒါ...မြန်မာပြည်သား ဒီလောက်က အင်မြူး ဖြစ်ပြီးသား...ဒါလေးများ...ဟား ဟား...။ အထဲမှာ ကော်ဖီစေ့ မာမာကို ဝါးမရတာလွဲလို့ အသားရဲ့ အရသာက ကျမတို့ ငယ်ငယ်က ဆော့ရင်း စားခဲ့ကြဖူးတဲ့ ပုဏ္ဏရိတ်သီးနဲ့ ခပ်ဆင်ဆင်ရယ်။


ဒါက ရိုးရာအတိုင်း ကော်ဖီပြုလုပ်ပုံ အဆင့်ဆင့်ပါ...
မှည့်လာတဲ့ ကော်ဖီသီးတွေကို နေလှမ်းပြီး ခြောက်သွေ့ အခွံချွတ် သန့်စင်ပြီး ကော်ဖီစေ့တွေ...


ပြီးမှ အခုလို မီးဖိုပေါ်တင် လှော်ရပါတယ်၊ လှော်သူရဲ့ လက် အဆနဲ့ မီးပေးမှု အပေါ် မူတည်ပြီး ကော်ဖီရဲ့ အနံ့ အရသာ ကွာခြားသွားပါတယ်။


ခုခေတ် စက်ကြီးတွေနဲ့ အချိန်နာရီ ပုံသေထားပြီး Roast လုပ်၊ တခြားဖြည့်စွက် အနံ့ အရသာတွေ ရောထည့်ထားတာမျိုး မဟုတ်ဘူးလေ သဘာဝ လက်ဖြစ် ကော်ဖီ စစ်စစ်ပါ...ဒါက လှော်ပြီးသား ကော်ဖီစေ့တွေပေါ့...


အဲဒီလို လှော်ပြီးသားကိုမှ ခုလို အားကောင်းမောင်းသန် လူကလေးက ဆုံထဲထည့် ထောင်းလိုက်တဲ့ အခါ....


ခုလို ကော်ဖီမှုန့် မွှေးမွှေးလေး ဖြစ်လာရောတဲ့ကွယ်...


ဒါရိုးရိုးကော်ဖီပဲ ရှိသေးတယ်...ကျမ ပြောချင်တဲ့ ကော်ဖီ လူဝလေးအကြောင်း မဟုတ်သေးဘူး...ကဲ လာပြီ သူ့အကြောင်း...။
Luwak ဆိုတာက ဘာလီနီးစ်လို၊ အင်္ဂလိပ်လိုတော့ Pea Berry ပီးဘယ်ရီ၊ မြန်မာလို အသံထွက်နဲ့တော့ လူဝ လို့ ခေါ်တဲ့ မျက်လုံးပြူးပြူး အမြီးဖွားဖွားနဲ့ ချစ်စရာ အကောင်ကလေး...


သူက ကော်ဖီပင်အောက်မှာပဲအိပ်၊ ကော်ဖီပင်ပေါ်မှာပဲနေ ပြီးတော့ ကော်ဖီသီးအမှည့်တွေပဲ စားသတဲ့...အင်မတိ အင်မတန် ပျင်းတဲ့ ငပျင်းကလေးဆိုပါတော့ (ဟယ်...ပုံပြောနေသလို ပဲတော့) ဘယ်မှလည်း မသွား၊ ဘာအလုပ်မှလည်း လုပ်စရာမလိုတော့ ကော်ဖီပင်နားမှာပဲ စားလိုက်၊အိပ်လိုက်၊ အီအီးပါလိုက် နဲ့...


အဲဒီမှာ ကော်ဖီနဲ့ ပြန် ချိတ်ဆက်ပေးဖို့ ဖြစ်လာပုံက...သူပါခဲ့တဲ့ အီအီးတုံးကလေးတွေ (ပုံထဲမှာတွေ့လား အတောင့်လိုက် ချစ်စရာကလေးတွေ)ကို လိုက်ကောက် သန့်စင်၊ နေလှမ်း...ပြီးတော့မှ အပေါ်က ကော်ဖီ ပရိုစက် အတိုင်း သွားလိုက်တာ...


အောက်မှာ ပြထားတဲ့ ပုံထဲကလို...ကော်ဖီ လူဝရယ်လို့ ဖြစ်လာသတဲ့...
ကဲ ဒီတပတ်တော့ ပုံပြင်ကလေးက ဒါပါပဲကွယ်...


အဲဒီမှာ စမ်းသောက်ကြည့်ဖို့ ၄ခွက်ပေးပါတယ်၊ ရိုးရိုးကော်ဖီတခွက်၊ ကိုကိုးတခွက်၊ ဂျင်ဂျာတီးတခွက် နဲ့ လီမွန်တီးတခွက်ပါ။ အလကားရတာမို့ အကုန် ပြောင်အောင်သောက် ပါတယ်။ အစက်တစက် ကျန်သေးလားလို့ ခွက်ကို မှောက်ပြီးကြည့်ပါသေးတယ် ကုန်ပြီ သေချာမှ ခွက်ကို ပြန်ချထားခဲ့လိုက်ပါတယ်...ကော်ဖီလူဝ ကိုကျတော့ မတိုက်ပါဘူး ဈေးအရမ်းကြီးလို့ပါ။ တခွက်ကို ရူပြား တသိန်း....စလုံး ၁၅.၆ ကျပါတယ်။ ကျမကလည်း ဒါမျိုး စိတ်ကြီးတယ် ဝယ်ကို မသောက်ပါဖူး...:)

ပြန်အထွက်မှာ ရေမွှေး အဆီ၊ ရီလက်စ်ဇေးရှင်း အတွက် သုံးတဲ့ကောင်တွေရယ်၊ လီမွန်တီး ၃ ထုတ်ရယ် ဝယ်ခဲ့ပါတယ်...
Receipts တွေက ကျမ အသိမ်းလွန်သွားပြီး ရှာမရ ဖြစ်နေလို့ ဈေးတွေ ပြောမပြနိုင်တော့ ပါဘူး၊ ပြန်ရှာကြည့်ပါအုံးမယ်...တွေ့ရင် ပြောပါမယ်...



ကဲ...ကဲ...Coffe Luwak anyone ???

18 comments:

  1. အံမယ်...၁ ချည်းရတာ နှစ်ခါဆက်တိုက်ပါလား...အဟက်

    ဇွန့်အတွက်လည်း ကော်ဖီက ရင်ခုန်ရည်ပဲ။ သောက်ပြီးရင် ရင်ခုန်လွန်းလို့ ဆက်မသောက်နိုင်ဘဲ ပစ်ထားတာကြာပြီ။

    စိတ်ဝင်စားစရာပဲ မမရေ။ ဆက်ပါအုံး။ ဖတ်လို့မ၀သေးဘူး။

    ReplyDelete
  2. ကော်ဖီ အစေ့ကိုတော့ ကျွန်မတို့ ရောက်ခါစက အမျိုးသားက ကော်ဖီမှုန့်ထုတ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ဖူးတုန်းက မကြာခဏ ယူလာပြလို့ တွေ့ဖူးတာ ကြာပြီ။ ဒါပေမဲ့ ကော်ဖီ အပင်နဲ့ အသီးကို အခုမှ တွေ့ဖူးတယ်။ မျှဝေပေးတာ ကျေးဇူးပဲနော့်။ ကော်ဖီသောက်ရင် ရင်ခုန်တာလား ရင်တုန်တာလား။ ကျွန်မလည်း ကော်ဖီသောက်လို့ မရဘူး ရင်တုန်လို့။ အဲဒါ ရင်ခုန်တာတော့ မဟုတ်လောက်ပါဘူး။ ရင်တုန်တာပဲ ဖြစ်မှာပါ။

    ReplyDelete
  3. ကော်ဖီ လား လာခဲ့ သောက်မယ်...
    ကော်ဖီလူဝ လေး သောက်ခဲ့ ရောပေါ့ သူငယ်ချင်းရယ်.. အရသာလေးသိရတာပေါ့..

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  4. ဇွန်... ပထမ ရတာ ကောင်းတာပေါ့...
    စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူး... ပိတ်သတ်တွေ မျှော်နေကြတာသိလို့ အမှိုက်တွေ မရှင်း... ထမင်း ဟင်း မချက်ပဲ နဲပါတ် ၅ ကို ဆက်ရေးနေတယ်...

    မငယ်... တခါတလေ အဲဒီလိုပဲ... ရော ရောချတတ်တယ်...း))

    ရွှေစင်... နောက်တခါကျ သောက်ကြည့်မယ်... ဒါပေမယ့် အလကားရမှ... ဒီက စိတ်ကြီးပါတယ် လို့ ပြောပြီးသား...း))

    (ချစ်ကြည် စာရေးချိန်များများရအောင် ကူညီ၍ ကော်မန့် ပြန်ပေးသွားသည်... ဒီသူငယ်ချင်းမျိုး ရှာကြည့်ပါ... ထမင်းထုပ်သာမက စည်သွတ်ဗူးများပင် သိုးသွားစေရမည်..)

    ReplyDelete
  5. သက်ဝေ....
    ချစ်စရာ ကောင်းလိုက်တဲ့ သူငယ်ချင်းလေး ကော်ဖီလူပိန် တိုက်မယ်...လောလောဆယ် ပိုက်ဆံ နဲနဲလောက်ချေးခဲ့ပါ...:)

    ReplyDelete
  6. မငယ်...သက်ဝေ ပြောတာ မယုံနဲ့...ကော်ဖီသောက်ပြီးရင် ရင်ကခုန်လဲခုန်၊ တုန်လဲတုန်...ခုန်တုန်တုန်လေး.....
    ဒါပေမဲ့ ရင်ခုန်တာလေးက ပိုကဗျာဆန်သလားလို့.....
    ဟင်း ဟင်း ဟင်း...:)

    ReplyDelete
  7.ီအဲ့လောက် ဈေးကြီးတယ် .. :((
    လာဖတ်သွားတယ် ..:)

    ReplyDelete
  8. သက်ဝေ....သူငယ်ချင်း ကော်ဖီ ကြိုက်တာ တို့က သိပြီးသား...
    ကော်ဖီ လူပိန်က လူဝကောင်ကလေးလို ကော်ဖီစေ့ချည်းပဲ စားတာမှုတ်ဖူး...အစုံစားသတဲ့....ငှက် ငှက် ငှက်....:)

    ReplyDelete
  9. မြသွေးကတော့ ကော်ဖီဆို တစ်နေ့ ၄ခွက်အသာလေးဘဲ။
    တုန်ချင်တုန် ခုန်ချင်ခုန် မက်မက်စက်စက်ကို သောက်တယ်။
    အဲ..ကော်ဖီလူဝကြီးဖတ်ကြည့်တော့ ရွံတွန်တွန်ရှိပေမယ့် ဈေးကြီးတယ်ဆိုလို့ ဘယ်လောက်များ အရသာကောင်းနေလို့လည်းလို့ သိချင်ပြန်ရော..။
    ဘာလီ - ၅ လုပ်ပါဦးဗျို့..။

    ReplyDelete
  10. အဟေးးးကော်ဖီလူဝဆိုတာတော့ မြည်းကြည့်ချင်သား။ ဒါမျိုးက မက်လောက်စရာပဲ။ မျောက်ချီးခါး၊ ဂျီချီးခါး၊ ဖြူချီးခါးတွေလောက်တော့ ကောင်းမယ်မထင်။

    ReplyDelete
  11. ကော်ဖီပင်နဲ့ ငယ်ငယ်ကတည်းက ရင်းနှီးဖူးတာမို့ အမှတ်ရသွားပြီ၊

    ReplyDelete
  12. ဒီလောက်တောင်ရင်ခုန်လွယ်ရသလားကွယ်... သတိထားနော်ကောင်မလေး.. :D

    ReplyDelete
  13. မမ...ညီမလေးက ကော်ဖီကို တအားကြိုက်ပေမယ့် ကော်ဖီပင်နဲ့ အသီးကို ခုမှပဲ သေသေချာချာ မြင်ဘူးတော့တယ်...ခုတစ်ပတ် ပုံပြင်လေးက ဒါပဲဆိုတော့ နောက်တစ်ပတ်ပုံပြင်လေး မျှော်နေမယ်နော်...မီးကိုလည်း ကော်ဖီလူပိန် (လူဝဆို မကြိုက်လို့ :))) တစ်ခွက် ပေးပါဗျို့...

    ဂျင်ဂျင်း

    ReplyDelete
  14. အနော်ကတော့ ကော်ကော်ပဲ သောက်လို့ ရတယ်ဂျ...
    လက်ဖက်ရည်သောက်ရင် ဝီထက် ပိုမူးတယ်။ သောက်ပြီး ကားများ စီးလို့ကတော့ ကားပေါ်မှာတင် ဥသြဆွဲပစ်လိုက်တယ် မှတ်ထားပဲ။

    ကော်ကော်လူဝလေး ဝယ်လာတာ ဟုတ်ဘူး. . ကိုယ့်မောင်လေးကို မတိုက်ချင်ဘူးလား . .မကောင်းဘူး အမတွေ တစ်ယောက်မှ မကောင်းဘူး. . .ဟွန့်. .

    မျှော်နေတယ်နော်...
    ကော်ကော်ဟုတ်ဘူး..အပိုင်း ၅

    ReplyDelete
  15. မှားပါတယ်...ကာဖီမှုန့်အရောင်း ကိုယ်စားလှယ်နဲ့လာတွေ့နေတယ်

    ReplyDelete
  16. ကော်ဖီဆို တအားကြိုက်တာ တနေ့သုံးခွက်လောက် သောက်တယ်။ မသောက်ရရင် အလုပ်ထဲမှာ စိတ်တိုသလိုပဲ။း))

    ခင်မင်လေးစားလျှက်

    ReplyDelete
  17. ကော်ကော်သောက်ရင် တို့လဲ ရင်တုန်တယ်။ ရုံးမှာ အရမ်း အိပ်ငိုက်တဲ့ အချိန်မှပဲ မအိပ်ဆေးအနေနဲ့ သောက်ရတယ်။ အိမ်ကလူကတော့ ကော်ဖီကြိုက်လွန်းလို့ အဲသလို လတ်လတ်ဆပ်ဆပ် ကော်ဖီမှုန့်မျိုးနဲ့ ဖျော်ပေးချင်လိုက်တာ။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...