Monday, October 28, 2013

CKA’s death note

 
ကျွန်မက သေခြင်းတရားကို စိတ်ဝင်စားသူ။ သေခြင်းတရားဆိုတဲ့နေရာမှာ သေပြီးနောက်ဆိုတာကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဘယ်သူငိုငို  ဘယ်သူဆွေးဆွေး ဒါ ကျွန်မကိစ္စမဟုတ်။ ကျွန်မ စိတ်ဝင်စားတာက မသေခင်ကာလအပိုင်းအခြားငယ်လေး တစ်ခု။ 
ဆိုကြပါစို့ လူတစ်ယောက်ဟာ သူ သေတော့မယ်လို့ (၃)လ ကြိုတင်သိနေတယ်။ ဒါဟာ သူ့အတွက်တော့ နောက်ခရီးတစ်ခုဆက်ဖို့ အကောင်းဆုံး ပြင်ဆင်နိုင်တဲ့ အနေအထားပဲ။ ကြိုတင်မသိရဘဲ မတော်တဆမှုတွေမှာ ပါဝင်သေဆုံးသွားတာမျိုးနဲ့စာရင် ဒါဟာ လောကကြီးကို အနိုင်ပိုင်းနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ရလိုက်တာပဲ။ ကျွန်မကတော့ သိခွင့်ရရင် အဲသလိုကြိုတင်သိချင်မိတယ်။
ကျွန်မပြောခဲ့သလို အဲဒီအခွင့်အရေးကိုရပါပြီ တဲ့။  ကျွန်မ ဘာလုပ်မလဲ….။

ပထမဦးဆုံး ကျွန်မ တုန်လှုပ်ကြေကွဲလိမ့်မယ်။

ဘုရားရှေ့သွားပြီး ကျွန်မစိတ်တွေကို တည်ငြိမ်အောင် ကြိုးစားမှာပဲ။ ကျွန်မ အတတ်နိုင်ဆုံး တရားရှု့မှတ်မှုနဲ့ စိတ်ကို အနည်ထိုင်စေမယ်။ အတော်အတန်တည်ငြိမ်လာတဲ့အခါ ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို စတင်စဉ်းစားမယ်။ ကျွန်မဘယ်လိုသေမှာလဲ…။ အငြင်သာဆုံး အသိမ်မွေ့ဆုံးနောက်ဆုံးထွက်သက်ကို ရဖို့၊ လူ့လောကကြီးထဲက အေးအေးညင်ညင်ထွက်ခွာသွားနိုင်ဖို့ ကျွန်မ ပြင်ဆင်မယ်။ အချိန်ကလေးတစ်ခု သတ်မှတ်ပြီး တရားအားထုတ်မယ်။ ဖြစ်နိုင်ရင် တရားရိပ်မှာပဲ သေမယ့်နေ့ကို တရားအားထုတ်ရင်း စောင့်ချင်တယ်။ ဒါပေမယ့် ကျွန်မ မသေချာဘူး။ စိတ်ထဲမှာတော့ သေမယ့်အရေးတွေးကြောက်နေမှာထက် ငါ အနိုင်ပိုင်းလိုက်နိုင်ပြီ ပြင်ဆင်ချိန်ရလိုက်ပြီ လို့သာ ခပ်နာနာတွေးပေးနေရမှာပဲ။

ဒုတိယအနေနဲ့ ကျွန်မမှာရှိတဲ့စာအုပ်တွေကို မပြည့်မစုံရပ်တည်နေရတဲ့ စာကြည့်တိုက်ကလေးတစ်ခုကို လှူခဲ့မယ်။ ကျွန်မအဝတ်အစားတွေကို နွမ်းပါးတဲ့ ဆွေနီးမျိုးစပ်တွေကို ပေးကမ်းခဲ့မယ်။ သူတို့မလိုလို့ ပိုလျှံတဲ့အခါမှ တစ်ခြားလိုအပ်နေသူတွေအတွက် ပေးလှူစေမယ်။  ကျွန်မပိုင်တဲ့ ပန်းချီပစ္စည်းတစ်ချို့၊ အသုံးအဆောင် အလှအပပစ္စည်းတစ်ချို့ ဒါတွေကိုလည်း လိုသူတွေ ယူနိုင်စေဖို့ ကျွန်မ စီစဉ်မယ်။

ကျွန်မဖေ့စ်ဘုတ်ပေါ်မှာတင်ထားတဲ့ ကျွန်မဓါတ်ပုံတွေ ဖျက်ပစ်ခဲ့မယ်။ ကျွန်မ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ကျွန်မ မတောက်တခေါက်ဆွဲခဲ့တဲ့ ပန်းချီကားလေးတွေ၊ အသံတိမ်တိုက်ထဲက ကျွန်မ ဝါသနာအရဆိုခဲ့တဲ့ သီချင်းတွေ…..အားလုံးကို ကျွန်မ ချစ်သူခင်သူတွေအတွက် အမှတ်တရပေးခဲ့မယ်။ တစ်ယောက်ချင်းစီအတွက်ပေါ့။ ဒီပုံလေးကဖြင့် ဘယ်သူ့အတွက်၊  ဒီကားလေးကဖြင့် ဘယ်ဝါ့အတွက်၊ ဘယ်သီချင်းလေးကဖြင့် ဘယ်သူ့အတွက် အဲသလို…..။ ပြီးတော့ ကျွန်မ ရေးခဲ့တဲ့ ဘလော့ဂ်လေး…..။ ကျွန်မ ချစ်ခင်ရတဲ့သူလက်ထဲ ပုံအပ်လို့ သူ့ကိုပဲ ဆက်လက်အသက်သွင်းစေခဲ့မယ်။ သူ ဆန္ဒရှိရင်ပေါ့….။

တတိယအနေနဲ့ မိဘဆွေမျိုးတွေဆီ လိုက်လံ နှုတ်ဆက်မယ်။ ကျွန်မ မသေခင် တွေ့ချင်တဲ့ ချစ်သူခင်သူတွေဆီ ခရီးထွက်မယ်။ ကျွန်မ မရှိတဲ့အခါ သူတို့ဘဝကို ပုံမှန် ဆက်လက်လည်ပတ်ပါမယ့်အကြောင်း ကတိတစ်ခု သူတို့ဆီက လိုချင်တယ်။ ကျွန်မကို သတိရလွမ်းဆွတ်မနေဖို့ ပြောခဲ့မယ်။  လလည် နှစ်လည် သတိတရဆွမ်းတွေကပ်နေမယ့်အစား ဘုရားကိုသာ ဆွမ်းတော်မှန်မှန်ကပ်ဖို့အကြောင်း မှာခဲ့မယ်။

စတုတ္ထတစ်ခုအနေနဲ့ အသက်ရှင်နေစဉ်မှာ ကျွန်မ မသိလိုက်ဘဲဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ကိုယ်စိတ်နှလုံး သုံးပါးစလုံးနဲ့ ပြစ်မှားမိခဲ့ဖူးသူတွေအပေါ် အပြစ်ရှိသမျှ ခွင့်လွှတ်ဖို့အကြောင်း ဝန်ချတောင်းပန် ချင်သေးတယ်။ မိတ်ဆွေတွေကိုလည်း အသက်ရှင်သန်ခွင့်ရစဉ်မှာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်ကြဖို့၊ တစ်ယောက်တန်ဘိုးကို နောက်တစ်ယောက်က နားလည်ဖို့၊ လိုအပ်ချက်တွေ ရှိတဲ့အခါတိုင်း ဖြည့်တွေး ခွင့်လွှတ်ကြဖို့ မှာချင်တယ်။

နောက်ဆုံးတစ်ခုအနေနဲ့ (အသက်ရှင်နေနိုင်သေးတဲ့) နှစ်ဘက်မိဘနဲ့ ကျွန်မထက် အသက် တစ်နေ့တစ်ရက်တစ်မနက်ကြီးသူတွေကို ကန်တော့မယ်။ ကျွန်မအပေါ် နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ ချစ်မြတ်နိုးရှာခဲ့တဲ့ ကျွန်မရဲ့အိမ်ထောင်ဘက်ကို ထိခြင်းငါးပါးနဲ့ ပျပ်ဝပ်ရိုကျိုးခဲ့မယ်။ သားသမီးရယ်လို့ မရှိတဲ့အတွက် အဲသည်ကြိုးတစ်ချောင်းရဲ့ ချည်နှောင်မှုကင်းပုံကို ကျွန်မ ကျေနပ် မိနေမယ့်အချိန်လည်း ဖြစ်ကောင်းဖြစ်မယ်။

ဒါဟာ သေဆုံးခြင်းဆိုတာထက် ခရီးအသစ်တစ်ခုရဲ့ အစပျိုးခြင်းလို့ မှတ်ယူဖို့ နီးစပ်ရာတိုင်းကို နှစ်သိမ့်ခဲ့မယ်။ သံသရာကိုယုံကြည်တဲ့အလျောက် မလွတ်မြောက်နိုင်သေးတဲ့ ကျွန်မလို ပုထုဇဉ်အတွက် ဖြစ်လေရာရာ ဘဝတိုင်းမှာ သစ္စာတရားများကို ဟောကြားတတ်သော ဆရာကောင်းများနဲ့ တွေ့ဖို့၊ အမြတ်ဆုံးသောသစ္စာတရားများကို နာကြားနိုင်သော ကိုယ်အင်္ဂါပြည့်စုံဖို့၊ အာရုံခံရုပ်များအားလုံး ကောင်းမွန်ဖို့ ကျွန်မ ဆုတောင်းမယ်။ ဖြစ်လေရာဘဝမှာ မရှောင်လွှဲနိုင်လို့ ကြုံတွေ့ရခဲ့ရရင်တောင် သမုဒယသံယောဇဉ်ဆိုတဲ့ အပူမီးကို လွယ်လွယ်ဖြတ်တောက်နိုင်တဲ့သူ ဖြစ်စေဖို့ ဆုတောင်းချင်သေးတယ်။

တကယ်တော့ ဆုတောင်းခြင်းဆိုတာ မိမိကိုယ်ကို နှစ်သိမ့်ခြင်းလို့ သိနေတဲ့အတွက် အဲဒီအပိုင်းကို ခဏမျှသာ အချိန်ပေးပြီး ခန္ဒာကို ရှု့မှတ်နေခြင်းနဲ့သာ နောက်ဆုံးထွက်သက်ကို ကုန်စေမယ်။ ရယ်စရာကောင်းတာတစ်ခုက ကျွန်မခန္ဓာကိုယ်ကို လှူဒါန်းခဲ့ရမယ့်အရေးကို ရှက်နေတာပဲ။ ကျွန်မခန္ဓာကိုယ်ကို ခွဲစိတ်လှီးဖြတ်ခံရမှာထက် သေပြီးကာမှ ကျွန်မအရှက်ကို လူမြင်သူမြင် မဖြစ်စေချင်တာ။ သေပြီးမှပဲလေလို့ ဘယ်လိုပဲဖြေတွေးတွေး အဲဒီကိစ္စကို ကျွန်မ သွေးကြောင်နေတုန်း၊ အရှက်သည်းနေမိတုန်းပဲ။ 

ဒီတော့ မီးသဂြိ င်္ုလ်ဖို့ ကျွန်မ မှာခဲ့မယ်။ ပြာအိုးတွေ၊  အရိုးပြာတွေဘာတွေ ကောက်မနေဖို့လည်း မှာဦးမယ်။ ဘာမှ လုပ်မနေစေချင်ဘူး။ ပြာဖြစ်သွားမယ့် ခန္ဒာကြီးကို တခုတ်တရ လုပ်မနေစေ ချင်တာ။ သေခြင်းတရားဟာ မျက်နှာကြီးငယ် ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး သိပ်သစ္စာရှိတဲ့ကောင်ကြီးမို့ ရင်ဆိုင်တွေ့ရတဲ့အခါ ကျွန်မအနေနဲ့ ဘာမှ စိုးရိမ်စရာရှိမယ် မထင်ဘူး။ သူဟာ ကျွန်မပြုခဲ့ဖူးတဲ့ အကြောင်း အကောင်းအဆိုးအတိုင်း မျက်နှာမလိုက်ဘဲ၊  ဘာကိုမှ မငဲ့ကွက်ဘဲ စီမံမယ်ဆိုတာ စိတ်ချလက်ချ သိနေလို့ပဲ။ 

နောက်ဆုံးအချိန်မှာ ကျွန်မအနားရှိသူ ဘယ်သူ့ကိုမှ မငိုကြဖို့ မှာထားမယ်။ ထွက်ခွာတော့မယ့်ဆဲဆဲ ကျွန်မခရီးမှာ ကျွန်မခြေထောက်တွေကို တုန့်ကနဲရပ်စေမယ့် ဘယ်လိုနှောင်ငင်မှုမျိုးကိုမှ ကျွန်မ မလိုချင်ဘူး။ အဲဒါပါပဲ….။  ကျွန်မ ဘာမှာစရာ ကျန်သေးလဲ….။ ပိုင်ဆိုင်မှုသိပ်များသူမဟုတ်တာမို့ ခန့်ခွဲဖို့ များများစားစားရှိမနေတာဟာလည်း ကျေနပ်စရာ….။  



ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...