Friday, April 18, 2025

25Mar2025 throwback

နှစ်တွေအကြာကြီး ခင်မင်လာ၊ ချစ်လာကြတဲ့ မိတ်ဆွေတွေနဲ့ ခဏဆုံဖြစ်တယ်။ အချိန်ပေးပြီး လာတွေ့ပေးကြတာကိုပဲ ဝမ်းသာရတယ်။ အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ် တနေ့တနေ့ အားလပ်ချိန်ဆိုတာ ရှားပါးရတဲ့အထဲမှာလေ...၊
အဲဒီကပြန်လာပြီး မကြာဘူး၊ ငလျင်သတင်းတွေ မြေပြင်အခြေအနေတိုက်ရိုက်တွေ့မြင်နေရတာတွေကြောင့် လူလည်း အတော်လေး ပုံကျသွားပြန်တယ်။ 
သေဆုံးသွားတာမျိုးထဲမပါပေမယ့် အိမ်အခြေအနေအရ ဆက်နေဖို့မဖြစ်တော့လို့ တခြားနေရာတခုမှာ မိသားစုဆွေမျိုးတွေကို ရွှေ့ပြောင်းနေရာချထားပေးကြရတယ်။ နေ့ချင်းညချင်း မြို့ပျက်ကြီးနီးပါးဖြစ်သွားတဲ့ သူ့မြို့အတွက် အိမ်က မန်းသားက စိတ်ထိခိုက်ရှာတယ်။ ဘယ်တုန်းကမှ မျက်ရည်မကျ မလွယ်တဲ့သူက မျက်မှန်လေးပင့်ပင့်ပြီး မျက်ရည်ခိုးသုတ်တာကို မမြင်ချင်ယောင်ဆောင်ရတာလည်း ကိုယ့်အတွက် နာကျင်ရတာပါပဲ။ 
သေဆုံးတဲ့အထဲပါသွားတဲ့ သူ့မိတ်ဆွေ သူငယ်ချင်းတွေ၊ အိမ်ပြိုတိုက်ပြို စီးပွားပျက်ပြီး လမ်းမပေါ် ရောက်တဲ့အထိ ဖြစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ ဘယ်သူကများ ဘာမှမဖြစ်သလိုနေနိူင်မှာတဲ့လဲ...။
ကိုယ်သိပ်မြတ်နိုးရလွန်းတဲ့ မင်းကွန်း မြသိန်းတန်စေတီ၊ ပုထိုးတော်ကြီး...၊ အုတ်ပုံတွေကြည့်ရင်း မျက်ရည်ကျရလိမ့်မယ်လို့ ဘယ်သူတွေးမိပါ့မလဲ...၊ 
အနတ္တတရားကိုသာ အဖန်ဖန် ဆင်ခြင်နေရတာလည်း နာကျင်မှုပါပဲ...၊

ပုံကတော့ ဘာမှမသိသေးခင် ခဏကလေး စိတ်လက်ကြည်သာခဲ့ချိန်ကဆိုပါတော့...။

ဘယ်အရာမှမမြဲဘူးဆိုတဲ့အထဲ စိတ်အခြေအနေတွေရဲ့ တက်ကျပြောင်းလဲမှုကဖြင့် ကြည်သာနေတဲ့အညွန့်လူလူကလေးကို ရိုက်ချပစ်လိုက်နိူင်တဲ့အထိ၊ ရက်စက်နိူင်လွန်းပါတယ်...
အရယ်အပြုံးတွေ ရှားပါးလာရတဲ့အထဲ...
 စိတ်တွေဟာ ပျော်မနေပြန်ဘူး...။



ခကအ

No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...