Friday, November 12, 2021

ချစ်ခြင်းတရားနှင့် ဆက်စပ်အပိုင်းအစများ

 


(၁)

အဝတ်အစားအသစ်ဝယ်တိုင်း တချို့အဝတ်အစားတွေရဲ့အတွင်းသားထဲမှာ ချိတ်တွယ်ပေးလိုက်တဲ့ ကြယ်သီးအပိုလေးတွေကို တခုတ်တရသိမ်းတတ်တဲ့အကျင့်၊ ကျွန်မမှာရှိတယ်။


တချို့ဆို ကြယ်သီးအကြီးတလုံးအပြင် ကော်လာအတွက်လည်း အသေးတလုံးပါ ထည့်ပေးလိုက်  တတ်သေးတယ်။

အဲဒီကြယ်သီးတွေကို ထည့်ပေးလိုက်တဲ့ပလပ်စတစ်အိတ်အသေးလေးထဲကနေ ထုတ်ပြီး အဖုံးပါတဲ့ ဆလင်ဒါပုံဖန်ပုလင်းထဲထည့် သိမ်းထားတတ်တာ၊ အဲဒီဆလင်ဒါပုံဖန်ပုလင်းထဲမှာ အရွယ်စုံ အရောင်စုံကြယ်သီးကလေးတွေနဲ့၊  အပြင်ကနေ ပုလင်းကို လှုပ်ကြည့်ရတာကို ကျွန်မကြိုက်တယ်။


(၂)

တနေ့က အဲဒီဆလင်ဒါပုံဖန်ပုလင်းကိုဖွင့်ပြီး ကြယ်သီးတလုံး လိုက်ရှာရတယ်။ ရိုးရိုးအကြည်ရောင်ကြယ်သီးကလေးတလုံးပါပဲ။ ကျွန်မ အကျႌကြယ်သီးတလုံးပြုတ်သွားတာကို ပြန်ချုပ်ဖို့ပေါ့။


ဖန်ပုလင်းကိုမှောက်ချလိုက်တော့ တချို့ကြယ်သီးလေးတွေက ကြမ်းပြင်ပေါ်ကိုအပြားလိုက်ကျရမယ့်အစား ဒေါင်လိုက်ကျပြီး အနီးတဝိုက် နှစ်လိမ့်သုံးလိမ့် လည်ကျလာတယ်။  မျက်စိရှေ့ရောက်လာတဲ့ကြယ်သီးကလေးတလုံးကိုတော့ ကျွန်မညာလက်ဖဝါးက အုပ်ကိုင်မိလျက်သား ဖြစ်သွားတယ်။ ကြယ်သီးကလေးကို ကောက်ယူပြီး

ဘယ်ဘက်လက်ဖဝါးပေါ် ဖွဖွကလေးတင်ထားလိုက်မိတယ်။ 

အရင်ကတော့ အဲဒီကြယ်သီးကလေးကို လက်စွပ်ထည့်တဲ့ အနီရောင်ကတ္တီပါဘူးကလေးထဲမှာ သပ်သပ်ထည့်သိမ်းထားတာ။ ဘူးကေလးက အသည်းပုံ ပုံစံကလေး။ ဘူးထဲကနေထုတ်ပြီး တခြားကြယ်သီးတွေနဲ့အတူ ဆလင်ဒါပုံဖန်ပုလင်းထဲ ရောထည့်ထားပစ်လိုက်တာ၊ အဲ့နောက်ပိုင်း ကျွန်မ ခဏခဏ မငိုဖြစ်တော့ဘူး။ ဘာဖြစ်လို့ ဖန်ပုလင်းထဲမှာ တခြားကြယ်သီးတွေနဲ့အတူ ရောထည့်သိမ်းပစ်ခဲ့မိမှန်းလည်း ကျွန်မ မမှတ်မိတော့ပါဘူး။


(၃)

မှတ်ဉာဏ်တွေဟာ ဘယ်လောက်ပဲ ဟိုးအနက်ကြီးထဲသိမ်းဆည်းသော့ခတ်ထားထား၊ ဆက်စပ်တိုက်ဆိုင်လာတဲ့အခါ နှလုံးသားကို လေပြည်ကလေးဖြတ်ပြေးသလို သိမ့်ကနဲလှိုက်ကနဲ နွေးထွေးသွားတတ်တာမျိုး...။

ဘယ်ဘက်လက်ဖဝါးပေါ်တင်ထားတဲ့ ကြယ်သီးကလေးကို တင်းတင်းဆုတ်ထားမိရင်းက အတွေးစဉ်တန်းတွေဟာ ကျွန်မမျက်ဝန်းထဲ ထင်ထင်ရှားရှားကြီး တိုးဝင်လာခဲ့တယ်။

ချစ်ခြင်းတရားကို မယုံကြည်သူလို့ ကျွန်မကိုယ်ကျွန်မ ဘယ်လောက်ပဲဆိုဆို ကြယ်သီးကလေးနဲ့ပတ်သက်နေတဲ့ချစ်ခြင်းတရားတခု ရှိခဲ့ဖူးတာကိုတော့ ဝန္ခံရမွာပါပဲ။ 


ပိုင်ရှင်တောင်မှ မသိခဲ့ဘူး ထင်ပါရဲ့...။


ကျွန်မတို့အိမ်ပြန်ကာနီး ကြမ်းပြင်ပေါ်ကျနေတဲ့ ကြယ်သီးကလေးကို ကောက်ယူပြီး ပိုက်ဆံအိတ်ထဲထည့်သိမ်းမိခဲ့ပါတယ်။ သေချာအောင်လို့ သူ့ရှပ်အကျႌအိပ်ကပ်ကို ကြည့်လိုက်သေးတယ်။ ကြယ်သီးပြုတ်သွားတဲ့ အပ်ချည်စတန်းလန်းနဲ့ သူ့ရှပ်အကျႌအိတ်ကပ်ကလေးကို တွေ့မှ ပိုသေချာသွားကာ ဟင့်အင်း ပြန်မပေးချင်ပါဘူးလို့ ညစ်ပြုံး ပြုံးမိသေးတာ၊ 

သူ့ကိုယ်စား သူ့ကြယ်သီးကလေးကို တသက္စာ မြတ်မြတ်နိူးနိူးသိမ်းတော့မှာမို့လေ...။ သူနဲ့ပတ်သက်ရင် သူ့ကြယ်သီးကလေးကအစ ကျွန်မ ရူးသွပ်ခုံမင်ခဲ့ရတာ...၊ 

ကြယ်သီးပိုင်ရှင်ကလေး သိနိူင်မယ် မထင်ပါ...။


(၄)

တနေ့ သူနဲ့တွေ့ဖြစ်ကြဦးမှာလား...

ကျွန်မ မေသခ်ာပါ။

တကယ်လို့များ ကျွန်မတို့ ပြန်တွေ့ကြတဲ့အခါ...

ရှင့်ရှပ်အကျႌက ကြယ်သီးကလေး တလုံးတလေများ မပျောက်ဖူးဘူးလားလို့ မေးကြည့်ချင်ပါရဲ့...


CKA


No comments:

Post a Comment

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...