Sunday, August 27, 2017

ပျော်ရွှင်မှုဆိုတာ....

ပျော်ရွှင်မှုဆိုတာ အကြောင်းပြချက်တိတိပပမရှိဘဲ အလိုလိုပြုံးနေတတ်တာမျိုး
ပျော်ရွှင်မှုဆိုတာ မနက်ခင်းနေရောင်ခြည်နုနုအောက်မှာ ပေါ့ပါးလွင့်ပျံနေတဲ့ အ၀တ်ကြိုးတန်းကလေးရဲ့လူးလွန့်သွက်ခါပုံမျိုး
ပျော်ရွှင်မှုဆိုတာ စိတ်မှာထမ်းပိုးထားရတဲ့လေးလံမှုတခုကို လျှောကနဲ လွှတ်ချလိုက်ရသလိုမျိုး
ပျော်ရွှင်မှုဆိုတာ နှင်းဆမ်းထားလို့ ကြည်လဲ့စိမ်းစိုနေတဲ့မြက်ခင်းကဗ္ဗလာပေါ် ခြေဗလာလျှောက်ရသလိုမျိုး
ပျော်ရွှင်မှုဆိုတာ လူတွေရဲ့စိတ်နံရံတွေကို လိုက်တီးခေါက်ကြည့်ပြီး ဘာကိုမှအမှုမထားဘဲ ခေါင်းမော့ရယ်မောပစ်လိုက်တတ်တာမျိုး
ပျော်ရွှင်မှုဆိုတာ အနာဖေးတက်လာတဲ့ဒဏ်ရာအောက်က အရည်ပြားသစ်ဖွေးဖွေးကို ငုံ့ကြည့်ပြုံးပြလိုက်နိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ လူတွေဝှက်ထားတဲ့ အနက်ရောင်ဘက်ခြမ်းကို မဲ့ပြုံးကလေးနဲ့တောင်မှ အရေးလုပ်ချိန်မရှိတော့တာမျိုး
ပျော်ရွှင်မှုဆိုတာ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်ကို မပျောက်မပျက် လှလှပပတွဲစပ်သီချုပ်ထားနိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ အိပ်ရာကနိုးထလာတိုင်း ဟယ်လိုလောကလို့ ရယ်မောအော်ဟစ် လက်ဆွဲနှုတ်ဆက်လိုက်နိုင်တာမျိုး
ပျော်ရွှင်မှုဆိုတာ ဖြစ်မှုရှိရင်ပျက်မှုရှိမယ်ဆိုတာကနေ ဖြစ်မှုလည်းမရှိ ပျက်မှုလည်းမရှိလို့ နားလည်သွားတာမျိုး
ပျော်ရွှင်မှုဆိုတာ တကိုယ်ရည်တစိတ်ထဲမှာတင် ပြီးပြည့်စုံမှုကိုရှာတွေ့လိုက်ရတာမျိုး
ပျော်ရွှင်မှုဆိုတာ တိတ်ဆိတ်ခြင်းရဲ့အသံကိုမှ ရှာဖွေနားထောင်မနေချင်တော့တဲ့ ဆိုက်ရောက်ခြင်းမျိုး
ပျော်ရွှင်မှုဆိုတာ....
ပျော်ရွှင်မှုဆိုတာ....
ပျော်ရွှင်မှုအကြောင်းရေးနေတဲ့ကျွန်မစိတ်တွေရဲ့ တဆုံးသက်ငြိမ်အေးစိမ့်မှုမျိုး....

ပျော်ရွှင်မှုဆိုတာ....

ချစ်ကြည်အေး

2 comments:

  1. ပော်ျရွှင်မှုဆိုတာ မနက်ခင်းစစခြင်းမှာ လှပတဲ့စကားလုံးတွေနဲ့သီကုံးထားတာကို မြင်လိုက်ရတာမျိုး
    ပျော်ရွှင်မှုဆိုတာ စိတ်ကူးနဲ့တွေးပြီး ကမ္ဘာအဆုံးထိ လျှောက်သွားလိုက်တာမျိုး
    ပျော်ရွှင်မှုဆိုတာ အချုပ်အနှောင်ကင်းကင်းနဲ့ လွတ်လပ်စွာလုပ်ကိုင်ပိုင်ခွင့်ရှိတာမျိုး
    ပျော်ရွှင်မှုဆိုတာ ပဲပြုတ်နဲ့နှမ်းထောင်းကောက်ညှင်းပေါင်းကိုနှယ်စားပစ်လိုက်တာမျိုး

    CKA ကိုချစ်သော...
    မိုးငွေ့

    ReplyDelete
  2. ညီမမိုး စီထားတဲ့ပျော်ရွှင်မှုကလေးတွေမှာ လွတ်လပ်ပေါ့ပါးရိပ်တွေ အပြည့်......

    ချစ်တဲ့....

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...