“အဲ့ဒီအမျိုးသမီးကို သေချာကြည့်၊ ယူနဲ့တူတယ် သိလား၊ တစ်နေ့
ယူ ကြီးလာရင် သူနဲ့တူမှာ”
ရှယ်လီ့စကားအဆုံးမှာ ညွှန်ပြရာဆီ မသိမသာကြည့်လိုက်မိတော့ အမျိုးသမီးတစ်ဦး၊ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်ကို စိတ်ဝင်တစားငုံ့ဖတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ကျွန်မနှင့်တူသည်ဆိုသော ထိုအမျိုးသမီးမှာ လေးဆယ့်ငါး ငါးဆယ်ဝန်းကျင်ရှိမည်ဟု
ခန့်မှန်းရသည်။ ရှယ်လီက သူမကို ကျွန်မနှင့်တူသည်ဟု ဘာကြောင့်များ ပြောရတာပါလိမ့်။ တူသည်ဆိုခြင်းထက်
ဆင်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်ဟု ကျွန်မက တွေးသည်။ အမျိုးသမီးမှာ ခပ်ပိန်ပိန်သေးသေး
သွယ်သွယ်၊ မျက်နှာကျမှာ အတန်ငယ်ရှည်သည်ဟုဆိုနိုင်ကာ ဆံပင်အရှည်အလျားက ကျွန်မလောက်ပင်
ဖြစ်သည်။ ဒူးအတိလောက်ရှည်မည်ထင်ရသည့် ဂါဝန်လက်ပြတ်ပန်းရောင် စင်းကလေးနှင့်မို့ သူမက
ရှိရင်းစွဲထက် ပိုမိုနုငယ်နေပုံပေါက်သည်။ သို့သော် မျက်နှာအကျ၊ မျက်ဝန်းအောက်ခြေတို့ကို
ကြည့်ရုံနှင့် သူမအသက်ကို ကျွန်မ ခန့်မှန်း၍ရသည်။ သေချာ ပါသည်၊ လေးဆယ့်ငါးအောက် ဘယ်လိုမှ
မကျနိုင်။ စီးထားသည်ကလည်း ကြိုးသိုင်းခွာမြင့်ဖိနပ်နှင့်၊ ကျစ်လစ်ဖြောင့်တန်းသော ခြေသလုံးသားတို့မှာ
သူမ ငယ်စဉ်က ဘယ်လောက်ကြည့်ကောင်းခဲ့မည်ကို ပြသည်။ ထို့အတူ ခုထက်တိုင် အသားအရည်၊ အဝတ်အစား၊
စတိုင်လ်တို့ကို ဂရုတစိုက်ပြုပြင်ထိန်းသိမ်းလေ့သော အမျိုးသမီးတစ်ဦးဟုလည်း ကျိန်းသေပေါက်ပြော၍ ရနိုင်လေသည်။
သူမအဝတ်အစားအဆင်အပြင်မှာ ငယ်ရွယ်နုပျိုပုံပေါက်အောင် တမင်
အားထုတ်ဝတ်စားထားသည်ဟု မဆိုနိုင်လောက်အောင်ကို သူမပုံစံနှင့် အသားတကျရှိလှသည်။ သူမက
ကော်ဖီခွက်ကို မြှောက်ကာ တစ်ကျိုက်သောက်လိုက်၊ ပြန်ချလိုက်နှင့်၊ ကော်ဖီကျိုက်ချချိန်မှာတောင်
သူမမျက်ဝန်းတို့က ဖတ်လက်စသတင်းစာမှ မခွာ။ တစ်ဖန် ညာလက်ထဲက စီးကရက်ကို မျက်ဝန်းတို့မှေးစင်းလျက်
ဖွာလိုက်ပုံမှာ ဟန်ပါပါနှင့် ကြည့်ကောင်းလွန်းလေသည်။ ထို့ကြောင့်ပဲ သူမက အဝင်ဝနားက
ထောင့်ကျကျစားပွဲမှာ ထိုင်ခြင်းဖြစ်တန်ရာသည်။ သူမဆေးလိပ်ငွေ့တွေ တစ်ပါးသူဆီ မရောက်ရလေအောင်
ဖြစ်မည်ဟု ကြံဖန်အမှတ်ပေးမိသည်။ သို့သော် ထိုအမျိုးသမီး လှလှပပဆေးလိပ်သောက်တတ်ခြင်းသည်
အတုယူလွယ်သော မိန်းမငယ်များအတွက်မူ မကောင်းလှဟု ထင်မိပြန်သည်။ စတိုင်လှဖို့အတွက် ဆေးလိပ်သောက်ကြသောသူများ
ရှိကောင်းရှိနိုင်မည် မဟုတ်လား။ ဆေးမကူထားသော သူမနှုတ်ခမ်းများသည်လည်း ဆေးလိပ်သောက်သူတစ်ယောက်၏နှုတ်ခမ်းများလို ညိုပြာပြာဖြစ်မနေခြင်းမှာ သူမကုသိုလ်ပင်။
သူမ ဘာလုပ်လုပ် မျက်ဝန်းများကတော့ သူမရှေ့စားပွဲပေါ်ရှိ သတင်းစာထံမှာသာ
တည်လျှက်ရှိကာ ကော်ဖီခွက်ကို ပြန်ချပြီးချိန်မှာမူ သူမလက်က ဂါဝန်အထက်နားရှိ ဒူးခေါင်းကို
ကုတ်သလိုလို၊ ခြေသလုံးသားကိုပဲ ပွတ်သလိုလိုနှင့် လုပ်တတ်သေးသည်။ သူမမှာ လက်သည်းရှည်တွေ မရှိတာကိုလည်း
သတိထားမိသည်။ သူမရော ကျွန်မလိုပဲ ဂစ်တာတီးသလား၊ သူမလက်ချောင်းတွေက လှလှပပ မဟုတ်၊
ကျွန်မလိုပဲ အကြောစိမ်းတွေ မြင်နေရသော လက်ဖမိုးပိန်ချပ်ချပ်တွေနှင့်ဖြစ်သည်။
သူမမျက်ဝန်းများမှာ
ကျွန်မလိုပဲ ရှည်လျားသေးသွယ်ကာ အဖျားမှာ နားထင်ဘေးစပ်သို့ အပေါ်ဘက်ကော့တက်သွားသော စိနဆန်သည့်မျက်ဝန်းများဖြစ်သည်။
မျက်ခုံးများကတော့ မတူပါ။ ကျွန်မ၌ အမေမွေးကတည်းက ထူထဲပုံကျသော ပြုပြင်စရာမလိုသည့် မျက်ခုံးများပိုင်ဆိုင်ပြီး
သူမကတော့ အပြောင်ရိတ်ကာ တက်တူးထိုးထားသော စိမ်းညိုရောင် မျက်ခုံးအပြားကြီးနှင့်ဖြစ်သည်။
သူမသည် ဘေးဘီဝဲယာကို နည်းနည်းကလေးမျှပင် စောင်းငဲ့မကြည့်တတ်၊
တစ်ဆိုင်လုံးမှာ သူမတစ်ယောက်ထဲဟုပင် ယူဆထားသည်လား မသိပေ။
“သွားကြရအောင် ရှစ်နာရီဆယ့်ငါးရှိပြီ”
ရှယ်လီပြောလာမှပင် ဟန်းဖုန်းမှနာရီကိုကြည့်မိကာ အမျိုးသမီးဆီမှ
အကြည့်တို့လွှဲဖယ်ရင်း ရုံးပေါ်တက်ရန် ပြင်ကြရသည်။ သူမကလည်း ဖတ်လက်စသတင်းစာကို စားပွဲပေါ်မှာပင် ချထားခဲ့ကာ
သူမဘေး ထိုင်ခုံလွတ်ပေါ်တင်ထားသည့် သူမလက်ကိုင်အိတ်ထဲ ဟိုဟိုဒီဒီရှာဖွေလျှက်က ထရပ်တော့မည့်ဟန်
ပြင်သည်။
ထိုနေ့မှစ၍ သူမကို သတိထားကြည့်တတ်ခြင်းသည် ကျွန်မ၏နေ့စဉ်ပြုမြဲအလုပ်တစ်ခု ဖြစ်၍လာသည်။
သူမသည် ထိုင်နေကျနေရာမှာပင် ထိုင်သည်။ သောက်နေကျ လက်ဘက်ရည်ကိုသောက်ကာ ဆေးလိပ် ကိုလည်း ရှိုက်နေကျအတိုင်း
လှလှပပရှိုက်သည်။ သတိထားမိသည်မှာ သူမက ဟုတ်တိပတ်တိဘာမှ မစားဘဲ အရည်တွေချည်း သောက်နေတတ်ခြင်းပင်။
ပရုတ်နံ့သင်းမည်ဟု ကျွန်မယူဆသော အစိမ်းရောင်ဗူးနှင့် Monthol မာဘိုလိုစီးကရက်ကို
မက်မောနှစ်သက်စွာ သူမသောက်သည်။ မနက်စာချိန်မှာပင် အနည်းဆုံး နှစ်လိပ်ခန့်ကုန်အောင်
သောက်သည်ကို တွေ့ရ၏။
ဘာကြောင့် သူမကို နေ့စဉ် သတိထားကြည့်နေမိရသည်ဆိုတာကို ကျွန်မကိုယ်တိုင်
သေချာ မသိပါ။ ကျွန်မနှင့်တူသည်ဟူသော ရှယ်လီ့စကားက ကျွန်မ မသိစိတ်မှာ စေးကပ်ငြိတွယ်နေခြင်းကြောင့်
ဖြစ်နိုင်ကောင်းပါသည်။ တကယ်တော့လည်း လူဆိုသည်မှာ သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သာ စိတ်ဝင်စားတတ်ကြသူများ၊
ကိုယ့်မျက်နှာနှင့်တူသူကို အာရုံကျတတ်သူများ မဟုတ်ပါလား။ ထို့ကြောင့်သာပင် အုပ်စုလိုက်
ဓါတ်ပုံတစ်ပုံကြည့်ပြီဆိုလျှင် အားလုံးထဲမှ မိမိမျက်နှာကိုသာ အရင်ဆုံးရှာဖွေကြည့်တတ်ကြခြင်းပါပေ။
ကျွန်မတို့ရုံးအောက်ကန်တင်းန်မှာ ဆိုင်သုံးဆိုင်ရှိရာ ပထမဆိုင်က အစားအသောက်မကောင်း၊
ဒုတိယဆိုင်က ဈေးကြီးကာ နောက်ဆုံးတစ်ဆိုင်မှာမူ ဆက်ဆံရေးသိပ်မကောင်းသော်လည်း ဈေးရော၊ အရသာရော မဆိုးလှသောဆိုင်ဖြစ်သည်။ ထိုတတိယဆိုင်မှာ ကျွန်မတို့ နေ့စဉ်ထိုင်ဖြစ်ကြသည်။
ကျွန်မနှင့်ရှယ်လီက ချိန်းဆိုမထားစေကာမူ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သည်ဆိုင်လေးကို ရောက်လာကြမြဲ၊
မနက်စာ အေးအေးဆေးဆေး စားသောက်ပြီးမှ ရှစ်နာရီဆယ့်ငါးလောက်မှာ ရုံးပေါ်တက်ကြမြဲဖြစ်သည်။
တစ်ယောက်နေထိုင်မကောင်း၍ ဆေးခွင့်ယူရသောနေ့မျိုးမှာသာလျှင် ကျန်တစ်ယောက်မှာ ထိုနေ့အတွက်
အဖော်မဲ့ ဖြစ်ရတတ်သည်။
တစ်နေ့ မနက်ခင်းမှာတော့ သူမက ထိုင်နေရာမှထကာ လက်ဘက်ရည်ဆိုင်ဆီ
လျှောက်သွားလေသည်။ ကန်တင်းန်ကလေးမှာ လက်ဘက်ရည်ဆိုင်၊ ကြာဇံခေါက်ဆွဲကြော်ဆိုင်နှင့် အုန်းထမင်းဆိုင်လေးသာရှိကာ
တစ်ခုတည်းသောသောက်စရာဆိုင်အဖြစ် ထိုလက်ဘက်ရည်ဆိုင်က လူအစည်ကားဆုံး ဖြစ်သည်။
သူမထိုင်ခုံပြန်ရောက်သော်
သူမလက်ထဲမှာ နို့ဆီဗူးအလွတ်တစ်လုံးပါလာတာတွေ့တော့ ကျွန်မပြုံးမိသည်။ ကျွန်မတွက်ကိန်း
မှန်ပါသည်။ သူမ ဆေးလိပ်ပြာချွေထည့်ဖို့ပင်။ သူမက ထုံးစံအတိုင်း ဘေးဘီဝဲယာကို ငဲ့၍မျှမကြည့်ဘဲ
တစ်ယောက်ထဲတစ်ကမ္ဘာလုပ်ကာ ထိုင်လျှက် ကျွန်မမှာမူ ရှယ်လီပြောသော သူ့ကလေးတွေအကြောင်းနားထောင်လိုက်၊
စားလိုက် သောက်လိုက်၊ သူမဆီ တစ်ချက်ခန့် ဝေ့ကနဲလှမ်းကြည့်လိုက်နှင့် ရှိရသည်။
သူမကိုကြည့်ရတာဟာ အသက်ဝင်နေသောပန်းချီကားလေးတစ်ချပ်ကို ကြည့်နေရသလိုဟု
ကျွန်မ ထင်သည်။ ရိုးရိုးကလေးနှင့် ဘာမှအထူးတလည်ပြင်ဆင်မထားသော မျက်နှာပြောင်ကလေးရယ်၊ ဘာကိုမှဂရုမထားဘဲ သူမ လုပ်ချင်တာ လုပ်နေခြင်းရယ်ကိုက
ငေးကြည့်နေချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။ သူမမှာ အိမ်ထောင်မရှိဘူးလား၊
သားသမီးတွေရော ရှိမလား၊ သူမ ဘာလုပ်တာပါလိမ့်၊ စသည်ဖြင့် သူမနှင့်ပတ်သက်သောသိလိုစိတ်များ
ကျွန်မမှာ တိုး၍သာ လာတော့သည်။ မှတ်မှတ်ရရ သူမ ပြုံးတာမျိုးတွေ့ဖို့ မဆိုထားနှင့်၊ ဘေးဘီသို့ မျက်လုံးကလေးပင့်၍မျှပင် ကြည့်တတ်တာကို မတွေ့ရချေ။
သူမက အရောင်နုနုကလေးတွေ ကြိုက်ပုံရသည်။ ပန်းနု၊ အစိမ်းပြေပြေ၊ အဝါဖျောဖျော့၊ အပြာလွင်လွင်ကလေးများသာ အဝတ်များသည်။ အဝတ်အစားနှင့်လိုက်ဖက်သော ခွာမြင့်ဖိနပ်ကိုလည်း ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။
တစ်ခါက ဆိုင်ထဲအဝင် ဆိုင်ဝမှာပင် သူမခြေခေါက်ကာ လဲကျသွားခဲ့သည်။
ဒေါက်ကနဲမြည်သံနှင့်အတူ သူမပုခုံးပေါ်က အိတ်ကြီး မြေပေါ်သို့အကျ၊၊ သူမလည်း ကွန်ကရစ်လမ်းပေါ်
ဖင်ထိုင်အကျ ဖြစ်လေသည်။ ဝတ်ထားသည့်စကတ်ကလေး လွင့်ကနဲမှာ သူမပေါင်တံဖွေးဖွေးကို ဖျတ်ကနဲ
တွေ့လိုက်ရတော့ ကျွန်မက ယောင်ယမ်းမျက်နှာလွှဲလိုက်ရသည်။ စိတ်ထဲမှ ဆွဲထူပေးချင်သော်ငြား
သူမ ရှက်သွားရှာမည်စိုးသည်နှင့် မသိသလိုသာနေရင်း မျက်ဝန်းထောင့်မှ ခိုးကြည့်မိတော့ သူမက
ချက်ချင်းပြန်ထမလာနိုင်။ ထိုင်လျက်နှင့်ပင် ညာခြေမှ ကြိုးသိုင်းဖိနပ်ကို ချွတ်နေတာတွေ့ရသည်။
ပြီးတော့ ခြေဖျားကို နှိပ်နယ်လျက်ရှိသည်။ ခဏနေတော့ ဖိနပ်ကို ပြန်စီးကာ ဆိုင်ထဲသို့
ထော့နဲ့ထော့နဲ့ဝင်လာလေသည်။ ဘယ်သူ့ကိုမှလည်းမကြည့်၊ ချော်လဲကျတာမို့ ရှက်တက်တက်လည်း
ဖြစ်မနေဘဲ ပကတိခပ်တည်တည်မျက်နှာပေးနှင့်ပါပေ။ ထိုမိန်းမသည် ကျွန်မလိုပင် ခေါင်းမာပြီး ပေပေတေတေထဲကလည်း ဖြစ်နိုင်သေးသည်ဟု တွေးမိတော့ ကျွန်မ မပြုံးဘဲ မနေနိုင်ပြန်။
(၂)
တစ်နေ့မှာ ဖတ်လက်စသတင်းစာပေါ် သူမမျက်လုံးမှ မျက်ရည်တစ်ပေါက်
ပေါက်ကနဲကျသွားတာ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ရသည်။ အိတ်ထဲမှ တစ်ရှူးစကို ထုတ်ကာ
မျက်ဝန်းတစ်ဝိုက် တို့သုတ်လိုက်တာကိုပါ တစ်ဆက်တည်း မြင်သည်။ ခဏနေတော့ သူမက သတင်းစာကို
ထားနေကျအတိုင်း စားပွဲပေါ်ထားရစ်ခဲ့ကာ ခြေလှမ်းကျဲကျဲလှမ်းလျက် ကန်တင်းန်မှ ခွာသည်။
ထိုနေ့က ရှယ်လီသာ ကျွန်မအနားမှာ အတူရှိမနေဘူးဆိုလျှင် ထိုအမျိုးသမီးဖတ်ပြီး
ထားရစ်သော သတင်းစာကို ကျွန်မ သွားရောက်ယူကောင်း ယူမိမည်ဖြစ်သည်။ ဘယ်လိုသတင်းကများ သူမကို
မျက်ရည်ကျစေပါလိမ့်။ နာရေးသတင်းများလား၊ လက်ထပ်ပြီးစီးခြင်းများလား၊ ဓါတ်ပုံလေးတစ်ပုံလား၊ ဒါမှမဟုတ် အမှတ်ရစရာ
ဘယ်လိုအကြောင်းအရာတွေကများ သူမကို တိုက်ဆိုင်ဝမ်းနည်း မျက်ရည်ကျစေသည်လဲ။ မရေရာသောအတွေးများနှင့်ကျွန်မ လုံးထွေးရင်း အချိန်တန်တော့ အလုပ်ခွင်ဝင်ကာ သူမကို မေ့ပျောက်ထားဖြစ်ခဲ့သည်။
နောက်တစ်ရက် မနက်ခင်းမှစ၍ သူမကို ကျွန်မ မတွေ့ရတော့ပါ။ ခုဆိုလျှင်
တစ်ပတ်တိတိရှိခဲ့ပြီ။ သူမ၏အရိပ်အရောင်ကိုမျှ မတွေ့ရ။ သူမထိုင်နေကျနေရာလေးသည် ထိုင်သူမဲ့လျက်ရှိသည်။ ထိုနေရာလေးကို ကြည့်မိတိုင်း ကျွန်မစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာ၍နေ၏။ သူမ
ဘာများဖြစ်လို့ပါလိမ့်၊ သူမနှင့်ကျွန်မသည် အပြုံးချင်းဖလှယ်ဖို့ ဝေးလို့၊ မျက်လုံးချင်း
တစ်ချက်ကလေးမှ မဆုံလိုက်ရ။ ထိုသူမအပေါ် မြင်တွေ့နေကျဟူသည့်စိတ်နှင့်ပင် ကျွန်မရင်၌ ကွက်လပ်တစ်ခု
ထင်းထင်းကြွင်းကျန်ရစ်ပြီတည်း။
တစ်နေ့တစ်နေ့ သူမ ဝတ်လာတတ်တာလေးတွေ၊ ဟန်ပန်လေးတွေကို စောင့်ကြည့်နေမိတတ်သော
မျက်ဝန်းများက သူမထိုင်နေကျနေရာလေးသို့ ဖျတ်ကနဲ လှမ်းကြည့်မိတတ်သည်။ သူမကို မတွေ့ရသော်လည်း
ရာသီမှုန်မှိုင်းသောနေ့များ၌ သူမနှုတ်ခမ်းမှ ဆေးလိပ်ငွေ့တွေများ ဝေ့ကနဲ မှုတ်ထုတ်လိုက်လေသလား
စိတ်က ထင်သည်။
အတန်ကြာသော် ကျွန်မ၏နေ့စဉ်များထဲမှာ သူမ ရှိမနေတော့ပါ။ သို့သော်
ထိုဆိုင်ကလေးမှာ စားဖြစ်သော နံနက်ခင်းများတွင်မူ သူမထိုင်နေကျနေရာလေးဆီ မျှော်လင့်ကြည့်တတ်ပါသေးသည်။
ထိုအခါမျိုး၌ သူမနေရာတွင် တစ်စုံတစ်ယောက်ဝင်ထိုင်နေပါက ကျွန်မစိတ်ထဲ မကြိုက်ချင်သလိုလို မကြည်မလင်ဖြစ်ရသည်။
ဘာနှင့်တူသလဲဆိုလျှင် ကျွန်မကားရပ်နေကျ ကားပါ့ကင်နေရာမှာ
သူများကား ဝင်ထိုးထားသောအခါ အနည်းငယ်မျှ စိတ်ကသိကအောက်ဖြစ်ရပုံမျိုး၊ ကျွန်မ ထမင်းစားပန်းကန်ကို အခန်းဖော်က သစ်သီးများခွဲစိတ်ကာ
မပြောမဆိုဘဲ ယူထည့်စားတတ်တာမျိုး၊ ကျွန်မပိုင်စာအုပ်တစ်အုပ်ကို ခွင့်မတောင်းဘဲ အကျအနယူငင်ဖတ်ရှု့နေတာမျိုးနှင့် ဆင်ဆင်တူလေသည်။
ကျွန်မတို့အားလုံးမှာ မြင်တွေ့နေကျ၊ ထိတွေ့နေကျဖြစ်သော သက်ရှိသက်မဲ့ဘယ်အရာကိုမဆို
မသိစိတ်၌ အမှတ်မထင်စွဲငြိတတ်သောအလေ့ ရှိကိုရှိနေကြပါသည်ဟုဆိုလျှင် မည်သူကမျှ ငြင်းနိုင်လိမ့်မည်မထင်ပါ။
နောက်ဆုံးဝါကျ (၀တ္ထုအပိတ်ကို) အချက်အလက်အရ အမှတ်ပေးလိုက်ပါ၏။
ReplyDelete၀ါကျ တည်ဆောက်ပုံ ဒီ့ထက် ကောင်းအောင် မြှင့်တင်နိုင်သေးသည်။ အဲ့ဒါကို
လုပ်နိုင်ရင် ဒီပို့စ်ဟာ အိတ်ဆဲလင့်န်ထ်ပဲ...
စွဲငြိခြင်း အလေ့အထကို မကြိုက်သော်လဲ
ဒီပို့စ် ကို ကျနော် တကယ် ကြိုက်ပါသည်။
Nice post Ma Chit , thanks:)
ReplyDeleteမြင်တာတွေ့တာများရင် စွဲငြိတတ်တဲ့သဘော ရှိကြတယ်နော်..
ReplyDeleteစိတ်ဝင်စားးရာပဲ မမချစ်..
ချစ်ခင်လျက်
ညီမသဒ္ဓါ
မနေ့ကတည်းကကြိုးစားဖတ်နေခဲ့ရတဲ့ ပို့စ်ကလေး ခုမှသေချာဖတ်ရတော့တယ်...။ မျက်လုံးထဲမြင်ယောင်မိအောင်ကို ဆွဲဆောင်မှုရှိတဲ့အရေးသားတွေကိုစွဲငြိသွားပါတယ်...။
ReplyDeleteI think that you are now as Khin Hnin Yu thinking way and Nyein Kyaw writing method. It is good.
ReplyDeleteချော်လဲတဲ့သူမကို စိတ်ကူးထဲမှာ ပြေးထူမိသွားတယ် အစ်မရယ် တော်သေးတယ်ဘေးမှာ ညီမလေးမပါလို့ပေါ့း)
ReplyDeleteကောင်းတယ်အစ်မ :)
ReplyDelete