ချစ်ကြည်အေး ကာလာလေးနဲ့ရေးရင် အတော်ကြည့်ကောင်းမှာ
အပြာတစ်ရောင် ကာ့ထရိတ်ခ်ျကုန်နေတဲ့ ပရင့်တာတစ်လုံးဟာ ချစ်ကြည်အေးတဲ့
တစ်လုံးစီပြုတ် တစ်စစီကွဲနေတဲ့ ပုလဲတစ်ကုံးဟာ ချစ်ကြည်အေး
အိတ်စ်စပိုင်ယာရီဖြစ်နေတဲ့ နှုတ်ခမ်းနီခရမ်းရောင်တစ်တောင့်ဟာ ချစ်ကြည်အေး
ပုဇွန်ဆီရင့်ရောင် ညနေတိမ်တိုက်တွေ ဟိုတစ်စ ဒီတစ်စ လွင့်သလို မျောနေတယ် ချစ်ကြည်အေး ဦးတည်ရာမဲ့
ပန်းအဝါတွေ အဆုပ်လိုက် အဆုပ်လိုက် ပွင့်သလို ဝေဒနာတွေ ကိုယ်မှာ သီးပွင့်နေတယ် ချစ်ကြည်အေး
ချစ်=ငါ
ကြည်=ငါ
အေး=ငါ
"ငါ" မရှိဘူးလေ ချစ်ကြည်အေးက ပြောတယ်
ငါ မရှိမှတော့ ချစ်ကြည်အေးလည်း မရှိ တဲ့ မှန်ထဲကို ကြည့်ပြီး ပြောတယ် ချစ်ကြည်အေး
အတွယ်အတာဆို ကိုယ်ပေါ်မှာ ဘာကြိုးတစ်ချောင်းမှ မရှိချင်တဲ့ ချစ်ကြည်အေး
သူ့ဝင်ရိုးပေါ် သူ လွတ်လွတ်လပ်လပ် လည်နေတယ် ချစ်ကြည်အေး
၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေစရာလား နားထား တဲ့ ချစ်ကြည်အေးက
သူ စိတ်ချမ်းသာသလို လည်ချင်သလို လည်တယ် ချစ်ကြည်အေး (ပြီးတော့ သူပဲ မူးမူးနေ)
ဝေဒနာဆိုတာ ငါ မဟုတ် နာမ်နဲ့ရုပ်တဲ့ ပြောရင်းက ဝေဒနာနဲ့ သတ်ပုတ်နေတယ် ချစ်ကြည်အေး
နွားတစ်ကောင် လည်ချောင်းထဲစားထားသမျှ စားမြုံ့ပြန်သလို ဒဏ်ရာတွေကို နှစ်နှစ်သက်သက် လျှာနဲ့လျက်နေတယ် ချစ်ကြည်အေး
အမှတ်မရှိလိုက်ပုံများ တဲ့ ချစ်ကြည်အေးက ပြောပြီး မီးပုံထဲ ခုန်ခုန်ချနေတယ် အဲဒီ့ချစ်ကြည်အေး
ချိုလွင်နေတဲ့ ခေါင်းလောင်းသံကြားတိုင်း အတူတကွဆိုတဲ့ သတ်ပုံကို ပြန်ပြန်ရွတ်နေတယ် ချစ်ကြည်အေး
စက်ထဲကထွက်လာတဲ့ ကြိတ်ဖတ်ပျော့တစ်ခုကို မာချင်ယောင်ဆောင်နေတယ်ပြောတယ် ချစ်ကြည်အေး
နေကောင်းပါတယ် တဲ့ မျက်ကွင်းညိုတွေကို မိတ်ကပ်ဖို့ရင်း မခို့တရို့လေး ပြုံးပြီးပြောတယ် ချစ်ကြည်အေး
မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင်မဆွဲနိုင်ရကောင်းလားတဲ့ မြွေတစ်ကောင်ကို အပြစ်တင်နေတယ် ချစ်ကြည်အေး
သူ့မျက်နှာမှာ လူနဲ့တူတာကို ရှာနေတယ် ချစ်ကြည်အေး ခပ်ရေးရေးလေးမှ မမြင်ရဘဲနဲ့လေ
ချစ်ကြည်အေး မီးတွေပြန်လာတဲ့အခါ အများသူငါတွေလို ဟေးကနဲအော်တယ်
လက်ဖက်ထမင်းကို လူတကာတွေလို လက်နဲ့ ဒါမှမဟုတ် ဇွန်းတစ်ချောင်းတပ်ပြီး စားတယ် ချစ်ကြည်အေး သူလိုငါလိုပဲ
ချစ်ကြည်အေး ကယ်ရီကေးချားမှာတော့ ဟာသပုံပေါက်နေပါရဲ့
ချစ်ကြည်အေးအစစ်က ပြောတယ် ဒါ သူ မဟုတ်ပါဘူး သူနဲ့ မတူပါဘူး တဲ့
ပြောပြီးမှ ချစ်ကြည်အေးအစစ်ကို ရှာဖို့ အပြင်သွားဦးမယ် တဲ့ ဖိနပ်အနီရောင်လေး စီးရင်း လမ်းထွက်တယ်
သတင်းစာထဲမှာလည်း ကြော်ငြာထည့်တယ် ကျေးဇူးဆပ်ပါမည် တဲ့
ချစ်ကြည်အေး ကူရှာပေးကြပါ တဲ့...
အင်း ဖိုးကာလာလေးနဲ့ ရေးရင်တော့ အတော့်ကို ကြည့်ကောင်းမှာ...
အစစ်လား အတုလား......
ReplyDeleteအဖြူအမဲလား ကာလာနဲ့လား
ဘာဖိနပ်စီးထားတာလဲ
အို...ဘာညန်းညန်း ဘာမှန်းမသိဘဲကို ချစ်တာ
အဲ့ဒီ... ချစ်ကြည်အေး ကိုပေါ့
:D
ငါ မရှိမှတော့ ချစ်ကြည်အေးလည်း မရှိ တဲ့ .....
ReplyDeleteချစ်ကြည်အေး မရှိမှတော့.....
အစ်မချစ်ကဗျာကို အမိအရလိုက်ဖမ်းလိုက်တာ
ReplyDeleteကိုယ်တိုင်မောဟိုက်လို့ ကျန်ခဲ့ရတယ်
မင်းမရှိ ငါမရှိ ချစ်ကြည်အေး မရှိ အားလုံးဘယ်သူမှမရှိ :)
ReplyDeleteမရှိလို့ ရှိနေကြ အထင်လား အမြင်လား မခွဲခြားနိုင်ခင်မှာတော့ လူနဲ့ တူအောင် ဆေးခြယ်ရင်း ...
ReplyDeleteသူ စိတ်ချမ်းသာသလို လည်ချင်သလိုလည်ခွင့်ရတဲ့ ချစ်ကြည်အေးက ပေါ့ပေါ့ပါးပါးနဲ့ ကံကောင်းလိုက်တာ...၊ နောက်မှ မူးမူးနေတာက တစ်ကဏ္ဍ ထားလိုက်ပါ..၊း)
ReplyDeleteသူဆင်မြန်းတဲ့ ဖိနပ်နီနီ... ချစ်စေ.. ကြည်စေ.. အေးပါစေဗျား...။း)
ဖောကာလာနဲ့ မဟုတ်လဲ ကြည့်ကောင်းနေတာပါဘဲ။း)
ReplyDeleteမကြီးချစ်ရေ
ReplyDeleteကာလာမဟုတ်လည်း
အဖြူအမည်းလည်း
မကြီးချစ်က လှပြီးသားပါလေ...
This comment has been removed by the author.
ReplyDeleteလှလိုက်တဲ့ အတွေး၊ ရေးချက်ကတော့ ပြင်းတယ်..။ မကြီးချစ်ကို ချစ်သွားပြီ၊ ကြည်သွားပြီ၊ အေးသွားပြီ ကွာ...။
ReplyDelete