Tuesday, January 1, 2013

နှစ်ထောင့်ဆယ့်နှစ်သို့ ပြန်လှည့်ကြည့်ခြင်း



နှစ်ထောင့်ဆယ့်နှစ်ရေ….တူးဇီးရိုးဝမ်းတူးရေ….အချစ်ကလေးရေ…
ရှင့်ရင်ခွင်ကန့်လန့်ကာကို ခဏလောက် လှစ်ဟခွင့်ပြုလှည့်ပါ
ရှင့်ကို သိသွားစေချင်တာ…
ကျွန်မပြောချင်ခဲ့တာ….
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်ပေါ့။

နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်ရဲ့ကောင်းကင်မှာ ဖြစ်ခွင့်ရခဲ့တဲ့ ကြယ်ကလေးတစ်စင်းပါ
သေချာတာက ကျွန်မဟာ ကဗျာတွေရေးကောင်းဖို့တစ်ခုထဲနဲ့တော့
ရှင်နဲ့ ချစ်ကျွမ်းမဝင်ခဲ့လေဘူး
ကာရံပျောက်ခဲ့ရတဲ့ ကျွန်မရဲ့ညညတွေ
ရှင့်ကို မြည်းစမ်းစေချင်ပါသေးရဲ့
ရှင် လှည့်ထွက်မသွားခင်လေ…

နှစ်ထောင့်ဆယ့်နှစ်ရေ….
သူလိုကိုယ်လို နေ့တစ်ဓူဝတွေအတွက်
ဆွတ်ပျံ့လွမ်းမောဖွယ် နာရီလက်တံတွေအတွက်
ရှင့်လက်ဖဝါးနွေးနွေးရဲ့ ထွေးပွေ့မှုတွေအတွက်
ရှင့်ရင်ခွင်မှာ ခဏတာ ခိုလှုံခွင့်အတွက်
ရှင့်မျက်တောင်ပေါ်မှာ ပင့်သက်ရှိုက်ခွင့်အတွက်
ရှင့်သွေးကြောတွေထဲမှာ ပျော်ဝင်ရင်ခုန်ခွင့်အတွက်
ဒီရေအတက်အကျလိုမြန်ဆန်တဲ့ ကျွန်မစိတ်တွေကို ပဲ့ပြင်ထိန်းကျောင်းပေးခဲ့တဲ့အတွက်
အိပ်မက်များစွာတွေအတွက်
ကျေးဇူး...
ကျွန်မလည်း မရူးရုံတစ်မယ်
ငိုလွယ်တတ်တဲ့ကျွန်မ ဖြစ်ခဲ့ရပြီ

နှစ်ထောင့်ဆယ့်နှစ်ရေ….
တစ်နေ့ ကျွန်မကို ထားသွားမယ်မှန်း သိသိနဲ့
သံယောစဉ်နှောင်ဖွဲ့ ကြိုတင်လွမ်းနှင့်ခဲ့သူ
သမုဒယတင်းကြိုးတွေနဲ့ မျက်ရည်ခါးခါးတွေ ဖျော်စပ်သောက်တတ်ခဲ့သူ
ကျွန်မဟာ တစ္ဆေတစ်ကောင်ကိုမှ စွဲလန်းခဲ့တဲ့ မျက်ကန်းတစ်ယောက်ရယ်…

နှစ်ထောင့်ဆယ့်နှစ်ရေ….
တူး-ဇီးရိုး-ဝမ်း-တူးရေ….
အချစ်ကလေးရေ…
ထားခဲ့ပါတော့…လှည့်မကြည့်ပါနဲ့တော့လေ…
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့နောက်
ကျွန်မတို့လိပ်ပြာကြိုးတွေ ဖြတ်တောက်လိုက်ကြရအောင်ပါ
တော်ရာမှာ ပျော်ကြဖို့ရာဆိုတဲ့ မဲပြာပုဆိုးဇာတ်လမ်းထဲ
ရှင်နဲ့ ကျွန်မ ရဲရဲကြီး ခြေစုံပစ်လိုက်ကြပါစို့ရဲ့…

နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်အသံကြားတိုင်း ဘောင်ဘင်ခတ်ခဲ့ရတဲ့ ကျွန်မ
ရှင့်ရက်စွဲတွေထဲက လွတ်မြောက်ချင်လှပါရဲ့…
အနည်းဆုံးတော့…
နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်လက်တွေနဲ့ ရေးခြယ်ခဲ့တဲ့ ကျွန်မရဲ့ ပန်းချီကားတစ်ချပ်ကို
ခုချိန်မှာ  "အလွမ်း"လို့ အမည်ပေးလိုက်ပါရစေ....



ညီမငယ် Black Roze ပစ်ပစ်ရဲ့ "၂၀၁၂သို့ ပြန်လှည့်ကြည့်ခြင်း"ဆိုတဲ့ တက်ဂ်ပိုစ့်လေးပါရှင်။ ညီမပစ်ပစ်ရေ သတိတရ တက်ဂ်တဲ့အတွက် ကျေးဇူးပါနော်။ ကဗျာလေးတစ်ပုဒ် ချစ်ခင်စွာ ရေးပေးလိုက်ပါတယ်....



8 comments:

  1. မကြီးချစ်ရေ
    ကျေးဇူးပါနော်...
    မကြီးချစ်ရဲ့ 2012နှုတ်ဆက်အလွမ်း
    ကဗျာလေးကို ခံစားသွားပါတယ်..

    ReplyDelete
  2. နှစ်ထောင့်ဆယ့်နှစ် ခြင်္သေ့လည်ပြန်ပေါ့

    နှစ်ထောင့်ဆယ့်သုံးမှာလည်း ကာရန်တွေလှ ပျော်ရွှင်မြူးကြွပါစေ

    ReplyDelete
  3. သမင်လည်ပြန် နှုတ်ဆက်အလွမ်းကဗျာလေး ကောင်းလိုက်တာ မချစ်ရေ။
    နှစ်သစ်နဲ့အတူ စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဒါဖြင့် ၂၀၁၂ ဟာ အလွမ်းနှစ်ပေါ့။
    ၂၀၁၃ က ဘာဖြစ်လာမလဲ မသိ။
    အချစ်နှစ်လေများလား။း)

    ReplyDelete
  5. အလွမ်းကဗျာလေးကလည်း ချစ်စရာ ကောင်းနေပြန်ရော...၊း)
    ကဗျာနဲ့ လိုက်ဖက်တဲ့ ဓါတ်ပုံလေးကိုလည်း သဘောကျတယ် အစ်မချစ်ကြည်အေး...၊ လည်ပြန် လှည့်ကြည့်နေတဲ့ စာကလေးတစ်ကောင်ဟာ ၂၀၁၂ ကို နှုတ်ဆက်ဖို့ အကောင်းဆုံး အဖော်ဆိုတာ အသေအချာပေါ့ဗျာ...။း)

    ReplyDelete
  6. ဓါတ်ပုံလေး သိပ်လှတယ် ချစ်...
    Happy New Year 2013 နော်...

    ReplyDelete
  7. ကျန်ခဲ့တဲ့အရာတွေကတော့ အလွမ်းတွေပေးတဲ့ အရာတွေပါပဲ.
    နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝပါစေ အမချစ်.
    Happy New Year !!!!!

    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  8. ချစ်စရာအလွန်ကောင်းသော နှစ်ဟောင်းနှုတ်ဆက် ကဗျာတစ်ပုဒ်ပေတည်း..။

    ReplyDelete

ကော်မန့်များအတွက် ကျေးဇူးတင်ပါတယ်။ ထင်မြင်ခံစားရသလိုသာ ရေးခဲ့ပါရှင်

ကိုယ် ချစ်တဲ့ကဗျာ

နှင်းတွေ တကယ်ရှိခဲ့ဖူးတယ်

နှင်းတွေဘယ်တုန်းကမှ မကျတဲ့မြို့မှာ ကျွန်မနေတယ် ဖြစ်နိုင်တာမဖြစ်နိုင်တာ ကျွန်မ မပိုင်တဲ့အရာ မျှော်လင့်တတ်ရုံပါ... အဲဒီမနက် လက်ဘက်ရည်ဝိုင်...